News @ M-Media

Tag: US

  • တရုတ်ပစ္စည်းများအပေါ် အမေရိကန်က အခွန်ကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲသို့ ဦးတည်

    တရုတ်ပစ္စည်းများအပေါ် အမေရိကန်က အခွန်ကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲသို့ ဦးတည်

    မတ် ၂၃၊ ၂၁၈
    M-Media

    – တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်း ကန်ဒေါ်လာ ဘီလီယံ ၆၀ ဖိုးအတွက် အခွန်ကောက်ခံမယ့် အမိန့်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်လာဖို့ လမ်းစ ဖြစ်ပါတယ်။

    ထရမ့်က ဒီဆောင်ရွက်မှုဟာ အမေရိကန်ရဲ့ နည်းပညာတွေကို တရုတ်က ခိုးယူမှု၊ အမေရိကန်ကုမ္ပဏီတွေကို ဖိအားပေးကာ လက်ပြောင်းရယူမှုတွေအတွက် ပြစ်ဒဏ်ခတ်တာဖြစ်ပြီး ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုတွေရဲ့ အများအပြားရဲ့ ‘ပထမဆုံး’ ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “လက်ရှိ ကျွန်တော်တို့ဟာ အသိပညာပိုင်းဆိုင်ရာ ခိုးယူခံရမှုတွေနဲ့ ကြုံတွေ့နေရပါတယ်”

    အခွန်ကောက်ခံမယ့် ကုန်ပစ္စည်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ၁၅ ရက်အတွင်း ထုတ်ပြန်ဖို့အတွက် ထရမ့်ဟာ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ (USTR) ကို ညွှန်ကြားမယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ USTR ဟာ ကန်ဒေါ်လာ ၄၈ ဘီလီယံဖိုးရှိမယ့် ကုန်ပစ္စည်းပေါင်း ၁၃၀၀၀ လောက်ကို စာရင်းပြုစုထားပြီး ဖြစ်ပါတယ်။

    ကန့်သတ်ရမယ့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စာရင်းတွေကိုလည်း ထရမ့်က ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်ထံကနေ တောင်းထားပါတယ်။

    အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးကွာဟမှု ဒေါ်လာ ၃၇၅ ဘီလီယံရှိတာကို ထောက်ပြပြီး ထရမ့်က အမေရိကန်တွေရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးနေကြောင်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    “ဒါဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ကုန်သွယ်ရေးကွာဟချက်ပါပဲ။ ထိန်းလို့မရပါဘူး”

    တရုတ်က မိမိကိုယ်ကို ကာကွယ်ဖို့အတွက် လိုအပ်တာတွေအားလုံး ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပြီး စီးပွားရေးအင်အားကြီးနိုင်ငံတွေအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: Aljazeera

  • ထရမ့်သားမက်ကို အိတ်ထဲထည့်ထားသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    ထရမ့်သားမက်ကို အိတ်ထဲထည့်ထားသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၂၂၊ ၂၀၁၈
    M-Media

    ထရမ့်သားမက် ဂျာရဒ် ကက်ရှ်နာ (လယ်)

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်ပြီး သူ့ရဲ့ အနီးကပ်အကြံပေးလည်းဖြစ်သူ ဂျာရဒ် ကက်ရှ်နာဟာ သူ့ရဲ့အိတ်ကပ်ထဲကလူဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားခဲ့ကြောင်း The Intercept သတင်းဌာနက ဖော်ပြပါတယ်။

    သူ့အပေါ် သစ္စာမစောင့်သိသူတွေရဲ့ အသေးစိတ် စာရင်းတွေကို ကက်ရှ်နာက သူ့ကို ပေးခဲ့တယ်ဆိုတဲ့ ဘင် ဆလ်မန်ရဲ့ ပြောကြားမှုကို ဆော်ဒီနဲ့ ယူအေအီး တော်ဝင်မိသားစုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    အခြား ရင်းမြစ်တစ်ခုက ဘင် ဆလ်မန်က အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇေယဒ် အလ် နဟ်ယန်နဲ့ တွေ့ဆုံမှုအတွင်း ကက်ရှ်နာဟာ သူ့ရဲ့ ‘သူ့အိတ်ကပ်ထဲကလူ’ ဆိုပြီး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    ကက်ရှ်နာရဲ့ ရှေ့နေတွေကတော့ ဒီသတင်းကို ငြင်းဆိုခဲ့ပြီး ‘မှားယွင်းကြောင်း၊ အဓိပ္ပါယ်မရှိကြောင်း’ တုန့်ပြန်ဖို့ မထိုက်တန်ကြောင်း ပြောဆိုခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ခြစားမှုတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ နိုဝင်ဘာလအတွင်းမှာ ဆော်ဒီတော်ဝင်မင်းသားတွေ၊ စီးပွားရေးသမားတွေနဲ့ အခြား အကြီးတန်းတာဝန်ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ တစ်ချို့ကို ငွေကြေးအပေးအယူနဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

    ထရမ့်ရဲ့ အနီးကပ်အကြံပေးဖြစ်တဲ့ ကက်ရှ်နာဟာ အိမ်ဖြူတော်ကို ၀င်ရောက်ပြီး ထိပ်တန်းလျှို့ဝှက် ထောက်လှမ်းရေးအချက်အလက်တွေ ရယူခွင့်ကို ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်းမှာ ရုပ်သိမ်းခံခဲ့ရပါတယ်။

    ယူအေအီး၊ တရုတ်၊ အစ္စရေးနဲ့ မက္ကဆီကိုတို့ရဲ့ တာဝန်ရှိသူတွေက ကက်ရှ်နာကို အသုံးချပြီး အမြတ်ထုတ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ၀ါရှန်တန်ပို့စ်သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

    ကက်ရှ်နာနဲ့ ဆော်ဒီအိမ်ရှေ့မင်းသားတို့ဟာ ထရမ့် သမ္မတဖြစ်လာကတည်းက နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး အောက်တိုဘာလက ကက်ရှ်နာ ဆော်ဒီကို သွားရောက်စဉ်အတွင်းမှာ သူတို့နှစ်ဦး အစောဆုံး တွေ့ဆုံခဲ့ကြတယ်လို့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

    ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ လက်ရှိမှာ အမေရိကန်ကို ၂ ပတ်ကြာခရီးအဖြစ် ရောက်ရှိနေပါတယ်။

    Ref: Aljazeera

  • တက္ကဆက်ပြည်နယ်မြို့တော်တွင် ပါဆယ်ဗုံးများဖြင့် ဖောက်ခွဲသူကို ရဲတပ်ဖွဲ့က အသေမိ

    တက္ကဆက်ပြည်နယ်မြို့တော်တွင် ပါဆယ်ဗုံးများဖြင့် ဖောက်ခွဲသူကို ရဲတပ်ဖွဲ့က အသေမိ

    မတ် ၂၁၊ ၂၀၁၈
    M-Media

    သံသယရှိသူအား ဖမ်းဆီးမှု မြင်ကွင်းတစ်ခု

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မြို့တော် အော်စတင်တွင် ပါဆယ်ဗုံးဖြင့် တိုက်ခိုက်မှု အနည်းဆုံး ၅ ကြိမ် ပြုလုပ်ခဲ့သည်ဟု သံသယရှိသူ အမျိုးသားကို ရဲတပ်ဖွဲ့က အသေ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    မတ်လ ၂ ရက်နေ့ကတည်းက ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည့် ပါဆယ်ဗုံးခွဲမှုများအတွက် ရဲတပ်ဖွဲ့က အသက် ၂၄ နှစ်အရွယ် အဆိုပါ လူဖြူအမျိုးသားကို နောက်ယောက်ခံလိုက်ခဲ့ပြီး အော်စတင်မြို့ ဟိုတယ်တစ်ခုရှေ့တွင် ၎င်း၏ကားကို ယနေ့မနက်က တွေ့ရှိခဲ့သည်။

    ရဲတပ်ဖွဲ့က နည်းပညာပိုင်းဆိုင်ရာ အဖွဲ့တစ်ခုကို စောင့်ဆိုင်းနေစဉ် သံသယရှိသူမှာ ကားမောင်းထွက်ပြေးသွားခဲ့ပြီး ရဲတပ်ဖွဲ့က ထပ်ကြပ်မကွာလိုက်ကာ ဖမ်းဆီးနိုင်ခဲ့သော်လည်း ၎င်းမှာ မိမိကိုယ်ကို ဗုံးခွဲကာ သတ်သေသွားခဲ့သည်။

