News @ M-Media

Tag: US Muslims

  • ၂၀၁၆ ခုနှစ်အတွင်း အဖတိုင်းပြည်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် အမေရိကန်မွတ်စလင် အမျိုးသမီးများ – အပိုင်း (၁)

    ၂၀၁၆ ခုနှစ်အတွင်း အဖတိုင်းပြည်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် အမေရိကန်မွတ်စလင် အမျိုးသမီးများ – အပိုင်း (၁)

    ဒီဇင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    – အခုအချိန်မှာ အမေရိကန်မွတ်စလင်တွေဟာ ဘာသာရေး သည်းမခံနိုင်မှု၊ အစ္စလာမ်ကြောက်ရောဂါတွေကိုရဲ့ ဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ရလဒ်အနေနဲ့ နိုင်ငံရေးသမားတွေ၊ ကွန်ဆာဗေးတစ်မီဒီယာတွေရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့နေရပါတယ်။ အမေရိကန်မွတ်စလင်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားခံရတယ်၊ အရှက်ခွဲခံရတယ်၊ သူတို့ရဲ့ ဘာသာအယူ ယုံကြည်သက်ဝင်မှုကြောင့် အသတ်ခံရတာမျိုးတွေအထိ ရှိပါတယ်။ ခေါင်းဆောင်းပုဝါနဲ့ မွတ်စလင်အမျိုးသမီးတွေကလည်း အကြမ်းဖက်မှုတွေကို ခံနေရပါတယ်။

    ဒါပေမယ့် သူတို့တွေဟာ အရှုံးပေးသူတွေတော့ မဟုတ်ပါဘူး။ မွတ်စလင်အမျိုးသမီးတွေဟာ လူနည်းစုတွေရဲ့ အခွင့်အရေးအတွက် ဦးဆောင်တိုက်ပွဲဝင်နေကြတယ်၊ အမေရိကန်ရဲ့ အုတ်မြစ်ဖြစ်တဲ့ ‘လူတိုင်းအတွက် အသက်ရှင်သန်နိုင်မှု၊ လွတ်မြောက်မှုနဲ့ တရားမျှတမှု’ ဆိုတာတွေ ဆက်လက် ဆုပ်ကိုင်ထားနိုင်ပါ့မလားဆိုတာ အမေရိကန်ကို စမ်းသပ်နေပါတယ်။

    အောက်မှာဖော်ပြမယ့် အမေရိကန်မွတ်စလင်အမျိုးသမီးတွေကတော့ ၂၀၁၆ ခုနှစ်ကို ကြင်နာတဲ့၊ တရားမျှတတဲ့၊ လှပတဲ့ နှစ်တစ်နှစ်ဖြစ်အောင် ပုံဖော်ခဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အဖတိုင်းပြည်ကို ကြီးကျယ်အောင် လုပ်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

    ၁။ အီလ်ဟန် အိုမာရ်

    1

    ဆိုမာလီမှာ မွေးဖွားခဲ့တဲ့ အီလ်ဟန် အိုမာရ်ဟာ ကင်ညာဒုက္ခသည်စခန်းမှာ ၄ နှစ် ကုန်ဆုံးခဲ့ပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ်မှာ အမေရိကန်ကို ပြောင်းရွှေ့အခြေခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာတော့ မင်နီဆိုတာ ပြည်နယ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး၊ ပြည်နယ်လွှတ်တော်မှာ ပါဝင်ခွင့်ရတဲ့ ပထမဆုံး ဆိုမာလီ-အမေရိကန် မွတ်စလင် အမျိုးသမီးတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    သူမဟာ တန်ဖိုးနည်း ကောလိပ် ထွန်းကားရေး၊ ရာဇ၀တ်မှုဆိုင်ရာ တရားရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး တန်းတူညီမျှမှုနဲ့ သန့်ရှင်းသောစွမ်းအင် စတဲ့ လူမှုအသိုင်းအ၀ိုင်း ပြုပြင်ပြောင်းလဲရေးကို ချပြမဲဆွယ်ခဲ့သူလည်း ဖြစ်ပါတယ်။

    “ဒီတိုင်းပြည်က လူတိုင်းအတွက် လွတ်မြောက်မှု၊ တရားမျှတမှုကို ပေးတဲ့ တိုင်းပြည်ပါ။ ဒါပေမယ့် ကျွန်မတို့ ဒီအတွက် အလုပ်တော့လုပ်ရမှာပေါ့လေ။ ကျွန်မတို့တိုင်းပြည်ရဲ့ ဒီမိုကရေစီက ကြီးကျယ်တယ်။ ဒါပေမယ့် ပျက်ဆီးလွယ်တယ်။ တိုးတက်မှု တော်တော်များများကို ဖြတ်သန်းလာရတယ်။ လူတိုင်းအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးဖို့ ကျွန်မတို့ဟာ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားဖို့ လိုပါတယ်” လို့ The Huffignton Post နဲ့ အောက်တိုဘာ အင်တာဗျူးမှာ အိုမာရ်က ပြောကြားခဲ့ပါတယ်။

