News @ M-Media

Tag: US

  • အမေရိကန်တွင် လူဖြူအစွန်းရောက်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူ စံချိန်တင်မြင့်တက်

    အမေရိကန်တွင် လူဖြူအစွန်းရောက်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူ စံချိန်တင်မြင့်တက်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၉
    M-Media

    ပစ္စဘာ့ဂ်မြို့ ဂျူးဘုရားကျောင်း ပစ်ခတ်ခံရမှု ၀မ်းနည်းဖွယ် မြင်ကွင်း

    – အမေရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း လူဖြူအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၄ နှစ်အတွင်း အမြင့်ဆုံးကို ရောက်လာတယ်လို့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့ Anti-Defamation League (ADL) က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။

    အောက်တိုဘာလက ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဂျူးဘုရားကျောင်းမှာ ဖြစ်ပွားခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုအပါအ၀င် ၂၀၁၈ ခုနှစ်အတွင်း လူဖြူအစွန်းရောက်တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၅၀ ရှိပါတယ်။ အဲဒီအထဲက ၄၂ ဦးဟာ သေနတ်တွေနဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒီအရေအတွက်ဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း လူဖြူအစွန်းရောက်တွေရဲ့ အမုန်းဆောင်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အများဆုံးပမာဏလည်း ဖြစ်ပါတယ်။ ADL ဟာ ၁၉၇၀ ပြည့်နှစ်ကနေ စတင်ကာ အမေရိကန်နိုင်ငံမှာရှိတဲ့ အစွန်းရောက်အဖွဲ့တွေအကြောင်း စစ်တမ်းကောက်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ဟာ စစ်တမ်းတစ်လျှောက် သေဆုံးမှု စတုတ္ထမြောက်အများဆုံးနှစ် ဖြစ်ပါတယ်။

    “ပစ္စဘတ်မှာ ဖြစ်ပွားခဲ့တဲ့ လူဖြူအစွန်းရောက် တိုက်ခိုက်မှုဟာ အမုန်းစကားတွေရဲ့ ကြောက်မက်ဖွယ် ရလဒ်တွေအကြောင်း လူတိုင်းကို သတိပေးနေတာမျိုးပါ။ အခုအချိန်ဟာ ဒီခြိမ်းခြောက်မှုရဲ့ အတိမ်အနက်ကို နိုင်ငံရဲ့ ခေါင်းဆောင်တွေက အလေးအနက်ထားပြီး လက်ယာအစွန်းရောက်ဝါဒ ထကြွမှု ပြဿနာကို ဖြေရှင်းရေး အာရုံစိုက်လုပ်ဆောင်ရမယ့် အချိန်ပါပဲ” လို့ ADL ရဲ့ စီအီးအို ဂျိုနသန် ဂရင်းဘလက်က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အမုန်းဆောင်မှု အသစ်

    ၂၀၁၈ ခုနှစ်အတွက် ADL က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အမုန်းဆောင်တိုက်ခိုက်မှု အသစ်တစ်မျိုး ပါဝင်လာပြီး အဲဒါကတော့ မဟာဖိုဝါဒကို အခြေခံတဲ့ ‘Incel လှုပ်ရှားမှု’ ဖြစ်ပါတယ်။

    လူဖြူယောင်္ကျားတွေ ဖွဲ့စည်းထားတဲ့ အဲဒီလှုပ်ရှားမှုဟာ မိမိတို့ရဲ့ အချစ်ရေးကံမကောင်းတာ မိန်းမတွေရဲ့အပြစ်ကြောင့်လို့ ခံယူပြီး အမျိုသမီးတွေကို တိုက်ခိုက်တာ ဖြစ်ပါတယ်။

