News @ M-Media
Tag: US Muslims
  • အမေရိကန်မြို့နယ်တစ်ခုက ဗလီဆောက်ခွင့်မပေးသည့် ဆုံးဖြတ်ချက် မှားယွင်းကြောင်း တရားရေး ဆုံးဖြတ်
    အမေရိကန်မြို့နယ်တစ်ခုက ဗလီဆောက်ခွင့်မပေးသည့် ဆုံးဖြတ်ချက် မှားယွင်းကြောင်း တရားရေး ဆုံးဖြတ်
    ဇွန် ၁၊ ၂၀၁၇
    M-Media
    – မွတ်စလင်လူ့အဖွဲ့အစည်းအား ၀တ်ပြုရာနေရာ ဆောက်လုပ်ခွင့်မပေးမှုအတွက် အမေရိကန်ပြည်ထောင်စု နယူးဂျာဆီပြည်နယ် ဘားနဒ်မြို့က လျော်ကြေး ကန်ဒေါ်လာ ၃.၂၅ ဒေါ်လာ ပေးဆောင်ရန် အမေရိကန် ပြည်ထောင်စုတရားရုံးက အင်္ဂါနေ့တွင် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
    လွန်ခဲ့သည့် ၄ နှစ်အရင် ဘက်စကင်းရစ်ဂ်ျ အစ္စလာမ့်လူ့အဖွဲ့အစည်းမှာ ၀တ်ပြုရာနေရာ ဆောက်လုပ်ခွင့်ပြုထားသည့် ရပ်ကွက်တွင် ဗလီဝတ်ကျောင်းတော်အတွက် မြေ၀ယ်ခဲ့ပြီး ဆောက်လုပ်ရန် လျှောက်ထားမှုကို ဘားနဒ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပယ်ချခဲ့ခြင်းဖြစ်သည်။
    ထို့ကြောင့် ၂၀၁၆ ခုနှစ် မတ်လတွင် မွတ်စလင်လူ့အဖွဲ့အစည်းက မြို့နယ်အား တရားစွဲဆိုခဲ့သည်။ နိုဝင်ဘာတွင် အမေရိကန်တရားရေးဌာနကလည်း အဆိုပါမြို့နယ်ကို စွဲချက် ၂ ခုဖြင့် တရားစွဲဆိုခဲ့ပြီး အင်္ဂါနေ့တွင် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
    “ဘာသာရေးအတွက် မြေယာအသုံးပြုခွင့် လျှောက်ထားမှုကို အခြားသော ရည်ရွယ်ချက်အတွက် လျှောက်ထားမှုလိုမျိုး မြို့နယ်က ခွင့်ပြုရမယ်လို့ ပြည်ထောင်စုဥပဒေမှာ သတ်မှတ်ထားပါတယ်။ ဘားနဒ်မြို့ နယ်ဟာ အခြားသော ဘာသာရေးအဆောက်အဦးတွေနဲ့ မတူညီတဲ့ နည်းလမ်းမျိုးနဲ့ ဘက်စကင်း ရစ်ဂ်ျ အစ္စလာမ့်လူ့အဖွဲ့အစည်းကို ဆက်ဆံဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီနေ့ချမှတ်တဲ့အမိန့်မှာ အဲဒီဆုံးဖြတ်ချက်အမှားတွေကို ပြင်ဆင်ပေးပြီး ဒီဘာသာရေးလူ့အဖွဲ့အစည်းဝင်တွေဟာ အခြားသော ဘာသာရားတွေလိုပဲ သူတို့ရဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးနိုင်ခွင့် ရရှိရမယ်လို့ ဆုံးဖြတ်ပါတယ်” ဟု နယူးဂျာဆီပြည်နယ်
    ရှေ့နေ ၀ီလီယန် အီး ဖစ်ဇ်ပက်ထရစ်က ပြောကြားခဲ့သည်။
    အမေရိကန် တရားရေးဌာနက ဘားနဒ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှာ အခြားသော ဘာသာရေးအဆောက်အဦးအများအပေါ် သတ်မှတ်ထားခြင်းမရှိသည့် စံနှုန်းများကို ဗလီအတွက် သတ်မှတ်ကာ ဆောက်လုပ်ခွင့် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်ဆိုသော စွဲချက်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