    ၂။ အစ်ဘ်သီဟဂ်ျ မိုဟာမက်

    ဓားသိုင်းအားကစားသမားဖြစ်တဲ့ အစ်ဘ်သီဟဂ်ျ မိုဟာမက်ဟာ အခုနှစ်အိုလံပစ်မှာ ခေါင်းဆောင်းပုဝါနဲ့ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပထမဆုံး အမေရိကန်အားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆုတံဆိပ် မဆွတ်ခူးနိုင်ခဲ့ပေမယ့် ရီယို အိုလံပစ် ၀င်ရောက်ခွင့် ရခဲ့ခြင်းအားဖြင့် အသိအမှတ်ပြုခံရဆုံး ကစားသမားတစ်ဦးဆိုတဲ့ အောင်မြင်မှုကိုတော့ ရခဲ့ပါတယ်။ ပြီးတော့ သူမဟာ ရည်မှန်းချက်တွေရဲ့ စေစားရာနောက်ကိုလိုက်တဲ့အခါ အခက်အခဲတွေကို ကျော်ဖြတ်ရတဲ့ မွတ်စလင်အမျိုးသမီးတွေရဲ့ စံနမူယူစရာ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

    “ကျွန်မတို့ဟာ ခက်ခဲတဲ့ နိုင်ငံရေးအခြေအနေတစ်ခုကို အခု ရောက်နေပါတယ်။ မွတ်စလင်တွေဟာ စောင့်ကြည့်ခံနေရပါတယ်။ (ဒီလိုအာင်မြင်တာဟာ) ကျွန်မအတွက် တကယ့်ကို ကြီးမားတဲ့ အိပ်မက်ကြီးဖြစ်ပြီး အမှန်တကယ်ဖြစ်လာမယ်လို့ ကျွန်မ ထင်မထားခဲ့ပါဘူး။ မွတ်စလင်အမျိုးသမီးတွေနဲ့ လူမည်းအမျိုးသမီးတွေကို ကိုယ်စားပြုရတယ်ဆိုတဲ့ ဂုဏ်တစ်ခုကို ကျွန်မ ပေါ့ပေါ့တန်တန် သဘောမထားပါဘူး” လို့ လော့စ်အိန်ဂျလိစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အိုလံပစ်ကော်မတီ အစည်းအဝေးမှာ အစ်ဘ်သီဟဂ်ျ မိုဟာမက်က ပြောကြားခဲ့ပါတယ်။

    ၃။ လင်ဒါ ဆာဆူရ်

    3

    ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ လင်ဒါ ဆာဆူရ်ဟာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်နေ့ ၀ါရှင်တန် ဒီစီမှာပြုလုပ်မယ့် ‘၀ါရှင်တန်အမျိုးသမီး ချီတက်လမ်းလျှောက်ပွဲ’ ကို ဦးဆောင်ဖို့ ဖိတ်ကြားခံရတဲ့ အမျိုးသမီး ၃ ဦးထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် ကျမ်းကျိန်ပြီးနောက်နေ့မှာ ပြုလုပ်မယ့် အဲဒီ ချီတက်ပွဲဟာ ‘လူ့အဖွဲ့အစည်း ခေါင်းဆောင်မှုရဲ့ အဆင့်တိုင်းမှာ အမျိုးသမီးတွေ တန်းတူညီမျှမှု မရမချင်း’ တက်ကြွလှုပ်ရှားသူတွေက သူတို့ လုပ်ဆောင်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ သတင်းစကားကို ပေးချင်လို့ ဖြစ်ပါတယ်။ Facebook စာမျက်နှာမှာတော့ လူပေါင်း ၁ သိန်းလောက် အဲဒီအခမ်းအနားကို တက်ရောက်မယ်လို့ စာရင်းပေးထားပါတယ်။

    “ဒေါ်နယ်ထရမ့် အစိုးရဟာ အုပ်ချုပ်ရေး အိပ်မက်ဆိုးကို ယူလာမှာပါ။ ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ ဒါကို မကြောက်ဘူးဆိုတာ ပြသဖို့ အရေးကြီးပါတယ်” လို့ ဆာဆူရ်က Th Huffington Post ကို ပြောကြားခဲ့ပါတယ်။

    ၄။ ဂါဇလာခန်း

    4

    ဇူလိုင်လက ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ခင်ပွန်းဖြစ် မိန့်ခွန်းပြောတဲ့အချိန် တည်ကြည်လေးနက်စွာနဲ့ ဘေးနားမှာရှိတေဲ့ ဂါဇလာခန်းကို အမေရိကန်ပြည်သူတွေ မေ့မှာ မဟုတ်ပါဘူး။ သူမရဲ့သားဖြစ်သူ ဗိုလ်ကြီး ဟူမေယွန်ခန်းဟာ အီရတ်မှာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ ဒီညီလာခံမှာ သူ့ရဲ့ခင်ပွန်းကသာ မိန့်ခွန်းပြောပြီး ဂါဇလာခန်းတစ်ယောက် တိတ်ဆိတ်နေခဲ့တဲ့အတွက် ထိုးနှက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဂါဇလာခန်းက ဒီလိုတုန့်ပြန်ခဲ့ပါတယ်။

    “စကားတစ်လုံးမှမပြောတာကိုက အမေရိကန်နဲ့ ကမ္ဘာ့ပြည်သူတွေ ကျွန်မ ဘယ်လောက်ကြေကွဲရတယ်ဆိုတာကို ခံစားမိမှာပါ။ ကျွန်မဟာ Gold Star (သားဖြစ်သူ ချီးမြှင့်ခဲ့ရသည့် သူရဲ့ဘွဲ့) ရသူတစ်ဦးရဲ့ အမေဖြစ်တယ်။ ကျွန်မကိုတွေ့တဲ့လူတိုင်းက ကျွန်မရဲ့ ခံစားချက်ကို မျှဝေခံစားရမှာပါ (ထုတ်ပြောနေစရာ မလိုပါဘူး)”

    ခါဇလာခန်းရဲ့ ဒီပြောကြားမှုကြောင့် အမေရိကန်အမျိုးသမီး ရာပေါင်းများစွာက #CanYouHearUsNow ခေါင်စဉ်နဲ့ ဆိုရှယ်မီဒီယာမှာ ဒေါ်နယ်ထရမ့်ကို တုန့်ပြန်ခဲ့ကြပါတယ်။

    ၅။ အမာနီ အလ်-ခါသပ်ဘာဟ်

    အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ အမာနီ အလ်-ခါသပ်ဘာဟ်ဟာ စာရေးဆရာနဲ့ စွန့်ဦးထိုးဖောက်သူတစ်ယောက်ဖြစ်ပြီး အမေရိကန် မီဒီယာလောကမှာ ထင်ရှားကျော်ကြားတဲ့ မွတ်စလင်အမျိုးသမီးအဖြစ် နာမည်တစ်လုံး ရရှိထားသူဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ကတည်းက MuslimGirl.com ဆိုတဲ့ ၀ဘ်ဆိုက်ကို တည်ထောင်ခဲ့ပြီး အခုအချိန်အထိ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်နေပါတယ်။ ၉/၁၁ နောက်ပိုင်း မွတ်စလင်တစ်ဦးအနေနဲ့ ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံကို ဖော်ပြထားတဲ့ ကိုယ်တွေ့မှတ်တမ်းတစ်ခုကိုလည်း မကြာသေးခင်ကမှ ထုတ်ဝေခဲ့ပါတယ်။

    သူမဟာ အစ္စလာမ်ကြောက်ရောဂါ၊ မတူကွဲပြားမှုနဲ့ မီဒီယာတွေမှာ ဖော်ပြမှုတွေနဲ့ပတ်သက်တဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောကြားသူပါ။ အိမ်ဖြူတော်ရဲ့ ပထမဆုံး ‘အမေရိကန်အမျိုးသမီး ထိပ်သီးအစည်းအဝေး’ မှာ ပင်တိုင်ဆွေးနွေးသူအဖြစ် ပါဝင်ရတဲ့ သူမက အောက်ပါအတိုင်း ဖွင့်ဟခဲ့ပါတယ်။

    “မွတ်စလင်တွေ အသံတွေ ကျယ်ကျယ်ထွက်ဖို့ ကျွန်မတို့လုပ်ဆောင်ရမယ့် အရေးပါအဆုံးအချက်တွေထဲက တစ်ခုကတော့ အခွင့်အရေးရတိုင်း သူတို့ကို ပေးပြောဖို့ပါပဲ။ တစ်ယောက်ယောက်က သူတို့ရဲ့အတွေ့အကြုံကို ပြောခွင့်ရပြီး တစ်ခြားသူတွေ ပြောခွင့်မရဘူးဆိုရင်၊ ကွက်လပ်မဖြည့်ပါနဲ့၊ ပြောခွင့်မရသူတွေကိုယ်စားလည်း မပြောပေးပါနဲ့။ သူတို့ကို ပြောခွင့်ပေးလိုက်ပါ”

    Ref: Huffingtonpost

    (ဆက်လက်ဖော်ပြပါမည်)

  • ဂျူးတစ်ဦးမီးရှို့ခဲ့သည့်ဗလီ ပြင်ဆင်ရန်အတွက် အမေရိကန်ဂျူးအဖွဲ့အစည်း အလှူငွေပေး

    ဂျူးတစ်ဦးမီးရှို့ခဲ့သည့်ဗလီ ပြင်ဆင်ရန်အတွက် အမေရိကန်ဂျူးအဖွဲ့အစည်း အလှူငွေပေး

    ဒီဇင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    florida

    – ဂျူးလူမျိုးတစ်ဦးက မီးရှိုခဲ့မှုကြောင့် ပျက်ဆီးသွားသည့် ဖလော်ရီဒါမှ ဗလီဝတ်ကျောင်းတော် ပြန်လည်ပြင်ဆင်ရန်အတွက် အမေရိကန်ရှိ ထင်ရှားသည့် ဂျူးအဖွဲ့အစည်းဖြစ်သော အမေရိကန် ဂျူးကော်မတီ (AJC) က ရန်ပုံငွေ လှူဒါန်းခဲ့သည်ဟု သိရသည်။

    “ဘယ်လို ၀တ်ပြုရာ အဆောက်အဦးမျိုးကိုမဆို တိုက်ခိုက်တာဟာ အမေရိကန်အားလုံးကို စော်ကားတာပါပဲ။ ဗလီတစ်လုံးကို မီးရှို့မှုဟာ အမေရိကန်က ဂျူးတစ်မျိုးသားလုံး ဆန့်ကျင်ရှုတ်ချတဲ့ အမုန်းရာဇ၀တ်မှုတစ်ခုပါ” ဟု AJC ၏ မွတ်စလင်-ဂျူဆက်ဆံရေး အဖွဲ့မှ ဒါရိုက်တာ ရောဘတ် ဆေးလ်ဗားမန်းက ပြောကြားခဲ့သည်။

    ဆေးလ်ဗားမန်းမှာ ဗလီဝတ်ကျောင်းတော်တည်ရှိရာ ဖော့တ်ပီယာ့စ် အစ္စလာမ့်စင်တာမှ ဒါရိုက်တာ ဆယဒ် ရှာဖီက်အူရ် ရဟ်မန်ကို သောကြာနေ့က အလှူငွေ ပေးအပ်ခဲ့ခြင်းပြီး ဗလီဝတ်ကျောင်းတော်သို့ ၀တ်ပြုရန် လာရောက်ကြသူများကိုလည်း မိန့်ခွန်းပြောကြားခဲ့သည်။

    “ရာစုနှစ်များစွာအရင် ဥရောပက ကက်သလစ်အာဏာရှင်တွေလက်ထက် ဂျူးတွေ ညှင်းပမ်းနှိပ်စက်ခံခဲ့ရတုန်းက သူတို့တွေဟာ မွတ်စလင်နယ်မြေတွေမှာ သွားရောက် ခိုလှုံခဲ့ကြရပါတယ်။ ဒီလို ဒုက္ခသည်တွေကို ကြိုဆိုခဲ့မှုက ဂျူးလူမျိုးတွေ ဘယ်တော့မှ မေ့လိုမရမယ့် ကြင်နာမှုမျိုးပါပဲ။ ဒီနေ့မှာတော့ AJC ဟာ ဒီလိုမဖြစ်စလောက်လေး ကူညီရတဲ့အတွက် ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်” ဟု ဆေးလ်ဗားမန်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော်ကို မီးရှို့သူအား တရားဥပဒေအတိုင်း အမြန်ဆုံး အရေးယူရန်လည်း တိုက်တွန်းခဲ့သည်။

    ဗလီဝတ်ကျောင်းတော်ကို မီးရှို့သူ ဂျူးလူမျိုးမှာ ဂျိုးဆက်ပ် မီခေးလ် ရှရီဘာဆိုသူဖြစ်ပြီး ယခင်က ရာဇ၀တ်မှုကျူးလွန်ဖူးသူတစ်ဦးလည်း ဖြစ်သည်။ ၎င်းကမူ ထိုကဲ့သို့ ဆောင်ရွက်ခဲ့မှုအတွက် ရှက်မိကြောင်း ပြောကြားခဲ့သည်။ ၎င်းမှာ စက်တင်ဘာ ၁၁ ရက်နေ့ ၁၅ နှစ်မြောက် နှစ်ပတ်လည်တွင် ဗလီအား မီးရှို့ခဲ့သည်။

    ထိုမီးရှို့မှုတွင် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘဲ ဗလီဝတ်ကျောင်းတော်မှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးခဲ့သည်။

    Ref : Time of Israel

  • အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၄)

    အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၄)

    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media

    ကျွန်မ လူမည်းတစ်ဦးဖြစ်ကြောင်း ကမ္ဘာကို ဂုဏ်ယူစွာပြသမည်

    4
    ဟိဂျာ့ဗ်ဝတ်ဆင်ခြင်းကို ဘာကြောင့် ရပ်တန့် လိုက်ကြောင်း ရှင်းပြနေတဲ့ Jacinda Townsend

    -ဂျေဆင်ဒါတောင်းဆန်း က အာဖရိကန်နွယ်ဖွား အမေရိကန် စာရေးဆရာမတစ်ဦးဖြစ်ပြီး သူမက ဒီလိုပြောပြပါတယ်။

    ကျွန်မ အသက် ၂၀ အရွယ် ဥပဒေကျောင်းသူဘ၀မှာ ငြိမ်းချမ်းမှုတရားကို ရှာဖွေရင်း အစ္စလာမ်ကို သက်ဝင်လက်ခံခဲ့ပါတယ်။ ငြိမ်းချမ်းမှုတရားကို သာသနာထဲမှာတင်မဟုတ်ဘဲ အစ္စလာမ့်ထုံးဓလေ့တွေမှာလည်း စူးစမ်းပါတယ်။ နေ့စဉ် ငါးကြိမ် ၀တ်ပြုမှုကို ကျွန်မရဲ့ ယုံကြည်ချက်ကို ခိုင်မာစေတယ်၊ ၀ူဿွူ(ကိုယ်လက်သန့်စင်ဆေးကြောခြင်း)က ကျွန်မရဲ့ စိုးရိမ်ကြောင့်ကြမှုကို သန့်စင်စေတယ်၊ ဟိဂျာ့ဗ်က ကျွန်မရဲ့ သြတပ္မတရားကို အများသိလာစေပါတယ်။

    ကျွန်မရဲ့ဆံနွယ်ကို သိမ်းပြီး ပုဝါခြုံလိုက်တဲ့ အစဦးပိုင်းမှာ ကျွန်မရဲ့လိင်အာရုံနဲ့ အဆက်ပြတ်သွားတယ်၊ မိန်းမပျိုကို ငေးမော တတ်တဲ့ ယောက်ျားသားတွေရဲ့အကြည့်ကနေ ကင်းလွတ်သွားတယ်လို့ ခံစားရပါတယ်။

    ဒါပေမယ့် တစ်နေ့တော့ ပီဘိသူစိမ်းဖြစ်တဲ့ မွတ်စ်လင်မ်အမျိုးသားတစ်ဦးက စူပါမားကက်တစ်ခုမှာ ကျွန်မကို ချဉ်းကပ်လာတယ်၊ ကျွန်မရဲ့ ဖုန်းနံပါတ်ကို တောင်းပါတယ်။

    တကယ်တမ်းကျတော့ ဟိဂျာ့ဗ်အောက်မှာ ဘာရှိနေတယ်ဆိုတာ လူတိုင်းပြောပြနိုင်ပါတယ်။ ဘယ်လိုပုံစံပြောင်းပြောင်း အမျိုးသားရဲ့ ငေးမောကြည့်ရှုမှုကတော့ မလွတ်ပါဘူး၊ အားလုံးအတူတူပဲဆိုတာကို အတွေးဝင်ရောက်လာပါတော့တယ်။

    ကျွန်မရဲ့ဦးခေါင်း ဖွင့်လှပ်ဖို့ ဘယ်အရာက နောက်ဆုံး တွန်းအားပေးခဲ့တာလဲ သိပါသလား။ ကျွန်မရဲ့ ဆံပင်ပေါ့။ ပြောင်းလဲ သက်ဝင်မှု မတိုင်မီက ဖြောင့်စင်းအောင် မထားခဲ့တဲ့ အာဖရိကန်နွယ်အမေရိကန် ဆံပင်ကောက်ကောက်တွေပေါ့။

    ဗလီမှာရှိတဲ့ မိန်းမကြီးတွေရဲ့စကားတွေကြောင့် ကျွန်မဆီမှာ အာဖရိကန်-အမေရိကန် ယဉ်ကျေးမှုတွေ အများအပြား ပျောက်ကွယ်နေပါတယ်။ သူတို့ဟာ ကျွန်မ အလျဉ်းနားမလည်ခဲ့တဲ့ ဘာသာစကားနဲ့ ဆုတောင်းဆိုရမယ်လို့ ပြောကြတယ်။ ဘာသာရေးမဟုတ်တဲ့ အခမ်းအနားနေ့ကျင်းပခြင်း/အားလပ်ရက်ဆိုတာ မိမိတို့အဖို့ ဟရာမ်ဖြစ်ကြောင်း သူတို့က ဆိုကြတယ်။

    ကျွန်မ တန်ဖိုးထားတဲ့ ဆံခွေကိုရစ်ပြီး ဟိဂျာ့ဗ် လွှမ်းခြုံလိုက်တဲ့အခါတိုင်း တစ်ခါက အမြင်အတိုင်းရှိခဲ့တဲ့ လူမည်းဖြစ်ခြင်းအမှတ်သညာကို ဖုံးကွယ်နေရတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ဗလီဝတ်ကျောင်းထဲမှာ လူတွေရဲ့လက်ခံမှုရရှိဖို့ ကျွန်မဟာ ကျွန်မရဲ့ယဉ်ကျေးမှုစံပုံစံတွေကို စွန့်လွှတ်ခ၀ါချနေခဲ့ရပါတယ်။

    နောက်ဆုံးတော့ ဟိဂျာ့ဗ်ဝတ်ဆင်ခြင်းကို ကျွန်မ ရပ်တန့်လိုက်ပါတယ်။ ဆံပင်ကို ကျစ်ဆံမြီးပြန်ကျစ်ပါတယ်။ အပြင်ကိုတော့ ထုတ်မပြထားပါဘူး။ ကျွန်မဟာ လူမည်းတစ်ဦးဖြစ်ကြောင်း ကမ္ဘာကို ဂုဏ်ယူစွာ ပြသလိုက်ပါတယ်။ ကျွန်မရဲ့လူမည်းဖြစ်ခြင်းအပေါ် နဂိုကထက် ပိုမြတ်နိုးလာမိပါတော့တယ်။

    (မှတ်ချက် – အစ္စလာမ်သည် တစ်ပါးသောယဉ်ကျေးမှုကောင်းနှင့် ကိုယ်ပိုင်ဝိသေသများကို စွန့်လွှတ်ခိုင်းစေခြင်း အလျဉ်းမရှိပါ)

    (မူရင်း – What the hijab means to me : From Nigeria to Uruguay, women share their thoughts and feelings about the hijab. Al Jazeera)

    ပြန်ဆိုသူ – သြရသ ရေချမ်း

    (ဖော်ပြခဲ့ပြီးသော အပိုင်းများ

    အပိုင်း(၁)

    အပိုင်း(၂)

    အပိုင်း(၃) ဖတ်ရှုနိုင်ပါတယ်

  • ဗလီအထိလာပြီး မွတ်စလင်တွေနဲ့ တစ်သားတည်းရှိကြောင်းပြတဲ့ အမေရိကန်များ

    ဗလီအထိလာပြီး မွတ်စလင်တွေနဲ့ တစ်သားတည်းရှိကြောင်းပြတဲ့ အမေရိကန်များ

    ဒီဇင်ဘာ ၈ ၂၀၁၆
    M-Media

    huston

    – နိုဝင်ဘာလဆန်းက ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရခဲ့ပြီးတဲ့နောက် မွတ်စလင်အပါအ၀င် အမေရိကန်က လူနည်းစုတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့အချိန်မှာ ဟူစတန်က အမေရိကန်ပြည်သူတွေကတော့ မွတ်စလင်တွေနဲ့ တစ်သားတဲ့ရှိနေကြောင်း ပြသခဲ့ပါတယ်။

    ဒါဇင်နဲ့ချီတဲ့ ဒီအမေရိကန်ပြည်သူတွေဟာ သောကြာနေ့မှာ ဂရိတ်တားဟူစတန် ဗလီဝတ်ကျောင်းတော်အရှေ့ လာရောက် စုရုံးခဲ့ကြတာဖြစ်ပြီး ‘ခင်ဗျားတို့ရှိနေတာ ကျွန်တော်တို့ပျော်တယ်’ ‘ကျွန်တော်တို့အားလုံးဟာ အမေရိကန်တွေပဲ’ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

    သောကြာဝတ်ပြုမှုအတွက် မွတ်စလင်တွေ ဗလီဝတ်ကျောင်းတော်ကို လာရောက်တဲ့အခါမှာ အဲဒီဆန္ဒထုတ်ဖော်သူတွေဟာ လက်ဆွဲနှုတ်ဆက်တာ၊ ဖက်လှဲတကင်းကြိုဆိုတာတွေ လုပ်ဆောင်ကြပြီး၊ ကလေးငယ်လေးတွေကလည်း ပန်းစည်းတွေ ကမ်းခဲ့ကြပါတယ်။

    မွတ်စလင်တွေနဲ့ တစ်သားတည်းရှိကြောင်း ဒီဆန္ဒထုတ်ဖော်ပွဲကို တက်ရောက်လာသူ တော်တော်များများကတော့ သူတို့အနေနဲ့ ဒေါ်နယ်ထရမ့်အပါအ၀င် နိုင်ငံရေးသမားတွေက သွေးခွဲနေတဲ့အချိန် ချစ်ခြင်းမေတ္တာနဲ့ သွေးစည်းမှုကိုပြဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Houston Press သတင်းစာကို ပြောကြားခဲ့ပါတယ်။

    “ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အမေရိကမှာ အမုန်းဝါဒီတွေ၊ အမုန်းတရား ၀ါဒဖြန့်တဲ့အခြေအနေတွေ ရှိခဲ့တယ်ရှင့်။ ဒီလို ကြောက်ရွံ့မှု၊ မုန်းတီးမှု အခြေအနေမျိုးကို ဖန်တီးပြီး ဘာလုပ်မှာလဲလို့ ကျွန်မတို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ရမယ်” လို့ ဆန္ဒထုတ်ဖော်ပွဲကို စီစဉ်သူ စတီဖနီ ကိုအစ်သန်က ပြောကြားခဲ့ပါတယ်။

    ကိုအစ်သန်ဟာ ဘယ်အဖွဲ့အစည်း ကိုယ်စားပြုမှမဟုတ်ဘဲ နိုင်ငံတစ်ဝှမ်း မွတ်စလင်မုန်းတီးရေးရာဇ၀တ်မှုတွေအကြောင်း သတင်းတွေ ဖတ်နေရတဲ့အချိန်မှာ သူလုပ်နိုင်တာတစ်ခုခု ထလုပ်ဖို့ စိတ်ကူးရတဲ့ သာမန်နိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။

    ဂရိတ်တားဟူစတန်ဒေသက မွတ်စလင်တွေကတော့ ဒီလို အားပေးမှုမျိုး မြင်ရတာဟာ သူတို့အတွက် အားတက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီဆန္ဒထုတ်ဖော်သူတွေကို မွတ်စလင်တွေက ဗလီထဲခေါ်ပြီး မုန့်တွေ၊ လက်ဖက်ရည်တွေနဲ့ ဧည့်ခံခဲ့သလို၊ ၀တ်ပြုခန်းမထဲဖိတ်ကာ ကျေးဇူးတင်စကားပြောခဲ့ပြီး ဘာသာရေးနဲ့ပတ်သက်လို့ မေးမြန်းတာတွေကိုလည်း ဖြေကြားခဲ့ပါတယ်။

    ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့သူ တော်တော်များများကတော့ သူတို့ဟာ မွတ်စလင်တွေနဲ့ ရင်းနှီးကြပြီး မွတ်စလင်တွေ တွေ့ကြုံရတဲ့ အခြေအနေတွေ၊ စိုးရိမ်မှုတွေက ဒီလိုဆောင်ရွက်မှုတွေလုပ်ဖို့ တွန်းအားပေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်ခေါင်းဆောင်းတွေက လူ့အဖွဲ့အစည်းနဲ့ ရင်းရင်းနှီးနှီးနေထိုင်ဖို့၊ လူတိုင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့၊ အကြောက်မလွန်ဖို့ ကျွန်တော်တို့ကို တိုက်တွန်းနေပါတယ်။ ကျွန်တော်တို့က မွတ်စလင်မဟုတ်သူတွေကိုကြောက်ရင်၊ သူတို့ကလည်း ကျွန်တော်တို့ကို ပြန်ကြောက်မယ်။ ဒါဆိုရင် ကျွန်တော်တို့ကြားထဲမှာ တံတိုင်းကြီးခြားသွာမယ်။ ကျွန်တော်တို့ဟာ လူသားတွေပဲဆိုတာကို တစ်ဦးနဲ့တစ်ဦး မြင်ဖို့လိုပါတယ်” လို့ ဂရိတ်တားဟူစတန် ဗလီဝတ်ကျောင်းတော်ကို လာရောက်ဝတ်ပြုခဲ့သူ အက်စ်ဖဟန် မိုဟာမက်က ပြောကြားခဲ့ပါတယ်။

    Ref: Huston Press

  • အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဗလီဖြစ်လာတော့မည်

    အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဗလီဖြစ်လာတော့မည်

    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media

    Chuch interior
    မကြာခင် ဗလီဖြစ်လာတော့မည့် ကွန်နက်တီကက်ပြည်နယ် ဘရစ်ဂ်ျပို့တ်မှ ခရစ်ယာန်ဘုရားကျောင်း

    – အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ်ပြည်နယ်မှ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ပရဟိတစင်တာနှင့် ဒေသခံ မွတ်စလင်များအတွက် ဗလီဝတ်ကျောင်းတော် ဖြစ်လာတော့မည်ဖြစ်ပြီး ကျွမ်းကျင်သူများကမူ ထိုအချင်းအရာက အမေရိကန်တွင် မွတ်စလင်များ ၎င်းတို့၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ အများအမြင်ကို ပြောင်းလဲနိုင်သည့် ပြယုဂ်တစ်ခုလည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဘရစ်ဂ်ျပို့တ်မြို့မှ United Congregational အသင်းတော်ပိုင် ဘုရားကျောင်းဖြစ်ပြီး ဂျော်ဂျီယာဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့သည့် ထိုအဆောက်အဦးကို ဘရစ်ဂ်ျပို့စ် အစ္စလာမ့်ယဉ်ကျေးမှုစင်တာသို့ ကန်ဒေါ်လာ ၁ သန်းဖြင့် မေလတွင်ရောင်းချမည်ဟု အသင်းတော်က ဆိုသည်။

    အဆိုပါအသင်းတော်နှင့် အစ္စလာမ့်ယဉ်ကျေးမှုစင်တာတို့မှာ အိမ်ယာမဲ့များအား နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊ အဟာရဒါနပြုခြင်းတို့ကဲ့သို့ ပရဟိတလုပ်ငန်းများကို ဒေသတွင်း အတူတကွ ဆောင်ရွက်နေကြသည်။

    United Congregational ခရစ်ယာန်အသင်းတော်မှာ ဗြိတိန်ကိုယ်လိုနီခေတ်ကတည်းက အမေရိကန်တွင် အခြေတည်ခဲ့ခြင်းဖြစ်ပြီး ဘရစ်ဂ်ျပို့တ်ရှိ လက်ရှိဘုရားကျောင်းကို ၁၉၂၀ ပြည့်နှစ်များတွင် ဘာသာဝင် ၃ ထောင်အတွက် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း သိက္ခာတော်ရဆရာတော် ဆာရာစမစ်မူ ယနေ့တွင် သက်ဝင်သူအရေအတွက်မှာ ၃၀၀ ခန့်သာ ရှိတော့ပြီး ပိုသေးသောနေရာကို ရှာဖွေကာ ငွေကြေးပိုထွက်လာစေရန် ရောင်းချခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ နေရာရွှေ့သွားရုံပါ” ဟု ဆရာတော်စမစ်က ပြောကြားခဲ့သည်။

    ဘရစ်ဂ်ျပို့တ် အစ္စလာမ့်ယဉ်ကျေးမှုစင်တာ အကြီးအကဲ အဟ်မဒ် အီဘရာဟင်ကမူ အဆိုပါဘုရားကျောင်းမှာ ဒေသအတွင်းရှိ အစ္စလာမ်ဘာသာဝင်မိသားစု ၁၀၀၀ ခန့်၏ လိုအပ်ချက်နှင့် လုံးဝ ကိုက်ညီနေသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ရှိ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ ပြီးခဲ့သည့်နှစ်များအတွင်း ၀တ်ပြုရာနေရာများ ငှားရမ်းခြင်း၊ ၀ယ်ယူခြင်းတို့တွင် အခက်အခဲများရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ခရစ်ယာန်-မွတ်စလင် ဆက်ဆံရေးနှင့် အစ္စလာမ့်ရေးရာ လေ့လာမှုပညာရှင် ဒေးဗစ် ဂရက်ဖ်တန်ကမူ ယခု အဖြစ်အပျက်က ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏အခန်းကဏ္ဍအပေါ် အများ၏ အမြင်ကို မွတ်စလင်များက ပြောင်းလဲနိုင်ခဲ့သည့် ဥပမာတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Fortune.com