News @ M-Media

Tag: US Muslims

  • အစ္စလာမ်ကိုနားလည်ကာ ကာကွယ်ပေးနေသူ ခရစ်ယာန်တစ်ယောက်၏ ပေးဆပ်ရမှုများ

    အစ္စလာမ်ကိုနားလည်ကာ ကာကွယ်ပေးနေသူ ခရစ်ယာန်တစ်ယောက်၏ ပေးဆပ်ရမှုများ

    မတ် ၂၃၊ ၂၀၁၇
    M-Media

    အစ္စလာမ့်ရေးရာပညာရှင် ခရေ့ဂ်ျကွန်စီဒိုင်း

    – ကျွန်တော်ဟာ အစ္စလာမ်သာသနာနဲ့ ခရစ်ယာန်-မွတ်စလင် ဆက်ဆံရေးကို အလေးထားပြီး ဆောင်ရွက်မယ့် ပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာကို ဘယ်တုန်းကမှ ယောင်လိုတောင် စိတ်မကူခဲ့ပါဘူး။ ကျွန်တော်ကြီးပြင်းလာတဲ့တစ်လျှောက် ၀ါသနာပါတာက ဘက်စကတ်ဘောကစားတာဖြစ်ပြီး Boston Celtics အသင်း ပရိတ်သတ်ပါ။ မွတ်စလင်သူငယ်ချင်းတစ်ယောက်တောင်မှ ကျွန်တော့်မှာ မရှိပါဘူး။ တကယ်တော့ ကောလိပ်ရောက်တဲ့အထိ အစ္စလာမ်သာသနာကို လိုက်နာသူ တစ်ယောက်ကိုမှ မတွေ့ခဲ့ဖူးပါဘူး။ ကျွန်တော် အသက် ၁၆ နှစ်လောက်မှာ ‘မွတ်စလင်ဆိုတာ ဘာလဲ’ လို့မေးရင် ကျွန်တော် ဖြေတတ်မှာ မဟုတ်ပါဘူး။

    ၉/၁၁ နောက်ပိုင်းကာလ

    မွတ်စလင်တွေဟာ အကြမ်းဖက်သမားတွေလို့ အထင်ခံရပြီး အစ္စလာမ်သာသနာကတော့ ‘လွတ်လပ်တဲ့ မေတ္တာတရား’ နဲ့ ဖျက်ဆီးပစ်ရမယ့် ‘ဆိုးဝါးတဲ့’ အယူဝါဒလို့ အထင်ခံခဲ့ရပါတယ်။ ကောလိပ်မှာ ပညာရပ်ဆိုင်ရာဘာသာရပ်တစ်ခုကို ရွေးချယ်တဲ့အချိန် ရောက်လာတဲ့အခါမှာ ကျွန်တော်ဟာ အစ္စလာမ့်ရေးရာ ဘာသာရပ်ကို ရွေးချယ်ခဲ့ပါတယ်။ တကယ်တော့ ဒီလိုရွေးချယ်မှုဟာ ကြီးကျယ်တဲ့ ဘာသာတရား၊ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ လူ့အဖွဲ့အစည်းကြီးကို လေ့လာချင်တာကြောင့် မဟုတ်ဘဲ CIA အတွက် ‘လူဆိုးတွေ’ကို ဖမ်းတဲ့နေရာမှာ သူလျှိုတစ်ယောက်အဖြစ် လုပ်ပေးချင်တာကြောင့် ဖြစ်ပါတယ်။

    American တက္ကသိုလ်မှာ ပထမဆုံး စာရင်းပေးတက်ရတဲ့ အတန်းတွေထဲကတစ်ခုဟာ ‘အစ္စလာမ်ကမ္ဘာ’ ဆိုတဲ့အတန်း ဖြစ်ပါတယ်။ ကျွန်တော်က ဒီအတန်းဟာ ၉/၁၁ လို တိုက်ခိုက်မှု ဘာ့ကြောင့်ဖြစ်လဲဆိုတာကို သိဖို့ နည်းလမ်းတစ်ခုလို့ မှတ်ယူခဲ့ပါတယ်။ ပစ္စည်းဥစ္စာတွေကို လှူဒါန်းရတာ၊ တစ်နေ့ကို ၅ ကြိမ် ၀တ်ပြုဆုတောင်းရတာတွေလို အစ္စလာမ်ရဲ့ အခြေခံအချက်တွေအကြောင်းကို ပထမဆုံးနေ့မှာ ကျွန်တော် သင်ယူခဲ့ရပါတယ်။ ပြီးတော့ ‘ဟဒီးစ်’ လို့ခေါ်တဲ့ တမန်တော် မုဟမ္မဒ်ရဲ့ သြ၀ါဒတော် တစ်ခုအကြောင်းလည်း ကျွန်တော် သင်ရပါတယ်။

    “ပညာရှင်တစ်ယောက်ရဲ့ ကလောင်တံက ကျတဲ့ မင်တစ်စက်ဟာ အာဇာနည်တစ်ယောက်ထံက ကျတဲ့ သွေးထက် ပိုမြင့်မြတ်တယ်” ဆိုတဲ့ ဟဒီးစ်ပါ။

    ပြီးတော့ အတန်းထဲက မွတ်စလင်ကျောင်းသားတစ်ယောက်ဟာ မတ်တပ်ရပ်ပြီး “အပြစ်မဲ့သူတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် လူသားအားလုံးကို သတ်ဖြတ်ခြင်းမည်၏” ဆိုတဲ့ ကုရ်အာန်ကျမ်းချက်တစ်ခု ဖတ်ပြတာကိုလည်း ကျွန်တော် မှတ်မိပါတယ်။ အတန်းရဲ့ ပထမဆုံးနေ့မှာ ကျွန်တော် ကြားခဲ့ရတာက နေ့စဉ် မီဒီယာတွေမှာအစ္စလာမ်နဲ့ မွတ်စလင်တွေအကြောင်း ကြားရတာမျိုး မဟုတ်ခဲ့ပါဘူး။

    ၂၀၀၄ ခုနှစ်ကတည်းက ကျွန်တော်ဟာ အစ္စလာမ်သာသနာ၊ မွတ်စလင်ကမ္ဘာအပေါ် အမေရိကန်ရဲ့ ပေါ်လစီ၊ ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်နဲ့ မွတ်စလင်တွေအကြား အလှမ်းဝေးကွာမှုကို တံတားထိုးပေးခြင်း စတာတွေအပေါ် သုတေသနပြုရင်း အချိန်အများစုကို ကုန်ဆုံးခဲ့ပါတယ်။ ကျွန်တော့် ဒီလေ့လာမှုကို စဉ်းစားထားတာထက်တောင် ပိုပြီး လုပ်ဆောင်ခဲ့ပါတယ်။ အရမ်းလေးစားရတဲ့ မွတ်စလင်မိတ်ဆွေတွေ ရရှိတယ်။ ကမ္ဘာတစ်လွှား ခရီးသွားနိုင်ခဲ့ပြီး မတူညီတဲ့ နောက်ခံတွေကနေ ဖြစ်တည်လာကြတဲ့ မွတ်စလင်အသိုင်းအ၀ိုင်းတွေနဲ့ အချိန်တွေ ကုန်ဆုံးခဲ့ပါတယ်။

    သူတို့တွေရဲ့ ကျောင်းတွေ၊ အိမ်တွေ၊ ဗလီတွေက ကျွန်တော့်ကို ကြိုဆိုကြတယ်။ နှစ်တွေတော်တော်ကြာ မွတ်စလင်တွေက ကျွန်တော့်အပေါ် ထားရှိခဲ့တဲ့ ဖော်ရွှေမှု၊ နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေက အစ္စလာမ်သာသသနာဝင်တွေ တော်တော်လေး အလေးထားတဲ့ တမန်တော် မုဟမ္မဒ်ကို အားကျမှု ဖြစ်စေခဲ့ပါတယ်။ ဒီအခြေအနေတွေ၊ အတွေ့အကြုံတွေက ကျွန်တော့်ကို ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ပြုလုပ်ပေးလိုက်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

    မွတ်စလင်တွေက ကျွန်တော့်ကို ဘုရားသခင်နဲ့ နီးကပ်စေခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော် အမြဲတမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အစ္စလာမ်သာသနာကို သုတေသနပြုတာ၊ မွတ်စလင်တွေနဲ့ မိတ်ဆွေဖြစ်လာတာတွေအတွက် ကျွန်တော့်ရဲ့ ဆွေးမျိုးအသိုင်းအ၀ိုင်းနဲ့ လူမှုဆက်ဆံရေးမှာ တော်တော်လေး ပေးဆပ်ခဲ့ရပါတယ်။

    အစ္စလာမ်သာသနာနဲ့ တမန်တော်မုဟမ္မဒ်တို့ရဲ့ အပြုသဘောဆောင်မှုတွေကို မီးမောင်းထိုးပြတာကြောင့် ကျွန်တော်ဟာ မိတ်ဆွေတော်တော်များများကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော့်ရဲ့ နိုင်ငံအရေးအမြင်ကို လက်မခံနိုင်တဲ့ ညီအစ်ကိုလိုခင်တဲ့သူငယ်ချင်းတွေက Facebook မှာ ကျွန်တော်ကို စွန့်ခွာသွားတယ်။ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေအကြား ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ကျွန်တော့ရဲ့ အစွန်းရောက်တဲ့အမြင်တွေကြောင့် ကျွန်တော်ဟာ ‘FBI စောင့်ကြည့်စာရင်း’ မှာ ပါဝင်နေပြီလို့ သူတို့ထဲကတစ်ချို့က ပြောကြတယ်။

    ဘာသာတရား ဒါမှမဟုတ် နိုင်ငံရေးတွေကို သိပ်ပြီး အရေးတယူမလုပ်ကြတဲ့ အခြားသူငယ်ချင်းတွေကလည်း ကျွန်တော်လုပ်နေတဲ့ အလုပ်တွေအကြောင်းကို နားမလည်ကြဘူး။ လွန်ခဲ့တဲ့ နှစ်အနယ်းငယ်က သူငယ်ချင်းတစ်ယောက်က “အစ္စလာမ်နဲ့ မွတ်စလင်တွေကြားထဲမှာ ခြားနားချက်က ဘာလဲကွ” ဆိုပြီး မေးလာတယ်။ ကျွန်တော့် သူငယ်ချင်းအများစုက ဒီအကြောင်းအရာနှစ်ခုအကြောင်းကို ဘာမှ မသိကြပါဘူး။ ဒါ့ကြောင့် ကျွန်တော် စိတ်ဝင်တစားလေ့လာရတဲ့အကြောင်းကို သူတို့ကို ပြောပြဖို့ ခက်ပါတယ်။ မွတ်စလင်မဟုတ်သူတစ်ယောက်က အစ္စလာမ်ကို လေ့လာမှုရဲ့ အကျိုးကျေးဇူးတွေကို သူတို့က ရှင်းရှင်းလင်းလင်း နားမလည်နိုင်ပါဘူး။

    မိသားစုတွေထဲက တစ်ချို့လည်း ‘နိုင်ငံခြားဘာသာ’ လို့ သူတို့ထင်ထားတဲ့ ဘာသာတရားတစ်ခုကို ကျွန်တော်က စိတ်ဝင်တစား လေ့လာနေတာကြောင့် ကျွန်တော့် ‘လူထူးလူဆန်း’ လို့ မှတ်ယူကြတယ်။ ကျွန်တော့်ကိစ္စတွေနဲ့ ပတ်သက်ပြီး ဂရုစိုက်ရမယ့် မိသားစုဝင်တွေက ဒီလိုဖြစ်နေတာကြောင့် ဒါဟာ ကျွန်တော့်အတွက် အခက်အခဲဖြစ်ပါတယ်။ အစ္စလာမ်နဲ့ပတ်သက်ပြီး မီဒီယာတွေမှာ ဖော်ပြမှုနဲ့ ဦးနှောက်ကျင်းခံလိုက်ရတဲ့ မိသားစုဝင်တစ်ယောက်က “ခရစ်ယာန်တွေကို သတ်တာဟာ သူတို့လုပ်ရမယ့်အလုပ်ဖြစ်တာကြောင့် မွတ်စလင်တွေက ငါတို့ကိုသတ်တော့မှာ။ ကိုရန်မှာ အဲလိုပါတယ်” လို့ ကျွန်တော့်ကို ပြောပါတယ်။

