News @ M-Media

Tag: US

  • အာဖဂန်တွင် ကမ္ဘာ့အကြီးဆုံး ဖျက်အားပြင်းဗုံးကို အမေရိကန် ကြဲချ

    အာဖဂန်တွင် ကမ္ဘာ့အကြီးဆုံး ဖျက်အားပြင်းဗုံးကို အမေရိကန် ကြဲချ

    ဧပြီ ၁၄၊ ၂၀၁၇
    M-Media

    – နျူလီးယားမဟုတ်သည့် ဗုံးများတွင် အကြီးဆုံးဖြစ်သည့် GBU-43 ဗုံးကို အာဖဂန်နစ္စတန်အရှေ့ပိုင်းရှိ IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်ဟု အမေရိကန်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    နန်ဂါဟာပြည်နယ် အာချင်ခရိုင်တွင် ယမန်နေ့က MC-130 လေယာဉ်ဖြင့် ကြဲချခဲ့ခြင်းဖြစ်သည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှာ ပြောရေးဆိုခွင့်ရှိသူ အဒမ် စတမ့်က ဆိုသည်။

    ‘ဗုံးများ၏မိခင်’ ဟု အမည်တွင်သည့် အဆိုပါ GBU-43 မှာ ၉၇၉၇ ကီလိုဂရမ် အလေးချိန်ရှိပြီး GPS အသုံးပြု ဗုံးဖြစ်ကာ ၂၀၀၃ ခုနှစ် အီရတ်နိုင်ငံအား ကျူးကျော်တိုက်ခိုက်ခြင်းမပြုခင် ရက်ပိုင်းအလို၌ စမ်းသပ်ခဲ့သည်။

    အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါ တိုက်ခိုက်မှုမှာ ဒေသအတွင်း အာဖဂန်နှင့် အမေရိကန်တပ်ဖွဲ့များက ပြုလုပ်သော နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ၌ ဘေးအန္တရာယ်ကို လျှော့ချရန်အတွက်ဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း TNT အဖျက်စွမ်းအားပြင်း ပစ္စည်း ၁၁ တန်နှင့် ညီမျှသည့် အဆိုပါ GBU-43 ဗုံး၏ ပေါက်ကွဲမှုမှာ ဘက်တစ်ဖက်လျှင် အချင်း ၁.၆ ကီလိုမီတာရှိနိုင်သောကြောင့် အရပ်သားများ အများအပြားသေဆုံးနိုင်ခြေ ရှိနေသည်။

    အာချင်ခရိုင်၏ မိုမန် ဒါရာဒေသတွင် ကြဲချခဲ့ပြီးနောက် ပျက်ဆီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှု စာရင်းကို သိရှိရခြင်း မရှိသေးပေ။

    Ref: Aljazeera

  • အကျဉ်းသားများ ကွန်ပျူတာဆင်ကာ အစိုးရကွန်ယက်နှင့် ချိတ်ဆက်ထားမှု အမေရိကန် ဖော်ထုတ်

    အကျဉ်းသားများ ကွန်ပျူတာဆင်ကာ အစိုးရကွန်ယက်နှင့် ချိတ်ဆက်ထားမှု အမေရိကန် ဖော်ထုတ်

    ဧပြီ ၁၃၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်က လုံခြုံရေး အလယ်အလတ်အဆင့်ရှိတဲ့ Marion Correctional Institution အကျဉ်းထောင်မှာ အကျဉ်းသားတွေဟာ ကွန်ပျူနှစ်လုံးကို ဆင်ထားပြီး အစိုးရရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ပြုပြင်ရေးဦးစီးဌာန ကွန်ယက်နဲ့ ချိတ်ဆက်ထားတယ်ဆိုတာကို ရဲတပ်ဖွဲ့က
    ရှာဖွေ ရှိခဲ့ပါတယ်။

    မျက်နှာကျက်ပေါ်မှာ ၀ှက်ထားတဲ့ ဒီကွန်ပျူတာတွေကို ၂၀၁၅ ခုနှစ်မှာ တွေ့ရှိခဲ့ပြီးနောက် အိုဟိုင်းယိုးပြည်နယ်ရဲ့ စစ်ဆေးရေးမှူးချုပ်ကိုယ်တိုင် စုံစမ်းခဲ့တာပါ။

    အဲဒီကွန်ပျူတာထဲမှာ အခြား အကျဉ်းသားနာမည်တွေနဲ့ အကြွေးဝယ်ကဒ်သုံးတဲ့ ဆော့ဖ်ဝဲတွေ၊ အပြာဇာတ်လမ်း၊ အခွန်ပြဿနာတွေကို သုတေသနပြုတာ၊ အိမ်တွင်း မူးယစ်ဆေးလုပ်နည်းတွေ၊ စာနဲ့ အပြန်အလှန် ဆက်သွယ်ထားတာတွေကို တွေ့ရှိခဲ့ပါတယ်။

    နောက်ပြီး အကျဉ်းသားတွေဟာ အကျဉ်းထောင်ရဲ့ အခြားနေရာတွေကို သွားရောက်ဖို့အတွက် ဖြတ်သန်းခွင့်တွေကိုလည်း ဒီကွန်ပျူတာကို အသုံးပြုပြီး ရယူခဲ့ကြပါတယ်။

    ကွန်ပျူတာကွန်ယက်အတွင်းမှာ နေ့စဉ်အသုံးပြုတဲ့ အင်တာနက်ဒေတာပမာဏ အလွန်များပြားနေတာကို အိုင်တီဝန်ထမ်းတွေက တွေ့ရှိခဲ့ပြီးတဲ့နောက် ဒါကို သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

    ဟောင်းနွမ်းနေတဲ့ ပစ္စည်းတွေကို ပြန်လည်ပြုပြင် အသုံးပြုရေး အစီအစဉ်အတွက် အကျဉ်းသားတွေကို ကွန်ပျူတာပစ္စည်းအဟောင်း ဖြုတ်ခိုင်းရာကနေတစ်ဆင့် အဲဒီအစိတ်အပိုင်းတွေနဲ့ အကျဉ်းသားတွေက ကွန်ပျူတာကို တည်ဆောက်နိုင်ခဲ့တာပါ။

    စုံစမ်းစစ်ဆေးမှုအတွင်းမှာ အကျဉ်းသားနှစ်ဦးက ကွန်ပျူတာဆင်ထားပြီး ခေါင်မိုးမှာ ဖွက်ထားတာကို ၀န်ခံခဲ့ပြီး ၀န်ထမ်းအချို့ရဲ့ လုံခြုံရေးပေါ့ဆမှုကြောင့် ကွန်ပျူတာပစ္စည်းတွေကို သွင်းနိုင်တာဖြစ်တယ်လို့ ဖွင်ဟခဲ့ပါတယ်။

    အိုဟိုင်းယိုး ပြန်လည်ထူထောင်ရေးနဲ့ ပြုပြင်ရေး ဦးစီးဌာနကတော့ ဒီကိစ္စကို သေသေချာချာ ဆန်းစစ်နေပြီး နောက်ထပ်မဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • အမေရိကန်နှင့် ဆက်ဆံရေးဆိုးရွားလာကြောင်း ရုရှားသမ္မတပူတင် ဖွင့်ဟ

    အမေရိကန်နှင့် ဆက်ဆံရေးဆိုးရွားလာကြောင်း ရုရှားသမ္မတပူတင် ဖွင့်ဟ

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – သမ္မတထရမ့် တက်လာပြီးနောက်ပိုင်း အမေရိကန်နှင့် ရုရှားတို့၏ ဆက်ဆံရေးမှာ ဆိုးရွာလာခဲ့သည်ဟု ရုရှားသမ္မတ ပူတင်က ယနေ့တွင် ဖွင့်ဟပြောကြားလိုက်ပြီး ဆီးရီးယားအစိုးရနှင့် အဆက်ဖြတ်ရန် အမေရိကန်၏တောင်းဆိုမှုကိုလည်း ပယ်ချလိုက်သည်။

    “ပူးပေါင်းလုပ်ဆောင်တဲ့နေရာ အထူးသဖြင့် စစ်တပ်ဖက်မှာ ယုံကြည်မှုအဆင့်ဟာ တိုးတက်မလာဘဲ ဆိုးရွားသွားတယ်လို့ ပြောနိုင်ပါတယ်” ဟု ပူတင်က နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဆီးရီးယားသမ္မတ အာဆတ်အား ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်တစ်ပတ်က သူပုန်များသိမ်းပိုက်ထားရာ မြို့တစ်မြို့သို့ အာဆတ်အစိုးရက ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဆိုသည့် အပြစ်တင်မှုများကို ပယ်ချခဲ့ကာ အာဆတ်၏ ရန်သူများက လုပ်ကြံခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    စောစောပိုင်းကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်နှင့် တွေ့ဆုံစဉ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ ဆီးရီးယားအား အမေရိကန်က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုမှာ တရားမ၀င်ဘဲ ၀ါရှင်တန်အနေဖြင့် ကြိုတင်တွက်ဆမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြော
    ကြားခဲ့သည်။

    အမေရိကန်က ဆီးရီးယား၏ အနာဂတ်တွင် အာဆတ်အတွက် နေရာမရှိဘဲ ရုရှားအနေဖြင့် အာဆတ်အစိုးရအား ပံ့ပိုးပေးနေမှုများကို ရပ်တန့်ရန် ပြီးခဲ့သည့်ရက်ပိုင်းက သတိပေးခဲ့သည်။

    Ref: Aljazeera

  • ခရီးသည်ကို စော်ကားမိခဲ့သည့်အတွက် အမေရိကန်လေကြောင်းလိုင်း တောင်းပန်

    ခရီးသည်ကို စော်ကားမိခဲ့သည့်အတွက် အမေရိကန်လေကြောင်းလိုင်း တောင်းပန်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – လူပြည့်နေသည့် လေယာဉ်ပေါ်မှ ခရီးသည်တစ်ဦးကို အင်အားသုံးဆွဲချသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီးနောက် အမေရိကန်အခြေစိုက် United Airlines လေကြောင်းလိုင်း၏ အမှုဆောင်အကြီးအကဲ အော်စကာ မူနော့ဇ်က ယမန်နေ့တွင် ပြန်လည် တောင်းပန်လိုက်သည်။

    အသက် ၆၉ နှစ်အရွယ် တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား ဒေါက်တာ ဒေးဗစ် ဒါအိုမှာ ပြီးခဲ့သည့်တစ်ပတ်က အဆိုပါ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကို စီးနင်းစဉ် လူပြည့်နေသောကြောင့် လေယာဉ်ဝန်ထမ်းများမှာ ၎င်းအား လေယာဉ်ပေါ်မှာ အင်အားသုံးကာ ဆွဲချခဲ့ပြီး ဒဏ်ရာအနာတရများလည်း ရရှိခဲ့သည်။

    အဆိုပါဗီဒီယို အွန်လိုင်း၌ ပြန်နှံ့သွားပြီးနောက် ပြည်သူများမှာ ဝေဖန်မှုများ ရှိလာခဲ့ပြီး၊ အာရှနွယ်ဖွားဖြစ်သည့်အတွက် လူမျိုးရေးခွဲခြားမှု လုပ်ရပ်မျိုး ဖြစ်နေလားဆိုသည့် စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

    “ဒီလေယာဉ်ခရီးစဉ်မှာ ဖြစ်ပျက်သွားတဲ့ကိစ္စအတွက် ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်။ ပြီးတော့ အတင်းအဓ္ဓမ ဆွဲချခံခဲ့ရတဲ့ ခရီးသည်နဲ့ လိုက်ပါစီးနင်းကြတဲ့ ခရီးသည်အားလုံးကို အနူးအညွှတ် တောင်းပန်ပါတယ်။ ကျွန်တော်တို့ဟာ ဒီအတွက် အပြည့်အ၀ တာဝန်ယူပြီး၊ မှန်မှန်ကန်ကန်ဆော
    င်ရွက်သွားမယ်ဆိုတာကိုလည်း သိစေချင်ပါတယ်” ဟု မူနော့ဇ်က ပြောကြားခဲ့သည်။

    သို့သော်လည်း စောစောပိုင်းတွင် မူနော့ဇ်က မိမိဝန်ထမ်းများမှာ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အခြေအနေကို ကိုင်တွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင် United Airlines လေကြောင်းလိုင်းအား သပိတ်မှောက်မှုများ ရှိနေပြီး အမေရိကန်ရှိ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသားများ မဟာမိတ်အဖွဲ့ အကြီးအကဲက ချီကာဂိုတွင် မကြာခင်ပြုလုပ်မည့် ညီလာခံ၌ United လေကြောင်းလိုင်းကို မစီးရန် အဖွဲ့ဝင်များအား တိုက်တွန်းသွားမည်ဟု ဆိုသည်။

    ထိုကိစ္စအတွက် အမေရိကန် ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းရန် ကန်ကို တရုတ် တိုက်တွန်း

    မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းရန် ကန်ကို တရုတ် တိုက်တွန်း

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသော တင်းမာမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် တရုတ်သမ္မတ ဇီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖုန်းဆက် တိုက်တွန်းခဲ့သည်ဟု သိရသည်။

    ယမန်နေ့တွင် ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို တစ်ဦးတည်း ရင်ဆိုင်သွားရန် ကြောက်ရွံ့နေမည်မဟုတ်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လေယာဉ်တင်သင်္ဘောတစ်စီး အပါအ၀င် တိုက်ရေယာဉ်အုပ်စုတစ်ခုကို ကိုရီးယားကျွန်းဆွယ်အနီသို့ စေလွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း မိမိတို့မှာ အမေရိကန်ကို ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်သွားမည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သည်။

    ဇီနှင့် ထရမ့်တို့မှာ ပြီးခဲ့သည့်တစ်ပတ် ဖလော်ရီဒါ၌ တွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

    ယနေ့မနက်က ဖုန်းပြောဆိုမှုတွင် ဇီက တရုတ်နိုင်ငံမှာ ကိုရီးယားကျွန်းဆွယ်တွင် နျူလက်နက် ကင်းစင်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေးအတွက် စိတ်နှစ်မြှုပ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရေး လိုလားကြောင်း ပြောကြားခဲ့သည်ဟု CCTV သတင်းဌာနက ဖော်ပြခဲ့သည်။

    အိမ်ဖြူတော်ကမူ ထိုဖုန်းပြောဆိုမှုနှင့် ပတ်သက်၍ မည်သည့်ကြေငြာချက်မှ မထုတ်သေးပေ။

    တရုတ်အစိုးရအာဘော်သတင်းစာ Global Times က ယနေ့တွင်ဖော်ပြထားသည့် အယ်ဒီတာ့အာဘော်တွင် မြောက်ကိုရီးယားအနေဖြင့် ငြိမ်းချမ်းရေးအတွက် အရှိန်သတ်ရန် လိုအပ်ကြောင်း၊ အမေရိကန်မှာ နျူလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနှင့် အတူယှဉ်တွဲတည်ရှိရန် အစီအစဉ်မရှိကြောင်း ဖော်ပြထားသည်။

    Ref: BBC