    ဒီလိုတိုက်ခိုက်မှုမျိုး ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ဖလော်ရီဒါပြည်နယ် တာလာဟက်ဆီမြို့က ယောဂစင်တာတစ်ခုမှာ ဖြစ်ပွားခဲ့ပြီး အသက် ၆၁ နှစ်အရွယ် အဘွားအိုနဲ့ အသက် ၂၁ နှစအရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    တိုက်ခိုက်မှုကိုကျူးလွန်တဲ့ သေနတ်သမား စကော့ ပေါလ် ဘီယာလီဟာ အမျိုးသမီးတွေကို မုန်းတီးသူဖြစ်ပြီး အထူးသဖြင့် တစ်ခြားလူမျိုးတွေနဲ့ ချစ်ကျွမ်းဝင်ထား၊ လက်ထပ်ထားတဲ့ လူဖြူအမျိုးသမီးတွေကို ပစ်မှတ်ထားသူပါ။ အဲဒီအမျိုးသမီးတွေဟာ အမျိုးမစောင့်ဘူးလို့ ဘီယာလီက ပြစ်တင်ပြောဆိုလေ့ ရှိပါတယ်။

    အထင်ကရ တိုက်ခိုက်မှုများ

    ၂၀၁၈ ခုနှစ်အတွင် အမေရိကန်မှာ လူဖြူအစွန်းရောက်တွေဟာ တိုက်ခိုက်မှု တော်တော်များများ ပြုလုပ်ခဲ့ကြပါတယ်

    ဇန်န၀ါရီလ ၂ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ နာဇီလက်သစ်အဖွဲ့ Atomwaffen Division ရဲ့ အဖွဲ့ဝင် ဆမ်မြူယဲလ် ၀ုဒ်ဝါ့ဒ်က ဂျူးလူမျိုး လိင်တူချစ်သူ အတန်းဖော်ဟောင်းတစ်ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။

    ဖလော်ရီဒါပြည်နယ် ပါ့ခ်လန်းက အထက်တန်းကျောင်းမှာ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း ၁၇ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီပစ်ခတ်မှုကို နီကိုလက်စ်ခရုဇ်ဆိုသူက ကျူးလွန်တာ ဖြစ်ပါတယ်။

    အောက်တိုဘာလမှာ လူဖြူအမျိုးသားရေးဝါဒီ ရောဘတ် ဘောင်ဝါကဟာ ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဂျူးဘုရားကျောင်းကို သေနတ်နဲ့ ၀င်ပစ်ခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့ပါတယ်။

    ဒီလို အမုန်းဆောင်တိုက်ခိုက်မှုတွေ မြင့်တက်လာရတာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမုန်းတရားတွေကို လှုံ့ဆော်ပေးနေလို့ ဖြစ်တယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ထရမ့်ကတော့ ဒီစွပ်စွဲချက်ကို ပယ်ချခဲ့ပါတယ်။

    အမေရိကန်ထောက်လှမ်းရေးအဖွဲ့ FBI က ၂၀၁၇ ခုနှစ်အတွင်း အမုန်းဆောင် ရာဇ၀တ်မှုဟာ ၁၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၁၀ စုနှစ်တစ်ခုကျော်အတွင်း အမြင့်ဆုံး မြင့်တက်လာမှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • မွတ်စလင်ရပ်ကွက်ကို အကြမ်းဖက်ရန်ကြံစည်သည့် လူ ၄ ဦးကို အမေရိကန် ဖမ်းဆီး

    မွတ်စလင်ရပ်ကွက်ကို အကြမ်းဖက်ရန်ကြံစည်သည့် လူ ၄ ဦးကို အမေရိကန် ဖမ်းဆီး

    ဇန်န၀ါရီ ၂၃၊ ၂၀၁၉
    M-Media

    – နယူးယောက်မြို့အထက်ပိုင်းက အစ္စလာမ်ဘာသာဝင်အများစု နေထိုင်တဲ့ ရပ်ကွပ်တစ်ခုကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြုံစည်မှုနဲ့ အမျိုးသား ၄ ဦးကို အမေရိကန်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးလိုက်ပါတယ်။

    ဖမ်းဆီးခံရသူ ၄ ဦးဟာ အသက် ၂၀၊ ၁၉၊ ၁၈ နှစ်နဲ့ ၁၆ နှစ်အရွယ်တွေဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် လူငယ်ဟာ သေနတ် ၂၃ လက် ပိုင်ဆိုင်ထားပါတယ်။ ရဲတပ်ဖွဲ့က သူတို့ ၄ ဦးကို အန္တရာယ်ရှိစေတဲ့ လက်နက်တွေ လက်ဝယ်ထားရှိမှု စွဲချက် ၃ ခု၊ ပူးပေါင်း ကြံစည်မှု စွဲချက်တစ်ခုနဲ့ တရားစွဲဆိုထားပါတယ်။

    သူတို့ ၄ ဦးဟာ နယူးယောက်မြို့ အထက်ပိုင်းက အစ္စလာမ်ဘာ့ဂ် ရပ်ကွက်ကို တိုက်ခိုက်ဖို့ ကြံစည်ထားတာဖြစ်ပြီး အဲဒီနေရာနဲ့ သိပ်မဝေးတဲ့ အထက်တန်းကျောင်းမှာ ကျောင်းသားတစ်ဦးက သူ့သူငယ်ချင်းကို တိုက်ခိုက်မှုကိစ္စ ပြောပြရာကနေ ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    အစ္စလာမ့်ဘာ့ဂ်ရပ်ကွက်ဟာ တောင်တန်းတွေပေါ်မှာ တည်ရှိတဲ့ ရပ်ကွက်ငယ်လေးတစ်ခုဖြစ်ပြီး ပါကစ္စတန် အစ္စလာမ်ဓမ္မဆရာ ရှိခ် မူဘာရစ် ဂီလာနီက ၁၉၈၀ ပြည့်နှစ်တွေမှာ စတင် တည်ထောင်ခဲ့တာပါ။ လက်ရှိမှာ အစ္စလာမ်ဘာသာဝင် ရာနဲ့ချီ နေထိုင်နေပြီး အများစုက လူမည်းတွေဖြစ်ပါတယ်။

    ဂီလာနီ စတင်တည်ထောင်ကတည်းက အစ္စလာမ်ဘာ့ဂ်ရပ်ကွက်ကို အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒတွေနဲ့ ချိတ်ဆက် ပြောဆိုမှုတွေ ရှိခဲ့ပြီး အရင်ကလည်း လူဖြူအစွန်းရောက်တွေက အကြမ်းဖက်ဖို့ ကြံစည်ဖူးပါတယ်။

    အစ္စလာမ်ဘာ့ဂ်ရပ်ကွက်ထဲက ဗလီကို မီးရှို့ပြီး၊ ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် လူစုခဲ့တဲ့ တက်နက်ဆီပြည်နယ်သား တစ်ဦးကို ၂၀၁၅ ခုနှစ်မှာ အမေရိကန်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

    ဂီလာနီတည်ထောင်ထားတဲ့ ‘အမေရိကန် မွတ်စလင်အဖွဲ့’ ဟာ လက်ရှိ အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ‘ဂျမာအသ် အွလ်-ဖွတ်က္ကရာ’ နဲ့ ဆက်စပ်မှုရှိတယ်လို့ သတင်းတွေ ထွက်ပေမယ့် ခိုင်မာတဲ့ သက်သေအထောက်အထားမျိုးတော့ မထွက်လာပါဘူး။

    ဒေသတွင်း ရဲတပ်ဖွဲ့က သူတို့ဟာ အစ္စလာမ်ဘာ့ဂ်က ပြည်သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ဂီလာနီ သက်ရှိထင်ရှား ရှိခဲ့တဲ့ သမိုင်းတစ်လျှောက်မှာလည်း အကြမ်းဖက်အဖြစ် စိုးရိမ်ရတဲ့လက္ခဏာမျိုးကို မတွေ့ခဲ့ရဘူးလို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: RT

  • အမေရိကန်လေဆိပ်တစ်ခုကို လက်ဝှေ့ကျော် မိုဟာမက်အလီ၏အမည် ဂုဏ်ပြုမှည့်ခေါ်မည်

    အမေရိကန်လေဆိပ်တစ်ခုကို လက်ဝှေ့ကျော် မိုဟာမက်အလီ၏အမည် ဂုဏ်ပြုမှည့်ခေါ်မည်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၉
    M-Media

    – အမေရိကန်ပြည်ထောင်စု ကန်တက်ကီပြည်နယ် လူးဝစ်ဗီလီမြို့က လေဆိပ်ကို ကမ္ဘာကျော် ဘောက်ဆာသမား မိုဟာမက် အလီရဲ့အမည် ဂုဏ်ပြုမှည့်ခေါ်သွားမယ်လို့ သိရပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ မိုဟာမက်အလီဟာ ကန်တက်ကီပြည်နယ်ဇာတိဖြစ်ပြီး သူ့ရဲ့ အသက် ၇၇ နှစ်ပြည့်မယ့်ရက် မတိုင်မီ ဒီကြေငြာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    လူးဝစ်ဗီလီမြို့တော်ဝန် ဂရဂ်ျ ဖစ်ချာက အလီဟာ ကမ္ဘာတစ်ဝှမ်း ဘီလီယံနဲ့ချီတဲ့ပြည်သူတွေ လေးစားအားကျရသူတစ်ဦး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မိုဟာမက်အလီကိုဂုဏ်ပြုတဲ့ ‘I’m Ali’ ပွဲတော်ကို လာမယ့်ဇွန်လအတွင်း ကန်တက်ကီပြည်နယ်မှာ ကျင်းပဖို့ ရှိနေပြီး လူးဝစ်ဗီလီ နိုင်ငံတကာလေဆိပ်ကို ‘မိုဟာမက်အလီ နိုင်ငံတကာလေဆိပ်’ အဖြစ်အဲဒီပွဲတော်မှာ အမည်ပြောင်းသွားမှာ ဖြစ်ပါတယ်။

    “မိုဟာမက်အလီဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမယ့် သူ့ဇာတိကတော့ တစ်ခုတည်းပါ။ ကံကောင်းတာက ဒီဇာတိက ကျွန်တော်တို့ရဲ့ လူးဝစ်ဗီလီဖြစ်နေတာပါပဲ။ မိုဟာမက်အလီဟာ ကမ္ဘာပေါ်က အကျော်ကြားဆုံးထဲက တစ်ယောက်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ဘီလီယံနဲ့ချီတဲ့သူတွေ လေးစားအတုယူရမယ့် လူသားချင်းစာနာမှု၊ အားကစားစိတ်ဓာတ်ပြည့်ဝမှုဆိုတဲ့ အမွေအနှစ်တွေကို ချန်ရစ်ခဲ့ပါတယ်” လို့ ဖစ်ချာ ပြောခဲ့ပါတယ်။

    “မြို့အနေနဲ့ ချန်ပီယံတစ်ယောက်ရဲ့ အမွေအနှစ်ကို ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။ လေဆိပ်ကို နာမည်ပေးတာဟာ ထူးခြားတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်”

    မိုဟာမက်အလီရဲ့အမည်ကို အသုံးပြုခွင့်ရရေး လေဆိပ်တာဝန်ရှိသူတွေဟာ အလီရဲ့ မိသားစုထံကနေ ခွင့်ပြုချက် တောင်းခံနေပါတယ်။

    “သဘောတူညီချက်ရဖို့ ၉၉ ရာခိုင်နှုန်း သေချာနေပြီလို့ ကျွန်တော်ထင်ပါတယ်။ နောက်ထပ် တစ်ပတ်၊ နှစ်ပတ်လောက်မှာ ဒီကိစ္စကို အပြီးသတ်နိုင်မှာပါ” လို့ လူးဝစ်ဗီလီလေဆိပ် အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဒန်မန်းက ပြောကြားခဲ့ပါတယ်။