    အော်စတင်ရဲတပ်ဖွဲ့ အကြီးအကဲ ဘရိုင်ယန် မန်လေက အသေခံဗုံးခွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အခြား ဗုံးကွဲမှုများ ရှိနိုင်သည်ဆိုသည့် သတင်းများကို ငြင်းဆိုခြင်း မပြုခဲ့ပေ။ သံသယရှိသူ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

    ထိုအမျိုးသားမှာ အော်စတင်မြို့အတွင်း ပါဆယ်ဗုံး အနည်းဆုံး ၅ ခုအထိ ခွဲခဲ့ပြီး လူ ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။ မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ ပြုလုပ်ခြင်းဆိုသည်ကို မသိရှိရသေးပေ။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သံသယရှိသူကို အသေဖမ်းဆီးနိုင်မှုအတွက် ရဲတပ်ဖွဲ့ကို ချီးကျူးခဲ့သည်။

    Ref: Aljazeera

  • ယူကေနှင့် ရုရှားအကြား တင်းမာမှုမြင့်တက်၊ ဗြိတိန်သံအမတ်များကို ရုရှားက နှင်ထုတ်မည် 

    ယူကေနှင့် ရုရှားအကြား တင်းမာမှုမြင့်တက်၊ ဗြိတိန်သံအမတ်များကို ရုရှားက နှင်ထုတ်မည် 

    မတ် ၁၅၊ ၂၀၁၈

    M-Media

    မော်စကိုရှိ ဗြိတိသျှသံရုံး

     

    – နိုင်ငံအတွင်းမှာရှိနေတဲ့ ဗြိတိန်သံတမန်တွေကို မကြာခင် နှင်ထုတ်တော့မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့မှာ ပြောကြားလိုက်ပြီး ဗြိတိန်က ရုရှားသံအမတ် ၂၃ ဦးကို နှင်ထုတ်မှု နောက်ဆက်တွဲဂယက် ဖြစ်ပါတယ်။

    ရုရှားမီဒီယာတွေကို ပြောကြားရာမှာ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က ဗြိတိန်သံတမန်တွေကို မကြာခင်မှာ အမှန်တကယ် နှင်ထုတ်သွားမှာဖြစ်ပြီး သူလျှိုဟောင်းကိစ္စနဲ့ပတ်သက်လို့ ဗြိတိန်က ရုရှားကို စွပ်စွဲပြောဆိုမှုဟာ အထောက်အထားမဲ့တဲ့ တာဝန်မဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း တုန့်ပြန်ခဲ့ပါတယ်။

    ယူကေက သူတို့ရဲ့ သူလျှိုဟောင်း ရုရှားလူမျိုး ဆာဂျီ စကရီပဲလ်နဲ့ သမီးဖြစ်သူတို့ မတ်လအစောပိုင်းမှာ စစ်ဖက်သုံး ဓာတုအဆိပ်နဲ့ လုပ်ကြံခံရမှုဟာ ရုရှားရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး ဒီအဆိပ်နဲ့ပတ်သက်တဲ့ အချက်အလက်အတိအကျပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ရုရှားက ပူးပေါင်းဖို့ ငြင်းဆိုတဲ့အတွက် သံအမတ် ၂၃ ဦးကို တစ်ပတ်အတွင်း တိုင်းပြည်ကနေ ထွက်သွားရမယ်လို့ အဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    လာဗရော့က ထရီဇာမေရဲ့ စွပ်စွဲပြောဆိုမှုဟာ အဓိပ္ပါယ်မဲ့ပြီး Brexit ကိစ္စကြောင့် ဖြစ်နေတဲ့ ပြဿနကို လမ်းလွှဲချင်လို့ ဖြစ်တယ်လို့လည်း ပြင်တင်ခဲ့ပါတယ်။ စကရီပဲလ်နဲ့ သမီးဖြစ်သူ ယူလီယာ၊ သူတို့နဲ့သွားတွေ့ခဲ့ စုံထောက်တို့ဟာ ဓာတုအဆိပ်ကြောင့် လက်ရှိမှာ ကုသမှု ခံယူနေရပါတယ်။

    အမေရိကန်က ယူကေနဲ့အတူ ရပ်တည်သွားမှာဖြစ်ပြီး ရုရှား သံတမန်တွေကို နှင်ထုတ်မယ့် ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားထားပါတယ်။

