News @ M-Media

Tag: Vatican

  • စက်တင်ဘာ ၂ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၂ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၂၊ ၂၀၂၄
    M-Media

    ထွက်ပြေး၀န်ကြီးချုပ် လွှဲပေးဖို့ ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆို

    သြဂုတ်လ ၅ ရက်နေ့က နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာကို ပြန်လွှဲပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုမှုတွေ ရှိလာပါတယ်။ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိက မဟာမိတ်ဖြစ်ပြီး အခုလိုတောင်းဆိုမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ထိုင်းအစိုးရသစ် ယခုတစ်ပတ်အတွင်း ပေါ်လာမည်

    အစိုးရဖွဲ့ဖို့ လူရွေးထားပြီး အခုတစ်ပတ်အတွင်း ဘုရင်ရဲ့ သဘောတူညီချက် ရယူသွားမယ်လို့ ထိုင်း၀န်ကြီးချုပ် ပေထုံတန် ရှင်နာ၀ပ်ထရာက ပြောပါတယ်။ လက်ရှိအိမ်စောင့်အစိုးရက နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး၀န်ကြီးတွေ ပြန်ပါလာဖို့ ရှိပေမယ့် မျက်နှာသစ် ၀န်ကြီးနဲ့ ဒု၀န်ကြီး အနည်းဆုံး ၁၁ ဦး ပါလာမယ်လို့ ထိုင်းပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။ ပေထုံတန်ဟာ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံးနဲ့ ဒုတိယမြောက် အမျိုးသမီး၀န်ကြီးချုပ်လည်း ဖြစ်ပါတယ်။

    ဖိလစ်ပိုင်မုန်တိုင်း ၁၀ ဦးကျော်သေဆုံး

    ဖိလစ်ပိုင်နိုင်ငံမှာ ၂ ရက်တာ ကြာမြင့်နေပြီဖြစ်တဲ့ မုန်တိုင်းရဲ့ နောက်ဆက်တွဲ မိုးကြီးပြီး၊ ရေလျှံမှုကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံစားနေရပါတယ်။

    ပုပ်ရဟန်းမင်းကြီး၏ အာရှခရီးစဥ် စတင်

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အာရှဒေသ ၁၂ ရက်တာ ခရီးစဥ်ဟာ စက်တင်ဘာ ၂ ရက်နေ့မှာ စတင်ပါတယ်။ အင်ဒိုနီးရှား၊ ပါပူအာနယူးဂီနီ၊ တီမောလက်စ်တေနဲ့ စင်ကာပူတို့ကို လာရောက်မှာပါ။ ရဟန်းမင်းဖြစ်ပြီးနောက် အကြာဆုံး ပြည်ပခရီးစဥ် ဖြစ်လာမှာဖြစ်ပြီး မတူညီတဲ့ ဘာသာရေး၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

    Ref: CNA

  • ဘုန်းကြီးများ၏ လိင်စော်ကားမှုကို ပုန်ရဟန်းမင်းဟောင်းက ကာကွယ်ပေးခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိ

    ဘုန်းကြီးများ၏ လိင်စော်ကားမှုကို ပုန်ရဟန်းမင်းဟောင်းက ကာကွယ်ပေးခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိ

    မတ် ၆၊ ၂၀၂၃

    M-Media 

    -ပိုလန် ခရစ်ယာန်ကက်သလစ်အသင်းတော်က ဘုန်းတော်ကြီးတွေ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုလုပ်တာကို ပုပ်ရဟန်းမင်းဟောင်း ဂျွန်ပေါလ် ၂ က သိရှိခဲ့ပေမယ့် အရေးမယူဘဲ ဖုံးကွယ်ပေးခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။

    ရဟန်းမင်း ဂျွန်ပေါလ်ဟာ ပိုလန်လူမျိုးဖြစ်ပြီး ရဟန်းမင်းကြီးအဖြစ် ရွေးချယ်မခံရမီ ပိုလန်က အဖြစ်အပျက်တွေကို သိရှိခဲ့တာလို့ TVN ရုပ်သံက စုံစမ်းဖော်ထုတ်သူ မီခါလ် ဂူတိုစကီးက ပြောပါတယ်။ 

    ပိုလန်နိုင်ငံတောင်ပိုင်း ကရာကိုမြို့မှာ ကာဒီနယ်အဖြစ် တာ၀န်ထမ်းဆောင်နေချိန် သူ့လက်အောက်က ဘုန်းကြီးတွေ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုလုပ်တာကို သိရှိခဲ့တာပါ။

    ဒါပေမယ့် အရေးယူတာမျိုးမလုပ်ဘဲ သြစတြီးယားလို ၀ေးလံခေါင်ဖျားတဲ့ သာသနာနယ်တွေကို ရွှေ့ပြောင်းတာ၊ ကျူးလွန်ခံရသူတွေကို နှစ်သိမ့်ပြီး သတင်းမပေါက်အောင် လုပ်တာမျိုးတွေသာ ရှိခဲ့ပါတယ်။  

    ဂျွန်ပေါ ၂ ဟာ ၁၉၇၈ ခုနှစ်ကနေ ၂၀၀၅ နှစ် ကွယ်လွန်ချိန်အထိ ပုပ်ရဟန်းမင်းကြီးတာ၀န်ကို ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

    လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ ဘုန်းကြီးတွေကို ထိပ်တန်းသာသာနာပိုင်နေရာတွေမှာ ခန့်အပ်ဖို့ ထောက်ခံချက်ရေးပေးတာမျိုးတွေအထိ ဂျွန်ပေါက လုပ်ဆောင်ခဲ့တာကို တွေ့ရကြောင်း ဂူတိုစကီးက ပြောပါတယ်။ 

    ဂူတိုစကီးဟာ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဆိုဗီယက်ခေတ် ပိုလန်ရဲတပ်ဖွဲ့ရဲ့ လျှို့၀ှက် စာရွက်စာတမ်းတွေ၊ ပိုလန် ကက်သလစ်အသင်းတော်က ရှားပါးစာရွက်စာတမ်းတွေကို လေ့လာဆန်းစစ်ခဲ့တာပါ။ 

    ကရာကိုမြို့ ကက်သလစ်အသင်းတော်က ဒီကိစ္စနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဂူတိုစကီးထံ ပေးအပ်ခြင်းမရှိပါဘူး။ 

    ဘုန်းကြီးတွေ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ပတ်သက်တဲ့ ကိစ္စတွေအတွက် တရားရေးဌာနက စုံစမ်းစစ်ဆေးမှုတွေမှာ ပိုလန်ကက်သလစ်အသင်းတော်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ စာရွက်စာတမ်းတွေကိုလည်း ရှေ့နေ၊ တရားသူကြီးတွေထံ ပေးအပ်ခြင်း မရှိပါဘူး။ 

    ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အမေရိကနဲ့ ဥရောပနိုင်ငံတစ်ချို့မှာ ကက်သလစ်ဘုန်းကြီးတွေက ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်တဲ့ ကိစ္စတွေ အများအပြား ပေါ်ထွက်ခဲ့ပြီး အသင်းတော် ဗဟိုချက်ဖြစ်တဲ့ ဗာတီကန်က ထိပ်တန်း ဘုန်းကြီးတွေကို အရေးယူတာမျိုးတွေ ရှိခဲ့ပါတယ်။ 

    Ref: Daily Mail 

    https://www.dailymail.co.uk/news/article-11825195/Pope-John-Paul-II-covered-child-abuse-cardinal-Poland.html
  • ကိုရိုနာကို ကျော်လွှားနိုင်ရေး ဥပုသ်စောင့် ဆုတောင်းရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    ကိုရိုနာကို ကျော်လွှားနိုင်ရေး ဥပုသ်စောင့် ဆုတောင်းရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    မေ ၇၊ ၂၀၂၀
    M-Media

    -ကိုရိုနာကပ်ရောဂါကနေ ကျော်လွှားနိုင်ရေး ဘာသာပေါင်းစုံကလူတွေ တစ်ရက်တာ အစာရှောင်ကာ ဥပုသ်စောင့် ဆုတောင်းကြဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။

    ကမ္ဘာပေါ်က ထိပ်တန်းဘာသာရေးခေါင်းဆောင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ Higher Committee of Human Fraternity အဖွဲ့က လာမယ့် မေလ ၁၄ ရက်နေ့မှာ တစ်ကမ္ဘာလုံးကလူသားတွေ စုပေါင်း ဆုတောင်းကြဖို့ သတ်မှတ်ထားပါတယ်။

    ဒီအစီအစဉ်ကို အီဂျစ်နိုင်ငံရဲ့ ဓမ္မသတ်မှူးချုပ် မွဖ်သီ အဟ်မဒ် အလ်-တိုင်ယစ်ဘ်က ကြိုဆိုခဲ့ပြီး ကမ္ဘာ့လူထုအနေနဲ့ ဘုရားသင်ထံတော်ပါးမှာ ဆုတောင်းကြဖို့၊ အလှူဒါနပြုကြဖို့လည်း ဆိုရှယ်မီဒီယာကနေ တိုက်တွန်းခဲ့ပါတယ်။

    မေလ ၃ ရက်နေ့က ရုပ်သံကနေတစ်ဆင့် ဟောကြားတဲ့ ဒေသနာမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က Higher Committee of Human Fraternity ရဲ့ လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး အဲဒီနေ့မှာ အစာရှောင် ဥပုသ်စောင့်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “မေလ ၁၄ ရက်နေ့ကို ဘာသာဝင်တွေအားလုံး သတိရကြပါ။ ဆုတောင်းပါ၊ ဥပုသ်စောင့်ကြပါ၊ အလှူအတန်းပြုကြပါ”

    ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ Covid-19 တိုက်ဖျက်ရေးမှာ နိုင်ငံအားလုံး ပူးပေါင်းပြီး လက်တွဲလုပ်ဆောင်ကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက သူရဲ့ ဒေသနာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Higher Committee of Human Fraternity အဖွဲ့ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ပုပ်ရဟန်းမင်းကြီး ယူအေအီးနိုင်ငံကို သွားရောက်လည်ပတ်စဉ်မှာ အီဂျစ်နိုင်ငံက ဓမ္မသတ်မှူးချုပ် ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်နဲ့အတူ ကမကထပြု ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

    Ref: Al-Arabiya

  • ကမ္ဘာ့မွတ်စလင်လိဂ်နှင့် ခရစ်ယာန်ကက်သလစ်တက္ကသိုလ်တို့ သဘောတူစာချုပ်ချုပ်

    ကမ္ဘာ့မွတ်စလင်လိဂ်နှင့် ခရစ်ယာန်ကက်သလစ်တက္ကသိုလ်တို့ သဘောတူစာချုပ်ချုပ်

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    MWL အဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘင် အလ်ဒူလ်ကရင်မ် အလ်-အီဆာ

    -ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ ဘာသာစကားဆိုင်ကာ ဖလှယ်မှု၊ ပူးပေါင်ဆောင်ရွက်မှုတွေ ပိုမိုပြုလုပ်နိုင်ဖို့အတွက် ကမ္ဘာ့မွတ်စလင်လိဂ် (MWL) က ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်ကက်သလစ်တက္ကသိုလ် (UCSC) နဲ့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    MWL အဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘင် အလ်ဒူလ်ကရင်မ် အလ်-အီဆာဟာ UCSC ရဲ့ ဖိတ်ကြားမှုကြောင့် ရောမမြို့ကို ရောက်ရှိနေစဉ် ဒီသဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။

    သဘောတူညီချက်မှာ ‌UCSC တက္ကသိုလ်က အာရဘီဘာသာစကားသင်ကြားမှုအစီအစဉ် တိုးတက်စေရေး၊ အာရပ်နဲ့ အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာ သုတေသနလုပ်ငန်းတွေ တိုးတက်စေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားဖို့ ပါဝင်ပါတယ်။ UCSC တက္ကသိုလ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အာရဘီဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ သင်ကြားမှုတွေကို ပိုမို လုပ်ဆောင်လာခဲ့တာပါ။

    ဒေါက်တာ အလ်-အီဆာက ခရစ်ယာန်နဲ့ အစ္စလာမ်ကမ္ဘာတို့အကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ အမြောက်များရှိခဲ့ပြီး ဒီဆက်ဆံရေးပိုမိုခိုင်မာအောင် MWL နဲ့ ဗာတီကန်တို့ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ကြောင်း၊ အပြန်အလှန်လေးစားမှုကို အခြေပြီး ပူးပေါင်းဆောင်ရွက်မှု ထပ်မံမြှင့်တင်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

    MWL အနေနဲ့ အခြားဘာသာရေးအဖွဲ့အစည်းတွေ၊ လူ့အဖွဲ့အစည်းတွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တစ်ခုကို စတင်ထားတယ်လို့လည်း အလ်-အီဆာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    UCSC ဟာ ဥရောပက အကြီးဆုံး ပုဂ္ဂလိကတက္ကသိုလ်တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ခရစ်ယာန်ကက်သလစ်တက္ကသိုလ်လည်း ဖြစ်ပါတယ်။

    Ref: Arab News

  • အမျိုးသားရေးဝါဒ မြင့်တက်လာခြင်းအပေါ် စိုးရိမ်ကြောင်း ပုပ်ရဟန်းမင်းပြော

    အမျိုးသားရေးဝါဒ မြင့်တက်လာခြင်းအပေါ် စိုးရိမ်ကြောင်း ပုပ်ရဟန်းမင်းပြော

    မေ ၃၁၊ ၂၀၁၉
    M-Media

    -ဥရောပတစ်ဝှမ်းမှာ အမျိုးသားရေး အစွန်းရောက်ဝါဒနဲ့ လူမျိုးရေးခွဲခြားမှု မြင့်တက်လာတဲ့အပေါ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတိပေး ပြောကြားလိုက်ပါတယ်။

    “ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ရတဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေက ‘ရန်ငါစည်းခြားပြီး’ ခွဲခြားခံရသူတွေ၊ နိုင်ငံခြားသားတွေအပေါ် ကြောက်ရွံ့မှုကို ပိုတိုးလာစေပါတယ်။ ဒါတွေက သူတို့အပေါ်ပဲ ထိခိုက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အပေါ်၊ ကျွန်တော်တို့ရဲ့ ပစ္စုပ္ပန်၊ အနာဂတ်နဲ့ လူသားထုတစ်ရပ်လုံးကို ထိခိုက်မှာပါ” လို့  တနင်္လာနေ့က ပြောခဲ့တဲ့ ကမ္ဘာ့ ပြောင်းရွှေ့အခြေချသူများနှင့် ဒုက္ခသည်များနေ့ အထိမ်းအမှတ် သတင်းစကားမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြင်သစ်၊ အီတလီနဲ့ ဗြိတိန်တို့က လတ်တလော ရွေးကောက်ပွဲတွေမှာ လူပြိန်းကြိုက် အမျိုးသားရေးအုပ်စုတွေ အမတ်နေရာ အများအပြား အနိုင်ရပြီးတဲ့နောက်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ ဒီသတိပေးချက် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

    အကာအကွယ်ရလိုမှု၊ ပိုကောင်းတဲ့ အနာဂတ် ရလိုမှုကြောင့် ရောက်ရှိလာကြတဲ့ ဒုက္ခသည်တွေ၊ ပြောင်းရွှေ့အခြေချသူတွေအပေါ် ကြောက်ရွံ့မှုဟာ နိုင်ငံတော်တော်များများမှာ ရှိနေတယ်ဆိုတာကိုလည်း ဖရန်စစ်က ၀န်ခံခဲ့ပါတယ်။

    “ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ထားမှု လုံလုံလောက်လောက် မရှိတာကြောင့် တစ်ချို့ကြောက်ရွံ့မှုတွေဟာ လက်သင့်ခံနိုင်စရာ ရှိပါတယ်။ ဒါပေမယ့် ပြဿနာက စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ မဟုတ်ပါဘူး။ အဲဒါတွေကို အခြေခံပြီး ဖြစ်လာတဲ့ အတွေးအခေါ်တွေ အထူးသဖြင့် သည်းမခံနိုင်မှုတွေ၊ ကိုယ်က မသိလိုက်ဘဲ လူမျိုးရေးခွဲခြားသူ ဖြစ်လာတာတွေပါ”

    ယနေ့ခေတ်မှာ ကမ္ဘာကြီးဟာ ပိုပြီး တစ်ကိုယ်ကောင်းဆန်လာကာ အားနည်းသူတွေအပေါ် ပိုမို ရက်စက်ကြမ်းကြုတ်လာကြောင်း၊ စစ်ပွဲကြောင့် ပေါ်ပေါက်လာတဲ့ ဒုက္ခသည်တွေကို စစ်ပွဲမှာ လက်နက်တွေရောင်းပြီး အကျိုးအမြတ်ယူနေတဲ့ နိုင်ငံတွေက လက်ခံဖို့ ဆန္ဒမရှိကြကြောင်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘာလုံးဆိုင်ရာ ပြောင်းရွှေ့အခြေချသူများနဲ့ ဒုက္ခသည်များနေ့ဟာ စက်တင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်မှာဖြစ်ပေမယ့် ပုပ်ရဟန်းမင်းကြီးရဲ့ အခုသတင်းစကားက ဒီကိစ္စနဲ့ပတ်သက်ပြီး ကက်သလစ်အသင်းတော် ခေါင်းဆောင်တွေအတွက် လမ်းညွှန်မှု ဖြစ်ပါတယ်။

    Ref: Alarabiya