News @ M-Media

Tag: US

  • ကုလကမစွမ်းနိုင်လျှင် ဆီးရီးယားကို ကိုယ်တိုင် ကိုင်တွယ်မည်ဟု ကန် သတိပေး

    ကုလကမစွမ်းနိုင်လျှင် ဆီးရီးယားကို ကိုယ်တိုင် ကိုင်တွယ်မည်ဟု ကန် သတိပေး

    ဧပြီ ၆၊ ၂၀၁၇
    M-Media


    – ဆီးရီးယားတွင် ကလေးငယ်များအပါအ၀င် လူပေါင်း ၈၀ ကျော် သေဆုံးခဲသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအတွက် ကုလအနေဖြင့် မတုန့်ပြန်နိုင်ပါက မိမိတို့တစ်ဦးတည်း ဆောင်ရွက်သွားမည်ဟု အမေရိကန်က သတိပေး ပြောကြားလိုက်သည်။

    “စုပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့တာဝန်ကို ကုလက တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်မှု မရှိတဲ့အခါမှာ၊ ကျွန်မတို့ ကိုယ်တိုင်ဆောင်ရွက်ရတော့မယ့် အခြေအနေတွေ လက်တွေ့မှာ ရှိလာခဲ့ပါတယ်” ဟု ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးက ဗုဒ္ဓဟူးနေ့တွင် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌
    ပြောကြားခဲ့သည်။

    သူပုန်များ ထိန်းချုပ်ထားသည့် အစ်ဒလစ်ဘ်ပြည်နယ်မှ မြို့တစ်ခုကို အင်္ဂါနေ့မနက်ပိုင်းတွင် အစိုးရတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက်ပိုင်း ပြင်သစ်နှင့် ဗြိတိန်တို့၏ တိုက်တွန်းမှုကြောင့် လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

    အဆိုပါတိုက်ခိုက်မှုကို ဓာတုလက်နက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားမှုများရှိနေပြီး ရုရှားကမူ တိုက်ခိုက်မှုအတွင်း သူပုန်အဖွဲ့က ဓာတုလက်နက်များ သိုလှောင်ထားသည့် ဂိုထောင်ကို ထိခိုက်ခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။

    ဆီးရီးယာအစိုးရကို မဟာမိတ်ရုရှားက မထိန်းကျောင်းနိုင်ခြင်းအတွက်လည်း ဟာလေးက ဝေဖန်ခဲ့ပြီး၊ ကလေးငယ် မည်မျှသေဆုံးမှ ရုရှားက ဂရုစိုက်မည်လဲဟု မေးခွန်းထုတ်ခဲ့သည်။

    လန်ဒန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က တိုက်ခိုက်မှုအတွင်း ကလေးငယ် ၃၀ အပါအ၀င် အနည်းဆုံး ၈၆ ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကမ္ဘာကျော် ဘင်္ဂါလီ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်တစ်ဦးကို Google ဂုဏ်ပြု

    ကမ္ဘာကျော် ဘင်္ဂါလီ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်တစ်ဦးကို Google ဂုဏ်ပြု

    ဧပြီ ၃၊ ၂၀၁၇
    M-Media

    – အင်ဂျင်နီယာပညာရပ်ရဲ့ လက်ခွဲဘာသာရပ်တစ်ခုဖြစ်တဲ့ Structural Engineering မှာ တစ်ဖက်ကမ်း ခပ်ကျွမ်းကျင်ပြီး အမေရိကန်က မိုးမျှော်အဆောက်အဦးတွေရဲ့ ရှေ့ဆောင်လမ်းပြဖခင်ကြီး ဖာဇွလ် ရဟ်မန်းခန်းကို Google က ဒီနေ့မှာ ဂုဏ်ပြုလိုက်ပါတယ်။

    အမေရိကန်နိုင်ငံသားတစ်ဦဖြစ်တဲ့ ရဟ်မန်းခန်းရဲ့ ၈၈ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Google က သူ့ရဲ့ Home page မှာ ရဟ်မန်းခန်းရဲ့ ပုံကို ထည့်သွင်းခဲ့တာပါ။

