News @ M-Media

Tag: UK

  • ဗြိတိန် ပါလီမန်အမတ်တစ်ဦး သေနတ်ပစ်ခတ်ခံရကာ သေဆုံး

    ဗြိတိန် ပါလီမန်အမတ်တစ်ဦး သေနတ်ပစ်ခတ်ခံရကာ သေဆုံး

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    uk
    – ဗြိတိန်ပါလီမန်အမတ်တစ်ဦးဖြစ်သူ အမျိုးသမီး ဂျိုးကော့စ်မှာ အင်္ဂလန်မြောက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်ဟု ယူကေရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ပစ်ခတ်မှုမှာ လိဒ်မြို့အနီး ဘီရ်စတောလ်မြို့ရှိ စာကြည့်တိုက်တစ်ခုအနီးတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစာကြည့်တိုက်မှာ ဂျိုးကော့စ်က ၎င်း၏ မဲဆန္ဒနယ်မှ ပြည်သူများနှင့် ပုံမှန်တွေ့ဆုံရာ နေရာလည်းဖြစ်သည်။ ၀က်စ်ယော့ခ်ရှိုင်းယား ရဲတပ်ဖွဲ့ကမူ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ကြေငြာခဲ့သည်။

    ထို့ပြင် လာမည့်တစ်ပတ်တွင်း ကျင်းပပြုလုပ်ရန်ရှိနေသည့် ဥရောပသမဂ္ဂမှ အဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နှုတ်ထွက်ရေး လူထုဆန္ဒခံယူပွဲကိုလည်း ယခုအဖြစ်အပျက်ကြောင့် ရွှေ့ဆိုင်းခဲ့သည်။

    မျက်မြင်သက်သေများ၏ အဆိုအရ ဂျိုးကော့စ်မှာ အမျိုးသား ၂ ဦး စကားများရန်ဖြစ်မှုကို ကြားဝင်ဖြန်ဖြေပေးရာတွင် ထိုအထဲမှ တစ်ယောက်က အိတ်ထဲမှ သေနတ်ထုတ်ကာ သူမအား ၂ ချက်ဆက်တိုက် ပစ်ခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်လည်း ထိုးခဲ့သည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်အတွင်း အသက် ၇၇ နှစ်အရွယ် အမျိုသားတစ်ဦးမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

    လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကော်ဘန်က ဂျိုးကော့စ်သေဆုံးမှုအတွက် မိမိတို့ လေဘာပါတီ၊ ပါတီမိသားစုနှင့် တစ်နိုင်ငံလုံးက တုန်လှုပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကမူ ထိုအဖြစ်အပျက်အား ဖြစ်ရပ်ဆိုးကြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကြယ်တစ်ပွင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အင်္ဂလန်၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အခြေအနေ ဆိုးရွားလာနေ

    အင်္ဂလန်၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အခြေအနေ ဆိုးရွားလာနေ

    မေ ၁၅၊ ၂၀၁၆
    M-Media

    NHS

    – အင်္ဂလန် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) က နိုင်ငံအတွင်းမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေရဲ့ စံနှုန်းတွေ လျော့ကျလာနေတယ်လို့ ၎င်းတို့ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

    အဲဒီ အစီရင်ခံစာမှာ ၁၅ နှစ်တာအတွင်း ဆေးရုံတွေမှာ ၀န်ထမ်း ဒါမှမဟုတ် ကုတင်တွေ မရှိတော့တာကြောင့် ခွဲစိတ်မှုအတော်များများကို နောက်ဆုံးအချိန်ကျမှ ဖျက်သိမ်းလိုက်ရတယ်လို့ဆိုပြီး၊ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်ထဲမှာပဲ အင်္ဂလန်က လူနာ ၇၄၀၀၀ ကျော်ဟာ ကုသမှုနဲ့မဆိုင်တဲ့ အကြောင်းပြချက်တွေနဲ့ ဆေးခန်းပြမယ့်အစီအစဉ်တွေ ရွှေ့ဆိုင်းခံနေရတာမျိုး ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

    တော်ဝင်သမားတော်များကောလိပ်က အဆိုပါအချက်အလက်တွေဟာ စိတ်ပျက်ဖွယ်ကောင်းတယ်လို့ ပြောဆိုလိုက်ပြီး အခုလို ကြန့်ကြာမှုတွေကြောင့် လူနာတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

    ကျွမ်းကျင်သူတွေကတော့ ဒီအချက်အလက်တွေဟာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဖိအားတွေ များလွန်းတာကြောင့် စံနှုန်းတွေ လျော့ကျလာတဲ့ လက္ခဏာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    NHS ရဲ့ အလုပ်ချိန်တိုးမြှင့်ပြီး လစာတိုးမပေးတာကြောင့် ပြီးခဲ့တဲ့လ နှောင်းပိုင်းမှာ အင်္ဂလန်က အငယ်တန်းဆရာဝန်တွေဟာ သပိတ်မှောက်ခဲ့ကြပြီး အဲဒီသပိတ်ကြောင့် ဖျက်ပစ်လိုက်ရတဲ့ ခွဲစိတ်ကုသမှု စာရင်းတွေကတော့ အခုထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မပါဝင်ပါဘူး။

