News @ M-Media

Tag: Ukarine

  • ယူကရိန်းတွင် ရုရှား၏ ဒုံးကျည်စနစ် တွေ့ရှိ

    ယူကရိန်းတွင် ရုရှား၏ ဒုံးကျည်စနစ် တွေ့ရှိ

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    ရုရှား၏ ဒုံးကျည်စနစ်တစ်ခု

    – ယူကရိန်းအရှေ့ပိုင်း သူပုန်များထိန်းချုပ်ထားရာ ဒေသတွင် ရုရှား၏ ကြောက်စရာကောင်းသော ရွေ့လျား ဒုံးကျည်စနစ် TOS-1 ‘Buratino’ ကို ယခုတစ်ပတ်၌ တွေ့ရှိခဲ့ရသည်ဟု ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE က ပြောကြားလိုက်ပြီး ယူကရိန်းအရေးတွင် ရုရှား၏ ပါဝင်မှုကို သေချာစေခြင်းလည်း ဖြစ်သည်။

    အဆိုပါ ဒုံးကျည်စနစ်မှာ သာမိုဘဲရစ် ထိပ်ဖူးတပ် ဒုံးကျည်များ တပ်ဆင်ပစ်ခတ်ရပြီး ပစ်မှတ်ဝန်းကျင်တွင် မီးတောက်နိုင်သည့် အရည်များ ပြန့်နှံ့သွားကာ ချက်ခြင်းမီးလောင်နိုင်သည်။ ထိုဒုံးကျည်စနစ်မှာ တစ်ချက်တည်းဖြင့် ထုထည်ကြီးမားသည့် နံရံမျာကို ဖျက်ဆီးပစ်နိုင်ပြီး ဆိုးရွားသည့် အပျက်အဆီးမျာကိုလည်း ကြုံတွေ့နိုင်သည်။

    OSCE ၏ ယခုတွေ့ရှိချက်မှာ ယူကရိန်းအရှေ့ပိုင်းကိစ္စတွင် ပါဝင်ခြင်းမရှိဟု အကြိမ်ကြိမ်ငြင်းဆိုထားသည့် ရုရှားအတွက် အရှက်ရစရာဖြစ်ခဲ့သည်။ ရုရှားမှာ လက်ရှိတွင် ဆီးရီယားပြည်တွင်းစစ်၌လည်း ပါဝင်နေသည်။

    Ref: Reuters

  • အခြေခံဥပဒေ ပြင်ဆင်ချက်ကို ယူကရိန်း၌ ဆန္ဒပြမှု ထိခိုက်ဒဏ်ရာရမှုများရှိ

    အခြေခံဥပဒေ ပြင်ဆင်ချက်ကို ယူကရိန်း၌ ဆန္ဒပြမှု ထိခိုက်ဒဏ်ရာရမှုများရှိ

    သြဂုတ် ၃၁၊ ၂၀၁၅
    M-Media

    ukringe

    – နိုင်ငံအရှေ့ပိုင်းဒေသများတွင် ရုရှားလိုလားသူများအား လုပ်ပိုင်ခွင့် ပိုမိုပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥဒေပြင်ဆင်ချက်ကို ဆန်ကျင့်သည့်အနေဖြင့် ယူကရိန်းပြည်သူများမှာ ယနေ့တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။

    လက်ယာယိမ်း အမျိုးသားရေးပါတီကို ထောက်ခံသူ ရာပေါင်းများစွာက ပါလီမန်အရှေ့တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ဥပဒေပြုရေးအဖွဲ့အနေဖြင့် အငြင်းပွားဖွယ် အဆိုပါ ပြင်ဆင်ချက်ကို ပယ်ချရန် တောင်းဆိုခဲ့သည်။

    ဆန္ဒပြပွဲတွင် အဆိုပါ ပါတီခေါင်းဆောင်နှင့် အခြားလွှတ်တော်အမတ် ၁၀ ဦးခန့် ပါဝင်ပြီး၊ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ အီဂေါ်ရ် မိုဆီချော့က အမျိုးသားရေးပါတီမှ လွှတ်တော်အမတ်များအားလုံး ထိုဆန္ဒပြပွဲတွင် ပါဝင်ကြရန် တိုက်တွန်းခဲ့သည်။

    ဆန္ဒပြသူများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့်မှာ ဒဏ်ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့ကလည်း လူစုခွဲရန် မျက်ရည်ယိုဗုံးများကို အသုံးပြုခဲ့ကြသည်။

    ထို့ပြင် ပါလီမန်အဆောက်အဦးရှေ့တွင် ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်ဟု TASS သတင်းဌာနက ဖော်ပြခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ အလွန်ဆိုးရွားသည့် အခြေအနေတွင် ရှိနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အကြံပေးတစ်ဦးဖြစ်သူ အန်တန် ဂီရက်စ်ရှန်ကိုက ပြောကြားခဲ့သည်။

    “ပါလီမန်အဆောက်အဦးကို ကာကွယ်နေတဲ့ တပ်ဖွဲ့ဝင်တွေထံကို လက်ပစ်ဗုံးတစ်လုံးကို ပစ်ခဲ့ပြီး အမျိုးသားအစောင့်တပ် တပ်ဖွဲ့ဝင် တော်တော်များများ ဆိုးရွားတဲ့ဒဏ်ရာတွေ ရခဲ့ပါတယ်” ဟု ၎င်း၏ Facebook စာမျက်နှာတွင် ဂီရက်စ်ရှန်ကိုက ရေးသားခဲ့သည်။

    ဆန္ဒပြသူ ၅ ဦး ၆ ဦးခန့်မှာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့ပြီး၊ အချို့မှာ အပေါ်ယံဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ရေးသားဖော်ပြခဲ့သည်။ ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနကမူ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ရဲတပ်ဖွဲ့အား တိုက်ခိုက်မှုဖြင့် အနည်းဆုံး ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးထားသည်ဟု ဖော်ပြထားသည်။

    အစိုးရနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများ၏ နိုင်ငံအရှေ့ပိုင်း ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုပေးအပ်သည့် အခြေခံဥပဒေပြင်ဆင်ချက်ကို အနောက်နိုင်ငံများ၏ ထောက်ခံချက်ဖြင့် ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၂၆၅ မဲ၊ ကန့်ကွက်မဲ ၈၇ မဲဖြင့် ပါလီမန်က အတည်ပြုခဲ့သည်။

    Ref: Press TV

  • ယူကရိန်း ရုပ်ရှင်ဒါရိုက်တာကို အကြမ်းဖက်မှုဖြင့် ရုရှားက ထောင်ဒဏ် နှစ် ၂၀ ချ

    ယူကရိန်း ရုပ်ရှင်ဒါရိုက်တာကို အကြမ်းဖက်မှုဖြင့် ရုရှားက ထောင်ဒဏ် နှစ် ၂၀ ချ

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    ukarine

    – ခရိုင်းမီးယားကျွန်းဆွယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ယူကရိန်း ရုပ်ရှင်ဒါရိုက်တာဖြစ်သူ အိုလက်ဂ် ဆန့်ဆော့ဗ်ကို ရုရှားတရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်ဟု RIA သတင်းဌာနက ဖော်ပြခဲ့သည်။

    နိုင်ငံအနောက်တောင်ပိုင်း ရို့စ်တော့ဗ်မြို့ရှိ စစ်ခုံရုံးတွင် တရားစွဲဆိုကြားနာကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အခြားတစ်ဦးဖြစ်သူ အလက်ဇန်ဒါ ကိုလ်ရှန်ကို ကိုလည်း ၁၀ နှစ် ချမှတ်ခဲ့သည်။ အစိုးရရှေ့နေများကမူ ဆန့်ဆော့ဗ်အား ထောင်ဒဏ် ၂၃ နှစ်နှင့် ကိုလ်ရှန်ကိုအား ၁၂ နှစ်ချမှတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

    ခရိုင်းမီးယားဇာတိဖြစ်သူ ဆန့်ဆော့ဗ်ကမူ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပြီး ယူကရိန်းပြဿနာအတွက် ရုရှားနှင့် အနောက်နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်လာသည့်အချိန်တွင် နိုင်ငံရေးအရ ထိုတရားစွဲဆိုမှုကို ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုကာ ရှုတ်ချခဲ့သည်။

    ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်ပြီးနောက်ပိုင်း ထိုသိမ်းပိုက်မှုမှ လွတ်မြောက်ရေးအတွက် ခရိုင်းမီးယားတွင် အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းမှုဖြင့် ရုရှား၏ အစိုးရရှေ့နေများက ဆန့်ဆော့ဗ်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    ရုရှားစုံစမ်းစစ်ဆေးသူများကမူ ၎င်းတို့နှစ်ဦးမှာ ၂၀၁၄ ခုနှစ် ဧပြီနှင့် မေကြားတွင် ခရိုးမီးယားရှိ ရုံးနှစ်ရုံးကို မီးရှို့ခဲ့ပြီး တစ်ခုမှာ ရုရှားအာဏာရပါတီ၏ ယူနိုက်တက်ရုရှား၏ ရုံးခန်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုကမူ ဆန့်ဆော့ဗ်တို့နှစ်ဦးအား ရုရှားက တရားစွဲဆိုခြင်းမှာ မည်သည့်အဓိပ္ပါယ်မှမရှိဟု ပြောကြားခဲ့သည်။

    “တောင့်ထားပါ အိုလက်ဂ်။ ဒီတရားစွဲဆိုမှုကို စီစဉ်ခဲ့တဲ့သူတွေ ကိုယ်တိုင် (တရားရုံးက) သံသယရှိသူ ခုံတန်းမှာ ထိုင်ရတဲ့အချိန်ဆိုတာ ရောက်လာဦးမှာပါ” ဟု ပိုရိုရှန်ကိုက ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သည်။

    နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International ကလည်း အဆိုပါ တရားစွဲဆိုမှုအား ရှုတ်ချခဲ့သည်။

    “ဒီလူတွေဟာ ခရိုင်းမီးယားကို ရုရှားက ကျူးကျော်သိမ်းပိုက်တာကို ဆန့်ကျင်မှုနဲ့ ပတ်သက်ပြီး “အကြမ်းဖက်” စွဲချက်တွေနဲ့ တရားမဲ့စွာ စွဲဆိုခံရတာပါ။ စစ်ဘက်ကြားနားမှုဟာ ပုံမှန်မဟုတ်တာတွေ များပြားပါတယ်။ ငြှင်းပန်းနှိပ်စက်မှု၊ သက်သေထွက်ဖို့ အခြား ဆိုးရွားတဲ့ဆက်ဆံမှုတွေကို အသုံးပြုတယ်ဆိုတဲ့ တုန်လှုပ်စရာ ဖော်ထုတ်မှုတွေလည်း ရှိနေပါတယ်” ဟု Amnesty International က ပြောကြားခဲ့သည်။

    Ref: Reuters

  • ယူကရိန်းတွင် တိုက်ခိုက်မှု ပြန်မြင့်လာခြင်းကို နိုင်ငံတကာက သတိပေး

    ယူကရိန်းတွင် တိုက်ခိုက်မှု ပြန်မြင့်လာခြင်းကို နိုင်ငံတကာက သတိပေး

    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media

    uk

    – ယူကရိန်းအရှေ့ပိုင်းတွင် ယမန်နေ့က လူ ၁၀ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ထိုဒေသအတွင်း တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာသည့်အပေါ် ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့က သတိပေးလိုက်သည်။

    အဆိုပါတိုက်ခိုက်မှု၌ သေဆုံးခဲ့သူများတွင် အရပ်သားအများစု ပါဝင်ခဲ့ပြီး ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီမှုနောက်ပိုင်း တစ်ရက်အတွင်း အသေအပျောက်အများဆုံး ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။ တိုက်ခိုက်မှုအတွက်မူ ယူကရိန်းအစိုးရနှင့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများက အပြန်အလှန် ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် ရုရှားတို့က ရှုတ်ချခဲ့ကြသည်။

    “ဒီလို တိုက်ခိုက်မှု မြင့်တက်လာတာကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ပြီးတော့ ပါဝင်သူတွေအားလုံးအနေနဲ့ ဒါကို ရပ်တန့်ကြဖို့နဲ့ အပစ်ရပ်ဖို့ကိုလည်း ကျွန်မတို့ တိုက်တွန်းပါတယ်” ဟု ဥရောပကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကက်သရင်းရေးက ဘရပ်ဆဲလ်တွင် ဂျာနယ်လစ်များအား ပြောကြားခဲ့သည်။

    ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ယခုကဲ့သို့ တိုက်ခိုက်မှု မြင့်တက်လာခြင်းမှာ ပြင်းပြင်းထန်ထန် သတိပေးလိုက်ခြင်းဖြစ်ပြီး အပစ်ရပ်ရေး ချိုးဖောက်မှုနှင့် လူ့အသက်များ ဆုံးရှုံးမှုမှာ လက်ခံနိုင်စရာမဟုတ်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ခွဲထွက်ရေးသမားများကို ထောက်ပံ့နေသည်ဟု ယူကရိန်းနှင့် အနောက်နိုင်ငံများ၏ စွပ်စွဲမှုကို ခံထားရသော ရုရှားကလည်း ယူကရိန်းအနေဖြင့် တိုက်ခိုက်မှုအသစ်များကို တိုးမြှင့်ပြုလုပ်ရန် အဆင်သင့်ဖြစ်နေသည်ဟု သတိပေးခဲ့သည်။

    ၂၀၁၄ ခုနှစ် ဧပြီလကတည်းက ဖြစ်ပွားနေခဲ့သည့် ယူကရိန်းအရှေ့ပိုင်း မတည်ငြိမ်မှုတွင် လူပေါင်း ၆၈၀၀ ကျော် သေဆုံးခဲ့ပြီး ၁.၄ သန်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။

    Ref: Channelnewsasisa

  • ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုများ မြင့်တက်လာ

    ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုများ မြင့်တက်လာ

    ဇွန် ၄၊ ၂၀၁၅
    M-Media

    ukarine

    – ယူရိန်းနိုင်ငံအရှေ့ပိုင်းတွင် ယမန်နေ့ညက ကြီးမားသော တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဖွဲ့နှင့် ရုရှားလိုလားသူ ခွဲထွက်ရေးတပ်ဖွဲ့တို့မှာ အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။

    ခွဲထွက်ရေးသမားများမှာ ၎င်းတို့ အခိုင်အမာတပ်စွဲထားရာ ဒွန်ညက်မြို့အနီးရှိ ယူကရိန်းစစ်တပ်များ၏ စခန်းများသို့ ကြီးမားသည့် ထိုးစစ်ဆင်မှုများ ယမန်နေ့ညတွင် ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် ဒါဇင်နှင့်ချီသော တင့်ကားများနှင့် ထောင်နှင့်ချီသော စစ်သည်အင်အား ပါဝင်ခဲ့သည့် ယူကရိန်း စစ်တပ်ဗိုလ်ချုပ်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ယူကရိန်းတပ်ဖွဲ့ဝင်များမှာ လက်နက်ကြီးများဖြင့် အဆိုပါ ထိုးစစ်ဆင်မှုကို ရင်ဆိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

    ဥရောပမှ ကြားဝင်စေ့စပ်ပေးသည့် အပစ်ရပ်ရေးသဘောတူညီချက်ကို ယူကရိန်းနှင့် ခွဲထွက်ရေးသမားများက ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သော်လည်း ရှေ့တန်းစစ်မျက်နှာဖြစ်သော ယူကရိန်းအရှေ့ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း
    တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာခဲ့သည်။

    ယမန်နေ့က တိုက်ခိုက်မှုအတွင်း ဓာတ်အားပေးလိုင်း ပြတ်တောက်သွားခဲ့ပြီးနောက် ဒွန်ညက်မြို့ရှိ မိုင်းတွင်းကြီးနှစ်ခု၏ မြေအောက်၌ မိုင်းလုပ်သား ၉၀၀ ကျော် ပိတ်မိခဲ့သည်။ ညနေပိုင်းတွင် ကယ်ဆယ်မှုများကို လုပ်ဆောင်ခဲ့သော်လည်း မိုင်းလုပ်သား ၃၀၀ ကျော်မှာ ဆက်လက် ပိတ်မိနေဆဲဖြစ်သည်။

    ၂၀၁၄ ခုနှစ် ဧပြီလက စတင်ဖြစ်ပွားခဲ့သည့် ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားတို့အကြား တိုက်ပွဲများကြောင့် လူပေါင်း ၆၄၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်သည်။

    Ref: Aljazeera