News @ M-Media

Tag: US

  • စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    နိုဝင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသားနှင့် သမ္မတ ဒေါ်နယ်ထရမ့်

    အာဖဂန်တပ်ရင်းတစ်ခုရှိ ဗလီတစ်လုံး သောကြာနေ့ ၀တ်ပြုနေစဉ် ဗုံးခွဲခံရ
    ====================
    အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ခို့စ်ပြည်နယ်အခြေစိုက် တပ်ရင်းတစ်ခုက ဗလီထဲမှာ မနေ့က သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဉ်အတွင်း ဗုံးခွဲမှုဖြစ်တာကြောင့် စစ်သား ၂၇ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဖဂန်စစ်တပ်က ပြောကြားခဲ့ပါတယ်။ အသေခံဗုံးခွဲတာလား အဝေထိန်းဗုံးခွဲတာလားဆိုတာနဲ့ ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကို သိရှိရခြင်း မရှိသေးပါဘူး။ အာဖဂန်မှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း IS အကြမ်းဖက်အဖွဲ့နဲ့ တာလီဘန်တို့ဟာ တိုက်ခိုက်မှုတွေကို နေရာအနှံ့ ပြုလုပ်လာခဲ့ပါတယ်။ အခုသီတင်းပတ်အစောပိုင်းကလည်း မြို့တော်ကဘူလ်းမှာပြုလုပ်တဲ့ တမန်တော်နေ့အခမ်းအနားမှာ အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အစ္စလာမ်ဘာသာရေးပညာရှင်တွေအပါအ၀င် လူ ၅၅ ဦး သေဆုံးကာ ၉၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ထရမ့်နှင့် ဆော်ဒီအစိုးရတို့ ပုဂ္ဂိုလ်ရေးပတ်သက်မှု ရှိ၊ မရှိ ကန်အောက်လွှတ်တော် စုံစမ်းမည်
    ================
    ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရတဲ့ကိစ္စမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဝေဖန်ခံနေရတဲ့ တုန့်ပြန်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး သွားမယ်လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီရဲ့ အကြီးအကဲဖြစ်လာတော့မယ့် သြဇာရှိ ဒီမိုကရက်တစ်အမတ် အဒမ် ရှစ်ဖ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ကာရှိုဂျီအသတ်ခံရမှုကို ဆော်ဒီအိမ်ရှေ့မင်းသားက အမိန့်ပေးတာဖြစ်တယ်လို့ စီအိုင်ကေက ကောက်ချက်ချထားပေမယ့် ထရမ့်က ဒါကို လက်မခံဘူးလို့ ဆိုပါတယ်။ ရှစ်ဖ်က သူတို့ကော်မတီဟာ ထရမ့်နဲ့ ဆော်ဒီအစိုးရတို့အကြား ပုဂ္ဂိုလ်ရေးဆက်သွယ်မှု ရှိလားဆိုတဲ့ ကိစ္စအပြင် ယီမင်စစ်ပွဲ၊ ဆော်ဒီက ဝေဖန်သူတွေ၊ စာနယ်ဇင်းတွေကို ဖိနှိပ်တဲ့ ကိစ္စတွေကိုလည်း စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အခုလအစောပိုင်း လွှတ်တော်အမတ်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ကို ဒီမိုကရက်တွေက အုပ်စီးထားနိုင်တဲ့အတွက် ထရမ့်ရဲ့လုပ်ရပ်တွေကို အောက်လွှတ်တော်က ပိုပြီးတော့ စောင့်ကြည့်ထိန်းချုပ်လာမှာ ဖြစ်ပါတယ်။

    အစ္စရေးမှာ ဒေသအတွက် ကင်ဆာအကြိတ်ဟု အီရန်သမ္မတပြော
    ================
    အစ္စရေးဟာ အရှေ့အလယ်ပိုင်းရဲ့ ကင်ဆာအကြိတ်ဖြစ်ပြီး အနောက်နိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် အစ္စရေးကို ဖန်တီးပေးထားတာ ဖြစ်တယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ အီရန်နဲ့ အစ္စရေးတို့ဟာ အပြန်အလှန် ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လေ့ရှိပြီး လက်ဘနွန်က ဟစ်ဇ်ဘိုလာနဲ့ ပါလက်စတိုင်းက ဟားမက်စ်အဖွဲ့တွေကို အီရန်က ထောက်ပံ့ပေးနေတယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။ ရူဟာနီက ဒုတိယကမ္ဘာစစ်ရဲ့ ဆိုးကျိုးတွေထဲကတစ်ခုဟာ အရှေ့အလယ်ပိုင်းမှာ အစ္စရေးနိုင်ငံ ပေါ်ထွက်လာတာဖြစ်ကြောင်း၊ အမေရိကန်ဟာ မွတ်စလင်တွေနိုင်ငံတွေကို အသုံးချပြီး အစ္စရေးကို ကာကွယ်ပေးဖို့ ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီရတ်က တိုင်းပြည်ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည်
    ==================
    စစ်ပွဲတွေကြောင့် ချုံးချုံးကျနေတဲ့နိုင်ငံကို ပြန်လည်ထူထောင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမယ်လို့ အီရတ်သမ္မတ ဘာရ်ဟမ် ဆာလီဟ်က ပြောကြားလိုက်ပါတယ်။ ၂၀၀၃ ခုနှစ် အမေရိကန်ရဲ့ ကျူးကျော်စစ်နောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ IS အကြမ်းဖက်အဖွဲ့က နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကို သိမ်းပိုက်ခဲ့ပြီး အီရတ်နိုင်ငံရဲ့ စစ်မီးဟာ ပိုမိုတောက်လောင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအရောက်မှာ အီရတ်စစ်တပ်က IS သိမ်းထားတဲ့ နယ်မြေတွေကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ဆာလီဟ်က အခုဖွဲ့စည်းမယ့် ကော်မတီဟာ နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ၊ အလှူရှင်တွေ လာရောက်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

    Ref: Aljazeera, Arab News

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၂၂၊ ၂၀၁၈
    M-Media

    ကယ်လီဖိုးနီးယား တောမီး

    ကာရှုဂျီအသတ်ခံမှု အိမ်ရှေ့မင်းသားနှင့် မပတ်သက်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးပြော
    ===================
    ဆော်ဒီဂျာနယ်လစ် ဂျမားလ်ကာရှိုဂျီ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံရမှုဟာ မတော်တဆ ဖြစ်ရပ်သာဖြစ်ပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ကြိုးကိုင်တယ်ဆိုတဲ့ ပြောကြားမှုတွေဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘိုင်းရ် မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ထောက်လှမ်းရေး စီအိုင်အေက ကာရှိုဂျီကို သတ်ဖို့ ဘင် ဆလ်မန်က အမိန့်ပေးတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားတာပါ။ ဒီကိစ္စကြောင့် ဘင်ဆလ်မန်ကို ထီးနန်းမလွှဲရေး ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းက စီစဉ်နေတယ်ဆိုပြီး ရိုက်တာသတင်းဌာနက အခုသီတင်းပတ်အစောပိုင်းမှာ ဖော်ပြခဲ့ပြီး ဒီသတင်းကိုလည်း ဂျူဘိုင်းရ်က ပယ်ချခဲ့ပါတယ်။

    တောမီးကြောင့် အိုးအိမ်စွန့်ခွာရသည့် အမေရိကန်ပြည်သူများ မိုးကြီးမှုဒဏ်ကို ထပ်မံခံစားနေရ
    ===================
    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်သူတွေဟာ မိုးသည်းထန်စွာရွာသွန်းပြီး စိုစွတ်မှုဒဏ်ကို ထပ်မံခံစားနေရပါတယ်။ ပြည်နယ်သမိုင်းတစ်လျှောက် အဆိုးဆုံးဖြစ်တဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၃ ဦးအထိ ရှိခဲ့ပြီး ၅၆၀ လောက် ပျောက်ဆုံးနေပါတယ်။ ဆက်လက်လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမားတွေက ကြိုးစားငြှိမ်းသက်နေရပြီး သေဆုံးသူထပ်မရှိနိုင်တော့ပေမယ့် အိုးအိမ်စွန့်ခွာရသူတွေ ထပ်တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို အဆင့်လျှော့ချ ပြုလုပ်
    =================
    အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်နေတဲ့ Foal Eagle စစ်ဆင်ရေးကို မူလစီစဉ်ထားတဲ့ ပမာဏကနေ မြောက်ကိုရီးယားနဲ့ သံခင်တမန်ခင်း မထိထိုက်စေတဲ့ ပမာဏအထိ လျှော့ချပြုလုပ်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ လာမယ့်နှစ် နှစ်ဆန်းပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတာပါ။ ခေါင်းဆောင်နှစ်ဦးဟာ ဇွန်လက တွေ့ဆုံကာ နျူကင်းစင်ရေးကိစ္စ ဆွေးနွေးခဲ့ပေမယ့်လည်း ထင်သာမြင်သာတဲ့ တိုးတက်မှုမျိုး မရသေးပါဘူး။ အမေရိကန်ဟာ နျူကင်းစင်ရေးဆောင်ရွက်ပြီးမှ ပိတ်ဆို့မှုအားလုံး ဖယ်ရှားလိုတဲ့ဆန္ဒ ရှိနေပြီး မြောက်ကိုရီးယားက ဒီအချက်ကို လက်မခံပါဘူး။

    Ref: Aljazeera

  • ကယ်လီဖိုးနီးယားတောမီး ပျောက်ဆုံးသူ တစ်ထောင်ကျော်လာ

    ကယ်လီဖိုးနီးယားတောမီး ပျောက်ဆုံးသူ တစ်ထောင်ကျော်လာ

    နိုဝင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    မီးလောင်မှုပြမြေပုံ

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝှမ်း ပြီးခဲ့တဲ့တစ်ပတ်က စတင်ခဲ့တဲ့ တောမီး အကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ပျောက်ဆုံးသူအရေအတွက်ဟာ တစ်ထောင်ကျော်လာခဲ့ပြီလို့ ပြည်နယ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    တောမီးလောင်ကျွမ်းနေတာ ၈ ရက်မြောက် ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာ သောကြာနေ့က ၆၃ ဦး ရှိရာကနေ စနေနေ့မှာ ၇၁ ဦးအထိ တက်လာခဲ့ပါတယ်။ ပျောက်ဆုံးနေတယ်လို့ စာရင်းပေးသူအရေအတွက်က သိသိသာသာ တက်လာခဲ့ပြီး သောကြာနေ့က ၆၃၁ ဦး ရှိလာရာကနေ စနေနေ့မှာ ၁၀၁၁ ဦးအထိ မြင့်တက်ခဲ့ပါတယ်။

    ပျောက်ဆုံးစာရင်းမှာ နာမည်ထပ်တာတွေရှိနိုင်သလို၊ ဘေးကင်းတဲ့သူတွေလည်း ရှိနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    အခုလောင်ကျွမ်းနေတဲ့ တောမီးဟာ ကယ်လီဖိုးနီးယားပြည်နယ် သမိုင်းတစ်လျှောက်မှာ အဆိုးဝါးဆုံး လောင်ကျွမ်းမှုဖြစ်ပြီး လူပေါင်း ၂၇၀၀၀ လောက်နေထိုင်တဲ့ ပါရာဒိုက်ဇ်မြို့က ဒေသအများစုအပါအ၀င် မြေဧက ၁၄၂၀၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

    မီးဘေးကြောင့် လူ ၄၇၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။

    ပြည်နယ်အာဏာပိုင်တွေက မီးအကြီးအကျယ်လောင်နေတဲ့ ကမ့်ဖိုင်းယားဒေသမှာ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန်တဲ့တစ်ဝက်ကိုတော့ အခုလကုန်ပိုင်းအထိ ဆက်လက်ငြှိမ်းသက်ရအုံးမယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်နယ်က အခြားဒေသတွေမှာလည်း မီးငြိမ်းဖို့အတွက် ရုန်းကန်နေရပါတယ်။

    မီးဘေးဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရတဲ့နေရာက ပါရာဒိုက်ဇ်မြို့ဖြစ်ပြီး ပြည်လည်တည်ဆောက်ဖို့အတွက် နှစ်ပေါင်းများစွာ ကြာလိမ့်မယ်လို့ ဆိုပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းကို အတည်မပြုနိုင်သေးဘဲ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

    Ref: BBC

  • ကြာသာပတေးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    ဖိလစ်ပိုင်မှသိမ်းထားသည့် ခေါင်းလောင်း ၂ လုံး

    အစ္စရေးကာကွယ်ရေးဝန်ကြီးနှုတ်ထွက်မှု မိမိတို့အောင်ပွဲဟု ဟားမက်စ်ပြော
    =================
    အစ္စရေးကာကွယ်ရေးဝန်ကြီး အာဗစ်ဒေါရ် လီဘာမန် နှုတ်ထွက်သွားမှုဟာ မိမိတို့ရဲ့ နိုင်ငံရေးအောင်ပွဲဖြစ်တယ်လို့ ဂါဇာကမ်းမြှောင်အခြေစိုက် ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်က ပြောကြားလိုက်ပါတယ်။ အခုသီတင်းပတ်အစောပိုင်း အစ္စရေးက ဂါဇာကမ်းမြှောင်မှာ အရပ်သားအသွင်ယူ ကွန်မန်ဒိုတွေစေလွှတ်ကာ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ဟားမက်စ်နဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်ရဲ့ကြားဝင်ပေးမှုနဲ့ အင်္ဂါနေ့မှာ အစ္စရေး-ဟားမက်စ် အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ လီဘာမန်က အဲဒီသဘောတူညီချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာမီ အဘူဇူဟ်ရီက လီဘာမန်နှုတ်ထွက်မှုဟာ ပါလက်စတိုင်းတော်လှန်ရေးကို ရင်မဆိုင်နိုင်ကြောင်း ၀န်ခံမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်ပွဲတွင်သိမ်းထားသည့် ခေါင်းလောင်း ၃ လုံးကို အမေရိကန်က ဖိလစ်ပိုင်ကို ပြန်ပေးမည်
    ===============
    အမေရိကန်-ဖိလစ်ပိုင်စစ်ပွဲအတွင်း ၁၉၀၁ ခုနှစ် တိုက်ပွဲက သိမ်းယူခဲ့တဲ့ ဘုရားကျောင်းသုံး ခေါင်းလောင်း ၃ ခုကို လာမယ့် ဒီဇင်ဘာလ အစောဆုံးထားပြီး
    ဖိလစ်ပိုင်ကို ပြန်ပေးတော့မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ဟာ အဲဒီခေါင်းလောင်းတွေကို စစ်ပွဲလက်ရပစ္စည်းတစ်ခု သတ်မှတ်ထားပြီး ယိုမင်းပြည်နယ်မှာ ၂ လုံး၊ တောင်ကိုရိးယားက အမေရိကန်စစ်သမိုင်းပြတိုက်မှာတစ်ခု ပြသထားတာပါ။ ဖိလစ်ပိုင်ဘက်ကလည်း ခေါင်းလောင်းပြန်ရရေးအတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာ တောင်းဆိုခဲ့ပါတယ်။ ဒါတွေကိုပြန်ပေးဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို စစ်ပြန်တစ်ချို့က ကန့်ကွက်နေကြပါတယ်။

    မဟာမိတ်များမှာ ငွေဝယ်ကျွန်မဟုတ်ဟု ထရမ့်ကို ပြင်သစ်သမ္မတပြော
    ================
    မဟာမိတ်ဖြစ်တဲ့ မိမိတို့ကို အမေရိကန်က လေးလေးစားစား ဆက်ဆံသင့်ပြီး မိမိတို့ဟာ ငွေဝယ်ကျွန်မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ပထမကမ္ဘာစစ် အောက်မေ့ဖွယ်အခမ်းအနားအတွက် ပြင်သစ်ကို ရောက်လာတဲ့ထရမ့်ကို မာခရွန်က ဥရောပတပ်ပေါင်းစုဖွဲ့ရေး ပြောဆိုခဲ့ပြီးတဲ့နောက် ထရမ့်က ပြင်သစ်ဟာ ကမ္ဘာစစ်နှစ်ခုမှာ ဂျာမနီကို ရှုံးနိမ့်မယ်ဆဲဆဲ မိမိတို့က ကယ်တင်ခဲ့တာဖြစ်တယ်လို့ Twitter စာမျက်နှာမှာ စကားနာထိုးခဲ့ပါတယ်။ မာခရွန်က ထရမ့်ဟာ ပြည်တွင်းမှာ နိုင်ငံရေးကစားဖို့ ဒီလိုတွေ ပြောဆိုနေတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ မာခရွန်ဟာ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ကို ရင်ဆိုင်နိုင်ရေး ဥရောပတပ်ပေါင်းစုဖွဲ့စည်းဖို့ အားထုတ်ကြိုးပမ်းနေပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၄၊ ၂၀၁၈
    M-Media

    ကယ်လီဖိုးနီးယား မီးလောင်မှုမြင်ကွင်း

    သမ္မတခန့်အပ်သည့် ၀န်ကြီးချုပ်နှင့် အစိုးရသစ်ကို သီရိလင်္ကာလွှတ်တော် လက်မခံ
    ====================
    သမ္မတ မိုင်သရီပါလာ ဆရီဆီနာ အောက်တိုဘာ ၂၆ ရက်နေ့က ခန့်အပ်ခဲ့တဲ့ ၀န်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာနဲ့ သူ့အစိုးရကို အယုံအကြည်မရှိဘူးလို့ သီရိလင်္ကာလွှတ်တော်က ဒီကနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ဆရီဆီနာဟာ ၀န်ကြီးချုပ် ရာနီးလ်ဝစ္စကီမီဆင်ဟီနေရာကို ရာဂျာပက်ဆာနဲ့ အစားထိုးခဲ့တာဖြစ်ပြီး အခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သမ္မတက လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲလုပ်မယ်လို့ ကြေငြာခဲ့ပေမယ့် တရားရုံးချုပ်က ဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပါတယ်။ လွှတ်တော်မှာ ရာနီးလ်ရဲ့ပါတီက အများစုဖြစ်ပေမယ့် ၀န်ကြီးချုပ်သစ်ခန့်အပ်နိုင်တဲ့ အာဏာဟာ သမ္မတ ဆရီဆီနာမှာ ရှိနေတာဖြစ်ပါတယ်။ လက်ရှိအနေအထားကြောင့် သီရိလင်္ကာရဲ့ နိုင်ငံရေးအကြပ်အတည်းဟာ ပိုမို ပြင်းထန်လာဖွယ် ရှိနေပါတယ်။

    ကယ်လီဖိုးနီးယားမီးလောင်မှုကြောင့် သေဆုံးသူ ၅၀ နိးပါးရှိလာ
    ====================
    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်မှုကြောင့် သေဆုံးအရေအတွက်ဟာ မနေ့ကအထိ ၄၈ ဦး ရှိလာခဲ့ပြီး ပြည်နယ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး တောမီးလောင်မှုလည်း ဖြစ်ပါတယ်။ တောမီးလောင်မှုဟာ ၆ ရက်တာ ကြာမြင့်လာပြီဖြစ်ပြီး လူပေါင်း ၂၇၀၀၀ ထောင်လောက်နေထိုင်တဲ့ ပါရာဒိုက်စ်မြို့က နေအိမ်အများအပြားအပါအ၀င် အဆောက်အဦးပေါင်း ၇၀၀၀ ကျော်လောက် မီးလောင်ပျက်ဆီးခဲ့ပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သိန်းနဲ့ချီ ရှိနေပြီး ပျောက်ဆုံးတယ်လို့ စာရင်းပေးထားသူအရေအတွက် ၂၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်နယ်သစ်တောရေးရာဌာနရဲ့ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် ဒီလိုဖြစ်ရတာလို့ အပြစ်တင်ထားပါတယ်။

    ဒီဘောက်တီဆိပ်ကမ်းတစ်ခုကို တရုတ်သိမ်းမည့်အရေး ကန်လွှတ်တော်အမတ်များ သတိပေး
    ===============
    အာဖရိက ဒီဘောက်တီနိုင်ငံက Doraleh Container Terminal ဆိပ်ကမ်းကို တရုတ်က ထိန်းချုပ်ခွင့်ရသွားရင် အရှေ့အာဖရိကမှာ တရုတ်က နိုင်ငံရေးနဲ့ စစ်ရေးလွှမ်းမိုးမှု ပိုမိုအားကောင်းလာနိုင်တယ်လို့ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ်နှစ်ဦးက နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုနဲ့ ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်တို့ကို ပေးပို့တဲ့စာမှာ သတိပေးလိုက်ပါတယ်။ အဲဒီဆိပ်ကမ်းကို အရင်က ယူအေအီးနိုင်ငံက လုပ်ကိုင်နေတာဖြစ်ပြီး ဖေဖော်ဝါရီမှာ ဒီဘောက်တီက စာချုပ်ဖျက်သိမ်းကာ၊ စက်တင်ဘာမှာ ပြည်သူပိုင်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဒီဘောက်တီနိုင်ငံဟာ တရုတ်ရဲ့ အကြွေးနွံထဲ နစ်နေတဲ့အတွက် ဒီဆိပ်ကမ်းကို တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခုထံ ထိုးအပ်ဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီဘောက်တီမှာ တရုတ်ရဲ့ ပထမဆုံး နိုင်ငံခြား စစ်အခြေစိုက်စခန်းကို ပြီးခဲ့တဲ့နှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

    Ref: Aljazeera