    ခရစ္စမတ်တစ်ခုမှာ မိသားစုဝင်တစ်ဦးက ကျွန်တော် စိတ်ဝင်စားလောက်မယ်လို့ထင်တဲ့ စာအုပ်တစ်အုပ်ကို ကျွန်တော့်အတွက် ၀ယ်ပေးခဲ့ပါတယ်။ စာအုပ်ကို တွေ့တဲ့အခါမှာ မွတ်စလင်ဆန့်ကျင်ရေးသမား ရောဘတ် စပန်ဆာရေးတဲ့ “Islam For Dummies” စာအုပ်ဖြစ်နေတယ်။ နောက်တစ်နေရာမှာလည်း ကျွန်တော့်အမျိုးသမီး မိသားစုနဲ့ နီးစပ်သူတစ်ယောက် ကျွန်တော့် စာကြည့်တိုက်ကို ၀င်သွားပြီး “The Mystics of Islam” ဆိုတဲ့စာအုပ်တစ်အုပ်ကို ယူလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကိုကြည့်ပြီး “ဒီစာအုပ်ဖတ်ဖို့ ငါ့ကို သတိပေးပါ” လို့ ငေါ့ပြီးပြောတယ်။ ဒီစာအုပ်က အသုံးမကျတဲ့စာအုပ်ဆိုတဲ့ လေသံမျိုးနဲ့ ပြောတာပါ။

    ရိုးရိုးသားသားပြောရရင် အခြားသူတွေက မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားတဲ့ အရာကို လေ့လာနေတဲ့သူအဖြစ် ရှုမြင်ခံရတာဟာ နာကျင်စရာကောင်းပါတယ်။ မနှစ်မြို့ဘူးဆိုတဲ့ ခံစားမှုမျိုးဟာ ကောင်းတဲ့ ခံစားချက်မျိုတော့ မဟုတ်ပါဘူး။

    အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး လေ့လာမှုအတွက် ကျွန်တော့်ကို အထင်အမြင်သေးတာဟာ မွတ်စလင်မဟုတ်သူတွေပဲ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ဘာသာပေါင်းစုံလှုပ်ရှားမှုနဲ့ ခရစ်ယာန်-မွတ်စလင် ဆက်ဆံရေး တိုးတက်မှု နည်းလမ်းတွေကို ပုံမှန် Twitter မှာ တင်ပါတယ်။ ကျွန်တော်လုပ်နေတဲ့အလုပ်အတွက် ကျွန်တော့်ကို ထောက်ခံအားပေးတဲ့ မှတ်ချက်တွေကို မွတ်စလင်တွေက ရေးကြပါတယ်။ ကျွန်တော်က ‘ငြိမ်းချမ်းမှု သက်ရောက်ပါစေ’ဆိုတာမျိုး ‘အာမီန်း’ ဆိုတာမျိုး ပြန်ပြီးတုန့်ပြန်ရင် ကျွန်တော့်ကို ‘ခင်ဗျား မွတ်စလင်လား’ လို့ မေးကြတယ်။ ကျွန်တော်က ‘မဟုတ်ဘူး။ ကျွန်တော်က ကက်သလစ်ခရစ်ယာန်ပါ’ လို့ ပြန်ဖြေတဲ့အခါ၊ စက္ကန့်အနည်းငယ်ကြာရင် ကျွန်တော် Twitter က Follower တွေက နည်းသွားပါတယ်။ ကျွန်တော်ဟာ မွတ်စလင်မဟုတ်ဘူးဆိုတဲ့ သာမန်အကြောင်းလေးတစ်ခုကြောင့် ဒီလူတွေက ကျွန်တော့်ကို unfollow လုပ်သွားတာပါ။

    တစ်ချို့မွတ်စလင်တွေကြတော့ ကျွန်တော့်ကို အစ္စလာမ်လက်ခံဖို့ Twitter ကနေ ဆောင်ရွက်ကြတယ်။ ဘာသာတရားတစ်ခုကို မလိုက်နာဘဲနဲ့ ဒီဘာသာတရားကို အပြည့်အ၀ နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူတို့က ကျွန်တော့်ကို ပြောကြတယ်။ ပြီးတော့ သိပ်ပြီး နောက်မကျခင်၊ သက်တမ်းမကုန်ခင် အစ္စလာမ်ဘက်ပြန်လှည့်ဖို့သူတို့က အကြံပြုတယ်။ ကက်သလစ်တစ်ယောက်ဖြစ်နေရင် ငရဲသွားရမယ်ဆိုပြီးတော့ပေါ့လေ။ မွတ်စလင်တွေနဲ့ မွတ်စလင်မဟုတ်သူတွေအကြားက လစ်ဟာမှုကို တံတားထိုးပေးတဲ့ ကျွန်တော်ရဲ့ ကြိုးပမ်းမှုကို တကယ့်ကို လေးစားအားကျတဲ့ မွတ်စလင် Follower တွေလည်း အများကြီးပါ။ ဒါပေမယ့် မွတ်စလင်မဟုတ်တဲ့ ပညာရှင်တစ်ယောက်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုခြင်းက တစ်ချို့မွတ်စလင်တွေဟာ ကျွန်တော့်ရဲ့ လုပ်ရပ်အပေါ် နားလည်မှုမပေးနိုင်ကြသေးဘူးဆိုတဲ့ အတွေးမျိုး ကျွန်တော့်ကို ဖြစ်စေပါတယ်။

    အစ္စလာမ်သာသနာကို လေ့လာမှုမှာ တော်တော်လေး ပေးဆပ်ရပါတယ်။ မိတ်ဆွေဟောင်းတွေက ကျွန်တော့်ကို သစ္စာဖောက်လို့မြင်တယ်။ မိသားစုက လူထူးလူဆန်းလို့မြင်တယ်။ မွတ်စလင်တွေကျတော့ ဘယ်တော့မှ ကောင်းအောင်မလုပ်နိုင်မယ့် လူတစ်ယောက်အဖြစ် မြင်ကြပါတယ်။ ဒီလိုအခြေအနေတွေက သစ္စာရှိမှု၊ ချစ်ခြင်းမေတ္တာနဲ့ အသိပညာတွေလို ကိစ္စတွေအကြောင်း နက်နက်နဲနဲ တွေးတောမိစေပါတယ်။ ကျေးဇူးတင်စရာကောင်းတာ တစ်ခုက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကိုနားလည်းပြီး၊ ကမ္ဘာကြီးရဲ့ လျှို့ဝှက်နက်နဲမှုတွေကိုအကြောင်း အသိပညာတွေတွေကို နားလည်အောင်လုပ်ဖို့၊ စုဆောင်းဖို ကြိုးပမ်းရာမှာ ဘယ်သူနဲ့မဆို မိတ်ဆွေဆက်ဆံရေးတည်ဆောက်မယ်ဆိုတဲ့ သတ္တိကို နှစ်သက်ကြတဲ့ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်နဲ့ စိတ်ချင်းသူတွေ ရှိနေတာပါ။

    ဒီခရီးကို ကျွန်တော် လုံးဝ ဆက်လျှောက်နေမှာဖြစ်ပါတယ်။ အခုအချိန်မှာ ရပ်တန့်လိုက်မယ်ဆိုရင် အမြင်ကျဉ်းတဲ့၊ အယူသီးတဲ့၊ ဘာသာရေးဂုဏ်မောက်နေကြတဲ့သူတွေကို အရှုံးပေးလိုက်သလို ဖြစ်မှာပါ။ ကျွန်တော်တို့ကမ္ဘာမှာ ဆိုးရွားသူတွေ ရှိတယ်။ ဒီကမ္ဘာကြီးကတော့ ကျွန်တော် မထွက်ခွာသွားမချင်း အဲဒီလူတွေအပေါ် စိန်ခေါ်မှုအပေါ် ကျွန်တော် ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

    Ref: Patheos.com

    (အစ္စလာမ့်ရေးရာပညာရှင် ခရေ့ဂ်ျကွန်စီဒိုင်း ရေးသားပြီး Patheos.com တွင် လွှင့်တင်ထားသည့် The Price This Christian Pays For Respecting Islam | Craig Considine ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • အမေရိကန်မွတ်စလင်ဒေါက်တာတစ်ဦး မီချီဂန်အုပ်ချုပ်ရေးမှူးအဖြစ် ၀င်ပြိုင်မည်

    အမေရိကန်မွတ်စလင်ဒေါက်တာတစ်ဦး မီချီဂန်အုပ်ချုပ်ရေးမှူးအဖြစ် ၀င်ပြိုင်မည်

    မတ် ၃၊ ၂၀၁၇
    M-Media

    – ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးနောက်ပိုင်း မွတ်စလင်တွေအပါအ၀င် အမေရိကန်က လူနည်းစုတွေဟာ လူဖြူအစွန်းရောက်တွေရဲ့ ပစ်မှတ်ထားမှုကို သိသိသာသာ ခံလာရတဲ့အချိန် မွတ်စလင် ဆရာဝန်တစ်ယောက်ကတော့ မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်နေပါတယ်။

    အသက် ၃၂ နှစ်အရွယ် ဒေါက်တာ အဘ်ဒူလ် အလ်-ဆယဒ်ဖြစ်ပြီး မီချီဂန်က ဂရာတီယွတ်ကောင်တီမှာ အီဂျစ်လူမျိုး မိဘနှစ်ပါးကနေ မွေးဖွားကြီးပြင်လာခဲ့သူ ဖြစ်ပါတယ်။ အလ်-ဆယဒ်ဟာ ဆရာဝန်၊ ပညာရေးလှုပ်ရှားသူ၊ နိုင်ငံဝန်ထမ်း ဖြစ်ခဲ့ဖူးပြီး အခုအချိန်မှာတော့ မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်လာဖို့အတွက် မျက်စပစ်နေပါတယ်။

    “ပထမဆုံး မွတ်စလင်အုပ်ချုပ်ရေးမှူး ဖြစ်ဖို့တစ်ခုတည်းအတွက် ကျွန်တော် ၀င်ပြိုင်မှာမဟုတ်ပါဘူး။ မီချီဂန်ပြည်နယ်ရဲ့ အကောင်းဆုံးအုပ်ချုပ်ရေးမှူး ဖြစ်လာရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်တော် ယှဉ်ပြိုင်တာဖြစ်ပါတယ်”

    တကယ်လို့ ရွေးချယ်ခံရမယ်ဆိုရင် အလ်-ဆယဒ်ဟာ ၁၉၇၈ ခုနှစ် ဘီလ်ကလင်တန်နောက်ပိုင်း အမေရိကန်ရဲ့ အသက်အငယ်ဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ အမေရိကန်မှာ ပထမဆုံး မွတ်စလင်အုပ်ချုပ်ရေးမှူးဆိုတဲ့ စံချိန်နှစ်ခုကို ရရှိမှာဖြစ်ပါတယ်။

    အလ်-ဆယဒ်ဟာ ဒက်ထရွိုက်မြို့တော်ရဲ့ ကျန်းမာရေးဌာနကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးခဲ့ပြီး၊ အခုအချိန်မှာတော့ နောက်ထပ် စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ လူမှုရေး၊ နိုင်ငံရးမှာ မွတ်စလင်ဆန့်ကျင်ရေးသဘောထားတွေ မြင့်တက်လာမှုကို ကျော်ဖြတ်ရမှာပါ။

    သူက အစိုးရ၀န်ထမ်းတစ်ယောက်အဖြစ် ပြည်သူတွေရဲ့ အကျိုးကို သယ်ပိုးရာမှာ အစ္စလာမ့်တန်ဖိုးတွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး သူ့ရဲ့ ပထမဦးစားပေးက မီချီဂန်ပြည်သူတွေဖြစ်တယ်ဆိုတာ လူတွေကို သိစေချင်တယ်လို့လည်း ဆိုပါတယ်။

    “ကျွန်တော် ဦးစားပေးတဲ့အရာဟာ အမြဲတမ်း ပြည်သူပဲဖြစ်မှာပါ။ ကျွန်တော်ရဲ့အလုပ်က ကျွန်တော်တို့ကလေးတွေအတွက် ကျွန်တော်တို့လိုချင်တဲ့ အခွင့်အလမ်းမျိုး ရရှိနိုင်ဖို့ နေ့စဉ်ဘ၀မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ချေဖျက်ခြင်းအားဖြင့် တကယ့်ပြည်သူတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ အဖွဲ့အစည်းမျိုးကို တည်ဆောက်ပေးဖို့၊ ဦးဆောင်ပေးဖို့ ဖြစ်ပါတယ်” လို့ အလ်-ဆယဒ်က ဆိုပါတယ်။