    တရားစွဲဆိုမှုတွင် လူ့အဖွဲ့အစည်းအတွင်း ခြိမ်းခြောက်မှု၊ အရှက်ရစေမှု အသေးစိတ်အချက်အလက်များကို ဖော်ပြထားပြီး ‘ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုကို ဆန့်ကျင်ရန်အတွက် လှုံ့ဆော်သော လက်ကမ်း စာစောင်များ၊ ဆိုရှယ်မီဒီယာများနှင့် ၀ဘ်ဆိုက်များတွင် မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားများ ပြည့်နှက်နေခြင်း၊ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုကို ကိုးကားဖော်ပြခြင်း’ တို့ ရှိခဲ့သည်ဟု တရားရုံးအထောက်အထားများတွင် တွေ့ရသည်။
    ယခုဆုံးဖြတ်ချက်အရ ဘက်စကင်းရစ်ဂ်ျ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ဘားနဒ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ ကန်ဒေါ်လာ ၃.၂၅ သန်း ရရှိမည့်အပြင်၊ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်လည်း ရရှိမည်ဖြစ်သည်။
    ဘားနဒ်မြို့နယ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ပြောရေးဆိုခွင့်ရှိသူ မီခေးလ် တာနာက ယခုဖြေရှင်းမှုကို ‘ရှေ့ကို ပိုမိုထိရောက်စွာ သွားနိုင်ရန်အတွက်’ လက်ခံခြင်းဖြစ်ပြီး၊ ဗလီဝတ်ကျောင်းတော်ဆောက်လုပ်ရေး မြေယာအသုံးပြုရန် လျှောက်ထားမှုကို အခြားသော မြေယာလျှောက်ထားမှု သတ်မှတ်ချက်များအတိုင်း အခြေ
    ခံကာ ပယ်ချခဲ့ခြင်းဖြစ်ပြီး ခွဲခြားဆက်ဆံမှု မပါဟု ပြောကြားခဲ့သည်။
    ဘက်စကင်း ရစ်ဂ်ျ မွတ်စလင်လူ့အဖွဲ့အစည်းမှ ဥက္ကဌဖြစ်ပြီး တရားလိုလည်းဖြစ်သူ ဒေါက်တာ မိုဟာမက် အလီ ချောင်ဒရီက ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။
    “ဒီဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့် ချက်ခြင်းရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ဗလီဝတ်ကျောင်းတော်မှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကလူတွေကို ကြိုဆိုသွားမှာ ဖြစ်ပါတ်။ လူ့အဖွဲ့အစည်းမှာ သဟဇာတြ
    ဖစ်မှုကို မြှင့်တင်ဖို့၊ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှု မြှင့်တင်ဖို့အတွက် ပေါင်းကူရေးလုပ်ငန်းမှာ စိတ်ဝင်စားသူ ဘယ်သူ့ကိုမဆို ကျွန်တော်တို့ တံခါးတွေ ဖွင့်ပေးမှာ ဖြစ်ပါတယ်” ဟု ချောင်ဒရီက ပြောကြားခဲ့သည်။
    Ref: CNN
  • လူဖြူအစွန်းရောက်၏ သတ်ဖြတ်ခြင်း ခံရသူများအတွက် အမေရိကန်မွတ်စလင်များ ထောက်ပံ့ကူညီမည်
    လူဖြူအစွန်းရောက်၏ သတ်ဖြတ်ခြင်း ခံရသူများအတွက် အမေရိကန်မွတ်စလင်များ ထောက်ပံ့ကူညီမည်