    Ref: Presstv

  • ဗြိတိန်တွင် ဆရာဝန်များ သပိတ်မှောက်မှုကြောင့် ဆေးရုံများ အရေးပေါ်အစီအစဉ်များ ပြုလုပ်ထားရ

    ဗြိတိန်တွင် ဆရာဝန်များ သပိတ်မှောက်မှုကြောင့် ဆေးရုံများ အရေးပေါ်အစီအစဉ်များ ပြုလုပ်ထားရ

    ဧပြီ ၂၆၊ ၂၀၁၆
    M-Media

    uk

    – ယူကေ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ သမိုင်းတွင် ပထမဆုံးနှင့် အကြီးဆုံးဖြစ်သော အငယ်တန်းဆရာဝန်များ သပိတ်မှောက်မှုကြောင့် နိုင်ငံအတွင်းရှိ ဆေးရုံများကို ‘စစ်ဖက်ဆိုင်ရာ အခြေအနေ’ သတ်မှတ်ကာ အရေးပေါ်အစီအစဉ်များ ပြုလုပ်ထားရသည်ဟု သိရသည်။

    ၂ ရက်တာကြာမြင့်မည့် အဆိုပါ သပိတ်မှောက်မှုကို ဗြိတိန်ဆေးဘက်ဆိုင်ရာအသင်း BMA က ဦးစည်းကာ ယနေ့မှစတင်၍ ပြုလုပ်ခြင်းဖြစ်ပြီး အရေးပေါ်ကုသရေး၊ အထူးကြပ်မတ်ကုသရေး၊ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များကုသရေး တို့အပါအ၀င် ဗြိတိန်တစ်ဝှမ်းရှိ ကျန်းမာရေးဝန်ဆောင်မှုများအားလုံးကို ထိခိုက်မည်ဖြစ်သည်။

    အစိုးရမှာ အငယ်တန်းဆရာဝန်များ၏ အလုပ်ချိန်ကို တစ်ပတ်လျှင် ၇ ရက်သို့ တိုးမြှင့်ခဲ့ပြီး လုပ်ခလစာကိုမူ စနေ၊ တနင်္ဂနွေအတွက် မပေးသည့်ကိစ္စမှ အစပြုကာ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ယခကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    အစိုးရနှင့် BMA တို့အကြား နောက်ဆုံးညှိနှိုင်းမှုမှာ ဇန်န၀ါရီလအတွင်းက အဆုံးသတ်သွားခဲ့ပြီး ထိုကဲ့သို့ သတ်မှတ်ထားမှုမှာ လာမည့်နွေရာသီတွင် အသက်ဝင်မည်ဟု အစိုးရက ကြေငြာခဲ့သည်။

    Ref: Press TV

  • ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့်မပေးရေး ယူကေပြည်သူများ၏ တောင်းဆိုမှုကို လွှတ်တော်တွင် ဆွေးနွေးမည်

    ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့်မပေးရေး ယူကေပြည်သူများ၏ တောင်းဆိုမှုကို လွှတ်တော်တွင် ဆွေးနွေးမည်

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    trump

    – မွတ်စလင်များအား အမေရိကသို့ ၀င်ရောက်ခွင့် ပိတ်ပင်ရမည်ဟု ပြောကြားခဲ့သည့် အမေရိကန် ရီပက်ဘလစ်ကန် နိုင်ငံရေးသမား ဒေါ်နယ် ထရမ့်အား ယူကေသို့ ပြည်ဝင်ခွင့်မပေးရန် ဗြိတိန်ပြည်သူ သန်းဝက်ကျော်က လက်မှတ်ရေးထိုး တောင်းဆိုမှုကိစ္စအား ဗြိတိန်လွှတ်တော်အမတ်များက ဆွေးနွေးသွားမည်ဟု သိရသည်။

    ထိုကဲ့သို့ ဆွေးနွေးမှုပြုလုပ်ရန်အတွက် အောက်လွှတ်တော်ရှိ အသနားခံစာ ကော်မတီက ဆော်သြခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ သို့သော်လည်း မဲခွဲဆုံးဖြတ်မှု ပါဝင်မည်မဟုတ်ပေ။ ဒေါ်နယ်ထရမ့်မှာ ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြို င်မည်ဟု ရေပန်းစားနေသည်။

    ၎င်းမှာ မက္ကဆီကိုများ၊ လူမည်းများ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို လူမျိုးရေးခွဲခြားမှုများ၊ စော်ကားပြောဆိုမှုများနှင့် လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။ မွတ်စလင်များအား အမေရိကန်သို့ ၀င်ရောက်ခွင့် မပေးသင့်ဟု ၎င်းက ပြောကြားခဲ့ပြီးနောက် ဗြိတိန်ပြည်သူများမှာ ထရမ့်အား ယူကေသို့ ၀င်ရောက်ခွင့်မပေးရေး လှုပ်ရှားခဲ့ကြသည်။