    “Structural Engineering နယ်ပယ်ရဲ့ အိုင်းစတိုင်း” လို့ တင်စားခြင်းခံရတဲ့ ခန်းကို ၁၉၂၉ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ အခု ဘင်္ဂလားဒေ့ရှ်လို့ခေါ်တဲ့ ဘန်ဂေါလ်ပြည်နယ် ဒါလာမြို့မှာ မွေးဖွားတာဖြစ်ပြီး၊ ၁၉၅၀ ပြည့်နှစ်မှာတော့ ဒါကာတက္ကသိုလ်မှာ ထိပ်ဆုံးအဆင့်နဲ့ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။

    နောက်ပိုင်းမှာ အမေရိကန်ကို သွားရောက်ခဲ့ပြီး မဟာဘွဲ့နှစ်ခုနဲ့ ဒေါက်တာဘွဲ့တစ်ခုကို ရယူခဲ့ပါတယ်။

    ၁၉၆၀ မှာ ချီကာဂိုမှာ ဗိသုကာနဲ့ အင်ဂျင်နီယာလုပ်ငန်း Skidmore, Owings & Merrill (SOM) ကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူတစ်ယောက် ဖြစ်နေပါပြီ။

    ခန်းဟာ ပြွန်ပုံစံကို အခြေပြုတဲ့ အဆောက်အဦးတည်ဆောက်မှု နည်းပညာကို စတင် ဖော်ထုတ်ခဲ့တာဖြစ်ပြီး သူတီထွင်ခဲ့တဲ့ ဒီဇိုင်းဟာ မိုးမျှော်အဆောက်အဦးတွေကို လေဒဏ်နဲ့ ငလျင်ဒဏ်တွေကနေ ပိုမိုကာကွယ်ပေးနိုင်ခဲ့ပါတယ်။

    အမေရိကန်က မိုးမျှော်အဆောက်အဦး တော်တော်များများဟာ ခန်းရဲ့လက်ရာတွေဖြစ်ပြီး အကျော်ကြားဆုံးကတော့ John Hancock Centre အဆောက်အဦးဖြစ်ပါတယ်။

    ၁၉၆၈ ခုနှစ်မှာ ပြီးစီးခဲ့ပြီး ၃၄၃ မီတာမြင့်တဲ့ ဒီအဆောက်အဦးဟာ အဲဒီအချိန်တုန်းက ကမ္ဘာ့ ဒုတိယအမြင့်ဆုံး အဆောက်အဦး ဖြစ်ခဲ့ပြီး၊ ၁၉၇၄ ခုနှစ်မှာ ခန်းရဲ့ နောက်ထပ် ဂန္တ၀င်မြောက်လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Sears တာဝါက ဒီနေရာကို ရယူနိုင်ခဲ့ပါတယ်။

    ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါက Hajj Terminal လို အဆောက်အဦးကလည်း ခန်းရဲ့ နာမည်ကြီး လက်ရာတွေထဲမှာ ပါဝင်ပါတယ်။

    ချီကာဂိုရှိ ခန်း၏ နာမည်ကျော်လက်ရာ Sears Tower (ယခု Wills Tower) ဟု ခေါ်ဆိုသည်)

    ကမ္ဘာ့ ဗိသုကာလောကမှာ မှတ်တိုင်သစ်တွေ တစ်ခုပြီးတစ်ခု စိုက်ထူခဲ့တဲ့ ခန်းဟာ ၁၉၇၁ ခုနှစ်မှာ American Concrete Institute အသင်းကပေးတဲ့ Wason Medal ဆု၊ ၁၉၇၃ ခုနှစ်မှာ လန်ဒန် Institution of Structural Engineers အသင်းကပေးတဲ့ Oscar Faber ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

    ၁၉၈၂ ခုနှစ် ဆော်ဒီအာရေဗျကို သွားတဲ့ခရီစဉ်မှာ ခန်းဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ခန်းရဲ့သမီးဖြစ်သူ ယာစမင်း ဆဘီနာ ခန်းကလည်း အဖေလိုပဲ အင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။

    ခန်းရဲ့ ဗီသုကာလက်ရာတွေထဲက အထင်အရှားဆုံး အဆောက်အဦးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    – Sears tower, Chicago, America.

    – John Hancock Center, Chicago, America.

    – Hajj Terminal, King Abdulaziz International Airport, Jeddah, Saudi Arabia.

    – United States Air Force Academy, Colorado Springs, America.

    – One Shell Square, New Orleans, Louisiana, America.

    – DeWitt-Chestnut Apartments, Chicago, America.