    မေ ၂၉၊ ၂၀၁၇
    M-Media
    – မွတ်စလင်အမျိုးသမီးအပါအ၀င် အမျိုးသမီးနှစ်ဦးကို လူဖြူအစွန်းရောက်လက်မှ ကာကွယ်ရင်း သတ်ဖြတ်ခံလိုက်ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ဖို့အတွက် အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းက မွတ်စလင်လူ့အဖွဲ့အစည်းဟာ ရန်ပုံငွေ ကောက်ခံနေကြပြီး ကန်ဒေါ်လာ ၁ သန်း
    လောက် ရရှိနေပြီ ဖြစ်ပါတယ်။
    သောကြာနေ့က ဂျယ်ရီမီ ဂျိုးဆက်ပ် ခရစ်ရှန်ဆိုတဲ့ အသက် ၃၅ နှစ်အရွယ် လူဖြူအစွန်းရောက်တစ်ဦးဟာ ရထားပေါ်မှာ မိန်းကလေးငယ်နှစ်ဦးကို လူမျိုးရေးခွဲခြားစော်ကားတဲ့ စကားတွေနဲ့ နှောက်ယှက်နေတဲ့အချိန် အဲဒီလုပ်ရပ်ကို တားဆီးဖို့ ကြိုးစားသူတွေကို ဓားနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၃ နှစ်အရွယ် ရစ်ကီ ဂျွန် ဘတ်စ်နဲ့ ၂၃ နှစ်အရွယ် တာလီဆင် မာရ်ဒင်း နမ်ကိုင်းတို့ သေဆုံးခဲ့ကြပါတယ်။
    အဲဒီအမျိုးသမီးနှစ်ဦးထဲက တစ်ဦးက ဟီဂျဘ် ခေါင်းဆောင်းပုဝါကို ၀င်ဆင်ထားတာပါ။
    နောက်တစ်ယောက်ဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် မီကာ ဒေးဗစ် ကိုလီ ဖလက်ချာကလည်း ဓားနဲ့အထိုးခံခဲ့ရပြီး ဆေးရုံမှာ စိုးရိမ်ရတဲ့အခြေအနေ ရှိပေမယ့် အသက်ရှင်မယ်လို့ မျှော်လင့်ရပါတယ်။ ဖလက်ချာဟာ ၂၀၁၃ ခုနှစ်က အစ္စလာမ်ကြောက်ရောဂါကို ဆန့်ကျင်တဲ့ ကဗျာတစ်ပုဒ်ကို ရေးသားဖူးပါတယ်။
    “တစ်စိတ်တစ်ဝမ်းတည်းအဖြစ် အတူတကွ ရပ်တည်ခဲ့ကြတဲ့အတွက် မွတ်စလင်တစ်ယောက်အနေနဲ့ရော ပေါ့တ်လန်သားတစ်ယောက်အနေပါ ကျွန်တော် ကျေးဇူး အထူးတင်ပါတယ်” လို့ ပေါ့တ်လန်း ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင် အီမာမ်တစ်ဦးဖြစ်သူ မိုဟာမက် နဂ်ျဂျစ်ဘ်က ပြောကြားခဲ့ပါတယ်။
    နှောက်ယှက်ခံရတဲ့ မိန်းကလေးငယ်နှစ်ဦးက တိုက်ခိုက်ခံရသူတွေ ဖြစ်သွားနိုင်ပေမယ့် သူရဲကောင်း ၃ ယောက်ဝင်လာပြီး သူတို့ကို ကာကွယ်ပေးခဲ့ကြတယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ခရစ်ရှန် နှောက်ယှက်ခဲ့တဲ့ အမျိုးသမီးငယ်နှစ်ဦးထဲက ဒက်စ်တီနီ မန်ဂမ်ဆိုသူက သူ့အတွက် အသက်စွန့်ခဲ့တဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကျွန်မအတွက် အသက်စွန့်သွားတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူတို့ဟာ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းအတွက်၊ အသက်တွေ စွန့်သွားကြတာပါ။ သူတို့ကို ကျွန်မ လေးစားတယ်။ သူတို့သာမရှိရင် အခုအချိန်မှာ ကျွန်မတို့ အသက်ရှိတော့မှာ မဟုတ်ပါဘူး” လို့ Fox 12 Oregon KPTV ကို ၀မ်းနည်းကြေ
    ကွဲစွာနဲ့ ပြောကြားခဲ့ပါတယ်။
    ကျန်ရစ်သူမိသားစုတွေကို ထောက်ပံ့ကူညီဖို့အတွက် ပေါ့တ်လန်း ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင်အီမာမ် မိုဟာမက် နဂ်ျဂျစ်ဘ်ဦးဆောင်ပြီး ရန်ပုံငွေကောက်ခံမှုဟာ နာရီအနည်းငယ်အတွင်းမှာပဲ ကန်ဒေါ်လာ ၅ သိန်းလောက် ရရှိခဲ့ပါတယ်။
    နောက်ပြီး Muslims Unite for Portland Heroes၊ Tri Met Hero Recovery၊ Girls who survived Portland’s MAX attack နဲ့ Tri Met Heroes စတဲ့ ပေ့ခ်ျတွေကနေလည်း အလှူငွေတွေ ကောက်ခံနေပြီး လက်ရှိအချိန်အထိ စုစုပေါင်း ကန်ဒေါ်လာ ၁ သန်းနီးပါးလလောက် ရရှိနေပြီ ဖြစ်ပါတယ်။
    တိုက်ခိုက်ခဲ့သူ ခရစ်ရှန်ဟာ နာဇီဝါဒနဲ့ အကြမ်းဖက်နိုင်ငံရေးဝါတွေကို ထောက်ခံကြောင်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားဖူးပြီး ရဲတပ်ဖွဲ့ကတော့ အစွန်းရောက် အတွေးအခေါ်တွေ ခရစ်ရှန်မှာ ၀င်နေလားဆိုတာကို စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
    Ref : Aljazeera
  • စာစီစာကုံးဖြင့် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ခဲ့သည့် ကျောင်းသားတစ်ဦးကို စတန်းဖို့ဒ်တက္ကသိုလ်က ၀င်ခွင့်ပေး
    စာစီစာကုံးဖြင့် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ခဲ့သည့် ကျောင်းသားတစ်ဦးကို စတန်းဖို့ဒ်တက္ကသိုလ်က ၀င်ခွင့်ပေး
    ဧပြီ ၆၊ ၂၀၁၇
    M-Media
    – တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ခြင်းကို အသားပေးခဲ့သည့် ကျောင်းသားတစ်ဦးကို စတန်းဖို့ဒ်တက္ကသိုလ်က ၀င်ခွင့်ပေးခဲ့သည်ဟု သိရသည်။
    အသက် ၁၈ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်-အမေရိကန်ကျောင်းသား ဇိုက် အဟ်မဒ်ဖြစ်ပြီး စာစီစာကုံးရေးသားမှုကဏ္ဍ၌ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးကို ဖော်ကျူးသည့် #BlackLivesMatter စာကြောင်းကို စာမျက်နှာအပြည့် ရေးပေးခဲ့ခြင်းဖြစ်သည်။
    “စတန်းဖို့ဒ်မှာ ၀င်ခွင့်ရမယ်လို့ ကျွန်တော် လုံးဝ မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ တောင်းပန်လို့တောင်မရတဲ့ တက်ကြွလှုပ်ရှားမှုကို အပြစ်လို့မမြင်ဘဲ အလေးထားရမယ့်အရာအဖြစ် မြင်တဲ့အတွက် ကျွန်တော် တော်တော်လေး ပျော်ရွှင်မိပါတယ်” ဟု အဟ်မဒ်က US News သို့ ပြောကြားခဲ့သည်။