    Ref: BBC

  • သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး အမေရိကန်ကျောင်းသားများ နိုင်ငံတစ်ဝှမ်း ဆန္ဒပြ

    သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး အမေရိကန်ကျောင်းသားများ နိုင်ငံတစ်ဝှမ်း ဆန္ဒပြ

    မတ် ၁၅၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းမှာ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေးနဲ့ စာသင်ကျောင်းတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အမေရိကန်နိုင်ငံတစ်ဝှမ်းက ကျောင်းသူ၊ ကျောင်းသားတွေဟာ မနေ့က နယူးယောက်မြို့မှာ စုရုံးပြီး ဆန္ဒပြခဲ့ကြပါတယ်။

    ဖလော်ရီဒါပြည်နယ်က Marjory Stoneman Douglas အထက်တန်းကျောင်းမှာ သေနတ်နဲ့ပစ်ခတ်မှု တစ်လတင်းတင်းပြည့်တဲ့နေ့မှာ ပြုလုပ်တဲ့ အဲဒီဆန္ဒပြမှုမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ပါဝင်ခဲ့ပြီး မိန့်ခွန်းတွေပြောတာ၊ သေနတ်ထိန်းချုပ်ရေး တိုက်တွန်းတဲ့ ပိုစတာတွေ ကိုင်ဆောင်လှည့်လည်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ဒီလှုပ်ရှားမှုကို အမျိုးသမီးအဖွဲ့တစ်ခုဖြစ်တဲ့ Women’s March Youth Empower က စီစဉ်တာပါ။

    နိုင်ငံတစ်ဝှမ်းက ကျောင်းတွေမှာလည်း ကျောင်းသားတွဟာ မနက် ၁၀ နာရီတိတိမှာ စာသင်ခန်းထဲကနေထွက်ကာ ၁၇ မိနစ်ကြာ အပြင်မှာ စုရုံးခဲ့ကြပြီး ဖလော်ရီဒါအထက်တန်းကျောင်းမှာ သေဆုံးသွားတဲ့ လူ ၁၇ ဦးကို ဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။

    ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သေနတ်ထိန်းချုပ်ရေးနဲ့ ဆောင်ရွက်ပေးဖို့ အမေရိကန်ပြည်သူတွေရဲ့ တောင်းဆိုမှုဟာ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

    ကျောင်းသားတွေနဲ့ ဆရာတွေက ချေမှုန်းရေးရိုင်ဖယ် ကိုင်ဆောင်မှုကို ပိတ်ပင်ဖို့၊ သေနတ်ကိုင်ဆောင်သူတွေရဲ့ နောက်ကြောင်းရာဇ၀တ် စစ်ဆေးဖို့၊ အကြမ်းဖက်မယ့် အမူအကျင့် ပြသလာသူတွေဆီက သေနတ်သိမ်းယူနိုင်မယ့် ဥပေဒတစ်ခု ပြဌာန်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

    “အတန်းထဲမှာ၊ ကျောင်းသွားတဲ့လမ်းမှာ သေနတ်ပစ်သတ်ခံရမလားဆိုတဲ့ စိုးရိမ်မှုတွေ မရှိတဲ့ ပတ်ဝန်းကျင်မျိုးမှာ သူတို့တွေဟာ ပညာသင်ယူနိုင်တာ၊ သင်ကြားနိုင်တာဟာ သူတို့အခွင့်အရေးပါ” လို့ Women’s March Youth Empower အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဖလော်ရီဒါပြည်နယ်မှာ ကျောင်းသားတွေရဲ့ သေနတ်ထိန်းချုပ်ရေး ဆော်သြမှုဟာ အထိုက်အလျောက် အောင်မြင်ခဲ့ပြီး ပြည်နယ်အစိုးရက သေနတ်ဝယ်ယူရမယ့် အနိမ့်ဆုံးအသတ်ကို ၁၈ နှစ်ကနေ ၂၁ နှစ်အထိ တိုးမြှင့်ခဲ့ပါတယ်။

    ထရမ့်အစိုးရကတော့ ဆီမီး အော်တိုမက်တစ် ရိုင်ဖယ်တွေကို ပြင်းအားကောင်းအောင် အဆင်မြှင့်ထားတဲ့ bump stock သေနတ်တွေကို ပိတ်ပင်မယ်လို့ မကြာသေးခင်က ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera