News @ M-Media

Tag: US

  • အာကာသစစ်တပ် ဖွဲ့စည်းမည်ဟု အမေရိကန်ကြေငြာ

    အာကာသစစ်တပ် ဖွဲ့စည်းမည်ဟု အမေရိကန်ကြေငြာ

    သြဂုတ် ၁၀၊ ၂၀၁၈
    M-Media


    – အမေရိကန်စစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ‘အာကာသတပ်ဖွဲ့’ ကို ၂၀၂၀ အမီ ဖွဲ့စည်းသွားဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    အမေရိကန်စစ်တပ်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ မရိန်းတပ်၊ ကမ်ခြေစောင့်တပ်ဆိုပြီး ၅ ဖွဲ့ရှိကာ အခု အာကာသတပ်ဖွဲ့နဲ့ပါဆိုရင် ၆ ဖွဲ့ဖြစ်လာမှာ ဖြစ်ပါတယ်။

    “ကမ္ဘာမှာလိုပဲ အာကာသမှာလည်း အမေရိကန်ဟာ ငြိမ်းချမ်းအောင် ဆောင်ရွက်သွားမှာပါ။ ဒါပေမယ့် ငြိမ်းချမ်းရေးကို အင်အားနဲ့ဆောင်ရွက်မှ ရတယ်ဆိုတာ သမိုင်းက သက်သေပြနေပါတယ်။ သိပ်မကြာခင်နှစ်တွေမှာ ပေါ်လာမယ့် အမေရိကန်ရဲ့ အာကာသတပ်ဖွဲ့ဟာ အာကာသရပ်ဝန်းမှာ အဲဒီလို အင်အားတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်” လို့ ပင်တဂွန်ကမိန့်ခွန်းမှာ ပန့်စ်က ပြောကြားခဲ့ပါတယ်။

    အသစ်ဖွဲ့စည်းမယ့် အမေရိကန်ရဲ့ အာကာသတပ်ဖွဲ့ဟာ GPS စနစ်နဲ့ ဒုံးကျည်တွေကို ခြေရာခံတဲ့ နည်းပညာတွေကို တာဝန်ယူကိုင်တွယ်မှာ ဖြစ်ပါတယ်။

    အဲဒီတပ်ဖွဲ့ ဖွဲ့စည်းမယ့်အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လမှာ ကြေငြာခဲ့ပြီး မြေပိုင်နက်၊ လေပိုင်နက်နဲ့ ရေပိုင်နက်တွေလိုပဲ အာကာသကဟာလည်း စစ်ပွဲဖြစ်မယ့်နေရာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်အပါအ၀င် ပင်တဂွန်က ထိပ်တန်းခေါင်းဆောင်တွေဟာ အာကာသစစ်တပ်ဖွဲ့စည်းမယ့်အစီအစဉ်ကို ဆန့်ကျင်တယ်လို့ အရင်က ပြောကြားခဲ့ပေမယ့် မနေ့က မိုက်ပန့်စ်ရဲ့မိန့်ခွန်းမှာတော့ အားပေးထောက်ခံခဲ့ကြပါတယ်။

    အမေရိကန်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ဟာ အာကာသနဲ့ဆက်နွယ်တဲ့ တပ်ဖွဲ့တွေရှိနေပါတယ်။ တရုတ်ရဲ့ အာကာသစူးစမ်းရေး အစီအစဉ်ဟာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ လက်အောက်မှာရှိပြီး ရုရှားစစ်တပ်ဟာလည်း အရေးပါတဲ့ ရေဒါနဲ့ ဒုံးကျည်စခန်းတွေကို ထိန်းချုပ်ထားသလို၊ အာကာသကိုလွှတ်တင်မယ့် ဒုံးပျံယာဉ် စခန်းတွေအတွက်လည်း တစ်စိတ်တစ်ပိုင်းတာဝန်ယူထားပါတယ်။

    Ref: Aljazeera

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၁၀၊ ၂၀၁၈
    M-Media

    ယီမင်တွင်တိုက်ခိုက်ခံရမှုမြင်ကွင်း

    ဆော်ဒီလက်ချက်ကြောင့် ယီမင်တွင် ကျောင်းသား ၃၀ နီးပါး သေဆုံး
    ===============
    ယီမင်နိုင်ငံ ဆအာဒါပြည်နယ်မှာ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ ဟူသီသူပုန်တွေကို ပစ်မှတ်ထားတဲ့ မနေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောင်းကားတစ်စီးကို ထိမှန်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ကလေးငယ် ၂၉ ဦး သေဆုံးခဲ့ပြီး ကလေးတော်တော်များများအပါအ၀င် ၄၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မဟာမိတ်အဖွဲ့က သူတို့ဟာ ဆအာဒါက ဒုံးကျည်ပစ်စင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ မျက်မြင်သက်တွေက လေကြောင်းတိုက်ခိုက်မှုဟာ ဈေးတစ်ခုအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဟူသီသူပုန်တွေရဲ့နေရာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    အင်ဒိုနီးရှားတွင် ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်ပြီ
    =====================
    အင်ဒိုနီးရှားနိုင်ငံ လွမ်ဘွတ်မြို့မှာ တနင်္ဂနွေနေ့ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၁၉ ဦးအထိ ရှိလာခဲ့ပြီး မနေ့ကလည်း အင်အားပြင်းငလျင်တစ်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။ နေအိမ်တွေ ပြိုကျမှုကြောင့် ဘေးလွတ်ရာနေရာမှာ နေထိုင်နေရသူ အရေအတွက်ဟာ ၃ သိန်းနီးပါး ရှိလာခဲ့ပြီး ဒဏ်ရာရသူကတော့ တစ်ထောင်ဝန်းကျင်လောက် ရှိနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပေမယ့် တံတားတွေကျိုးကျတာ၊ လမ်းတွေပျက်ဆီးတာကြောင့် ခရီးမပေါက်ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ လွမ်ဘွတ်မှာ ၂ ပတ်အတွင်း အင်အားပြင်းငလျင် ၃ ကြိမ်အထိ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

    ပိတ်ဆို့မှုကိစ္စ မြောက်ကိုရီးယားက အမေရိကန်ကို ဝေဖန်
    ===============
    ကိုရီးယားနှစ်နိုင်ငံ ၃ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ပြုလုပ်ဖို့ ရှိနေတဲ့အချိန် အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ တည်ငြိမ်မှုကို အန္တရာယ်ဖြစ်အောင် လုပ်နေတယ်လို့ မြောက်ကိုရီးယားက မနေ့မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။ အမေရိကန်က ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ဖို့ တွန်းအားပေးနေမှုကို မြောက်ကိုရီးယားက ဒီလိုတုန့်ပြန်လိုက်တာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးကိစ္စ တိုးတက်မှု ရပ်တန့်သွားမယ်လို့လည်း သတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်တို့ဟာ တနင်္လာနေ့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

    အိမ်နီးချင်းနိုင်ငံမှ ပြောင်းရွှေ့အခြေချမှုကြောင့် အီကွေဒေါက အရေးပေါ်အခြေအနေ ကြေငြာ
    ================
    ပြဿနာတွေဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံက ပြောင်းရွှေ့အခြေချသူတွေ အစုလိုက်အပြုံလိုက် ၀င်လာမှုကိစ္စအတွက် အီကွေဒေါက နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ပြညနယ် ၃ ခုကို အရေးပေါ်အခြေအနေ မနေ့မှာ ကြေငြာလိုက်ပါတယ်။ ဒါဟာ ပြောင်းရွှေ့လာသူတွေကို နေရာချထားပေးရေး၊ စားနိပ်ရိက္ခာထောက်ပံ့ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး စီစဉ်နိုင်ဖို့ဖြစ်တယ်လို့ အီကွေဒေါအစိုးရက ပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလားမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လှုမှုရေး ပြဿနာတွေကြောင့် ပြည်သူတွေဟာ အုံနဲ့ကျင်းနဲ့ ထွက်ပြေးနေရတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက ဒီကိစ္စကို ဖြေရှင်းဖို့ အစီအစဉ်တွေ ဆွဲနေရပါတယ်။

    Ref: Aljazeera, CNA

  • အာဆီယံလုံခြုံရေးအတွက် အမေရိကန်က ဒေါ်လာ သန်း ၃၀၀ နီးပါး ထောက်ပံ့မည်

    အာဆီယံလုံခြုံရေးအတွက် အမေရိကန်က ဒေါ်လာ သန်း ၃၀၀ နီးပါး ထောက်ပံ့မည်

    သြဂုတ် ၄၊ ၂၀၁၈
    M-Media

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (လယ်)

    – အရှေ့တောင်အာရှဒေသ လုံခြုံရေးအတွက် ကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ထပ်မံ ထောက်ပံ့ပေးအပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဒီကနေ့မှာ ကတိပြု ပြောကြားလိုက်ပါတယ်။

    စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပွပ်မီယိုက ဒီလို ပြောကြားလိုက်တာပါ။

    “အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးရေး ပိုကောင်းစေဖို့ ကျွန်တော်တို့ရဲ့ ကတိက၀တ် တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ဟာ ကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ထောက်ပံ့ပေးသွားမယ်လို့ ၀မ်းမြောက်စွာကြေငြာလိုပြီး ဒါဟာ ဒေသတစ်ခုလုံးမှာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ဖို့အတွက် ဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