    မီချီဂန်ဟာ အစ္စလာမ်ကြောက်ရောဂါ သိသိသာသာရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်နယ်မြို့တော် ဒက်ထရွိုက်မြို့လယ်ကောင်က အာရပ်-အမေရိကန် ရပ်ကွက်ဟာ မွတ်စလင်ဆန့်ကျင်ရေးသမားတွေ မကြာခဏ ပစ်မှတ်ထားရာနေရာလည်းဖြစ်ပါတယ်။

    အလ်-ဆယဒ်ကတော့ မွတ်စလင်ဆန့်ကျင်ရေး စကားတွေ၊ အကြမ်းဖက်မှုတွေကြောင့် မီချီဂန်ပြည်သူတွေ စိတ်ခြောက်ခြားတာမျိုးကို မလိုလားဘဲ၊ အစ္စလာမ့်တန်ဖိုးတွေက သူ့ရဲ့ ပြည်သူအပေါ် အလုပ်အကျွေးပြုမှုကို လမ်းညွှန်ပေးတယ်ဆိုတာ သိစေချင်နေပါတယ်။

    “သာတူညီမျှဖြစ်မှု၊ လူသားအားလုံးအတွက် အခြေခံအခွင့်အရေး၊ အချို့တဲ့ဆုံးသူတွေကို ဘယ်လိုဆက်ဆံလဲဆိုတာကို အခြေခံပြီး ကျွန်တော်တို့အပေါ် စီရင်ဆုံးဖြတ်မယ် စတဲ့ ယုံကြည်ချက်တွေပါဝင်တဲ့ အစ္စလာမ့်သာသနာရဲ့တန်ဖိုးတွေကြောင့် ကျွန်တော် ဒီလို ၀င်ပြိုင်တာပါ။ အခြားသူတွေကို အခြေခံကစပြီး အကောင်းပြုဖို့၊ အိမ်နီးချင်း၊ မိတ်တွေနဲ့ မိသားစုတွေအပေါ် လေးစားဂုဏ်ပေးရမယ်ဆိုတဲ့ ယုံကြည်မှုတွေကို သင်ပေးတဲ့ အယူဝါဒပါ”

    ဒက်ထရွိုက်မြို့တော်ဝန်အဖြစ် မိုက် ဒဂ်ဂန် တာဝန်ထမ်းဆောင်တဲ့အချိန် ၂၀၁၅ ခုနှစ် စက်တင်ဘာလက အလ်-ဆယဒ်ဟာ မြို့တော် ကျန်းမာရေးဌာနမှာ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်ရဲ့ အဓိကမြို့ကြီးတွေမှာ အသက်ငယ်ဆုံး ကျန်းမာရေးအကြီးအကဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဖေဖော်ဝါရီအစောပိုင်းမှာတော့ မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် အဲဒီတာဝန်ကနေ နှုတ်ထွက်ခဲ့ပါတယ်။

    ကျန်းမာရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ အလ်-ဆယဒ်ဟာ ကလေးငယ်တွေနဲ့ မိသားစု ကျန်းမာရေးတွေကို အဓိကထား ဆောင်ရွက်ခဲ့ပြီး၊ မြို့တွင်းက ကျောင်းတွေမှာ ကလေးငယ်တွေအတွက် မျက်မှန်တွေ အခမဲ့ဝေပေးတာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။ ဖလင့်မြို့က ရေပြဿနာဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ချက်ခြင်းဘဲ စာသင်ကျောင်းတွေက ရေအရင်းအမြစ်သန့်စင်ရေးကို ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

    နောက်ပြီး မြို့အတွင်းမှာ မစီစဉ်ထားဘဲနဲ့ ကိုယ်ဝန်ဆောင်ရမှုကိစ္စကို တိုက်ဖျက်ခဲ့သလို၊ ကလေးငယ်သေဆုံးမှုနှုန်းတွေကို လျော့ကျအောင် ဆောင်ရွက်ပေးခဲ့ပြီး မြို့တွင်း ကာဘွန်ထုတ်လုပ်မှုကိုလည်း လျော့ကျအောင် ကတိအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။

    မီချီဂန် အစိုးကျောင်းမှာ ပညာသင်ကြားကာ အားကစားမှာလည်း ထူးချွန်ခဲ့တဲ့ အလ်-ဆယဒ်ဟာ ၂၀၀၇ ခုနှစ်မှာ ဂုဏ်ထူးတွေ တစ်သီတစ်သန်းကြီးနဲ့ ဘွဲ့ရခဲ့ပြီး၊ မီချီဂန်တက္ကသိုလ်မှာ ပညာတော်သင်ဆုနဲ့ ဆေးပညာကို သင်ကြားခွင့်ရခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ ခရီးစဉ်အဖြစ် ပီရူးကိုသွားတဲ့အချိန်မှာတော့ အလ်-ဆယဒ်ဟာ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ဒေသတွင်းဆေးခန်းတွေ ပေါ်ပေါက်လာဖို့ ကျောင်းသားအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ်မှာ ပညာသင်ဆုနဲ့ အောက်စဖို့ဒ်တက္ကသိုလ်မှာ ပြည်သူ့ကျန်းမာရေး ဒေါက်တာဘွဲ့ကိုရခဲ့ပြီး၊ ကိုလံဘီယာတက္ကသိုလ်ကနေလည်း ဆေးဘက်ဆိုင်ရာဘွဲ့ရကာ အဲဒီမှာ လက်ထောက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    Ref: Bussiness Insider

  • အမေရိကန်ရှိ ခြိမ်းခြောက်ခံဂျူးများကို ကာကွယ်စောင့်ရှောက်ပေးရန် မွတ်စလင်များ ကမ်းလှမ်း

    အမေရိကန်ရှိ ခြိမ်းခြောက်ခံဂျူးများကို ကာကွယ်စောင့်ရှောက်ပေးရန် မွတ်စလင်များ ကမ်းလှမ်း

    မတ် ၃၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်းက ဂျူးလူ့အဖွဲ့အစည်းစင်တာတွေကို ဗုံးနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခံရမှု၊ ဖီလာဒဲလ်ဖီးယားနဲ့ စိန့်လူးဝစ်က ဂျူးသုဿာန်တွေ ဖျက်ဆီးခံရမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း လူဖြူအစွန်းရောက်တွေက လူနည်းစုတွေအပေါ် ပစ်မှတ်ထားမှု နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။

