News @ M-Media

Tag: US

  • နည်းပညာအမြင့်ဆုံး နျူဒုံးကျည်တပ် ရေငုပ်သင်္ဘောကို အမေရိကန် တည်ဆောက်နေ

    နည်းပညာအမြင့်ဆုံး နျူဒုံးကျည်တပ် ရေငုပ်သင်္ဘောကို အမေရိကန် တည်ဆောက်နေ

    ဇွန် ၁၈၊ ၂၀၂၂
    M-Media

    -နျူကလီးယား ကာကွယ်ရေးစွမ်းအားမှာ တစ်ခြား အင်အားကြီးနိုင်ငံတွေထက် ခေါင်းတစ်လုံးပိုသာမယ့် နည်းပညာမြင့် နျူဒုံးကျည်တပ် ရေငုပ်သင်္ဘော SSBN အမျိုးအစားသစ်ကို အမေရိကန်က တည်ဆောက်နပါတယ်။

    ဒီ ရေငုပ်သင်္ဘောသစ်ကို USS District of Columbia လို့ အမည်ပေးထားပါတယ်။ အမေရိကန်က တည်ဆောက်တဲ့ ရေငုပ်သင်္ဘောတွေထဲမှာ အကြီးဆုံး၊ နည်းပညာအမြင့်ဆုံး ရေငုပ်သင်္ဘော ဖြစ်ပြီး စုစုပေါင်း ၁၂ စီး တည်ဆောက်မှာပါ။

    ၁၉၇၆ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အတွင်း တည်ဆောက်ခဲ့တဲ့ Ohio အမျိုးအစား ရေငုပ်သင်္ဘော ၁၄ စီးနေရာမှာ အစာထိုးမှာ ဖြစ်ပါတယ်။

    အလျား ၁၇၀ မီတာ၊ အနံ ၁၃ မီတာရှိမယ့် ဒီရေငုပ်သင်္ဘောရဲ့ သက်တမ်းကို ၄၂ နှစ် သတ်မှတ်ထားပါတယ်။ သက်တမ်းတစ်၀က်မှာ အကြီးစားပြင်ဆင်မှုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပေမယ့် စရေချကတည်းက ၂၀၈၀ ပြည့်နှစ်တွေအထိ လောင်စာြဖည့်စရာမလိုတဲ့ စနစ်မျိုး ပါ၀င်လာပါလိမ့်မယ်။

    လျှပ်စစ်တွန်းအားပေးစနစ် (electric-drive propulsion) ပါ၀င်တာကြောင့် ရေအောက်မှာ ပိုမိုတိတ်ဆိတ်စွာ သွားလာနိုင်မှာ ဖြစ်ပါတယ်။

    Ohio အမျိုးအစား ရေငုပ်သင်္ဘောတွေမှာ နျူတိုက်ချင်းပစ်ဒုံးကျည် ၂၄ လုံး တပ်ဆင်ထားပေမယ့် USS District of Columbia ကတော့ နျူဒုံးကျည် ၁၆ လုံးသာ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

    Virginia အမျိုးအစား ရေငုပ်သင်္ဘောမှာ တပ်ဆင်တဲ့ ဒုံးပစ်လောင်ချာတွေကို အသုံးပြုကာ ကုန်ကျစားရိတ် လျော့ကျအောင် လုပ်ဆောင်ဖို့အတွက် ဒုံးပစ်လောင်ချာအရေအတွက်ကို လျော့ချလိုက်တာ ဖြစ်ပါတယ်။

    ရေငုပ်သင်္ဘောမှာ ၇၄၆၀ ကီလိုမီတာအထိရောက်မယ့် Trident II D5 ဒုံးကျည်တွေ တပ်ဆင်မှာဖြစ်ပါတယ်။ ဒီဒုံးကျည်တွေဟာ W76-MK4/MK4A နဲ့ W88-MK5 နျူထိပ်ဖူးတွေကို တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

    တရုတ်နဲ့ ရုရှား

    ပြိုင်ဘက် တရုတ်နဲ့ ရုရှားတို့ကလည်း သူတို့ရဲ့ ရေအောက် နျူကလီးယား ကာကွယ်ရေးအင်အားကို အဆင့်မြှင့်တင်ဖို့ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

    တရုတ်မှာ လက်ရှိ Type 094 နဲ့ Type 094As အဆင်မြင့် ရေငုပ်သင်္ဘော ၆ စီးရှိပြီး တစ်စီးစီမှာ နျူကလီးယား တိုက်ချင်းပစ်ဒုံးကျည် JL-2 SLBM ၁၂ လုံး တပ်ဆင်နိုင်ပါတယ်။ အမေရိကန်ကုန်းမကြီးအထိ ရောက်နိုင်တဲ့ ဒုံကျည်မျိုး မဟုတ်ပေမယ့် အလာစကာ၊ ဂူအမ်နဲ့ ဟာ၀ိုင်ယီတို့လို အမေရိကန်ပိုင် နယ်မြေတွေကို ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

    အဆင်မြင့် JL-3 SLBM နျူဒုံးကျည် တပ်ဆင်ထားတဲ့ JL-3 SLBM ရေငုပ်သင်္ဘော အမျိုးအစားသစ်ကို တရုတ်က ဆောက်လုပ်နေပါတယ်။ ၂၀၃၀ ရောက်ရင် နျူတိုက်ချင်းပစ်ဒုံးကျည် တပ်ဆင်ပစ်ခတ်နိုင်မယ့် ရေငုပ်သင်္ဘော SSBN စုစုပေါင်း ၈ စီး တရုတ်က ပိုင်ဆိုင်လာလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက သုံးသပ်ထားပါတယ်။

    ရုရှားကတော့ နျူဒုံးကျည်တပ် ရေငုပ်သင်္ဘော Borei ၅ စီး လက်ရှိမှာ ပိုင်ဆိုင်ထားပြီး ၂၀၂၇ ခုနှစ်မတိုင် နောက်ထပ် ၁၀ စီး တပ်တော်၀င်မှာပါ။ ရုရှားရေတပ်မှာ ၂၀၄၀ လောက်အထိ Borei ရေငုပ်သင်္ဘောတွေက အဓိက ကျနေမှာ ဖြစ်ပါတယ်။

    ဗျူဟာမြောက်

    နျူတိုက်ချင်းပစ်ဒုံးကျည်တပ် ရေငုပ်သင်္ဘော SSBN တွေဟာ နျူကလီးယား အခြေပြု ကာကွယ်ရေးဗျူဟာမှာ ခေါင်းတစ်လုံးပိုသာတဲ့ လက်နက်မျိုး ဖြစ်ပါတယ်။

    ရေအာက်ထဲငုပ်သွားရင် ရှာဖွေဖျက်ဆီးဖို့ ခက်တာကြောင့် ဗျူဟာအရ SSBNတွေကို ချေမှုန်းဖို့ မဖြစ်နိုင်ပါဘူး။

    အရင်က ဒီလို ရေငုပ်သင်္ဘောမျိုးကို အမေရိကန်၊ ပြင်သစ်၊ ယူကေ၊ ရုရှားနဲ့ တရုတ်တို့လောက်သာ ပိုင်ဆိုင်ကြပေမယ့် လက်ရှိမှာတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားလို နိုင်ငံမျိုးတွေကလည်း ပိုင်ဆိုင်ဖို့ ကြိုးစားလာကြပါတယ်။

    လက်ရှိမှာ SSBN ရေငုပ်သင်္ဘောတွေကို ရှာဖွေချေမှုန်းဖို့ ခက်ပေမယ့် ရေအောက်ရေဒါစနစ်တွေကို အဆင်မြှင့်တင်နိုင်အောင် ကမ္ဘာ့နိုင်ငံတွေက ကြိုးစားလာကြတာကြောင့် ၂၀၅၀ လောက်မှာ ကိုယ်ပျောက်ရေငုပ်သင်္ဘောတွေကို ရှာနိုင်မယ့် နည်းပညာမျိုး ပေါ်ထွက်လာလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    Ref: Asia Times

  • ထိုင်ဝမ်ကိစ္စ ဝင်မရှုပ်ရန် အမေရိကန်ကို တရုတ် သတိပေး

    ထိုင်ဝမ်ကိစ္စ ဝင်မရှုပ်ရန် အမေရိကန်ကို တရုတ် သတိပေး

    ဇွန် ၁၂၊ ၂၀၂၂
    M-Media

    -ထိုင်ဝမ်ကျွန်းက ခွဲထွက်ရေး လုပ်ဆောင်မယ်ဆိုရင် မိမိတို့ အစွမ်းကုန် တိုက်ခိုက်သွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီက ပြောကြားလိုက်ပြီး ပြည်တွင်းရေးကိစ္စကို ဝင်မရှုပ်ဖို့လည်း အမေရိကန်ကို သတိပေးခဲ့ပါတယ်။

    စင်ကာပူမှာ ပြုလုပ်နေတဲ့ Shangri-La လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ အမေရိကန် ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတို့အကြား ထိုင်ဝမ်ကိစ္စ အပြန်အလှန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်ဟာ စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ‌ဒေသအတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ထိုင်ဝမ်လေပိုင်နက်ထဲ တရုတ်စစ်လေယာဉ်တွေ အုပ်စုလိုက် မကြာခဏ ဝင်ရောက်ပျံသန်းမှုကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီက ထိုင်ဝမ်ကို တရုတ်ပြည်ကနေခွဲထုတ်ရင် အသေအကြေ တိုက်ခိုက်ဖို့ကလွဲ‌ပြီး အခြား ရွေးချယ်စရာမရှိဘူးလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    “နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်တဲ့နေရာ တရုတ်စစ်တပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ဖြေရှင်းနိုင်စွမ်းကို လျှော့တွက်မထားသင့်ပါဘူး။ ထိုင်ဝမ်ကို တရုတ်ကနေခွဲထုတ်ပြီး လွတ်လပ်တဲ့နိုင်ငံဖြစ်အောင် လုပ်ချင်သူတွေရဲ့ အဆုံးသတ်က သိပ်ကောင်းမှာ မဟုတ်ပါဘူး”

    ထိုင်ဝမ်က သူတို့ဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်တယ်လို့ မှတ်ယူထားပြီး တရုတ်အစိုးရက သူတို့ပိုင်တဲ့ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။ ထိုင်ဝမ်ကျွန်း တရုတ်နိုင်ငံကနေ ခွဲထွက်မသွားဖို့အတွက် လိုအပ်ရင် တိုက်ခိုက်သွားမယ်လို့ တရုတ်က အရင်ကတည်းက ပြောကြားထားတာ ဖြစ်ပါတယ်။

    အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖို့နဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် မလုပ်ဖို့လည်း ဝေဖန်ဟီက ထည့်သွင်းသတိပေးခဲ့ပါတယ်။

    Ref: Reuters

  • မူလတန်းကျောင်းပစ်ခတ်မှုတွင် သေဆုံးခဲ့သည့် ဆရာမ၏ခင်ပွန်း ရင်ကွဲနာကျ ကွယ်လွန်

    မူလတန်းကျောင်းပစ်ခတ်မှုတွင် သေဆုံးခဲ့သည့် ဆရာမ၏ခင်ပွန်း ရင်ကွဲနာကျ ကွယ်လွန်

    မေ ၂၇၊ ၂၀၂၂
    M-Media

    -အမေရိကန်ပြည်ထောင်စု တက္ကဆက်က မူလတန်းကျောင်းပစ်ခတ်မှုမှာ ကွယ်လွန်သွားတဲ့ ဆရာမရဲ့ ခင်ပွန်းဖြစ်သူဟာ ၀မ်းနည်းပူဆွေးရင်း မနေ့က ရင်ကွဲနာကျ သေဆုံးသွားခဲ့ပါတယ်။

    Robb Elementary School ကျောင်းကို အင်္ဂါနေ့က သေနတ်သမားတစ်ဦး ၀င်ပစ်ခဲ့ရာမှာ အီရ်မာဂါစီယာနဲ့ အခြားဆရာတစ်ဦး၊ ကလေးငယ် ၁၉ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ပါတယ်။

    အီမာရ်ဟာ ကလေးတွေကို ရင်ခွင်ထဲထည့် ကာကွယ်ပေးရင်း သေဆုံးသွားတာဖြစ်ပါတယ်။

    အီမာရ်ရဲ့ခင်ပွန်း ဂျိုးဂါစီယာကတော့ ဇနီးဖြစ်သူ ကွယ်လွန်မှုကြောင့် ပူဆွေး၀မ်းနည်းရာကနေ မနေ့က နှလုံးဖောက် ကွယ်လွန်သွားတာဖြစ်ပါတယ်။

    သူတို့ဇနီးမောင်နှံနှစ်ဦးဟာ အထက်တန်းကျောင်းသားဘ၀ကတည်းက ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး အိမ်ထောင်သက် ၂၄ နှစ်ရှိပါပြီ။ အသက် ၁၂ နှစ်ကနေ ၂၃ နှစ်ရှိတဲ့ မိန်းကလေး ၂ ဦး ယောင်္ကျားလေး ၂ ဦး စုစုပေါင်း သားသမီး ၄ ဦး ရှိပါတယ်။

    အီမာရ်ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ကြားသိရပြီးတဲ့နောက် သူတို့မိသားစုအတွက် ပြည်သူတွေက အွန်လိုင်းကနေတစ်ဆင့် ရန်ပုံငွေ ရှာဖွေပေးခဲ့ပြီး ကြာသာပတေးနေ့အထိ ကန်ဒေါ်လာ ၁.၆ သန်း ရရှိနေပြီ ဖြစ်ပါတယ်။

    Ref: BBC

    mmInternationalNews

  • တိရစ္ဆာန်ရုံမှဆင်မ လူ့အခွင့်အရေး ရသင့်၊ မရသင့် ကန်တရားရုံး ဆုံးဖြတ်မည်

    တိရစ္ဆာန်ရုံမှဆင်မ လူ့အခွင့်အရေး ရသင့်၊ မရသင့် ကန်တရားရုံး ဆုံးဖြတ်မည်

    မေ ၂၂၊ ၂၀၂၂
    M-Media

    -အသက် ၄၇ နှစ်အရွယ် ဆင်မတစ်ကောင်ဟာ တိရစ္ဆာန်ရုံမှာ အကျဥ်းချခံနေရတဲ့ အနေအထားရှိနေလား၊ လူတွေရသင့်ရထိုက်တဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပေးသင့်လားဆိုတာကို အမေရိကန်ပြည်ထောင်စု နယူးယောက်တရားရုံးက ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

    Happy လို့ အမည်ရတဲ့ အဲ့ဒီဆင်မလေး Bronx တိရစ္ဆာန်ရုံကနေ လွတ်မြောက်ခွင့်ရဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Nonhuman Rights Project (NhRP) က ဆောင်ရွက်ပေးနေတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်မှာ ပထမဆုံး တရားရုံးကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။

    NhRP အဖွဲ့နဲ့ တိရစ္ဆာန်ရုံ နှစ်ဖက်စလုံးက လျှောက်လဲချက်တွေကို ကြားနာပြီးတဲ့နောက် လာမယ့် ၄ ပတ်ကနေ ၆ ပတ်အတွင်း အမိန့်ချမယ်လို့ နယူးယောက်တရားရုံးက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    တောထဲမှာ ဆင်တွေဟာ ၀ေလံခေါင်ဖျားတဲ့ဒေသတွေအထိ လှည့်ပတ်သွားလာ နေထိုင်တတ်တာကြောင့် ဆင်မလေး Happy ကို တိရစ္ဆာန်ရုံထဲမှာ ထည့်ထားတာဟာ လူတွေကို တိုက်ပိတ်အကျဥ်ချထားတာနဲ့ ဆင်တူတယ်လို့ NhRP အဖွဲ့ရဲ့ လျှောက်ထားမှုမှာ ဖော်ပြထားပါတယ်။

    NhRP ဟာ လူ၀ံ၊ မျောက်၀ံ၊ လင်းပိုင်နဲ့ ၀ေလငါးတွေ တိရစ္ဆာန်ရုံထဲ ပိတ်လှောင်ခံရမှု ပပျောက်ရေး ကြိုးပမ်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    အာရှဆင်တစ်ကောင်ဖြစ်တဲ့ Happy ဟာ ၁၉၇၁ ခုနှစ်က တောထဲမှာ မွေးဖွားခဲ့တာဖြစ်ပြီး Bronx တိရစ္ဆာန်ရုံမှာရှိတဲ့ အာရှဆင်နှစ်ကောင်ထဲက တစ်ကောင်ဖြစ်ပါတယ်။

    တိရစ္ဆာန်ရုံမှာ ဒီလို ပိတ်လှောင်ထားခြင်းက ဆင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို အလွန်အမင်း ထိခိုက်စေတယ်လို့ ဆင်သုတေသနပညာရှင် ဂျွိုက်စ်ပိုးလ်က ပြောပါတယ်။

    NhRP ဟာ Happy ကို တန်နက်ဆီ ပြည်နယ်၊ ဒါမှမဟုတ် ကယ်လီဖိုးနီးယားက ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှာ ဘေးမဲ့လွှတ်ပေးပြီး ဆင်တစ်ကောင်ရဲ့ ဘ၀အစစ်အမှန်ကိုရဖို့ တောင်းဆိုနေတာပါ။

    တိရစ္ဆာန်ရုံက Happy ဟာ အခြားဆင်နဲ့ အဆက်အသွယ်ရှိသလို၊ ကျွမ်းကျင်တဲ့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူတွေ၊ ဆရာ၀န်တွေက ကြင်နာယုယစွာ စောင့်ရှောက်ပေးထားကြောင်း၊ အမေရိကန်ရဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး အက်ဥပဒေအတိုင်း ကာကွယ်ထားကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • ထိုင်၀မ်မုန်းတီးစိတ်ကြောင့် ဘုရားကျောင်းကို၀င်ပစ်မှု အမေရိကန်တွင် ဖြစ်ပွား

    ထိုင်၀မ်မုန်းတီးစိတ်ကြောင့် ဘုရားကျောင်းကို၀င်ပစ်မှု အမေရိကန်တွင် ဖြစ်ပွား

    မေ ၁၇၊ ၂၀၂၂

    M-Media 

    -ကယ်လီဖိုးနီးယားပြည်နယ်မှာ တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်မှုဟာ ထိုင်၀မ်မုန်းတီးစိတ်ကို အခြေခံတာလို့ အမေရိကန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    အမေရိကန်နိုင်ငံသား တရုတ်လူမျိုး အသက် ၆၈ နှစ်အရွယ် အမျိုးသား ဒေးဗစ်ချူဟာ လာဂူးနား၀ုဒ်မြို့က Geneva Presbyterian ဘုရားကျောင်းထဲ သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှုမှာ တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    တရုတ်နဲ့ ထိုင်၀မ်တို့အကြား လတ်တလောဖြစ်နေတဲ့ တင်းမာမှုတွေကို အခြေခံပြီး ဖြစ်လာတဲ့ ထိုင်၀မ်မုန်းတီးစိတ်ကြောင့် ချူဟာ ဒီလိုကျူးလွန်တာဖြစ်ကြောင်း တွေ့ရတယ်လို့ ဒေသခံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

    တရုတ်က ထိုင်၀မ်ဟာ သူတို့ပိုင်တဲ့ နယ်မြေတစ်ခုဖြစ်ပြီး လိုအပ်ရင် အင်အားသုံးသိမ်းပိုက်သွားမယ်လို့ တရား၀င် ထုတ်ဖော်ပြောဆိုထားတာပါ။ ထိုင်၀မ်ကတော့ သူတို့ဟာ သီးခြား ဒီမိုကရက်တစ် နိုင်ငံတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။ 

    စနေနေ့ကလည်း နယူးယောက်မြို့ ဘက်ဖလိုးမြို့နယ်က စူပါမားကတ်တစ်ခုမှာ အသက် ၁၈ နှစ်အရွယ် လူဖြူတစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒီပစ်ခတ်မှုဟာ လူမည်းမုန်းတီးမှုကနေ ပေါ်ပေါက်လာတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: Reuters