    – McMath–Pierce solar telescope, Arizona, America.

    Ref: Express

  • အမေရိကန်သမ္မတ ထရမ့်၏သမီး သမ္မတအကြံပေးအဖြစ် ဆောင်ရွက်မည်

    အမေရိကန်သမ္မတ ထရမ့်၏သမီး သမ္မတအကြံပေးအဖြစ် ဆောင်ရွက်မည်

    မတ် ၃၀၊ ၂၀၁၇
    M-Media

    သမီး၊ သမက်နှင့်အတူ တွေ့ရသည့် ဒေါ်နယ်ထရမ့်

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုက်ဗန်ကာထရမ့်မှာ ဖခင်ဖြစ်သူအတွက် လစာမယူသည့် အကြံပေးအဖြစ် အစိုးရတာဝန်ကို ထမ်းဆောင်သွားမည်ဟု အိမ်ဖြူတော်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    အိုက်ဗန်ကာ၏ ခင်ပွန်း ဂျာရဒ် ကက်ရှ်နာမှာလည်း ထရမ့်၏ အကြီးတန်းအကြံပေးအဖြစ် လစာမယူဘဲ တာဝန်ထမ်းဆောင်နေသည်။ အသက် ၃၅ နှစ်အရွယ်ရှိ အိုက်ဗန်ကာမှာ အိမ်ဖြူတော်တွင် ရုံးခန်းတစ်နေရာ ရရှိထားပြီး ထရမ့် သမ္မတဖြစ်လာပြီးကတည်းက အိမ်ဖြူတော်တွင် ပုံမှန် ရှိနေသူဖြစ်သည်။

    ထရမ့်က ဂျပန်ဝန်ကြီးချုပ် ရှ်ဇိုအာဘေး၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့နှင့် တွေ့ဆုံမှုများတွင်လည်း အိုက်ဗန်ကာမှာ အနားတွင် ရှိနေခဲ့သည်။

    ဖခင်၏ စီးပွားရေးလုပ်ငန်း အစိတ်အပိုင်းတစ်ခုအဖြစ် ဖက်ရှင်လုပ်ငန်းကို လုပ်ကိုင်နေသူ အိုက်ဗန်ကာတစ်ယောက် ဖခင်၏ တာဝန်ထမ်းဆောင်မှုအတွင်း ပါဝင်လာမှုမှာ အကျိုးစီးပွား ထိပ်တိုက်တွေ့ဆုံနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။

    အိုက်ဗန်ကာကမူ ထိုပြောဆိုမှုများမှာ အခြေအမြစ်မရှိကြောင်း မိမိအနေဖြင့် ကျင့်ဝတ်များအတိုင်း၊ အစိုးရ၀န်ထမ်းတစ်ယောက်၏ ဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

    သူမနှင့် သူမ၏ခင်ပွန်း ကက်ရှ်နာတို့မှာ နိုင်ငံရေးနှင့် ပြည်သူ့ဆက်ဆံရေးတွင် အတွေ့အကြုံ လုံးဝမရှိ
    သူများဖြစ်သည်။

    Ref: Aljazeera

  • ကန်ရွေးကောက်ပွဲတွင် ရုရုားဝင်စွက်မှုကိစ္စအတွက် လူ ၂၀ ကို မေးမြန်းမည်

    ကန်ရွေးကောက်ပွဲတွင် ရုရုားဝင်စွက်မှုကိစ္စအတွက် လူ ၂၀ ကို မေးမြန်းမည်

    မတ် ၃၀၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားက ပါဝင်ပတ်သက်မှုရှိသည်ဆိုသည့် စွပ်စွဲချက်များအတွက် အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက လူ ၂၀ ကို တွေ့ဆုံမေးမြန်းမှုပြုလုပ်ရန် မေတ္တာရပ်ခံထားသည်ဟု သိရသည်။

    ကော်မတီဥက္ကဌ ရီပက်ဘလစ်ကန်အမတ် ရစ်ချက် ဘားရ်က ထရမ့်၏ သားမက် ဂျာရဒ် ကက်ရှ်နာမှာ ထို လူ ၂၀ တွင် ပါဝင်သည်ဟု ပြောကြားခဲ့သော်လည်း အခြားသူများကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ဘားရ်နှင့် ကော်မတီမှ ထိပ်တန်း ဒီမိုကရက်အမတ် မာ့ခ် ၀ါနာတို့က မိမိတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုတွင် နိုင်ငံရေးမ
    ပါဝင်အောင် ကိုင်တွယ်သွားမည်ဟု ဆိုသည်။

    အိမ်ဖြူတော်က သတင်းထုတ်ပြန်မှုတွင် ထရမ့်၏ အကြီးတန်းအကြံပေးဖြစ်သူ ကက်ရှ်နာက ရုရှား သံအမတ်၊ အခြားသော တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ပေးခဲ့မှုအတွက် မိမိသဘောဆန္ဒအလျောက် ကော်မတီသို့ ဖြေကြားသွားမည်ဟု ဆိုသည်။

    ကော်မတီဥက္ကဌ ဘာရ်းမှာ ရွေးကောက်ပွဲတွင်းက ထရမ့်၏ မဲဆွယ်မှုအဖွဲ့ လုံခြုံရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သောကြောင့် ယခုစုံစမ်းစစ်ဆေးမှုတွင် ၎င်းအပေါ် မယုံကြည်မှုများရှိနေသည်။

    ရွေးကောက်ပွဲတွင် ရုရှားက ပါဝင်စွက်ဖက်ခဲ့သည်လာဆိုနှင့်ပတ်သက်၍ အောက်လွှတ်တော်တွင်လည်း သီးခြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ထောက်လှမ်းရေးကော်မတီဥက္ကဌမှာ ထရမ့်နှင့် မဟာမိတ်ဖြစ်သည့် ဒီဗင် နူနက်စ်ဖြစ်ကာ ၎င်း၏ ကိုင်တွယ်မှုများကိုလည်း ဝေဖန်မှု ရှိနေသည်။

    Ref: Aljazeera

  • ထရမ့်၏ ကျန်းမာရေးဥပဒေကြမ်းကို ၎င်း၏ ပါတီဝင်များက အောက်လွှတ်တော်တွင် ပယ်ချ

    ထရမ့်၏ ကျန်းမာရေးဥပဒေကြမ်းကို ၎င်း၏ ပါတီဝင်များက အောက်လွှတ်တော်တွင် ပယ်ချ

    မတ် ၂၅၊ ၂၀၁၇
    M-Media

    – ‘အိုဘားမား ကျန်းမာရေးစောင့်ရှောက်မှု’ ဥပဒေကို ဖယ်ရှားကာ အစားထိုးရန်အတွက် ထရမ့်က တင်သွင်းသော ကျန်းမာရေးစောင့်ရှောက်မှု မူကြမ်းကို အောက်လွှတ်တော်ရှိ ရီပက်ဘလစ်ကန်အမတ်များက ယမန်နေ့တွင် ပယ်ချလိုက်သည်ဟု သိရသည်။

    အေက်လွှတ်တော် ဥက္ကဌ ပေါလ်ရိုင်ယန်ကမူ ထိုမူကြမ်းကို အတည်ပြုရန် လုံလောက်သည့်မဲ မရရှိသောကြောင့် ပယ်ချရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီ ထရမ့်ကလည်း လက်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။

    ကြာသာပတေးနေ့တွင် ထရမ့်က အဆိုပါ မူကြမ်းကို မဲပေးဆုံးဖြတ်ရန် အောက်လွှတ်တော်ကို တိုက်တွန်းခဲ့ပြီး ထိုကိစ္စ အဆင်မပြေပါက အခြားကိစ္စများကို ဆက်လုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ပယ်ချခံရပြီးနောက် အိမ်ဖြူတော်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထရမ့်က ဥပဒေကြမ်းကို အတည်ပြုရန် အလွန်နီးကပ်ခဲ့သော်လည်း ဒီမိုကရက်များကြောင့် ပျက်ပြယ်ခဲ့ရသည်ဟု အပြစ်တင်ခဲ့သည်။ သို့သော်လည်း အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ကို ရီပက်ဘလစ်ကန်များကသာ ထိန်းချုပ်ထားခြင်းဖြစ်သည်။

    ထို့ပြင် ရီပက်ဘလစ်ကန် ကွန်ဆာဗေးတစ်အဖွဲ့ဖြစ်သော House Freedom Caucus က ထိုမူကြမ်းကို လက်မခံမှုအတွက် အံ့သြစိတ်ပျက်ရသည်ဟု ထရမ့်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera