News @ M-Media

Tag: Ukarine

  • ယူကရိန်းအရှေ့ပိုင်းတွင် ဂျာနယ်လစ် ၂ ဦး ထပ်မံသေဆုံးပြန်

    ယူကရိန်းအရှေ့ပိုင်းတွင် ဂျာနယ်လစ် ၂ ဦး ထပ်မံသေဆုံးပြန်

    ဧပြီ ၁၃၊ ၂၀၁၅
    M-Media

    ukarine

    – ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော ယူကရိန်းအရှေ့ပိုင်း ဒွန်ညက်မြို့ လေဆိပ်အနီးတွင် ကားတစ်စီးအား ဗုံးထိမှန်မှုကြောင့် ဒေသတွင်းဂျာနယ်လစ် ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    “ဒေသတွင်းဂျာနယ်လစ် ၂ ဦးကိုတင်ဆောင်လာတဲ့ ကားတစ်စီးဟာ တင့်ဖျက် ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆီးခံလိုက်ရပါတယ်။ ယူကရိန်းဘက်က ကြီးမားတဲ့ပစ်ခတ်မှုတွေကြောင့် အလောင်းတွေကို သွားယူဖို့ မဖြစ်နိုင်သေးပါဘူး။ အခုလောလောဆယ်မှာတော့ ဒီသေဆုံးသွားတဲ့ ဂျာနယ်လစ်တွေဟာ ဘယ်သတင်းဌာနက ဖြစ်တယ်ဆိုတာကို အတည်ပြုဖို့ ကြိုးစားနေပါတယ်” ဟု ဒွန်ညက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟု ကြေညာထားသည့် ခွဲထွက်ရေးသမားများအဖွဲ့က Sputnik သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဘီလာရုဇ်တွင် ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် ယူကရိန်းခေါင်းဆောင်များက Minsk-2 အပြစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေသည်။ ထိုသဘောတူညီချက်အရ နှစ်ဘက်တပ်များ၏ လက်နက်ကြီးများမှာ ရှေ့တန်းစစ်မျက်နှာမှ ဆုတ်ပေးရန်နှင့် ၎င်းတို့နှစ်ဘက်ကို ခွဲခြားထားသော လုံခြုံရေးဇုန်တစ်ခု တည်ဆောက်ရန်တို့ ပါဝင်သည်။

    Interfax သတင်းဌာနကမူ ထိုအဖြစ်အပျက်အတွင်း ဂျာနယ်လစ်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့သည်ဟု အပစ်ရပ်ရေးကို စောင့်ကြည့်နေသည့် Joint Center of Control and Coordination အဖွဲ့၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့သည်။ ခွဲထွက်ရေးသမားများကမူ ထိုကိစ္စအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများက အပစ်ရပ်ရေးမှာ ယေဘုယျအားဖြင့် အသက်ဝင်နေသေးသော်လည်း တိုက်ခိုက်မှုများမှာ အဆက်မပြတ်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကမူ ယူကရိန်းအရှေ့ပိုင်း အပစ်ရပ်ရေး ဖော်ဆောင်မှုကို စောင့်ကြည့်နေပြီး ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ရှေ့တန်းစစ်မျက်နှာနှင့်နီးသည့် ရှီရိုကီနိုဒေသ၌ တိုက်ခိုက်မှုအသစ်များ ဆက်လက်ဖြစ်ပွားနေသည်ဟု ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် မာရီယူပိုးလ်မြို့တွင်လည်း မော်တာကျည်များဖြင့် တိုက်ခိုက်သံကြားနေရပြီး ထိုတိုက်ခိုက်မှုကြောင့် ဖြစ်ပွားသော မီးလောင်မှုများကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

    ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခအတွင်း သေဆုံးသူဦးရေမှာ ၅၆၀၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂက ဆိုသော်လည်း တကယ့်လက်တွေ့တွင် ပိုမိုများပြားနိုင်သည်။ သေဆုံးခဲ့သည့် ဂျာနလစ်အရေအတွက်မှာ ၅ ဦးရှိပြီး ၄ ဦးမှာ ရုရှားနိုင်ငံသားဖြစ်ကာ တစ်ဦးမှာ အီတလီနိုင်ငံသားဖြစ်သည်။

    လူ့အခွင့်အရေးအဖွဲ့အစည်းများကမူ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ဂျာနယ်လစ်များအပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို ရပ်တန့်ရန် အဆက်မပြတ် ဆော်သြနေသည်။

    Ref: RT

  • ယူကရိန်းအပစ်ရပ်ရေး သဘောတူညီချက်ရပြီ

    ယူကရိန်းအပစ်ရပ်ရေး သဘောတူညီချက်ရပြီ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
    M-Media

    ukr

    – ယူကရိန်း၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ်မှ ခေါင်းဆောင်များ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးနောက် ယူကရိန်းအရှေ့ပိုင်း အပစ်ရပ်ရေးအတွက် ယနေ့တွင် သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါသဘောတူညီချက်မှာ လာမည့် တနင်္ဂနွေနေ့ည သန်းခေါင်ယံတွင် စတင်သက်ရောက်မည်ဖြစ်ပြီး မည်မျှ ကြာကြာခံမည်ဆိုသည်နှင့် ပတ်သက်၍ မေးခွန်းများလည်း ထွက်ပေါ်နေသည်။ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ပြင်သစ်သမ္မတ
    ဟော်လန်ဒေးက အဆိုပါ သဘောတူညီချက်ကို လေးနက်သည့် သဘောတူညီချက်ဟု ပြောကြားခဲ့သော်လည်း အချက်အားလုံးအား ဖြေရှင်းနိုင်ခဲ့ခြင်းမဟုတ်ဟု ဆိုသည်။

    ယူကရိန်း သမ္မတ ပိုရိုရှန်ကိုကမူ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူအားလုံးမှာ ယခုလက်ရှိ ခွဲထွက်ရေးသမားများ သိမ်းပိုက်ထားသည့် နယ်မြေအချို့အပါအ၀င် ရုရှားနယ်စပ်တစ်လျှောက်ရှိ နယ်မြေများကို ယူကရိန်းဘက်က ပြန်လည်ထိန်းချုပ်ရန် ကူညီသွားမည်ဟု သဘောတူခဲ့ကြောင်း၊ နှစ်ဘက်စလုံးမှ လက်နက်ကြီးများကို လာမည့် ၂ ပတ်အတွင်း ရှေ့တန်းစစ်မြေပြင်မှ ၃၁ မိုင်မှ ၄၃ မိုင်အကြားသို့ နောက်ဆုတ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော်လည်း သဘောတူညီချက်တွင် ခွဲထွက်ရေးသမားများအား ပိုမိုအုပ်ချုပ်ခွင့်ပေးမည့် ကိစ္စနှင့်ပတ်သက်၍ မည်သည့်သဘောတူညီချက်မှ မရခဲ့ဟု ဆိုသည်။ အဆိုပါ သဘောတူညီချက်တွင် ယူကရိန်းနယ်မြေမှ နိုင်ငံခြားတပ်ဖွဲ့များနှင့်
    စစ်သွေးကြွများ ထွက်သွားရန်၊ လက်နက်ကြီးများရုပ်သိမ်းရန်၊ စီးပွားရေး ဆက်သွယ်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်ရန်
    စသည်တို့လည်း ပါဝင်ခဲ့သည်။

    ပြင်သစ်သမ္မတဟော်လန်ဒေးကမူ ခွဲထွက်ရေးသမားများအပေါ် လိုအပ်သလောက် ဖိအားပေးနိုင်ခဲ့သည့် ရုရှားကို ချီးကျူးခဲ့သည်။ လေးနိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ ပါဝင်ခဲ့ကြသည့် အဆိုပါ ဆွေးနွေးမှုမှာ ၁၆ နာရီအထိ ကြာမြင့်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလကတည်းက ဖြစ်ပွားခဲ့သည့် ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုများတွင် စုစုပေါင်း ၅၃၀၀ ကျော် သေဆုံးခဲ့ပြီဟု ကုလ၏ မှတ်တမ်းများက ဆိုသည်။

    ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ဂျာမနီ၊ ပြင်သစ်တို့၏ ကြားဝင်မှုဖြင့် ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားများအကြား အပစ်ရပ်ရေးသဘောတူညီချက် ရရှိခဲ့သော်လည်း ကြာကြာမခံခဲ့ပေ။

    Ref: foxnews

  • အစိုးရနှင့် ခွဲထွက်ရေးတပ်များမှ လက်နက်ကြီးများ ဆုတ်ခွာရန် နယ်နမိတ်လိုင်းတစ်ခုကို  ယူကရိန်း၌ သတ်မှတ်

    အစိုးရနှင့် ခွဲထွက်ရေးတပ်များမှ လက်နက်ကြီးများ ဆုတ်ခွာရန် နယ်နမိတ်လိုင်းတစ်ခုကို ယူကရိန်း၌ သတ်မှတ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media

    rus

    – မတည်မငြိမ်ဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ခွဲထွက်ရေးသမားများနှင့် ယူကရိန်အစိုးရဘက်မှ လက်နက်ကြီးများ ဆုတ်ခွာရန် နယ်နမိတ်လိုင်းတစ်ခုသတ်မှတ်ရန်အတွက် ရုရှားနှင့် ယူကရိန်းတို့က သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    ယူကရိန်း၊ ရုရှား ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများပါဝင်ပြီး ဘာလင်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ ထိုသို့ သဘောတူခဲ့ခြင်းဖြစ်ပြီး ယူကရိန်းအရှေ့ပိုင်း ငြိမ်းချမ်းရေးအတွက် ပြီးခဲ့သည့်နှစ်က ချုပ်ဆိုခဲ့သည့် Minsk သဘောတူညီချက်မှ အချက်တစ်ချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော်လည်း နှစ်ဖက်စစ်တပ်များ ရုပ်သိမ်းရေးနှင့် ပတ်သက်၍မူ သဘောတူညီချက် မရသေးပေ။

    `Minsk သဘောတူညီချက်မှာ ဖော်ပြထားတဲ့ နယ်နမိတ်လိုင်းတစ်ခု သတ်မှတ်ဖို့ဆိုတာကို နောက်ဆုံး ကျွန်တော်တို့ သဘောတူညီ ခဲ့ကြပါပြီ။ အဲဒီလိုင်းကနေ လက်နက်ကြီးတွေ အားလုံး ဆုတ်ခွာဖို့ဆိုတာ အခုချက်ခြင်း ဆောက်ရွက်ဖို့လိုတဲ့ ကိစ္စပါပဲ´ ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်တာက အစည်းအဝေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ယူကရိန်းနှင့် ခွဲထွက်ရေးသမားများ၏ တပ်များမှ လက်နက်ကြီးများမှာ ယခုသတ်မှတ်လိုက်သည့် နယ်နမိတ်လိုင်း၏ ၁၅ ကီလိုမီတာ အကွာသို့ ရွှေ့ပေးရမည်ဖြစ်သည်။ ထို့ပြင်ကြာရှည်ခံမည့် နေရာချထားမှုများ ပြုလုပ်ရေးအတွက် ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေး ယူကရိန်း၊ ရုရှားနှင့် OSCE မှ တာဝန်ရှိသူများ အမြန်ဆုံး တွေ့ဆုံကြရန် ဆိုပါအစည်းအဝေးတွင် သဘောတူခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားနေသော မငြိမ်သက်မှုများတွင် ရုရှားမှ ပါဝင်ပတ်သက်နေသည်ဟု ယူကရိန်းနှင့် အနောက်နိုင်ငံများက စွပ်စွဲထားပြီး ရုရှားကမူ ငြင်းဆိုထားသည်။

    အမေရိကန်တပ်မှူးတစ်ဦးဖြစ်သူ ဘန်ဟုဒ်ဂ်ျ မကြာသေးမီက ကိဗ်သို့ လာရောက်လည်ပတ်သည့် အချိန်တွင် စက်တင်ဘာနှင့် ဒီဇင်ဘာ အပစ်ရပ်ရေး ကာလများ၌ ခွဲထွက်ရေးသမားများအား ရုရှားမှ လက်နက်ထောက်ပံ့မှုမှာ ၂ ဆဖြစ်လာသည်ဟု ပြောကြားခဲ့သည်။

    ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk မြို့တွင် ပြီးခဲ့သည့် ရက်များအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ရှိခဲ့သည်။

    Ref : aljazeera

  • ယူကရိန်းတစ်ကျော့ပြန်တိုက်ပွဲ အရှိန်မြင့်

    ယူကရိန်းတစ်ကျော့ပြန်တိုက်ပွဲ အရှိန်မြင့်

    ဇန်န၀ါရီ ၁၉၊ ၂၀၁၅
    M-Media

    ukr

    – တစ်ကျော့ပြန်ဖြစ်လာသည့် တိုက်ခိုက်မှုအတွင်း Donetsk လေယာဉ်ကွင်းမှ ခွဲထွက်ရေးသမားအများစုအား ရှင်းလင်းခဲ့ပြီး အစိုးရတပ်များ၏ တင့်ကားများမှာ ရှေ့တန်းစစ်မျက်နှာသို့ ထွက်ခွာလာကာ ထိုးစစ်ကို အရှိန်မြှင့်တော့မည်ဟု ယူကရိန်းအစိုးရ
    တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ခွဲထွက်ရေးသမားများက ထိန်းချုပ်ထားသည့် အဆိုပါမြို့တွင် ပြီးခဲ့သည့် ကြာသာပတေးနေ့မှ စတင်ကာ တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး စစ်သား ၄ ဦးအပါအ၀င် လူ ၇ ဦး သေဆုံးခဲ့ရသည်ဟု ယူကရိန်းအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် နေအိမ်များလည်း ပျက်ဆီးခဲ့ရပြီး၊ ဓာတ်အားများလည်း ပြတ်တောက်လျက်ရှိနေကာ လေဆိပ်အနီးရှိ ကလေးဆေးရုံတစ်ခုလည်း ပျက်ဆီးခဲ့သည်။

    တိုက်ပွဲများမှာ Donetsk လေဆိပ်တစ်ဝိုက်တွင် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ခွဲထွက်ရေးသမားများကမူ ယူကရိန်းစစ်သား ၁၃ ဦး အပါအ၀င် စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ယူကရိန်းစစ်တပ်ကမူ လေဆိပ်အား ထိန်းချုပ်ထားသော ခွဲထွက်ရေးသမား အများစုကို ရှင်းပစ်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ထိုပြောကြားမှုကို ရှင်းရှင်းလင်းလင်းအတည်ပြု၍ မရသေးပေ။

    တစ်ကျော့ပြန်ဖြစ်ပွားလာသော တိုက်ခိုက်မှုအား ရှုတ်ချရန်နှင့် ငြိမ်းချမ်းရေး ဆုမွန်ကောင်းတောင်းရန်အတွက် ထောင်ပေါင်းများစွာသော ယူကရိန်းပြည်သူများမှာ မြို့တော် ကိဗ်တွင် ယမန်နေ့က စုဝေးခဲ့ကြပြီး ယူကရိန်းသမ္မတ ပိုရိုရှန်ကိုလည်း တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ် ဧပြီလက ယူကရိန်းအရှေ့ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှုများကြောင့် ယခုအချိန်အထိ လူပေါင်း ၄၈၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

    ယူကရိန်းမငြိမ်မသက်မှုတွင် ရုရှားက ပါဝင်နေသည်ဟု ယူကရိန်အစိုးရနှင့် အနောက်နိုင်ငံများက စွပ်စွဲပြောဆိုထားပြီး ရုရှားအစိုးရအပေါ် ပိတ်ဆို့မှုများလည်း ပြုလုပ်ထားသည်။ ရုရှားအစိုးရကမူ ထိုစွပ်စွဲမှုအား ငြင်းဆိုခဲ့သည်။

    Ref: channelnewsasia