News @ M-Media

Tag: US Muslims

  • စိန်ခေါ်မှုကို အခွင့်အလမ်းအဖြစ် ပြောင်းလဲခဲ့သူ အစ်ဘ်သီဟဂျ် မိုဟာမက်

    စိန်ခေါ်မှုကို အခွင့်အလမ်းအဖြစ် ပြောင်းလဲခဲ့သူ အစ်ဘ်သီဟဂျ် မိုဟာမက်

    စက်တင်ဘာ ၂၃၊ ၂၀၂၃

    M-Media 


    -အစ်ဘ်သီဟဂျ် မိုဟာမက်ဟာ အမေရိကန်ကိုယ်စားပြု ဓားသိုင်းသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်က အိုလံပစ်ပြိုင်ပွဲမှာ သမိုင်းသစ်တစ်ခု ရေးထိုးခဲ့ပါတယ်။ 

    အိုလံပစ်မှာ ဟီဂျဘ် ခေါင်းဆောင်ပု၀ါ ၀တ်ဆင်ပြီး ၀င်ရောက်ယှဥ်ပြိုင်တဲ့ ပထမဆုံးအမျိုးသမီးအဖြစ် မှတ်တမ်း၀င်ခဲ့တာပါ။ 

    အဲဒီတုန်းက သမ္မတလောင်းထရမ့်ရဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ ပြန့်နှံ့နေတဲ့အချိန် အစ်ဘ်သီဟဂျ်က ဒီလို လုပ်ပြခဲ့တာဖြစ်ပါတယ်။ 

    ထရမ့်ရဲ့ စကားတွေကြောင့် မီဒီယာတွေဟာ အသင်းက တစ်ခြားလူတွေထက် သူမကို ပိုအာရုံစိုက်ကြပြီး ထရမ့်အပေါ် ဘယ်လိုမြင်လဲဆိုတာတွေပါ မေးမြန်းခဲ့ကြပါတယ်။ 

    “ဒီလိုမေးခွန်းတွေကို ဖြေတဲ့အခါ စိုးရိမ်စိတ်ရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် လူတွေရဲ့ သမရိုးကျ အမြင်တွေကို ချေဖျက်ဖို့၊ ကျွန်မတို့က ဘယ်လိုလူတွေလဲ ဘယ်ကလာတာလဲဆိုတာတွေကို အများသိအောင်လုပ်ဖို့ အခွင့်အရေး တစ်ခုလို့ ကျွန်မ ခံယူခဲ့ပါတယ်” 

    ဘရာဇီးလ်အိုလံပစ်မှာ ကြေးတံဆိပ်ဆုရခဲ့တဲ့ အစ်ဘ်သီဟဂျ်ဟာ ပညာတတ်တစ်ဦးပါ။ Duke တက္ကသိုလ်ကနေ နိုင်ငံတကာ ဆက်ဆံရေး၊ အာဖရိကန်-အမေရိကန် ဆက်ဆံရေး ပညာရပ်တွေနဲ့ ဘွဲ့ရခဲ့ပါတယ်။ 

    “ကျွန်မတို့(အာဖရိကန်-အမေရိကန်တွေ)ရဲ့ ဇစ်မြစ်၊ ကျွန်တို့ ဖန်တီးခဲ့တဲ့ လှပတဲ့ အခိုက်အတန့်တွေ၊ ကျွန်မတို့လူမျိုးတွေရဲ့ တည်ရှိမှု စတဲ့ သမိုင်းကြောင်းတွေကို လေ့လာဖို့အတွက် ဘိုးဘွားဘီဘင်တွေအပေါ် အကြွေးရှိနေတယ်လို့ ကျွန်မ ခံစားရပါတယ်”

    အာဖရိကန်-အမေရိကန် သမိုင်းကြောင်းကို လေ့လာမှုကနေတစ်ဆင့် အစ်ဘ်သီဟဂျ်ဟာ အားကစားသမားတစ်ယောက်အဖြစ် လမ်းဖောက်နိုင်ခဲ့ပါတယ်။ 

    “ဂျက်ကီ ရော်ဘင်ဆန်၊ မိုဟာမက်အလီ၊ အလ်သီယာ ဂစ်ဘ်ဆင်တို့ရဲ့ သမိုင်းကြောင်းကို လေ့လာမှုနဲ့ အားကစားကတစ်ဆင့် ကျွန်မသိလိုက်ရတာက ကျွန်မလျှောက်မယ့်လမ်းဟာ ကျွန်မထက် ပိုပြီး ကြီးမားတယ်ဆိုတာပါပဲ။ ဒီလမ်းအတိုင်း ကျွန်မလျှောက်မယ်ဆိုရင် အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲကို ဖန်တီးနိုင်မလို့လည်း ကျွန်မ နားလည်ခဲ့ပါတယ်”

    အိုလံပစ်ပြိုင်ပွဲကို သွားရာလမ်းတစ်လျှောက် လူမျိုး၊ ဘာသာတရားတို့ကို မူတည်ပြီး ပေါ်ပေါက်လာတဲ့ အခက်အခဲ အတားအဆီးတွေကို အစ်ဘ်သီဟဂျ်တစ်ယောက် ကျော်ဖြတ်ခဲ့ရသလို၊ စိတ်ဓာတ်ကျဆင်းမှု၊ ထင်သလောက် မစွမ်းဆောင်နိုင်မှု စတဲ့ စိတ်ပိုင်းဆိုင်ရာ အဟန့်အတားတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ 

    ၂၀၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ် ရရှိခဲ့ပြီးတဲ့နောက် သူမဟာ ကိုယ်တိုင်ရေး အထုပ္ပတ္တိတစ်အုပ်ကို ရေးသားထုတ်၀ေခဲ့ပြီး သူမဘ၀ ဖြစ်ကြောင်းကုန်စင်ကို စာအုပ်ထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

    ဘာသာ၀င် အမျိုးသမီးတွေ လုံခြုံစွာ ၀တ်စားဆင်ယင်ရမယ်ဆိုတဲ့ အစ္စလာမ်ရဲ့ သွန်သင်ချက်ကို အသိပညာပေးဖို့လည်း ကျော်ကြားမှုကို သူမက အသုံးပြုပါတယ်။ 

    “သမိုင်းကိုကြည့်ရင် ကမ္ဘာကြီးမှာ ဟီဂျဘ်ပု၀ါနဲ့ပတ်သက်ပြီး မနှစ်မြို့တာတွေ ရှိခဲ့ပါတယ်။ ကျွန်မကတော့ ဒါဟာ လူမျိုးရေးခွဲခြားမှု၊ အစ္စလာမ်ကြောက်ရောဂါတွေကို အခြေခံတယ်လို့မြင်တယ်။ ဟီဂျဘ်ပု၀ါကြောင့် သက်သက် မဟုတ်ပါဘူး”

    အားကစားသမားဘ၀ ကမ္ဘာတစ်၀ှမ်းကို သွားရောက်ရတာကြောင့် အစ္စလာမ်ဘာသာ၀င် အသိုင်းအ၀ိုင်းပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံခဲ့ရပြီး မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောပါတယ်။ 

    “မွတ်စလင်တစ်ယောက်ဖြစ်တာကြောင့် ပါလက်စတိုင်းမှာ ဖြစ်ပျက်နေတာတွေ၊ တရုတ်မှာဖြစ်နေတာတွေ (၀ီဂါမွတ်စလင်ကိစ္စ)၊ မကြာသေးခင်က ပြင်သစ်မှာ ရဲက သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်နဲ့သက်ဆိုင်တယ်လို့ ခံစားရပါတယ်” 

    ဇွန်လ ၂၇ ရက်နေ့က ပဲရစ်မြို့မှာ အသက် ၁၇ နှစ်အရွယ် မွတ်စလင်လူငယ် နာဟီလ် မာဇူက်ကို ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံတစ်၀ှမ်း ရဲတပ်ဖွဲ့ကို ဆန့်ကျင် ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ 

    “မူ၀ါဒအပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ဂရုတစိုက် ကြိုးစားလုပ်ဆောင်မယ်၊ အပြစ်ရှိတဲ့ရဲကို အပြစ်ပေးအရေးယူမယ်ဆိုရင် အခုလိုအဖြစ်အပျက်မျိုး ဖြစ်လာမှာ မဟုတ်ပါဘူး”

    Ref: Aljazeera 

  • အမေရိကန်တရားရေးတွင် မှတ်တမ်းသစ် ရေးထိုးလိုက်သည့် ဘင်္ဂါလီအမျိုးသမီး

    အမေရိကန်တရားရေးတွင် မှတ်တမ်းသစ် ရေးထိုးလိုက်သည့် ဘင်္ဂါလီအမျိုးသမီး

    ဇွန် ၁၈၊ ၂၀၂၃

    M-Media 


    -ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ရှေ့နေ နူဆရတ် ဂျာဟန် ချောင်ဒရီကို ပြည်ထောင်စုအဆင့် တရားသူကြီးအဖြစ် အမေရိကန်အထက်လွှတ်တော်က ကြာသာပေးနေ့မှာ အတည်ပြု ခန့်အပ်လိုက်ပါတယ်။ 

    ဒီခန့်အပ်မှုကြောင့် အမေရိကန်မွတ်စလင်သမိုင်းမှာ ပထဆုံး ပြည်ထောင်စုအဆင့် မွတ်စလင်အမျိုးသမီး တရားသူကြီးအဖြစ် မှတ်တမ်း၀င်လာပါတယ်။ 

    နူဆရတ်ဟာ နယူးယောက်ပြည်နယ် အရှေ့ပိုင်းခရိုင် ပြည်ထောင်စု တရားသူကြီးအဖြစ် တာ၀န်ယူရမှာပါ။ 

    “နူဆရတ် ချောင်ဒရီကို ဖက်ဒရယ်တရားသူကြီးအဖြစ် အတည်ပြု ခန့်အပ်ရာမှာ သမိုင်းတွင်မယ့် အကြောင်းအရင်း များစွာ ရှိပါတယ်။ သူမဟာ ကျွန်တော်တို့ရဲ့ တရားရေးစနစ်အောက်မှာ ပြည်သူတွေ မျှမျှတတ ဆက်ဆံခံရဖို့ သက်တမ်းတစ်လျှောက်လုံး စိတ်နှစ်မြှုပ် ဆောင်ရွက်ခဲ့သူပါ” လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Muslim Advocacy အကြီးအကဲ အိုမာရ် ဖာရာက ပြောပါတယ်။ 

    သမ္မတဘိုင်ဒန်အစိုးရရဲ့ ၂၀၂၂ ခုနှစ် ဇန်န၀ါရီ ဖက်ဒရယ် တရားသူကြီးများ အမည်စာရင်းတင်သွင်းမှုမှာ နူဆရတ် ချောင်ဒရီ ပါ၀င်လာတာ ဖြစ်ပါတယ်။ 

    နူဆရတ်ဟာ အမေရိကန် နိုင်ငံသားအခွင့်အရေးဆိုင်ရာ သမဂ္ဂ ACLU ရဲ့ အီလီနွိုက်စ်ပြည်နယ်အဖွဲ့ခွဲမှာ ဥပဒေရေးရာ ဒါရိုက်တာအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပြီး ရာဇ၀တ်မှု၊ ရဲလုပ်ငန်းစဥ် စတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ခဲ့ပါတယ်။ 

    ဖက်ဒရယ်တရားသူကြီး အမည်စာရင်းမှာ နူဆရတ်ပါ၀င်လာမှုကို အမေရိကန် နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးအဖွဲ့ တော်တော်များများက ကြိုဆိုခဲ့ကြပါတယ်။ 

    “သူမဟာ နိုင်ငံတစ်၀ှမ်းလုံးမှာ မျှတတဲ့ တရားရေးစနစ် ထွန်းကားရေးအတွက် အကြံသစ်ဉာဏ်သစ်တွေနဲ့  အားထုတ်လုပ်ဆောင်တဲ့ ထူးခြားတဲ့ မှတ်တမ်းကောင်းတွေ ရှိခဲ့ပါတယ်” လို့ ACLU ရဲ့ အမှုဆောင်ဒါရိုက်တာ အန်တိုနီ ဒီ ရိုမဲရိုးက ပြောပါတယ်။ 

    အီလီနွိုက်စ်ပြည်နယ်အတွင်းက ငွေကြေးမပြည့်စုံသူတွေ ဥပဒေရဲ့ ကာကွယ်မှု အပြည့်အ၀ရရှိရေးအတွက် နူဆရတ်က စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တယ်လို့လည်း ရိုမဲရိုးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အထက်လွှတ်တော်က ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များအဖွဲ့ ခေါင်းဆောင် ချက် ရှူးမားက နူဆရတ်ရဲ့အောင်မြင်မှုကို Twitter စာမျက်နှာကနေ ချီးကျူးခဲ့ပါတယ်။

    “ဖက်ဒရယ်အဆင့်မှာ အာရှ-အမေရိကန်နွယ်ဖွား ၂၁ ဦးကို ခန့်အပ်လိုက်ကြောင်း အထက်လွှတ်တော် ဒီမိုကရက်တစ်အဖွဲ့က အတည်ပြုပါတယ်။ ဒါဟာ သမ္မတ အိုဘားမားလက်ထက်က အာရှနွယ်ဖွားတွေ အများဆုံး ခန့်အပ်ခဲ့တဲ့ အရေအတွက်နဲ့ တန်းတူ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက် သွားကြပါမယ်”

    Ref: Aljazeera 

  • အမေရိကန်တရားရေးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူခဲ့သည့် မွတ်စလင်အမျိုးသမီး

    အမေရိကန်တရားရေးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူခဲ့သည့် မွတ်စလင်အမျိုးသမီး

    မတ် ၂၅၊ ၂၀၂၃

    M-Media 


    -နာဒီယာ ခက်ဖ်လို့ အမည်ရတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးဟာ ပု၀ါဆောင်းပြီး တာ၀န်ထမ်းဆောင်တဲ့ အမေရိကန်ရဲ့ ပထမဆုံး တရားသူကြီး ဖြစ်လာပါတယ်။

    ဒါဟာ အမေရိကန်တရားရေးသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တာပါ။ 

    ဆီးရီးယားနွယ်ဖွားဖြစ်တဲ့ နာဒီယာဟာ မိသားစုနဲ့ လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်ပြီး ကြာသာပတေးနေ့မှာ နယူးဂျာစီပြည်နယ် အထက်ခုံရုံးရဲ့ တရားသူကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ 

    နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူးက သူမကို လွန်ခဲ့တဲ့တစ်နှစ်ကတည်းက တရားသူကြီးအဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

    နယူးဂျာစီပြည်နယ်မှာ အခြား မွတ်စလင်အမျိုးသမီး တရားသူကြီးတွေ ရှိပေမယ့် နာဒီယာက ပု၀ါဆောင်းပြီး တာ၀န်ထမ်းဆောင်တဲ့ ပထမဆုံးတရားသူကြီး ဖြစ်ပါတယ်။ 

    နာဒီယာဟာ အမေရိကန်ရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ CAIR ရဲ့ နယူးဂျာစီအဖွဲ့ခွဲ ဘုတ်အဖွဲ့၀င် ဖြစ်ပါတယ်။ 

    အိမ်တွင်း အကြမ်းဖက်မှု၊ အမျိုးသမီးတွေခံစားနေရတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးတဲ့ အကျိုးအမြတ်မယူတဲ့ Wafa House အဖွဲ့ရဲ့ ဥပဒေရေးရာ အကြံပေးအဖြစ်လည်း နာဒီယာက တာ၀န်ယူထားပါတယ်။ 

    Ref: Daily Sabah

  • ၅ ကြိမ်ဆက် ရွေးကောက်တင်မြှောက်ခံရသည့် အမေရိကန်က မွတ်စလင်မြို့တော်၀န်

    ၅ ကြိမ်ဆက် ရွေးကောက်တင်မြှောက်ခံရသည့် အမေရိကန်က မွတ်စလင်မြို့တော်၀န်

    ဇန်န၀ါရီ ၈၊ ၂၀၂၃

    M-Media 


    -အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ် Prospect Park မြို့က မြို့တော်၀န် မိုဟာမက် ခိုင်ရူလာဟာ စနေနေ့က ၅ ကြိမ်ဆက် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ 

    ဒါဟာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းမှာ သက်တမ်းအရှည်ဆုံး မြို့တော်၀န်အဖြစ် တာ၀န်ထမ်းဆောင်ရသူအဖြစ် မှတ်တမ်း၀င်တာလည်း ဖြစ်ပါတယ်။ ခိုင်ရူလာဟာ ဒီမိုကရက်တစ် ပါတီ၀င်တစ်ဦးပါ။ 

    ဒီလိုပြန်ရွေးခံရတာဟာ လူ့အဖွဲ့အစည်းက သူ့အပေါ် လက်ခံအားထားမှုကို ပြသနေတယ်လို့ ခိုင်ရူလာက ပြောပါတယ်။

    “ခွဲခြားမှုတွေ အရည်ပျော်သွားပြီဆိုတာ ဒါက ပြသနေပါတယ်။ လူတွေက ခင်ဗျားဘာလူမျိုးလဲဆိုတာထက် ဘယ်လိုလူလဲဆိုတာကိုပဲ ကြည့်တာပါ”

    ဆီးရီးယားမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ခိုင်ရူလာဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး ၄ နှစ်အကြာ ၂၀၀၅ ခုနှစ်မှာ Prospect Park မြို့ရဲ့ မြို့တော်၀န်အဖြစ် ပထဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။ 

    ဒီကာလတွေအတွင်း တာ၀န်ထမ်းဆောင်ရတာ အဆင်ပြေ ချောမွေ့တယ်လို့လည်း ခိုင်ရူလာက ပြောပါတယ်။ 

    အမေရိကန်ရဲ့ အကြီးဆုံး မွတ်စလင်အရပ်ဖက်အဖွဲ့အစည်း Council on American-Islamic Relation ရဲ့ နယူးဂျာစီရုံးခွဲက နိုင်ငံတစ်၀ှမ်း မွတ်စလင်နိုင်ငံရေးသမားတွေ ရွေးကောက်တင်မြှောက်ခံရမှု အရေအတွက်ဟာ မြင့်တက်လာပြီး နယူးဂျာစီပြည်နယ်မှာတင် အယောက် ၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: NJ

  • သမ္မတဂျိုးဘိုင်ဒန်က ဘင်္ဂါလီအမျိုးသမီးတစ်ဦးကို ပြည်ထောင်စုတရားသူကြီးအဖြစ် အမည်စာရင်းတင်သွင်း

    သမ္မတဂျိုးဘိုင်ဒန်က ဘင်္ဂါလီအမျိုးသမီးတစ်ဦးကို ပြည်ထောင်စုတရားသူကြီးအဖြစ် အမည်စာရင်းတင်သွင်း

    ဇန်နဝါရီ ၂၀၊ ၂၀၂၂
    M-Media

    -အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ရှေ့နေ နူဆရတ် ဂျာဟန် ချောင်ဒရီကို ပြည်ထောင်စုတရားရုံး တရားသူကြီးအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီး လွှတ်တော်က အတည်ပြုရင် ဒီရာထူးမှာ တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံး ဘင်္ဂါလီလူမျိုး၊ ပထမဆုံး အမေရိကန်မွတ်စလင်အမျိုးသမီး ဖြစ်လာမှာ ဖြစ်ပါတယ်။

    ချောင်ဒရီဟာ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံသားအခွင့်အရေး ကာကွယ်မှုဆိုင်ရာ သမဂ္ဂ (ACLU) ရဲ့ အီလီနွိုက်ပြည်နယ် ဌာနခွဲမှာ ဥပဒေရေးရာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ သမ္မတဘိုင်ဒန် အမည်စာရင်းတင်သွင်းတာက နယူးယောက်ပြည်နယ် ခရိုင်တရားရုံး တရားသူကြီးရာထူးအတွက် ဖြစ်ပါတယ်။

    “ဒီအမည်စာရင်း တင်သွင်းမှုကြောင့် သူမဟာ ပြည်ထောင်စုတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံး ဘင်္ဂလားဒေ့ရှ်-အမေရိကန်နွယ်ဖွား၊ ပထမဆုံး အမေရိကန်မွတ်စလင်အမျိုးသမီး၊ ဒုတိယမြောက် အမေရိကန်မွတ်စလင် ဖြစ်လာမှာ ဖြစ်ပါတယ်” လို့ အိမ်ဖြူတော်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ချောင်ဒရီဟာ ACLU ရဲ့ နယူးယောက်မြို့ လူမျိုးရေးဆိုင်ရာ တရားမျှတမှု အစီအစဉ် အပါအဝင် နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ ဥပဒေဆိုင်ရာ ကာကွယ်မှုတွေ ရရှိရေး ​ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတော်တော်များများမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။

    နိုင်ငံခြားကလူတွေ ဝင်ခွင့်မပေးတဲ့ No Fly List မူဝါဒ၊ နယူးယောက်ရဲဌာနက မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် လျှို့ဝှက်စောင့်ကြည့်မှု စတဲ့ နိုင်ငံသားအခွင့်အရေး ထိပါးမှု ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကို တရားစွဲဆို တုန့်ပြန်မှုတွေမှာ ချောင်ဒရီက ပါဝင်ကူညီပေးခဲ့ပါတယ်။

    ပြည်ထောင်စု တရားသူကြီးနေရာမှာ ချောင်ဒရီကို ခန့်အပ်တာဝန်ပေးဖို့အတွက် လွှတ်တော်က ဒီမိုကရက်တစ်အမတ်များအဖွဲ့ ခေါင်းဆောင် ချက်ရှူးမားက ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ထောက်ခံပေးခဲ့ပြီး သူမဟာ နိုင်ငံသားအခွင့်အရေးနဲ့ လွတ်လပ်မှုဆိုင်ရာ ကိစ္စတွေမှာ အထူးကျွမ်းကျင်သူ ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    အမေရိကန် တရားရေးစနစ်အရ ပြည်ထောင်စု တရားသူကြီးတွေဟာ နိုင်ငံသားအခွင့်အရေးနဲ့ပတ်သက်တဲ့ တရားစွဲဆိုမှုတွေ၊ ပြည်ထောင်စုအဆင့် ရာဇဝတ်မှုတွေကို ကိုင်တွယ်ရတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ ​မူဝါဒတွေ၊ ဥပဒေတွေကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေက ကျင့်သုံးလာရင် ပယ်ချ၊ ဖျက်သိမ်းနိုင်တဲ့ အခွင့်အာဏာလည်း ပြည်ထောင်စုတရားသူကြီးတွေမှာ ရှိပါတယ်။

    Ref: Reuters