    ဒီအကူအညီဟာ ရေကြောင်းလုံခြုံရေး၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေး၊ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွေအတွက် ဖြစ်တယ်လို့လည်း ပွမ်ပီယိုက ဆိုပါတယ်။

    အာရှက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နည်းပညာ၊ စွမ်းအင်နဲ့ အခြေခံအဆောက်အဦးတွေအတွက် ကန်ဒေါ်လာ ၁၁၃ သန်းလောက် ရင်းနှီးမြှုပ်နှံသွားမယ်လို့ အမေရိကန်က အခုတစ်ပတ်အစောပိုင်းမှာ ကြေငြာခဲ့ပါတယ်။

    ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးမှာ တရုတ်နဲ့ အာဆီယံတို့ဟာ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုပြဿနာ ဖြေရှင်းရေး ကျင့်ဝတ်စည်းကမ်းချက်တွေ သတ်မှတ်နိုင်ဖို့အတွက် မူကြမ်းတစ်ခုကို သဘောတူခဲ့ကြပါတယ်။

    Ref: CNA

     

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၃၊ ၂၀၁၈
    M-Media

    ဇင်ဘာဘွေ သမ္မတသစ် အီမာဆန် မနန်ဂါဂွါ

    ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး
    ======================
    မလေးရှားနိုင်ငံကို ၂ ရက်တာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုဟာ ဒီကနေ့မနက်မှာ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ကို သွားရောက်တွေ့ဆုံခဲ့ပြီး မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့ပါတယ်။ မလေးရှားအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပွမ်ပီယိုရဲ့ လာရောက်မှုဟာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် အခွင့်အလမ်းကောင်းဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ပွမ်ပီယိုဟာ ဒီကနေ့မှာ စင်ကာပူကို သွားရောက်ပြီး ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

    သွေးစွန်းသည့် ဇင်ဘာဘွေသမ္မတရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်
    ==============
    တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အာဏာရ ZANU-PF ပါတီခေါင်းဆောင် အီမာဆန် မနန်ဂါဂွါက ထောက်ခံမဲ ၅၀.၈ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တယ်လို့ ဇင်ဘာဘွေရွေးကောက်ပွဲ ကော်မရှင်က မနေ့မှာ ကြေငြာလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ မသာမာမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် အတိုက်အခံ MDC ပါတီကို ထောက်ခံသူတွေက ပြီးခဲ့တဲ့ ၃ ရက်လုံးလုံး ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေအပါအ၀င် အနည်းဆုံး ၆ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မနန်ဂါဂွါဟာ အာဏာရှင်မူဂါဘီကို စစ်တပ်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဖြုတ်ချပြီးတဲ့နောက်ပိုင်း သမ္မတနေရာကို ရယူခဲ့တာ ဖြစ်ပါတယ်။

    ကင်ဂျုံအွန်က ထရမ့်ထံ စာတစ်စောင်ပေးပို့
    =============
    သမ္မတထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံကနေ စာတစ်စောင် လက်ခံရရှိတယ်လို့ အိမ်ဖြူတော်က မနေ့မှာ ထုတ်ပြန်ခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲ နောက်ဆက်တွဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စာပါ အကြောင်းအရာ အသေးစိတ်ကိုတော့ ဖော်ပြခြင်း မရှိပါဘူး။ ထရမ့်က ဒီစာအတွက် ကျေးဇူးတင်ကြောင်း မနေ့ညပိုင်းက Twiiter စာမျက်နှာမှာ ရေးသားခဲ့ပြီး အမေရိကန်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေကို ပြန်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။

    ပို့ဆောင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရန် ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ တောင်းဆို
    ==============
    ကျောင်းသားနှစ်ဦး ဘတ်စ်ကားမှောက်သေဆုံးမှုပြီးတဲ့နောက် တိုင်းပြည်ရဲ့ ပို့ဆောင်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့ ဘင်္ဂလားဒေ့ရှ်ကျောင်းသားတွေဟာ မြို့တော်ဒါကာမှာ ဆန္ဒပြနေတာ မနေ့ကနဲ့ဆို ၅ ရက်ဆက်တိုက် ရှိလာပြီ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ပို့ဆောင်ရေးကဏ္ဍဟာ ခြစားမှု၊ ဥပေဒအားနည်းမှုတွေကြောင့် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံထားရပါတယ်။ ပြည်ထဲရေးဝန်ကြီးကတေ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို ကောင်းမွန်အောင် လုပ်ဆောင်ပေးမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကတိပြုခဲ့ပါတယ်။

    Ref: Aljazeera, CNA