    ထို့ပြင် တက္ကသိုလ်မှ ၀င်ခွင့်ရကြောင်း အကြောင်းကြာစားကိုလည်း ၎င်းက Twitter စာမျက်နှာပေါ်တွင် လွှင့်တင်ခဲ့သည်။
    အဟ်မဒ်မှာ အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သည့် အစ်ဖ်တာရ် ၀ါဖြေပွဲတွင် အပြောင်းအလဲလုပ်နိုင်သည့် အမေရိကန်မွတ်စလင်တစ်ယောက်အဖြစ် အမေရိကန်သမ္မတဟောင်း အိုးဘားမား၏ ချီးကျူးခြင်းကို ခံခဲ့ရသူလည်းဖြစ်သည်။
    ၎င်းမှာ ပြီးခဲ့သည့် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်၏ မဲဆွယ်လှုပ်ရှားမှုတွင် အလုပ်လုပ်ကိုင်ခဲ့သည်။
    Ref: Straits Times
  • စိန့်လူးဝစ်မွတ်စလင်များ အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
    စိန့်လူးဝစ်မွတ်စလင်များ အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
    မတ် ၂၈၊ ၂၀၁၇
    M-Media
    – အမေရိကန်ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ မွတ်စလင်ခေါင်းဆောင်များမှာ အစ္စလာမ်နှင့်ပတ်သက်၍ အဖျက်သဘောဆောင်သည့် အမြင်ရှိသူများကို ဗလီဝတ်ကျောင်းတော်သို့ ဖိတ်ခေါ်ကာ အသိပညာပေး ဆွေးနွေးမှုမျာ ပြုလုပ်ခဲ့သည်ဟု သိရသည်။
    Dar-Al-Jalal ဗလီဝတ်ကျောင်းတော်တွင် Make America Whole Again ခေါင်းစဉ်ဖြင့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ လှုပ်ရှားမှုတွင် ထရမ့်ကို ထောက်ခံသူများ၊ ရီပက်ဘလစ်ကန်ပါတီကို မဲပေးကြသူများကို အထူးဖိတ်ကြားခဲ့သည်။
    “ပြီးခဲ့တဲ့နှစ်မှာ အမေရိကဟာ တော်တော်လေး သွေးကွဲခဲ့ပါတယ်။ အမေရိက တစ်နိုင်ငံလုံးကို ကြီးကျယ်အောင်ပြန်လုပ်ဖို့ အချိန်ကြပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မတူညီတဲ့ နောက်ခံတွေနေ ပေါက်ဖွားလာကြတဲ့လူတွေ စည်းလုံးမယ်ဆိုရင် တစ်နိုင်ငံတည်းမှာ တစ်စုတစ်ဖွဲ့တည်းအဖြစ် ကျွန်တော်တို့အားလုံး အ
    တူတကွ နေထိုင်နိုင်မှာပါ” ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအသင်း (CAIR) ၏ မစ်ဇူရီဌာနခွဲမှ အမှုဆောင်ဒါရိုက်တာ ဖိုင်ဇန် ဆယဒ်က ပြောကြားခဲ့သည်။
    ထိုလှုပ်ရှားမှုတွင် လူများစွာ လာရောက်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်ကို လှည့်လည်ကြည့်ရှုခဲ့ကြကာ တာဝန်ရှိသူများက အစ္စလာမ့်ဓမ္မရေးရာများကို သင်ကြားခြင်းအကြောင်းနှင့် အခြားသော အကြောင်းအရာများကို ရှင်းပြခဲ့သည်။
    ထို့ပြင် မွတ်စလင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဟီဂျဘ်ခေါင်းဆောင်ပုဝါ ၀တ်ဆင်နည်း သင်ယူခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
    ထိုလှုပ်ရှားမှုတွင် ဗလီဝတ်ကျောင်းတော်သို့ လာရောက်သူများအနေဖြင့် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းသည့် အစီအစဉ်လည်း ပါဝင်ခဲ့သည်။
    “ဖြေရခက်တဲ့မေးခွန်းတွေ မေးမယ့်လူမျိုး မရှိဘူးလို့ ကျွန်တော်တို့ မယူဆထားပါဘူး။ တွေ့သမျှလူတိုင်းက ၀တ်ရုံပြည့်ခြုံထားသူတွေဖြစ်နေမယ်၊ ကြောက်စရာကောင်းသူတွေဖြစ်နေမယ်ဆိုရင်၊ (မွတ်စလင်တွေနဲ့ပတ်သက်ပြီး) ဒီလူရဲ့အမြင်ဟာ ဘယ်လို ဖြစ်လာနိုင်မလဲ။ ဒီနေ့ ဒီကိုလာခြင်းအားဖြင့် အချို့သော အ
    တားအဆီးလေးတွေကို ချေဖျက်ပြီး၊ မိတ်ဆွေဆက်ဆံရေးလေးတွေကို ဖော်ဆောင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဆယဒ်က ပြောကြားခဲ့သည်။
    မစ်ဇူရီ CAIR မှာ မစ်ဇူရီပြည်နယ်ရှိ ဝေးလံခေါင်ဗျားသော ဒေသများတွင် ထိုအစီအစဉ်မျိုး ပြုလုပ်ရန်လည်း စီစဉ်ထားသည်။
    Ref : ksdk.com
  • မွတ်စလင်တွေက အကြမ်းဖက်ဝါဒကို မရှုတ်ချဘူးတဲ့လား
    မွတ်စလင်တွေက အကြမ်းဖက်ဝါဒကို မရှုတ်ချဘူးတဲ့လား
    မတ် ၂၇၊ ၂၀၁၇
    M-Media
    အမေရိကန်မွတ်စလင်ကျောင်းသူ ဟီရာ ဟက်ရှ်မီ
    – ကိုလိုရာဒို တက္ကသိုလ်မှာ အသက် ၁၉ နှစ်အရွယ် အမေရိကန်မွတ်စလင်ကျောင်းသူ ဟီရာ ဟက်ရှ်မီဟာ သူ့ဘေးနာမှာရှိနေတဲ့ အမျိုးသားတစ်ဦးနဲ့ ခရူးဆိတ်စစ်ပွဲအကြောင်း ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒါက အဲဒီအမျိုးသားတစ်ဦးဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး တိုက်ခိုက် ပြောကြားတာမျိုးပါ။
    “မွတ်စလင်တွေအားလုံးကတော့ အကြမ်းဖက်သမားမဟုတ်ဘူး။ ဒါပေမယ့် အကြမ်းဖက်သမားအားလုံးကတော့ မွတ်စလင်တွေ” လို့ ဒီအတန်းဖော်က ဟက်ရှ်မီကို ပြောပါတယ်။ နောက်ပြီး မွတ်စလင်တွေဟာ အကြမ်းဖက်ဝါဒ ဆန့်ကျင်မှုကို ပြည့်ပြည့်၀၀ မလုပ်ဘူးလို့လည်း သူက စောဒကတက်ခဲ့ပါတယ်။
    ဟက်ရှ်မီတစ်ယောက် ဒီစောဒကကြောင့် စိတ်ရှုပ်ထွေးခဲ့ရပါတယ်။ အစ္စလာမ်ကို အလွဲသုံးစားလုပ်ပြီး ကျူးလွန်တဲ့ စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်မှန်သမျှကို မွတ်စလင်တွေက တစ်စိုက်မတ်မတ် ဆန့်ကျင်ကြတယ်။ ဒါပေမယ့် လူတော်တော်များများက မွတ်စလင်တွေဟာ အကြမ်းဖက်ဝါဒကို ထိထိရောက်ရောက်မဆန့်ကျင်ဘူးလို့ ထင်ကြပါတယ်။
    ဟက်ရှ်မီကတော့ ဒီကိစ္စအတွက် ဆန်းစစ်မှုတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါက Google ရဲ့ အွန်လိုင်းမှတ်စုမှာ မွတ်စလင်တွေ အကြမ်းဖက်ဝါဒကို ရှုတ်ချတဲ့ အကြောင်းအရာတွေ၊ ကြေငြာချက်တွေကို စုဆောင်းခဲ့တာဖြစ်ပြီး စာမျက်နှာပေါင်း ၇၁၂ မျက်နှာ ရရှိခဲ့တယ်လို့ သူမက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါ
    တယ်။ ဒီစာရင်းထဲမှာ ၉/၁၁ အကြမ်ဖက်တိုက်ခိုက်မှုနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတိုင်းအတွက် မွတ်စလင်တွေရဲ့ တုန့်ပြန်မှု ပါဝင်ပါတယ်။
    “(မွတ်စလင်တွေဟာ အကြမ်းဖက်ဝါကို မတုန့်ပြန်ဘူးဆိုတဲ့) စောဒကဟာ ဘယ်လောက်အထိ ခိုင်လုံမှု အားနည်းလဲဆိုတာကို ပြသချင်တာပါ” လို့ ဟက်ရှ်မီက ရှင်းပြခဲ့ပါတယ်။
    ဟက်ရှ်မီရဲ့ ဒီဖော်ပြမှုကို ၂၄ နာရီအတွင်း အကြိမ်ပေါင်း ၁၅၀၀၀ လောက် ပြန်လည် မျှဝေခဲ့ကြပါတယ်။ Twiiter က သူမရဲ့ ပရိတ်သတ်ထဲက နှစ်ဦးဟာ ဒီ Google မှတ်စုကို ၀ဘ်ဆိုက်တစ်ခုအဖြစ် ကူညီဖန်တီးပေးခဲ့ပြီး တစ်ပတ်တာအတွင်းမှာပဲ muslimscondemn.com ဆိုတဲ့ ၀ဘ်ဆိုက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
    ဟက်ရှ်မီရဲ့ ဒီဆန်းစစ်မှုဟာ မွတ်စလင်တွေက အကြမ်းဖက်ဝါဒကို တစ်စိုက်မတ်မတ် ရှုတ်ချတယ်ဆိုတာကို သက်သေပြရုံတင်မကပါဘူး၊ အကြမ်းဖက်လုပ်ရပ်တွေဖြစ်လာတိုင်း မွတ်စလင်ကဘဲ တောင်းပန်ရမယ်ဆိုတဲ့အတွေးဟာ ဘယ်လောက် အဓိပ္ပါယ်မဲ့လဲဆိုတာကို ပြသဖို့လည်း ဖြစ်ပါတယ်။
    “မွတ်စလင်တွေဟာ အခြား လူနည်းစုတွေနဲ့ယှဉ်ရင် မတူညီတဲ့ စံနှုန်းနဲ့ ချည်နှောင်ခံထားရတယ်ရှင့်။ ရူးနှမ်းတဲ့ လူ ၂ ဒါဇင်လောက်အတွက် မွတ်စလင် သန်း ၁၆၀၀ လောက်ဆီကနေ တောင်းပန်ဖို့၊ ရှုတ်ချဖို့ မျှော်လင့်ကြတယ်။ ဒါဆို (ခရစ်ယာန်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့) ကေသုံးလုံး၊ Westboro Baptist အသင်းတော်၊ Lord’s Resistance Army တွေက ခရစ်ယာန်သာသနာကို တကယ်ကိုယ်စားပြုနေသလား။ စိတ်မနှံ့သူအချို့ရဲ့ လုပ်ရပ်အတွက် ကိုယ်ကိုယ့်ကို ကာကွယ်နေရတာ၊ တောင်းပန်နေရတာဟာ သိပ်ကို စိတ်ပျက်စရာ ကောင်းလွန်းပါတယ်ရှင်” လို့ ဟက်ရှ်မီက ပြောကြားခဲ့ပါတယ်။
    ဟက်ရှ်မီရဲ့ ကျေးဇူးကြောင့် အခုအချိန်မှာ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေ အကြမ်းဖက်မှုကို ဆန့်ကျင်ရှုတ်ချတဲ့ ကြေငြာချက်တွေ ပြောကြားမှုတွေကို စုစည်းထားတဲ့ ၀က်ဆိုက်လေးတစ်ခု ဖြစ်လို့လာခဲ့ပါပြီ။ ဒါ့ကြောင့် မွတ်စလင်တွေက အကြမ်းဖက်ဝါဒကို ဘာ့ကြောင့် မရှုတ်ချတာလဲလို့ မေးလာတဲ့သူတွေအတွက် muslimscondemn.com ကို သွားကြည့်လိုက်ပါလို့ အကြံပြုပါရစေ။
    Ref: The Guardian