    အမေရိကန်မွတ်စလင်တွေကတော့ သူတို့နဲ့ဘ၀တူ ဂျူးတွေကို ဖေးမကူညီဖို့ လက်မနှေးခဲ့ကြပါဘူး။ စိန့်လူးဝစ်နဲ့ ဖီလာဒဲလ်ဖီးယားက ဂျူးသုဿာန်တွေ ပြန်လည်ပြုပြင်ဖို့အတွက် ရန်ပုံငွေ သိန်းချီ ကောက်ခံလှူဒါန်းပေးခဲ့သလို အခုဆိုရင်လည်း ဂျူးတွေရဲ့ အဆောက်အဦးတွေကို စေတနာ့ဝန်ထမ်း ကာကွယ်စောင့်ရှောက်ပေးဖို့ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ကမ်းလှမ်းမှုတွေလည်း ပြုလုပ်လာခဲ့ပါတယ်။

    အဲဒီလို ကမ်းလှမ်းမှုတွေမှာ အမေရိကန်စစ်တပ်ထဲ တာဝန်ထမ်းဆောင်ခဲ့တဲ့ မွတ်စလင်စစ်သားတွေ၊ ရှေ့နေတွေ၊ Emmy ဆုရရှိထားတဲ့ ရုပ်သံအသံလွှင့်သူတွေနဲ့အတူ အလွှာပေါင်းစုံက မွတ်စလင်တွေ ပါဝင်နေပါတယ်။

    ၂၀၁၇ ခုနှစ်ရဲ့ ပထမ ၂ လအတွင်းမှာ နိုင်ငံတစ်ဝှမ်းက ဂျူးစင်တာတွေမှာ ဗုံးနဲ့တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်မှုပေါင်း ၁၀၀ လောက်ရှိတယ်လို့ မြောက်အမေရိက ဂျူးယဉ်ကျေးမှုစင်တာအသင်း JCC က ပြောကြားခဲ့ပါတယ်။

    တနင်္လာနေ့ တစ်နေ့တည်းမှာပဲ အဲဒီလို ခြိမ်းခြောက်မှုပေါင်း ၃၁ ခု ဖြစ်ပွားခဲ့ပြီး အင်ဒီယားနားပြည်နယ် ဂျူးဘုရားကျောင်းတစ်ခုက ဟီဘရူးဘာသာစကားကျောင်းလည်း သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

    စည်းလုံးမှု

    “ကျွန်တော်က ချီကာဂိုလန်းဒေသမှာနေတဲ့ မွတ်စလင် မရိန်းတပ်သားပါ။ တကယ်လို့ ခင်ဗျားတို့ ဂျူးဘုရားကျောင်းတွေ၊ ဒါမှမဟုတ် ဂျူးသုဿာန်တွေမှာ ကာကွယ်စောင့်ရှောက်ဖို့လိုလာပြီဆိုရင် ကျွန်တော့်ကို စာရင်းထည့်လိုက်ပါ။ အစ္စလာမ်မှာ ဒါမျိုးလုပ်ပေးရမယ့် တာဝန်ရှိပါတယ်” လို့ မွတ်စလင် မရိန်းတပ်သားဟောင်းတစ်ဦးဖြစ်သူ တိုင်ယစ်ဘ် ရာရှစ်က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရာရှစ်ရဲ့ ဒီလိုရေးသားမှုကို ဂျူးတွေအပါအ၀င် အမေရိကန်ပြည်သူတွေကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပြီး၊ ရာရှစ်ကလည်း မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို မြှင့်တင်ရေး အကူအညီဖြစ်စေမယ့် လှုပ်ရှားမှုတစ်ခုကို ချီကာဂိုက သူ့ရဲ့ ဇာတိမြို့ ဂရေးစ်လိတ်က်မှာ ပြုလုပ်နေပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်ကြဖို့လည်း အမေရိကန်ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော် ဒီလိုလုပ်ရပ်တွေကို ရင်ထဲအသည်းထဲကနေ ရှုတ်ချပြီး အမေရိကန်နိုင်ငံသား ဂျူးတွေဖက်ကနေ ကျွန်တော်ရပ်တည်ပါတယ်” လို့လည်း ရာရှစ်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဂျူးတွေကတော့ သူတို့ရဲ့ ဘာသာရေးပွဲတော်တစ်ခုကို တက်ရောက်ဖို့ ရာရှစ်ကို ဖိတ်ခေါ်ထားပါတယ်။

    Emmy Award ဆု ရရှိထားတဲ့ တီဗီအစီအစဉ်တင်ဆက်သူ မွမ်မီ ဘက်တီက ဂျူးအဆောက်အဦးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ရာရှစ်ရဲ့ တိုက်တွန်းမှုကို ထောက်ခံကာ ကိုယ်တိုင်လည်း ပါဝင်မယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ကျွန်တော် ဟာရစ္စဘာ့ဂ်က မွတ်စလင်တစ်ဦးပါ။ တကယ်လို့ ခင်ဗျားတို့ရဲ့ ဂျူးဘုရားကျောင်းတွေ၊ လူမှုရေးစင်တာတွေမှာ စောင့်ရှောက်ဖို့ တစ်ယောက်ယောက် လိုအပ်မယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့အတွက် စောင့်ရှောက်ပေးပါမယ်။ အစ္စလာမ်မှာ ဒါမျိုး လုပ်ပေးရမယ့်တာဝန် ရှိပါတယ်”

    ဂျူးတွေရဲ့ အဆောက်အဦးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကမ်းလှမ်းတဲ့ အမေရိကန်မွတ်စလင်တစ်ချို့ရဲ့ ရေးသားမှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    “ဟူစတန်ဒေသက ဂျူးလူ့အဖွဲ့အစည်းခင်ဗျား – ကျွန်တော်ဟာ တိုင်းပြည်ကို ၁၀ နှစ်ကြာ ကာကွယ်စောင့်ရှောက်ပေးခဲ့ပါတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို လိုအပ်မယ်ဆိုရင် ဂျူးတွေရဲ့ ၀တ်ပြုရာနေရာတွကို လိုလိုလားလားနဲ့ ကျွန်တော် ကာကွယ်စောင့်ရှောက်ပေးမှာပါ” (ခါလစ် ၀ါလစ် – အမေရိကန်စစ်သားဟောင်း)

    “ကျွန်တော် ၀ါရှင်တန်ဒီစီက မွတ်စလင်တစ်ဦးပါ။ တကယ်လို့ ခင်ဗျားတို့ ဂျူးဘုရားကျောင်းကို ကာကွယ်ကွယ်စောင့်ရှောက်ဖို့ လိုအပ်မယ်ဆိုရင် ကျွန်တော် စောင့်ရှောက်ပေးပါမယ်။ အစ္စလာမ်မှာ ဒါမျိုး လုပ်ပေးရမယ့်တာဝန် ရှိပါတယ်” (ကာစင် ရာရှစ်)

    Ref: BBC

  • ထရမ့်လက်ထက် မြင့်တက်လာတဲ့ ဂျူးဆန့်ကျင်ရေးနဲ့ အားနည်းသူများကို မွတ်စလင်များ၏ ဖေးမမှု

    ထရမ့်လက်ထက် မြင့်တက်လာတဲ့ ဂျူးဆန့်ကျင်ရေးနဲ့ အားနည်းသူများကို မွတ်စလင်များ၏ ဖေးမမှု

    မတ် ၁၊ ၂၀၁၇
    M-Media

    – ဒေါ်နယ်ထရမ့် အာဏာရလာပြီးနောက်ပိုင်း လူဖြူအစွန်းရောက်တွေ ခေါင်းထောင်ထလာမှုနဲ့အတူ ဂျူးစင်တာတွေ၊ သုဿာန်တွေ တိုက်ခိုက်ခံရမှု မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာလည်း ဖီလာဒဲလ်ဖီးယားက ဂျူးသုသာန်တစ်ခု ဖျက်ဆီးခံခဲ့ရပါတယ်။

    ဒီတိုက်ခိုက်မှုအတွင်း အုတ်ဂူနဲ့ မှတ်တိုင်ပေါင်း ၅၀၀ နီးပါးလောက် ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါဟာ တစ်ပတ်အတွင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် ဂျူးသုသာန်တစ်ခု တိုက်ခိုက်ခံရတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း မစ်ဇူရီပြည်နယ် စိန့်လူးဝစ်အနီးက ဂျူးသုဿာန်လည်း ဖျက်ဆီးခံခဲ့ရတာကြောင့် အုပ်ဂူပေါင်း ၁၅၀ လောက် ပျက်ဆီးခဲ့ပါတယ်။

    တနင်္လာနေ့ မနက်ပိုင်းက အမေရိကန်နိုင်ငံတစ်ဝှမ်း ဂျူးစင်တာ(JCC) ပေါင်း  ၂၀ လောက်ဟာ ဗုံးနဲ့တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်။

    JCC ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ အဖွဲ့တာဝန်ရှိသူ ဒေးဗစ် ပိုစ်နာက နိုင်ငံတစ်ဝှမ်း လူ့အဖွဲကအစည်းတွေကို ရိုက်ခတ်နေတဲ့ ဒီလို ဂျူးဆန့်ကျင်ရေးလုပ်ရပ်တွေကို ဆန့်ကျင်တဲ့ စကားမျိုးကို အာဏာပိုင်တွေက ပြောရမယ်၊ အရေးယူရမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    တနင်္လာနေ့နှောင်းပိုင်းမှာ အမေရိကန်ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်က ဂျူးလူ့အဖွဲ့အစည်းပေါ် ဒီလို ဗုံးနဲ့ ခြိမ်းခြောက်မှုတွေဟာ လုံးဝ လက်မခံနိုင်စရာဖြစ်ပြီး အင်မတန်ဆိုးရွားကာ အဖျက်သဘောဆောင်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ရှောင် စပိုက်ဆာကလည်း တနင်္လာနေ့ အကျဉ်းချုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်နေနနဲ့ ဂျူးဆန့်ကျင်ရေး၊ အမုန်းတရားအခြေခံ ပြုမူဆောင်ရွက်မှုတွေအားလုံးကို လုံးဝ ရှုတ်ချတယ်လို့ ပြာကြားခဲ့ပါတယ်။ စောစောပိုင်းက သမ္မတထရမ့် နှုတ်ဆိတ်နေမှုနဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

    အမေရိကန်နိုင်ငံက ထိပ်တန်း ဂျူး အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ Anti-Defamation League က တနင်္လာနေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂျူးစင်တာတွေကို ဗုံးနဲ့ ခြိမ်းခြောက်မှုဟာ ဒီနှစ်အတွင်းမှာ ၅ ကြိမ်မြောက် ဖြစ်ပွားခဲ့တဲ့ ဂယက်တစ်ခုဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂ လအတွင်းမှာ ဒီလို ခြိမ်းခြောက်မှုပေါင်း ၉၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ FBI ကတော့ ဒီကိစ္စတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ဖမ်းတာဆီးတာမျိုးတော့ မလုပ်သေးပါဘူး။

    မွတ်စလင်များ၏ ကူညီမှု

    မဲဆွယ်မှုတွေအတွင်း လူမည်းတွေ၊ မက္ကဆီကန်တွေ၊ မွတ်စလင်တွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေကို ပြစ်ပြစ်နှစ်နှစ် စော်ကားပြောဆိုခဲ့တဲ့ ဘီလီယံနာသူဌေး ဒေါ်နယ်ထရမ့် အာဏာရလာပြီးတဲ့နောက်ပိုင်း အမေရိကန်မှာ လူဖြူအမျိုးသားရေး အစွန်းရောက်တွေက ဂျူး၊ မွတ်စလင်၊ လူမည်း၊ အာရှ-အမေရိကန်တွေလို လူနည်းစုတွေအပေါ်မှာ စော်ကားတိုက်ခိုက်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

    အမေရိကန်မွတ်စလင်တွေကတော့ သူတို့နဲ့ ဘ၀တူ ဂျူးတွေရဲ့ ဆုံးရှုံးမှုတွေ၊ ထိခိုက်ခံစားရမှုတွေကို ဖေးမကူညီဖို့ နှောင့်နှေးမနေခဲ့ပါဘူး။

    ဖီလာဒဲလ်ဖီးယားက ဂျူးသုဿာန် ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ မွတ်စလင်တက်ကြွလှုပ်ရှားသူ တာရစ် အလ်-မက်စီဒီဟာ မွတ်စလင်တွေအနေနဲ့ ဂျူးတွေဘက်က ရပ်တည်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဂျူး ညီအစ်ကိုမောင်နှမတွေကို ဖေးမဖို့၊ ဒီလို ဒီလိုအယူသည်းမှုတွေကို ဆန့်ကျင်တဲ့ဘက်မှာ ဂျူးတွေနဲ့အတူ မားမားမတ်မတ် ရပ်တည်ကြဖို့ မွတ်စလင်တွေအားလုံးကို တောင်းဆိုချင်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ ကျွန်တော်တို့ မွတ်စလင်အသိုင်းအ၀ိုင်းဟာ စိန့်လူးဝစ်က ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ဂျူးသုဿာန် ပြင်ဆင်ဖို့အတွက် ရန်ပုံငွေ ရှာဖွေပေးခဲ့ပါတယ်။ ရည်မှန်းထားတဲ့ ပမာဏထက် ပိုရခဲ့တာကြောင့် အခုအချိန်မှာတော့ ဒီပိုတဲ့ပိုက်ဆံတွေကို ဖီလာဒဲလ်ဖီးယားက ဂျူးသုဿာန်အတွက် ကူညီဖို့ အသုံးပြုရမှာပါ” လို့အလ်-မက်စီဒီက ပြောကြာခဲ့ပါတယ်။

    စိန့်လူးဝစ်က ဂျူးသုဿာန် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေအတွက် ရည်ရွယ်ထားတဲ့ ပမာဏဟာ ကန်ဒေါ်လာ ၂ သောင်းသာ ဖြစ်ပေမယ့် အင်္ဂါနေ့အထိ မွတ်စလင်တွေဆီက ကောက်ခံရရှိတဲ့ငွေက ၁၃၈၀၀၀ ရှိနေပြီး ၇ ဆနီးပါး မြင့်တက်လာတာပါ။

    အလ်-မက်စီဒီကတော့ သူ့အနေနဲ့ ဖီလာဒဲလ်ဖီးယားက ဂျူးသုဿာန်ကို ချက်ခြင်း သွားရောက်အားပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    “ဒီလို လူမျိုးရေးခွဲခြားမှု၊ ဂျူးဆန့်ကျင်ရေးလုပ်ရပ်၊ အစ္စလာမ်ကြောက်ရောဂါတွေကို ကျွန်တော်တို့ အတူတကွ ဆန့်ကျင်သွားရမှာပါ” လို့ အလ်-မက်စီဒီက သူ့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဖီလာဒဲလ်ဖီးယားက မွတ်စလင်တစ်ချို့ကလည်း ဖျက်ဆီးခံသုသာန်ဆီ သွားရောက်ခဲ့ပြီး သန့်ရှင်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးခဲ့ကြပါတယ်။

    Ref : BBC,Aljazeera, CNN

  • ပထမဆုံး အော်စကာဆုရ မွတ်စလင်သရုပ်ဆောင် ထွက်ပေါ်

    ပထမဆုံး အော်စကာဆုရ မွတ်စလင်သရုပ်ဆောင် ထွက်ပေါ်

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    အော်စကာဆုရ ပထမဆုံး မွတ်စလင် သရုပ်ဆောင်ဖြစ်လာသည့် အလီ

    – ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲမှာ မွတ်စလင် သရုပ်ဆောင် မဟာရှာလာ အလီဟာ Moonlight ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်ပို့ဆု ရရှိခဲ့ပြီး အော်စကာဆုရတဲ့ ပထမဆုံး မွတ်စလင်သရုပ်ဆောင်စာရင်း ၀င်ခဲ့ပါတယ်။

    ကယ်လီဖိုးနီးယားပြည်နယ် အော့က်လန်မြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အလီဟာ ကျေးဇူးတင်စကားပြောရာမှာ သူ့ရဲ့ ဇနီးသည် အမာတက်ဇ် ဆာမိ-ကရင်မ်ကို ချီးကျူးခဲ့ပါတယ်။

    “လွန်ခဲ့တဲ့ ၄ ရက်ကပဲ ကျွန်တော်တို့ဟာ သမီးလေးကို ရရှိခဲ့တယ်။ သူမရဲ့ ရဲရင့်မှု၊ ကျွန်တော့်ကို ဖေးမမှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ” လို့ အလီက ဆိုပါတယ်။

    အလီဟာ လွန်ခဲ့တဲ့ ၁၇ နှစ်က အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် Moonlight ဇာတ်ကားနဲ့ Screen Actors Guild ဆုကို ရရှိတုန်းက သူ့ရဲ့ ဘာသာတရားအကြောင်း ဖွင့်ဟခဲ့ပါတယ်။

    အခု ဆုပေးပွဲပြီးတဲ့အခါမှာလည်း ဘာသာတရားက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဘယ်လောက် ပုံဖော်ပေးလဲဆိုတာကို ပြောကြားခဲ့ပါတယ်။

    “အနုပညာရှင်တစ်ယောက်အဖြစ် ကျွန်တော့်ရဲ့ အလုပ်က တစ်ပုံစံထဲပါပဲ။ အမှန်တရားကိုပြောမယ်။ ဒီဇာတ်ရုပ်တွေထဲ၊ ဒီလူတွေထဲမှာ တတ်နိုင်သလောက် ရိုးရိုးသားသား၊ ဖြူဖြူစင်စင် နှစ်မြှုပ်ဖို့ ကြိုးစားမယ်။ ဒါ့ကြောင့် လူတစ်ယောက်ရဲ့ နာမ်ပိုင်းဆိုင်ရာ လိုက်စားမှုနဲ့ ပတ်သက်ရင်တော့ လူတွေအတွက် စာနာထောက်ထားပေးမယ့် လမ်းစဉ်မျိုး မရှိဘူးဆိုရင် ဒါဟာ သင့်လျော်တယ်လို့ ခံစားစရာ မလိုပါဘူး။ ဒီလို စာနာတဲ့လမ်းစဉ်မျိုး ပိုင်ဆိုင်တဲ့အတွက် ကျွန်တော် ဂုဏ်ယူတယ်၊
    လက်ခံကျင့်သုံးပါတယ်”

    Ref: NY Daily News