    The Greatest လို့ ကျော်ကြားတဲ့ အလီဟာ ၂၀ ရာစုရဲ့ အကျော်ကြားဆုံး အားကစားသမားတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့ဘောက်ဆင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေထဲမှာလည်း ပါဝင်ပါတယ်။

    အလီဟာ အမေရိကန်နိုင်ငံက အာဖရိကန်နွယ်ဖွားတွေ တန်းတူအခွင့်အရေး ရဖို့အတွက် ဦးဆောင်ဦးရွက်ပြုခဲ့သလို၊ ပရဟိတလုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Khaleej Times

  • ပူတင်နှင့်တွေ့ဆုံမှုကို ထရမ့် ထိန်ချန်ထား၊ အမျိုးသားလုံခြုံရေး အန္တရာယ်ကောင်အဖြစ် FBI က ထရမ့်ကို စုံစမ်း

    ပူတင်နှင့်တွေ့ဆုံမှုကို ထရမ့် ထိန်ချန်ထား၊ အမျိုးသားလုံခြုံရေး အန္တရာယ်ကောင်အဖြစ် FBI က ထရမ့်ကို စုံစမ်း

    ဇန်န၀ါရီ ၁၃၊ ၂၀၁၉
    M-Media

    – ၂၀၁၇ ခုနှစ် ဇူလိုင်လက ရုရှားသမ္မတ ပူတင်နဲ့တွ့ဆုံစဉ်အတွင်း ပြောကြားမှုအသေးစိတ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိန်ချန်ခဲ့တယ်လို့ ၀ါရှန်တန်ပို့စ်သတင်းစာက ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။

    အိမ်ဖြူတော်မှာ အရင်က တာဝန်ထမ်းဆောင်သူတွေ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသူတွေရဲ့ ပြောကြားမှုကို ကိုကားကာ ဒီလိုဖော်ပြလိုက်တာ ဖြစ်ပါတယ်။

    ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ ထရမ့်နဲ့ ပူတင်တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ရက်စ်တီလာဆန်လည်း ပါဝင်ပါတယ်။ တွေ့ဆုံပွဲအပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆွေးနွေးပွဲအချက်အလက် ရယူရာမှာ ထရမ့်က ပြောဆိုမှုတွေကို ထိန်ချန်ထားဖို့ ရုရှားဘာသာပြန်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

    အိမ်ဖြူတော်အကြံပေးနဲ့ အမေရိကန်အစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဦးက နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ထံကနေ ဆွေးနွေးပွဲအကြောင်း မှတ်တမ်းရယူပြီးတဲ့နောက် ရုရှားဘာသာပြန်ထံကနေ အချက်အလက်တောင်းခံရာမှာ ဒီကိစ္စကို သိရှိခဲ့ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ပြန်ပြောခဲ့တယ်လို့ ၀ါရှင်တန်ပို့စ်က ဖော်ပြပါတယ်။

    ထရမ့်ကတော့ ဒီဖော်ပြချက်တွေကို ငြင်းဆိုခဲ့ပြီး အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး တီလာဆန်ဟာ ဆွေးနွေးပွဲ ပြီးပြီးချင်းမှာပဲ အချက်အလက်အပြည့်အစုံ ပေးအပ်ခဲ့တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    FBI က စုံစမ်း

    ၂၀၁၇ ခုနှစ် မေလမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ FBI အကြီးအကဲ ဂျိမ်းစ်ကိုမေးကို ထရမ့်က ထုတ်ပယ်ခဲ့ပြီးတဲ့နောက် FBI တာဝန်ရှိသူတွေက ထရမ့်ကို သံသယဖြစ်လာကာ တန်ပြန် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ လွန်ခဲ့တဲ့ ၂ ရက်အရင်က နယူးယောက်တိုင်းမ်စ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

    ထရမ့်ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ပြီး ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိ၊ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်၊ မဖြစ်၊ ရုရှားအတွက် ရည်ရွယ်ချက်ရှိရှိ အလုပ်လုပ်ပေးမှု ရှိ၊ မရှိ၊ မရည်ရွယ်ဘဲ ရုရှားရဲ့ လွှမ်းမိုးမှုခံရခြင်း ရှိ၊ မရှိ စတဲ့အချက်အလက်တွေကို FBI က စုံစမ်းနေတာ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကတည်းက ထရမ့်နဲ့ ရုရှားတို့ ဆက်သွယ်မှုကို FBI က သံသယရှိခဲ့ပေမယ့် သဲလွန်စ မရသေးတာကြောင့် မစုံစမ်းခဲ့တာဖြစ်တယ်လို့လည်း နယူးယောက်စ်တိုင်းမ်က ဖော်ပြခဲ့ပါတယ်။

    မနေ့က တယ်လီဖုန်းအင်တာဗျူးမှာ Fox News သတင်းဌာနက ဒီကိစ္စအတွက် မေးမြန်းရာ ထရမ့်က ဒီမေးခွန်းဟာ သူမေးခံရသမျှထဲမှာ အစော်ကားခံရဆုံးမေးခွန်းဖြစ်ကြောင်း၊ ရုရှားကို သူ့လောက်ဆန့်ကျင်တဲ့ အမေရိကန်သမ္မတမျိုး မရှိကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် မေလမှာ FBI အကြီးအကဲ ဂျိမ်းစ်ကိုမေး ဖယ်ရှားခံရပြီးတဲ့နောက် အထူးကိုယ်စားလှယ် ရောဘတ်မူလာက ထရမ့်နဲ့ ရုရှားတို့အကြား ဆက်ဆံရေးကိစ္စကို တာဝန်ယူ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့ပုလိပ်လုပ်နေမှုကို အဆုံးသတ်တော့မည်ဟု အမေရိကန်သမ္မတ ပြော

    ကမ္ဘာ့ပုလိပ်လုပ်နေမှုကို အဆုံးသတ်တော့မည်ဟု အမေရိကန်သမ္မတ ပြော

    ဒီဇင်ဘာ ၂၇၊ ၂၀၁၈
    M-Media

    အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ဓာတ်ပုံရိုက်နေသည့် ဒေါ်နယ်ထရမ့်

    – အမေရိကန်အနေဖြင့် ‘ကမ္ဘာ့ပုလိပ်’ လုပ်နေရမှု ရပ်တန့်ချိန်တန်ပြီလို့ အီရတ်က တပ်ဖွဲ့တွေကို ရုတ်တရတ် သွားရောက်တွေ့ဆုံမှုအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    ထရမ့်ဟာ မနေ့ကညပိုင်းမှာ မြို့တော် ဘဂ္ဂဒတ်မြောက်ပိုင်းက အမရေိကန် လေတပ်အခြေစိုက်စခန်းကို အံ့အားသင့်ဖွယ် ရောက်လာခဲ့ပြီး အီရတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးတပ်ဖွဲ့ဝင် ၁၀၀ လောက်ကို မိန့်ခွန်းပြောခဲ့ပါတယ်။

    နောက်ပိုင်းမှာ အီရတ်က အမေရိကန်တပ်ဖွဲ့အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး အီရသတ်မ္မတ အဒဲလ် အဘ်ဒဲလ် မဟ်ဒီနဲ့ တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်သိမ်းကာ ဖုန်းနဲ့သာ စကားပြောဆိုခဲ့ပါတယ်။

    ထရမ့်ဟာ သမ္မတရာထူးကို ရယူခဲ့ပြီးတဲ့နောက် ပဋိပက္ခဖြစ်ပွားတဲ့ဒေသကို ပထမဆုံးအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။

    စစ်သားတွေကို မိန့်ခွန်းပြောကြားမှုအတွင်း ထရမ့်က သူ့ရဲ့ ‘အမေရိကန်သာပထမ’ ပေါ်လစီကို ကာကွယ်ပြောဆိုခဲ့ပြီး ရှေ့ဆက်ပြီး ကမ္ဘာ့ပုလိပ် မလုပ်တော့ဘူးလို့ ဆိုပါတယ်။

    “၀န်ထုတ်ဝန်ပိုးအားလုံးကို ငါတို့ချည်းထမ်းထားရတာ မတရားပါဘူး။ အခြားတိုင်းပြည်တွေက ငါတို့နဲ့ ငါတို့ရဲ့ တောင့်တင်းတဲ့စစ်အင်အားကို အသုံးချပြီး အကာအကွယ်ယူနေတာမျိုး အဖြစ်မခံချင်တော့ဘူး။ ဒီအတွက် အရင်က ပိုက်ဆံမပေးရပေမယ့် အခု ပေးရတော့မှာပါ။ ငါတို့ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြန့်ကျက်ထားရပါတယ်။ လူတွေ မကြားဘူးတဲ့ နိုင်ငံတွေမှာတောင် ငါတို့တွေ ရှိနေရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ အဓိပ္ပါယ်မရှိပါဘူး”

    ဆီးရီးယားက အမေရိကန်တပ်တွေအားလုံးကို ပြန်လည်ရုပ်သိမ်းတော့မယ်လို့ ထရမ့်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပေမယ့် အီရတ်ကတပ်တွေကိုတော့ ရုပ်သိမ်းမှာမဟုတ်ဘူးလို့ မနေ့က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ကျူးကျော်မှု ပြီးဆုံးပြီ

    အီရတ်နိုင်ငံရေးခေါင်းဆောင်တစ်ချို့ကတော့ ထရမ့်ရဲ့ ဒီလို လာရောက်မှုကို ရှုတ်ချခဲ့ပြီး အမေရိကန်ရဲ့ကျူးကျော်မှုဟာ ပြီးဆုံးသွားခဲ့ပြီလို့ တုန့်ပြန်ခဲ့ပါတယ်။

    အီရတ်လွှတ်တော်က Islah အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆာဘာဟ် အလ်-ဆအာဒီက ‘ထရမ့်ရဲ့ လည်ပတ်မှုဟာ အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်ပြီး ထရမ့်အနေနဲ့ သူ့ရဲ့စည်းကို သိသင့်ကြောင်း၊ အီရတ်ကို အမေရိကန်ရဲ့ကျူးကျော်မှုဟာ ပြီးဆုံးသွားပြီဖြစ်ကြောင်း’ ပြောကြားခဲ့ကာ ဒီကိစ္စအတွက် လွှတ်တော်မှာ ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    Islah အဖွဲ့နဲ့ စင်ပြိုင်အဖွဲ့ဖြစ်တဲ့ Bina အဖွဲ့ခေါင်းဆောင် ဟာဒီ အလ်-အမီရီကလည်း ထရမ့် အီရတ်ကိုလာရောက်မှုကို ကန့်ကွက်ခဲ့ပါတယ်။

    “ထရမ့်ရဲ့ လာရောက်မှုဟာ သံတမန်စံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်ပြီး အီရတ်အစိုးရအပေါ် မကျေနပ်မှု၊ ရန်လိုမှုကို ပြသတာလည်း ဖြစ်ပါတယ်”

    အီရတ်ကို ထရမ့်ရဲ့ ၃ နာရီကြာ လာရောက်မှုအတွင်း အီရတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ခြင်းမရှိဘဲ ၀န်ကြီးချုပ် မဟ်ဒီနဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပေမယ့် လေတပ်စခန်းမှာတွေ့ဆုံဖို့ ထရမ့်ရဲ့ ချိန်းဆိုမှုကို အီရတ်ဝန်ကြီးချုပ်က လက်မခံတာကြောင့် မတွေ့ဖြစ်ခဲ့ပါဘူး။

    လက်ရှိ အီရတ်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ လောက်ရှိနေပြီး အီရတ်တပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားမှုတွေ၊ အကြံဉာဏ်ပေးမှုတွေ ပြုလုပ်နေပါတယ်။

    Ref: Aljazeera