    ပြည်သူ လူထူ ၁ သိန်းကျော်က လက်မှတ်ရေးထိုးတောင်းဆိုသော ကိစ္စရပ်များကို ဗြိတိန်အစိုးရက တုန့်ပြန် ဖြေရှင်းပေးလေ့ရှိပြီး ကိစ္စရပ်အလိုက် လွှတ်တော်တွင် ဆွေးနွေးမှုများကို ပြုလုပ်လေ့ရှိသည်။

    “ဆွေးနွေးမှုပြုလုပ်ခြင်းဟာ အစိုးရအနေနဲ့ ဒေါ်နယ်ထရမ့်ကို ယူကေ၀င်ရောက်ခွင့်ပိတ်ပင်သင့်လား မပိတ်ပင်သင့်ဘူးလားဆိုတဲ့အမြင်ကို ကော်မတီက ပြသတာမျိုးတော့ မဟုတ်ပါဘူး” ဟု အသနားခံစာ ကော်မတီ၏ ဥက္ကဌ ဟဲလင်ဂျုန်းစ်က ပြောဆိုခဲ့သည်။

    ထို့ပြင် အဆိုပါဆွေးနွေးမှုမှာ အလွှတ်တော်အမတ်များ၏ အမြင်များကို ဖော်ပြခွင့်ပြုမည့် ဆွေးနွေးမှုလည်း ဖြစ်လာမည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Japantimes

  • ဆီးရီးယားစစ်ပွဲတွင် ဗြိတိန်ပါဝင်မှုကို ပြည်သူများ ရှုတ်ချ

    ဆီးရီးယားစစ်ပွဲတွင် ဗြိတိန်ပါဝင်မှုကို ပြည်သူများ ရှုတ်ချ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားအရေးတွင် ယူကေက ကြားဝင်စွက်ဖက်မှုများနှင့် မကြာသေးမီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် လန်ဒန်တွင် ပြည်သူထောင်ပေါင်းများစွာက ယမန်နေ့တွင် လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး စစ်ဆန့်ကျင်ရေးလှုပ်ရှားသူများကလည်း ပြည်ပတွင် ယူကေ၏ စစ်ရေးလှုပ်ရှားမှုများကို လုံးဝ ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

    “လူသတ်ဖို့ထောက်ခံကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဆီးရီးယားဗုံးကြဲမှု အခုရပ်” “ငြိမ်းချမ်းရေးအတွက် ဗုံးကြဲခြင်းသည် အပျိုစင်ဖြစ်ရန်ဟုဆိုကာ အဓမ္မပြုကျင့်ခြင်းသာဖြစ်သည်” “ဆီးရီးယားပြည်သူများသည် ပြဿများနှင့် အသက်ရှင်နေရသည်” စသည့် ဆောင်ပုဒ်များကို အလံများနှင့် တံခွန်များပေါ်တွင် မြင်သာအောင် ရေးသားကိုင်ဆောင်ထားကြသည်။

    လူအုပ်ကြီးမှာ ဗြိတိန်ဝန်ကြီးချုပ်နေထိုင်ရာ ဒေါင်းနင်းလမ်းသို့ ရောက်သောအခါ ဟောပြောသူများက စင်မြင့်သို့တက်ကာ လက်နက်ကိုင်ပဋိပက္ခများတွင် အစိုးရ၏ ကြားဝင်စွက်ဖက်မှုကို ရှုတ်ချပြောဆိုခဲ့သည်။ ယူကေက နိုင်ငံရပ်ခြားစစ်ပွဲများတွင် ပါဝင်မှုမှာ ၂၀၀၁ ခုနှစ်တွင် အာဖဂန်တွင် စတင်ခဲ့သော အကြမ်းဖက်ဆန့်ကျင်ရေး လှုပ်ရှားမှုအပြီး လေးကြိမ်မြောက်ဖြစ်သည်။

    ဆီးရီးယားတွင် ဗြိတိန်က လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂ ရက်တွင် ပါလီမန်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပါဝင်မှုကို အတိုက်အခံခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်ကလည်း ဆန့်ကျင်ခဲ့သည်။

    “တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ကျွန်မတို့ တောင်းဆိုနေတာပါ။ ဒီစစ်ပွဲကြောင့်ဖြစ်လာတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ရပ်တန့်ဖို့ ကျွန်မတို့ ပြောနေတာပါ” ဟု ဆိုရှယ်လစ်ပါတီမှ နန်စီ တာအက်ဖီက ပြောကြားခဲ့သည်။

    ဒေါင်းနင်းလမ်းအပြင်ဘက်တွင် ပြောကြားသော မိန့်ခွန်း၌ Green ပါတီ၏ ဒုတိယခေါင်းဆောင် ရှာရာဟ်အလီက ယူကေအစိုးရအနေဖြင့် ဆီးရီးယားဒုက္ခသည်များကို ပိုမိုလက်ခံရန်အတွက် တိုက်တွန်းပြောဆိုခဲ့သည်။

    Ref: RT