News @ M-Media

Tag: UK

  • သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသူ ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့် ပိတ်ရေး ဆွေးနွေးရန် ယူကေ ပါလီမန် စဉ်းစားနေ

    သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသူ ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့် ပိတ်ရေး ဆွေးနွေးရန် ယူကေ ပါလီမန် စဉ်းစားနေ

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    uk

    – မက္ကဆီကန်တွေ၊ လူမည်းတွေ၊ ပြောင်းရွှေ့အခြေချသူတွေနဲ့ မသန်စွမ်းသူတွေကို တောက်လျှောက် လူမျိုးရေးခွဲခြားမှု၊ စော်ကားမှုတွေ ပြုလုပ်လာခဲ့ပြီး နောက်ဆုံးမှာ မွတ်စလင်တွေဖက် လှည့်လာခဲ့တဲ့ အမေရိကန် ရီဘက်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရေပန်းစားနေသူ ဒေါ်နယ်ထရမ့်ကို တိုင်းပြည်အတွင်း ၀င်ရောက်ခွင့် ပိတ်ပင်ရေး ဗြိတိန်ပြည်သူတွေက လက်မှတ်ထိုး တောင်းဆိုမှုနဲ့ပတ်သက်ပြီး ဗြိတိန်ပါလီမန်မှာ ဆွေးနွေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

    Block Donald J Trump from UK entry လို့ အမည်ပေးထားတဲ့ အဲဒီတောင်းဆိုလွှာကို ဗြိတိန်ပြည်သူတွေ လက်မှတ်ရေးထိုးနေရာမှာ မနေ့ကဆိုရင် ၃ သိန်း ကျော်သွားခဲ့ပါပြီ။

    ပြည်သူ ၁ သိန်းကျော်လက်မှတ်ရေးထိုးရင် အဲဒီကိစ္စကို ပါလီမန်မှာ ဆွေးနွေးပေးရမယ်ဆိုတဲ့ မူအရ ထရမ့်ကို ပြည်ဝင်ခွင့်ပိတ်ဖို့ တောင်းဆိုတဲ့ အဲဒီကိစ္စကို ဗြိတိန်ပါလီမန်မှာ ဆွေးနွေးဖို့ စဉ်းစားနေကြပြီး အစိုးရက တရားဝင်တုန့်ပြန်မှုသာ လိုအပ်ပါတော့တယ်။

    “အမုန်းတရားဖြန့်ချီမှုနဲ့ပတ်သက်ပြီး ဗြိတိန်က ပြည်ဝင်ခွင့်ပိတ်ခဲ့တဲ့သူတွေ တော်တော်များများ ရှိပါတယ်။ အဲဒီ စည်းမျဉ်းတွေဟာ ယူကေကို ၀င်ရောက်ဖို့ ဆန္ဒရှိသူတိုင်းအပေါ်မှာ သက်ရောက်သင့်ပါတယ်” လို့ ပြည်သူတွေရဲ့ ဒီတောင်းဆိုလွှာမှာ ထည့်သွင်းရေးသားထားပါတယ်။

    “တကယ်လို့ ယူကေဟာ နိုင်ငံအတွင်းကို ၀င်ရောက်လာတဲ့သူတွေအပါ် “လက်မခံနိုင်တဲ့အပြုအမူ” စံနှုန်းတွေကို ဆက်လက်သတ်မှတ်လိုတယ်ဆိုရင်တော့ ဆင်းရဲ၊ ချမ်းသာ၊ အာဏာရှိသူ၊ မရှိသူ မရွေး မျှမျှတတ သတ်မှတ်ရပါလိမ့်မယ်”

    အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမေရိကန်သူဌေးကြီး ဒေါ်နယ် ထရမ့်က အမေရိကန်နိုင်ငံအတွင်းကို မွတ်စလင်တွေဝင်ရောက်မှု ပိတ်ပင်ရမယ်လို့ ယခုတစ်ပတ် စောစောပိုင်းက ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း ယူကေပြည်သူတွေရဲ့ ဒီလိုတုန့်ပြန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    uk 2

    ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ထရမ့်က မွတ်စလင်တွေ အမေရိကန်ထဲဝင်ရောက်ခွင့်ကို လုံးဝပိတ်ပြီး အဲဒီနောက်ပိုင်းမှာ ဘာဖြစ်မလဲဆိုတာကို အစိုးရက စောင့်ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။

    ဒါပေမယ့် သူ့ရဲ့အဲဒီမှတ်ချက်ကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အပါအ၀င် ကမ္ဘာတစ်ဝှမ်းက နိုင်ငံရေးသမားတွေ၊ တာဝန်ရှိသူတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ပါတယ်။ ကင်မရွန်းကတော့ ထရမ့်ရဲ့ မှတ်ချက်တွေဟာ “သင်းကွဲအောင်လုပ်နေတာဖြစ်ပြီး အကျိုးမရှိတဲ့ မှားယွင်းတဲ့” ပြောဆိုမှုတွေပဲလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    အဓိပတိ ဂျော့ဂ်ျ အော့စ်ဘွန်းက ထရမ့်ရဲ့မှတ်ချက်တွေဟာ “အမေရိကန်ကို ထူထောင်ထားတဲ့ စည်းမျဉ်းတွေကို ကဖျက်ယဖျက်လုပ်နေတာဖြစ်ပြီး ဒီလို မဟုတ်တရုတ်တွေကို ချေဖျက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ သူ့ရဲ့ ခရီးသွားလာခွင့်ကို ပိတ်ပင်တာမျိုးမဟုတ်ဘဲ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ လုပ်ဖို့သာ” ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

    အတိုက်အခံလေဘာပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျယ်ရီမီ ကော်ဘန်က “မွတ်စလင်တွေကို အမေရိကန်ထဲဝင်ရောက်မှု ပိတ်ပင်ဖို့ ထရမ့်ရဲ့ ဆော်သြမှုဟာ ဒီမိုကရက်တစ်တန်းဖိုးတွေကို တိုက်ခိုက်လိုက်တာဖြစ်ပြီး ဘုံလူသားဆန်မှုကို စော်ကားလိုက်တာပါ။ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြပါစို့” လို့ သူ့ရဲ့ Twitter စာမျက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

    ဗြိတိန်မွတ်စလင်ကောင်စီက အထွေထွေအတွင်းမရေးမှူးဖြစ်သူ မစ်က်ဒဒ် ဗာဆီကလည်း ထရမ့်ကို ဝေဖန်ခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရဖို့အရေး ဒီလို ငါ့စကားနွားရပြောတာ ဖြစ်ပေမယ့် ဒါဟာ ယူကေက မွတ်စလင်တွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    “သူရဲ့မှတ်ချက်တွေက အစွန်းတစ်ဖက်ရောက်နေတဲ့ အယူသည်းမှုကို လူတွေက အကျိုးအကြောင်းဆီလျော်တယ်၊ အလယ်အလတ်ကျတယ်လို့ မြင်လာစေပါလိမ့်မယ်။ ဒါဟာ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာနေတဲ့ ယူကေလိုနေရာမျိုးမှာ စိုးရိမ်စရာဖြစ်ပါတယ်”

    “အလုံးစုံတည်ငြိမ်ဖို့ဟာ အရေးအကြီးဆုံးပါ။ တကယ်လို့ အစိုးရဟာ အမုန်းတရား ဟောပြောလှုံ့ဆော်နေတဲ့သူတွေကို ပြည်ဝင်ခွင့်ပိတ်ဖို့ ရွေးချယ်မယ်ဆိုရင်တော့ အမေရိကန်သမ္မတလောင်း ဒါမှမဟုတ် အယူဝါဒတစ်ခုက တရားဟောဆရာ မခွဲခြားပဲ အားလုံးအပေါ် တစ်ပြေးညီသတ်မှတ်သင့်ပါတယ်” လို့ ဗာဆီက ပြောခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီလိုပါးစပ်သရမ်းမှုကြောင့် သူပိုင်တဲ့လုပ်ငန်းတွေနဲ့ တွဲလုပ်နေတဲ့သူတွေကလည်း လုပ်ငန်းရပ်ဆိုင်းတာမျိုးတွေရှိနေပြီး Gulf – Lifestyle က မှန်ချပ်တွေ၊ လက်ဝတ်လက်စားထည့်တဲ့ ဘူးတွေအပါအ၀င် ထရမ့်ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းတွေအားလုံး ရောင်းချမှုကို ရပ်ဆိုင်းပစ်လိုက်ပါတယ်။

    ယူကေ အဘာဒီန်းမှာရှိတဲ့ Robert Gordon တက္ကသိုလ်ကလည်း ၂၀၁၀ ခုနှစ်မှာ ထရမ့်ကို ပေးအပ်ထားတဲ့ ဂုဏ်ပြုဆုတစ်ခုကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး “မစ္စတာထရမ့်ရဲ့ မှတ်ချက်တော်တော်များများဟာ တက္ကသိုလ်ရဲ့ ကျင့်ဝတ်၊ တန်ဖိုးတွေနဲ့ လုံးဝ ဖီလာဆန့်ကျင်ဖြစ်နေပါတယ်” လို ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားစစ်ပွဲတွင် စပိန်နှင့် ယူကေတို့၏ ပါဝင်ရန်စီစဉ်မှုကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    ဆီးရီးယားစစ်ပွဲတွင် စပိန်နှင့် ယူကေတို့၏ ပါဝင်ရန်စီစဉ်မှုကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    uk

    – ဆီးရီးယားရှိ IS အဖွဲ့အား လေကြောင်းမှတိုက်ခိုက်မှုတွင် ၎င်းတို့၏ နိုင်ငံများမှ ပါဝင်လာနိုင်ချေရှိသော အလားအလာကို ဆန့်ကျင်သည့်အနေဖြင့် ယူကေနှင့် စပိန်ပြည်သူများက ယမန်နေ့တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    လန်ဒန်မြို့လယ်ကောင်တွင် ပြုလုပ်သည့် ဆန္ဒပြမှုတွင် ဗြိတိန်ပြည်သူ အနည်းဆုံး ၅၀၀၀ ခန့် ပါဝင်ခဲ့ပြီး “ဆီးရီးယားကို ဗုံးမကြဲပါနဲ့” “ကင်မရွန်းကိုဖြုတ်ချ။ ဗုံးမကြဲနဲ့” “မီးလောင်ရာလေမပင့်နဲ့” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

    “ဆီးရီးယားကိစ္စမှာ ပါဝင်ဖို့အတွက် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ မရေရာမသေချာတဲ့ အဆိုပြုချက်တွေဟာ IS ကို အားနည်းသွားစေမှာ မဟုတ်ဘဲ ပြည်တွင်းစစ်မီးတောက်သာ ပိုပြီး တောက်လောင်သွားလိမ့်မယ်။ ဆီးရီးယား ပြည်သူတွေရဲ့ စိတ်ဆင်းရဲမှုတွေ ပိုပြီး ဆိုးသွားလိမ့်မယ်။ ပြီးတော့ အကြမ်းဖက်မှုအန္တရာယ်လည်း တိုးလာပါလိမ့်မယ်” ဟု Stop the War Coalition စစ်ဆန့်ကျင်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ဗြိတိန်မှာ အီရတ်ရှိ IS ပစ်မှတ်များကို ဗုံးကြဲနေပြီး ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မိမိတို့မှာ ဆီးရီးယားရှိ IS ခြေကုပ်စခန်းများကို ပြင်သစ်နှင့် အမေရိကန်တို့မှ ဗုံးကြဲမှုတွင် ပါဝင်သွားရန် ရှိနေသည်ဟု ကြာသာပတေးနေ့က ပြောကြားခဲ့သည်။

    ထိုကိစ္စအတွက် ပါလီမန်တွင် မဲခွဲမှုကို လာမည့်သီတင်းပတ်အစောပိုင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး စောစောပိုင်းက တွန့်ဆုတ်နေသည့် နိုင်ငံရေးသမားများမှာလည်း ပဲရစ်တိုက်ခိုက်မှုပြီးနောက် ၎င်းတို့၏ စိတ်ကို ပြောင်းလဲပစ်လိုက်ပြီဟု ယူဆမှုများ ရှိနေသည်။

    madrid

    မက်ဒရစ်တွင်လည်း ဆန္ဒပြ

    ဆီးရီးယားပဋိပက္ခတွင် စပိန်၏ ပါဝင်မှုကို ဆန့်ကျင်ရန်အတွက် မက်ဒရစ်မြို့၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင်လည်း ပြည်သူ ၅၀၀၀ ခန့် ပါဝင်ခဲ့ကြပြီး Reina Sofia ပြတိုက်အရှေ့တွင် ပြည်သူများက “စစ်ပွဲအလိုမရှိ” ဟု ကျွေးကြော်ခဲ့ကြသည်။

    ဥရောပအစိုးရများက လက်နက်ဖြင့် ကြားဝင်ဆောင်ရွက်မှု အစီအစဉ်အတွက် စဉ်းစားရန် အနုပညာရှင်များက ဦးဆောင်တောင်းဆိုသည့် not in our name မေတ္တာရပ်ခံလွှာမှာ ယနေ့အချိန်အထိ အွန်လိုင်းတွင် လက်မှတ်ပေါင်း ၂၄၀၀၀ ခန့် ရရှိထားပြီး မက်ဒရစ်ရှိ ဆန္ဒပြသူများကလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဒီဇင်ဘာတွင် ရွေးကောက်ပွဲအား ရင်ဆိုင်ရမည့် စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းကလည်း မိမိမှာ ဆုံးဖြတ်ချက်ကို အလျင်စလို ချမှတ်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “ဆုံးဖြတ်ချက်ကို ရှုထောင့်ပေါင်းစုံကကြည့်၊ အကြေအလည်သုံးသပ်ပြီးမှ ချမှတ်သွားမှာပါ“ ဟု ရာဂျွိုင်းက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အစ္စရေး၏ ကျူးလွန်မှုများအတွက် ယူကေပါမောက္ခများ သပိတ်မှောက်

    အစ္စရေး၏ ကျူးလွန်မှုများအတွက် ယူကေပါမောက္ခများ သပိတ်မှောက်

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    uk

    – နိုင်ငံတကာ ဥပဒေများအား အစ္စရေးက ချိုးဖောက်နေမှုများကို ကမ္ဘာကြီးက သတိမူမိစေရန်အတွက် မိမိတို့အနေဖြင့် အစ္စရေးရှိ ကျောင်းများ၊ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ရပ်တန့်သွားမည်ဟု ယူကေရှိ ပါမောက္ခ ၃၀၀ ကျော်က ယနေ့တွင် ကြေငြာချက်ထုတ် ပြောကြားလိုက်သည်။

    ပါမောက္ခ ၃၄၃ ဦး လက်မှတ်ရေးထိုးထားသော ထိုကြေငြာချက်တွင် မိမိတို့မှာ အစ္စရေးရှိ မည်သည့် ပညာရေးအသင်းအဖွဲ့များ၏ ဖိတ်ကြားမှုကိုမှ လက်ခံသွားမည် မဟုတ်သလို၊ ၎င်းတို့၏ လုပ်ငန်းစဉ်များတွင် အကဲဖြတ်ပေးခြင်း၊ အစ္စရေးရှိ ပညာရေး အဖွဲ့အစည်းများက ပြုလုပ်သော ပွဲများသို့ တက်ရောက်ခြင်း စသည်တို့ကိုလည်း လုပ်ဆောင်သွားမည် မဟုတ်ဟု ဖော်ပြထားသည်။

    “လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ကျွန်တော်တို့ ဒီလို သပိတ်မှောက်ခဲ့တာပါ။ လူတော်တော်များများက အစ္စရေးနဲ့ သူတို့ရဲ့ ပေါ်လစီတွေအတွက် ကိုယ့်ဟာကိုယ် ဝေဖန်နေကြတယ်။ ဒါပေမယ့် အခုအချိန်အထိ ဒီဝေဖန်မှုတွေကို လူသိရှင်ကြား ဖော်ထုတ်ရမယ်ဆိုတာ အများစုက စဉ်းတောင် မစဉ်းစားကြပါဘူး” ဟု လန်ဒန် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ ဂျိုနသန် ရိုဆန်ဟဒ်က ပြောကြားခဲ့သည်။ ၎င်းမှာ ပညာရှင်များ၏ အဆိုပါ သပိတ်မှောက်မှုကို စီစဉ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

    ထို့ပြင် ထိုကဲ့သို့ ဆောင်ရွက်မှုမှာ အစ္စရေးနှင့်ပတ်သက်၍ မိမိတို့၏ သဘောထားကို ဖော်ပြခြင်းဖြစ်ပြီး၊ အခြားသော ပညာရှင်များကလည်း ပါဝင်လက်မှတ်ရေးထိုးရန် မိမိတို့က မျှော်လင့်ကြောင်း၊ ထိုသပိတ်မှောက်မှုက အချိန်အတိုင်းအတာတစ်ခု ရောက်လျှင် အစ္စရေးအား ပေါ်လစီပြောင်းလဲရေး ဆောင်ရွက်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုဆောင်ရွက်မှုမှာ ပါလက်စတိုင်းပြည်သူများအား ကာကွယ်ရန် အကြမ်းမဖက်သော ပုံစံဖြင့် နိုင်ငံတကာက ဆောင်ရွက်သည့် သပိတ်မှောက်ရေး၊ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းရေးနှင့် ပိတ်ဆို့ရေး BDS လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    အဆိုပါ BDS လှုပ်ရှားမှုကို လွန်ခဲ့သည့် ၁၀ နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး အစ္စရေး၏ နိုင်ငံတကာဥပဒေများ ချိုးဖောက်ကာ ပါလက်စတိုင်းပိုက်နက်များကို ကျူးကျော်ခြင်း၊ ၂၀၁၄ ဂါဇာစစ်ပွဲအပါအ၀င် ပါလက်စတိုင်းပြည်သူများအား ငြှင်းပန်းနှိပ်စက်၊ သတ်ဖြတ်ခြင်းတို့ကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ထိုလှုပ်ရှားမှုတွင် ပါဝင်သူများမှာ မြင့်တက်လာခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့်လက အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်တို့ အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်များက စီးနင်းဝင်ရောက်ကာ ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြင့်တက်လာခဲ့သည့် တင်းမာမှုများအတွင်း ပါလက်စတိုင်း အနည်းဆုံး ၆၀ ခန့် သေဆုံးခဲ့ပြီး၊ ဂျူးလူမျိုး ၈ ဦး သေဆုံးခဲ့သည်။

    “ပါလက်စတိုင်း ပြည်သူတွေနဲ့ တစ်သားတည်းရှိဖို့ လိုအပ်ချက်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား အခုလတ်တလောဖြစ်နေတဲ့ တင်းမာမှုတွေကြောင့် ချက်ခြင်းကို လိုအပ်လာပါတယ်။ သေဆုံးမှုက အများစုဟာလည်း အစ္စရေးရဲ့ ၄၈ နှစ်ကြာ ကျူးကျော်သိမ်းပိုက်မှုတွေက ဖြစ်လာတဲ့ လမ်းမထက် ဆန္ဒပြမှုတွေမှာ ပါဝင်တဲ့ ပါလက်စတိုင်းတွေပါပဲ။ အစ္စရေးရဲ့ ခေါင်းမာမှုကို ရင်ဆိုင်နေရတဲ့ ပါလက်စတိုင်းတွေဟာ မျှော်လင့်ချက်မဲ့နေပြီး အရှေ့ဂျေရုစလင်မှာလည်း အစ္စရေးက လူမျိုးစု ရှင်းလင်းရေးကို
    ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ယူကေ ပါမောက္ခများ၏ အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထိုကြေငြာချက်ကို ယူကေတစ်ဝှမ်းရှိ တက္ကသိုလ် ၇၂ ခုက ချီးကျူးခဲ့ကြပြီး၊ အစ္စရေးမှ ပညာရေးအသင်းအဖွဲ့များမှာ အစ္စရေးအစိုးရ၏ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများတွင် “နက်နက်ရှိုင်းရှိုင်း ကြံရာပါ” ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စရေးအနေဖြင့် နိုင်ငံတကာ ဥပဒေအားေ လးစားလိုက်နာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းများအား လေးစားခြင်းတို့ မရှိသမျှ ကာလပတ်လုံး မိမတို့အနေဖြင့် ထိုသပိတ်မှောက်မှုကို ရပ်တန့်သွားမည်မဟုတ်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • အစ္စရေး ဝန်ကြီးချူပ်အား ဖမ်းဆီးရေး အွန်လိုင်းမှ လက်မှတ်ထိုး တောင်းဆိုမှု  UK တွင် အရှိန်မြင့်လာ

    အစ္စရေး ဝန်ကြီးချူပ်အား ဖမ်းဆီးရေး အွန်လိုင်းမှ လက်မှတ်ထိုး တောင်းဆိုမှု UK တွင် အရှိန်မြင့်လာ

    သြဂုတ် ၂၈ ၊ ၂၀၁၅
    M-Media
    1439727302
    –  ၂၀၁၄ ခုနှစ်တွင် အစ္စရေးက ဂါဇာအား တိုက်ခိုက်မှု၌ စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက် အတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဆီးရန် တိုက်တွန်းသည့် အွန်လိုင်းမှ တောင်းဆိုမှုမှာ ယူကေပါလီမန်တွင် ဆွေးနွေးရန် လိုအပ်သော ပြည်သူများ၏ လက်မှတ် တစ်သိန်း ရရှိတော့မည်အခြေအနေ ရှိနေသည်။

    “ရိုးရိုးသားသားပြောရရင် ကမ္ဘာ့ တရားစီရင်ရေး ဥပဒေတွေကြောင့် သူ့(နေတန်ယာဟု)ကို ဖမ်းဆီးဖို့ မမျှော်လင့်ပါဘူး။ သူ့ကို ဒီမလာစေချင်တဲ့သူ တော်တော်များများ ရှိတယ်ဆိုတဲ့ သတင်းစကားကိုပဲ ရှင်းရှင်းလင်းလင်း ပေးချင်တာပါ” ဟု ယူကေသို့ စက်တင်ဘာလတွင် လာရောက်မည်ဟု နေတန်ယာဟု၏ ကြေညာချက်ကို တုန့်ပြန်သည့်အနေဖြင့် အဆိုပါ တောင်းဆို လှုပ်ရှားမှုကို စတင် ဖော်ဆောင်ခဲ့သော ဒါမိန်း မော်ရန်က ပြောကြားခဲ့သည်။

    သြဂုတ်လ ၇ ရက်နေ့က စတင်လွှင့်တင်ခဲ့သော အဆိုပါ တောင်းဆိုမှုတွင် ယခုအချိန်အထိ လူပေါင်း ၇၆၀၀၀ ကျော် လက်မှတ်ရေးထိုးထားပြီး အစိုးရထဲမှ တရားဝင် တုန့်ပြန်ပြောကြားရေး အတွက် လိုအပ်သော လက်မှတ် ၁၀၀၀၀ ကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

    အဆိုပါလက်မှတ်များ တစ်သိန်းကျော်သွားပါက တောင်းဆိုမှုတွင်ပါဝင်သည့် အကြောင်းအရာများကို ပါလီမန်တွင် ဆွေးနွေးရန်အတွက် စဉ်းစားခံရမည်ဖြစ်သည်။

    လက်နက်သဘောတူညီချက်

    မော်ရန်၏ အဆိုပါအသနားခံစာတွင် အဓိကဖော်ပြမှုမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လမှစ၍ ၅၁ ရက်ကြာပြုလုပ်ခဲ့ပြီး အရပ်သား ၁၄၉၂ ဦးအပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့သည့် ဂါဇာကို အစ္စရေးက ဗုံးကြဲမှုဖြစ်သည်။

    အဆိုပါတိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သား ၆၆ ဦးနှင့် အရပ်သား ၅ ဦး သေဆုံးခဲ့သည်။

    “ဘင်ဂျမင်နေတန်ယာဟုက ဒီစက်တင်ဘာမှာ လန်ဒန်လာပြီး ဆွေးနွေးမှာပါ။ နိုင်ငံတကာဥပဒေအောက်မှာ နေတန်ယာဟုကို ယူကေရောက်တာနဲ့ ၂၀၁၄ ခုနှစ်က အရပ်သား ၂၂၀၀ ကျော် သေဆုံးမှုအတွက် စစ်ရာဇ၀တ်မှုနဲ့ ဖမ်းဆီးသင့်ပါတယ်” ဟု အဆိုပါ တောင်းဆိုမှု ကမ်ပိန်းတွင် ရေးသားထားသည်။
    fe2fe18865d84d7e845dbe7be823cbd4_18
    ဒါရီတွင် မွေးဖွားပြီး လက်ရှိတွင် မန်ချက်စတာ၌ နေထိုင်နေသော ဆော့ဖ်ဝဲ ပညာရှင် မော်ရန်က ၎င်းအနေဖြင့် ထိုလှုပ်ရှားမှုကြောင့် ရလဒ် တစ်ခုခုထွက်ရန် မမျှော်လင့်ဟုဆိုသည်။ သို့သော်လည် အစ္စရေး၏ ဂါဇာတွင် စစ်ရေးဆောင်ရွက်မှုကို ထင်ရှားစေချင်နေ၏။

    “ယူကေက နိုင်ငံရေးသမားတွေက အစ္စရေးကို ထောက်ခံကြတယ်။ (၀န်ကြီးချုပ်) ဒေးဗစ် ကင်မရွန်းကလည်း အစ္စရေးကို ထောက်ခံတယ်။ ဗြိတိန်အစိုးရကလည်း လက်နက်ရောင်းချဖို့ အစ္စရေးနဲ့သဘောတူညီချက်သစ် တစ်ခု ရထားတယ်။ ပြီးတော့ ဗြိတိန်ရဲ့လက်နက်တွေကို ဂါဇာအပေါ် ကျူးလွန်မှုမှာ သုံးမလားဆိုတာကိုလည်း သူတို့ သေသေချာချာ မပြောနိုင်ပါဘူး” ဟု မော်ရန်က ပြောကြားခဲ့သည်။

    “တိုက်ခိုက်နေတဲ့ သီတင်းပတ်အတွင်းမှာပဲ သဘောတူညီချက်ကို ဒေးဗစ် ကင်မရွန်းက အတည်ပြုလိုက်တယ်။ ဒါမျိုးက မဖြစ်သင့်ဘူးဗျ။ လူတွေက ဒါကိုမလိုချင်ဘူးဆို၊ ဘာ့ကြောင့် အစိုးရက လုပ်ရတာလဲ။ ဒီမှာ ဘယ်သူက ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ” ဟု ယူကေက အတည်ပြုခဲ့သော ကန်ဒေါ်လာ ၆.၃ သန်းတန် လက်နက်ရောင်းချရေး သဘောတူညီချက်ကို ရည်ညွှန်း၍ ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်တွင် ဝေဟင်မှ မြေပြင်ပစ် မစ်ဆိုင်းဒုံးကျည်များလည်း ပါဝင်လေသည်။

    ယခုနှစ်ဇူလိုင်လတွင် အစ္စရေးအပေါ် ကျန်ရှိနေသည့် လက်နက်ရောင်းဝယ်ရေး ကန့်သတ်ချက်အားလုံးကို ယူကေအစိုးရက ဖယ်ရှားလိုက်သည်။ ယူကေ၏ နိုင်ငံခြားသို့ လက်နက်ရောင်းချမှု သတ်မှတ်ချက်တွင် လက်နက်များကို လူ့အခွင့်အရေးအား ချိုးဖောက်ရေး အသုံးပြုမည်ဟု “ထင်ရှားသော အန္တရာယ်” ရှိနေသည့် မည်သည့်နေရာကိုမဆို လက်နက်ရောင်းချမှုကို ပိတ်ပင်ရမည်ဟု ပါဝင်သည်။

    အစိုးရက တုန့်ပြန်မှုပြုလုပ်ရန်အတွက် လိုအပ်သော လက်မှအရေအတွက် ရရှိခဲ့ပြီး သီတင်းပတ်အနည်းငယ် ကြာမြင့်ခဲ့သော်လည်း အစိုးရ၏ တုန့်ပြန်မှုကို မော်ရန်တစ်ယောက် စောင့်နေရဆဲဖြစ်သည်။ သို့သော်လည်း မိမိ၏ အဓိကရည်ရွယ်ချက်မှာ လွှတ်တော်တွင် ငြင်းခုံရသည့် ကိစ္စတစ်ခု ဖြစ်လာရန် ဖြစ်သည်ဟု သူကဆိုသည်။ ထိုကိစ္စအား ဖြေရှင်းပေးရေး အတွက်တော့ သူက မမျှော်လင့်။

    “သူတို့က ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးစနစ်၊ ကံကောင်းပါစေ.. ဘာညာ လျှောက်ပြောမှာပေါ့ဗျာ”

    လန်ဒန်ရှိ အစ္စရေးသံရုံးမှ အလ်ဂျာဇီးရားသတင်းဌာနသို့ ပေးပို့သော အီးမေးလ်တွင် အဆိုပါ တောင်းဆိုမှုကို “အဓိပ္ပါယ်မရှိသော စတန့်တစ်ခု” သာ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    “အစ္စရေးနဲ့ ယူကေအစိုးရတို့ရဲ့ဆက်ဆံရေးဟာ ဘယ်တုန်းကမှ နီးကပ်မှု မရှိခဲ့ပါဘူး အပြန်အလှန်ကုန်သွယ်မှုတွေက ပြီးခဲ့သည့်နှစ်တွေမှာ ၂ ဆ တိုးလာတယ်။ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ကလည်း ပုံမှန်တိုးတက်နေပါတယ်” ဟု အဆိုပါမေးလ်တွင် ထည့်သွင်းရေးသားထားသည်။

    စစ်ရာဇ၀တ်မှုလား

    Operation Protective Edge (ဂါဇာအား အစ္စရေးတို့၏ တိုက်ခိုက်မှုအမည်) နှင့်ပတ်သက်၍ စစ်ရာဇ၀တ်မှု ပြဿနာများအဖြစ် အသံထွက်လာခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်တော့။

    အစ္စရေး၏ဗုံးကြဲမှုပြီးဆုံးပြီး သိပ်မကြာခင်မှာပင် Amnesty International က “ထိုတိုက်ခိုက်မှုများမှာ အရပ်သားများနှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို တမင်သက်သက် ပစ်မှတ်ထား ဆောင်ရွက်ပုံပေါ်ပြီး စစ်ရာဇ၀တ်မှုတွင် အကြုံးဝင်သည်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူများအပေါ် အစ္စရေးတို့၏ လုပ်ရပ်များကို မှတ်တမ်းတင်ထားသော အစီရင်ခံစာတစ်စောင်ကိုလည်း ထိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    “အစ္စရေးတပ်ဖွဲ့တွေဟာ….. အရပ်သားတွေရဲ့ အိမ်တွေကို အကြိမ်ကြိမ်အခါခါ တိုက်ခိုက်ခြင်း၊ လူသတ်ပွဲနဲ့မခြား လုပ်ပြခြင်းဖြင့် စစ်ပွဲ၏ ဥပဒေများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည် ” ဟု Amnesty အဖွဲ့၏ အရှေ့အလယ်ပိုင်းနှင့် အမြောက်အာဖရိကဆိုင်ရာ ဒါရိုက်တာ ဖီးလစ် လူသာက ပြောကြားခဲ့သည်။

    “အစ္စရေးတပ်ဖွဲ့တွေက အရပ်သားအိမ်တွေဆီ တိုက်ခိုက်မှုတွေကို ဒီအစီရင်ခံစာမှာ ဖော်ပြထားပြီး ဒါတွေက သတိပေးချက်မရတဲ့၊ ထွက်ပြေးဖို့အခွင့်အရေးမရတဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ အသက်တွေအပေါ် အလေးမထားမှုကို တုန်လှုပ်ဖွယ်ရာ တွေ့ရတာလည်းဖြစ်ပါတယ်”

    “လူနေအိမ်တွေကို ထပ်ခါတစ်လဲလဲနဲ့ မသင့်လျော်တဲ့တိုက်ခိုက်မှုတွေက အစ္စရေးရဲ့ လက်ရှိ စစ်ဘက်နည်းလမ်းတွေဟာ သိသိသာသာ အပြစ်အနာအဆာရှိနေပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း အခြေခံကျကျကို ဆန့်ကျင်နေပါတယ်” ဟု လူသာက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ အစ္စရေး၏ လုပ်ရပ်များကို ကာကွယ်ပြောကြားခဲ့ပြီး ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဝေဖန်မှုများကို ပယ်ချခဲ့သည်။

    “အစ္စရေးဟာ နိုင်ငံတကာဥပဒေအရ ကိုယ့်ကိုယ်ကို ကာကွယ်တာပါ။ ဒီလိုပြောတာ ကျွန်တော်တို့ တစ်နိုင်ငံတည်း မဟုတ်ပါဘူး” ဟု ၂၀၁၄ ခုနှစ်က ပြည်သူအား ပြောကြားသော မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။

    အဆိုပါအသနားခံစာ၏ တရားဝင်မှုကလွဲလျှင် အမှန်တစ်ကယ် အရာရောက်သည့် ရလဒ်မျိုး ထွက်လာနိုင်သည့် အလားအလာမရှိ။

    ယူကေ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ရုံးမှ အလ်ဂျာဇီးရားသို့ ပြောကြားရာတွင် နိုင်ငံတကာ ဥပဒေအောက်၌ မိမိနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြား တိုင်းပြည်အစိုးရ၏ အကြီးအကဲတစ်ဦးမှာ ဥပဒေရေးရာ လုပ်ငန်းစဉ်များနှင့် ကင်းလွတ်ခွင့်ရှိပြီး ဖမ်းဆီး ထိန်းသိမ်း၍ မရဟု ဆိုသည်။

    သို့သော်လည်း အဓိကအချက်က အစိုးရ၏ အရေးယူမှုများ မဟုတ်ဘဲ၊ ပြည်သူများ၏ တုံ့ပြန်မှုသာ ဖြစ်လေသည်။

    “လက်မှတ်တစ်သောင်းလောက်ထက်ပိုပြီး ကျွန်တော် မမှန်းခဲ့ပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြချင်ရုံလောက်ပါပဲ။ ဒါကြီးကို လစ်လျူမရှုစေချင်ပါဘူး”

    Source: Al Jazeera

  • ဗြိတိန်နှင့် အီရန်တို့၏ သံရုံများ နှစ်နိုင်ငံစလုံးတွင် ပြန်လည်ဖွင့်လှစ်တော့မည်

    ဗြိတိန်နှင့် အီရန်တို့၏ သံရုံများ နှစ်နိုင်ငံစလုံးတွင် ပြန်လည်ဖွင့်လှစ်တော့မည်

    သြဂုတ် ၂၃၊ ၂၀၁၅
    M-Media

    uk

    – အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ ယူကေသံရုံးကို သြဂုတ်လ ၂၃ ရက် (ယနေ့တွင်) ပြန်လည်ဖွင့်လှစ်တော့မည်ဟု ယူကေနိုင်ငံခြားရေးဝန်ကြီး ဖိလစ်ပ် ဟမ်မွန်က ပြောကြားလိုက်သည်။

    လန်ဒန်မြို့ရှိ အီရန်သံရုံးကိုလည်း ယနေ့တွင်ပင် ဖွင့်လှစ်မည်ဖြစ်ကာ ကနဦးပိုင်းတွင် ကိုယ်စားလှယ်အဆင့် ဆက်ဆံရေးမျိုး ထားရှိမည်ဖြစ်ပြီး လာမည့်လများတွင် နှစ်နိုင်ငံ သက်ဆိုင်ရာသံအမတ်များကို ခန့်ထားရန် ဆောင်ရွက်သွားမည်ဟု ဟမ်မွန်က ဆိုသည်။

    အင်အားကြီးနိုင်ငံ ၆ နိုင်ငံနှင့် နျူအရေးသဘောတူညီချက် ရရှိခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့နောက်ပိုင်းတွင် ဥရောပတာဝန်ရှိသူများမှာ အီရန်သို့ အလျင်အမြန်ပင် သွားရောက်ခဲ့သည်။ သဘောတူညီချက်အရ အီရန်နိုင်ငံပေါ် ပြုလုပ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးရမည့် အစီအစဉ်လည်း ပါဝင်သောကြောင့် ဥရောပနိုင်ငံများအနေဖြင့် ရေနံကြွယ်ဝသော အီရန်နှင့် ပြန်လန်ဆက်သွယ်ရန်
    စိတ်ဝင်စားလာခြင်းဖြစ်သည်။

    ယူကေသံရုံးမှာ လွန်ခဲ့သည့် ၄ နှစ်ခန့်က လူအုပ်ကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ယနေ့တွင်ပြုလုပ်မည့် သံရုံးဖွင့်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဟမ်မွန်ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကာ ၂၀၀၃ ခုနှစ်နောက်ပိုင်း အီရန်သို့ရောက်ရှိသည့် ပထမဆုံး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်လာမည်ဖြစ်သည်။

    “ဗြိတိန်သံရုံး တိုက်ခိုက်ခံရပြီးတဲ့ လေးနှစ်အကြာ ဒီနေ့တော့ ကျွန်တော်ဟာ ပြန်ဖွင့်တော့မှာပါ။ အီရန်တွေလည်း အလားတူပဲ လန်ဒန်က သူတို့သံရုံးကို ပြန်ဖွင့်ပါလိ့မ်မယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ၂၀၁၁ ခုနှစ်ကလည်း တိုးတက်လာခဲ့ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွက် ဟမ်မွန်က ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၁၃ ခုနှစ်က သမ္မတရူဟာနီ ရွေးကောက်ခံရခြင်းနှင့် ပြီးခဲ့သည့်လက နျူအရေး သဘောတူညီချက်တို့မှာ အရေးပါသည့် သမိုင်းမှတ်တိုင်များဖြစ်ပြီး ရှေ့ဆက်သွားရန် အလားအလာများရှိမည်ဟု ယုံကြည်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်က ဗြိတိန်သံရုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဗြိတိန်ကလည်း အီရန် သံအမတ်များကို နှင်ထုတ်ခဲ့ကာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်အထိ ရောက်ရှိသွားခဲ့သည်။

    Ref: Channelnewsasia