News @ M-Media

Tag: Vatican

  • ကမ္ဘာတစ်ဝှမ်းမှ စစ်ပွဲများအတွက် အမေရိကန်နှင့် ဥရောပတွင် တာဝန်ရှိသည်ဟု ပုပ်ရဟန်းမင်း ပြော

    ကမ္ဘာတစ်ဝှမ်းမှ စစ်ပွဲများအတွက် အမေရိကန်နှင့် ဥရောပတွင် တာဝန်ရှိသည်ဟု ပုပ်ရဟန်းမင်း ပြော

    ဧပြီ ၇၊ ၂၀၁၉
    M-Media

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

    – ကမ္ဘာတစ်ဝှမ်း စစ်ပွဲတွေဖြစ်ပွားပြီး ကလေးငယ်တွေအပါအ၀င် လူတွေ ထောင်သောင်းချီ သေဆုံးနေတာတွေဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက လက်နက်တွေ ရောင်းနေတာကြောင့်ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပါတယ်။

    အီတလီနိုင်ငံ မီလန်မြို့ San Carlo တက္ကသိုလ်က ဆရာတွေနဲ့ ကျောင်းသားတွေကို ဟောကြားတဲ့ တရားမှာ ပုပ်ရဟန်းမင်းက ဒီလို ပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ ဥရောပတို့လို လက်နက်ရောင်းတဲ့နိုင်ငံတွေသာ မရှိဘူးဆိုရင် အာဖဂန်နစ္စတန်၊ ယီမင်နဲ့ ဆီးရီးယားမှာ စစ်ပွဲဖြစ်ရာ မရှိဘူးလို့လည်း ဆိုပါတယ်။

    “သေဆုံးသွားတဲ့ ကလေးငယ်တစ်ယောက်ချင်းစီအတွက်၊ ပျက်ဆီးသွားတဲ့ မိသားစု တစ်ခုချင်းစီအတွက် အဲဒီ လက်နက်ရောင်းတဲ့ နိုင်ငံတွေမှာ အပြစ်ရှိပါတယ်”

    ပြောင်းရွှေ့အခြေချသူတွေကို လက်ခံဖို့နဲ့ လူ့အဖွဲ့အစည်းမှာ ပေါင်းစည်းသွားအောင် လုပ်ဆောင်ဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပြီး ပြောင်းရွှေ့အခြေချသူတွေကြောင့် ရာဇ၀တ်မှုဖြစ်တာဆိုတဲ့ ပြောကြားမှုတွေကို ပယ်ချခဲ့ပါတယ်။ အီတလီမှာဆိုရင် ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုအများစုဟာ နိုင်ငံခြားသားတွေကြောင့် မဟုတ်ဘူးလို့လည်း ထောက်ပြခဲ့ပါတယ်။

    “မားဖီးယားဂိုဏ်းဆိုတာ နိုက်ဂျီးရီးယားတွေ ဖွဲ့ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ထဲကပဲ ဖြစ်လာတာပါ။ ကျွန်တော်တို့အားလုံးဟာ ရာဇ၀တ်ကောင်တွေ ဖြစ်နိုင်တာပဲ။ ပြောင်းရွှေ့အခြေချသူတွေက ကြွယ်ဝမှုတွေ ယူဆောင်လာတာပါ။ ဥရောပဆိုတာ ပြောင်းရွှေ့ အခြေချသူတွေနဲ့ပဲ တည်ဆောက်ထားတာ မဟုတ်လား”

    Ref: Fars News

  • ကလေးများအပေါ် လိင်စော်ကားမှုဖြင့် ဗာတီကန်မှ ထိပ်တန်း ခရစ်ယာန်ဘုန်းကြီး ထောင် ၆ နှစ်ကျ 

    ကလေးများအပေါ် လိင်စော်ကားမှုဖြင့် ဗာတီကန်မှ ထိပ်တန်း ခရစ်ယာန်ဘုန်းကြီး ထောင် ၆ နှစ်ကျ 

    မတ် ၁၃၊ ၂၀၁၉
    M-Media

    သြစတေးလျ ကာဒီနယ် ဂျော့ဂ်ျ ပဲလ်

    – တစ်ချိန်က ဗာတီကန်ရဲ့ ဘဏ္ဍာရေးအကြီးအကဲနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အကြံပေး ဖြစ်ခဲ့တဲ့ သြစတေးလျ ကာဒီနယ် ဂျော့ဂ်ျ ပဲလ်ဟာ ကက်သလစ်ဘုရားကျောင်းမှာ ကျူးလွန်ခဲ့တဲ့ ကလေးငယ်အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ဒီကနေ့မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံလိုက်ရပါတယ်။

    အသက် ၇၇ နှစ်အရွယ်ရှိတဲ့ ပဲလ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရားစွဲခံရတာဖြစ်ပြီး ၁၉၉၆ ခုနှစ်က မဲလ်ဘုန်းမြို့ ခရစ်ယာန်ကက်သလစ်ဘုရားကျောင်း St Patrick မှာ အရွယ်မရောက်သေးတဲ့ ယောက်ျားလေး ၂ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက် ၅ ခုအတွက် အပြစ်ရှိကြောင်း တွေ့ခဲ့ရတယ်လို့ ဂျူရီအဖွဲ့က
    ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဂျူရီအဖွဲ့အကြီးအကဲ တရားသူကြီး ပီတာကစ်က ပဲလ်ရဲ့လုပ်ရပ်ဟာ ကျူးလွန်ခံရတဲ့ ယောက်ျားလေးနှစ်ဦးရဲ့ ဘ၀အပေါ် သိသိသာသာ ရိုက်ခတ်မှုရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအထဲက တစ်ဦးဟာ မူးယစ်ဆေးစွဲပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

    ပဲလ်ဟာ ထောင်ဒဏ် အမြင့်ဆုံး နှစ် ၅၀ အထိ ချမှတ်နိုင်တဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

    ခရစ်ယာန်ကက်သလစ် သာသနာပိုင်အဖွဲ့ရဲ့ တတိယအမြင့်ဆုံးတာဝန်ကို ထမ်းဆောင်ခဲ့သူ ပဲလ်ဟာ ကက်သလစ်ဘုန်းကြီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ပြဿနာမှာ အရေးယူခံရတဲ့ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ပဲလ်ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ပြီးခဲ့တဲ့သြဂုတ်လမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့ကို ဗာတီကန် ဘဏ္ဍာစိုးရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

    ပဲလ်ဟာ ခရစ်ယာန်ကက်သလစ် သာသနာရဲ့ အဓိကရပ်တည်ချက်တွေဖြစ်တဲ့ လိင်တူလက်ထပ်မှု ဆန့်ကျင်ရေး၊ အမျိုးသမီးများ ရဟန်းဘ၀ခံယူမှု ဆန့်ကျင်ရေးတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

    ကျူးလွန်ခံရသူများ ဖွင့်ဟ

    “ကမ္ဘာတစ်ဝှမ်းမှာ ကလေးငယ်တွေအပေါ် ကျူးလွန်မှု စွဲချက်တွေနဲ့ တရားစွဲခံထားရတဲ့ ခရစ်ယာန်ဘုန်းကြီးပေါင်း ၇ ထောင်လောက် ရှိပါတယ်။ ဒီပြဿနာရဲ့ နောက်ဆက်တွဲအကျိုးတွေကို ဒီလူတွေ ခံစားဖို့အချိန် ကျပြီလို့ ကျွန်တော်ထင်ပါတယ်” လို့ တစ်ချိန်က ဒီလိုကိစ္စမျိုး ကျူးလွန်ခံခဲ့ရသူ ဂျွန်လောရင့်စ်က ပြောကြားခဲ့ပါတယ်။ သူဟာ ပဲလ်ကို အမိန့်ချမယ့် တရားရုံးမှာ လာရောက် ဆန္ဒပြသူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

    ကက်သလစ်ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရသူတွေအများစုနဲ့ ဖွဲ့စည်းထားတဲ့ Care Leavers Australiasia Network အဖွဲ့က ပဲလ်ရဲ့ပြစ်ဒဏ်ဟာ မလုံလောက်ပေမယ့်၊ သူ အကျဉ်းထောင်ကိုသွားရမှာကို ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန်ကက်သလစ်သာသနာအတွင်း ဘုန်းကြီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုနဲ့ပတ်သက်လို့ သြစတေးလျအစိုးရက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးရာမှာ ၁၉၅၀ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း သြစတေးလျက ကက်သလစ်ဘုန်းကြီးတွေရဲ့ ၇ ရာခိုင်နှုန်းလောက်ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုပေါင်းမြောက်များစွာ လုပ်ဆောင်ခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပြီး မိန်းကလေးတွေဆိုရင် အသက် ၁၁ နှစ်၊ ယောက်ျားလေးတွေဆိုရင် အသက် ၁၂ လောက်အထိ ငယ်ရွယ်သူတွေပါ ကျူးလွန်ခံရသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝှမ်းက ကက်သလစ် ကာဒီနယ်တွေကို ဖိတ်ခေါ်ကာ ဖေဖော်ဝါရီလက ဗာတီကန်မှာ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အမြစ်ပြတ် ဖြေရှင်းသွားမယ်လို့ ပုပ်ရဟန်းမင်းကြီးက ကတိပေးခဲ့ပါတယ်။

    Ref: Aljazeera

  • ဘုန်းကြီးများ လိင်ကျူးလွန်မှုကို အမြစ်ဖြတ်တိုက်ထုတ်မည်ဟု ပုပ်ရဟန်းမင်းပြော

    ဘုန်းကြီးများ လိင်ကျူးလွန်မှုကို အမြစ်ဖြတ်တိုက်ထုတ်မည်ဟု ပုပ်ရဟန်းမင်းပြော

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

    – ကက်သလစ်ဘုန်းကြီးအချို့က ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အသင်းတော်က ဆက်လက် ဖုံးကွယ်သွားမှာ မဟုတ်ဘဲ ဒီကိစ္စကို အမြစ်ပြတ် တိုက်ဖျက်သွားမယ်လို့ ခရစ်ယာန် ကက်သလစ်ဘာသာရဲ့ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ အသင်းတော်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို တိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်ဝှမ်းက ကက်သလစ်ဂိုဏ်းအုပ်တွေကို ခေါ်ယူပြီး ဗာတီကန်မှာ ကြာသာပတေးနေ့ကတည်းက အစည်းအဝေး လုပ်နေတာ ဖြစ်ပါတယ်။

    “ကျူးလွန်မှုတွေကို အရင်တုန်းကလိုမျိုး ဖုံးကွယ်ပေးတာ၊ မသိချင်ယောင်ဆောင်ပေးတာမျိုး လုပ်မှာ မဟုတ်တော့ပါဘူး။ ဒီလို ဖုံးကွယ်ပေးတာဟာ အကုသိုလ် ပြန့်ပွားဖို့ အားပေးရာရောက်ပြီး၊ ပြဿနာကို ထပ်ပိုးပေးလိုက်သလိုလည်း ဖြစ်ပါတယ်” လို့ အစည်းအဝေး အပိတ်မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ကျူးလွန်တာဟာ စက်ဆုပ်ဖွယ်ရာကောင်းပြီး ကမ္ဘာမြေပေါ်က ဖယ်ရှားပစ်ရမယ့် ကိစ္စမျိုးဖြစ်ကြောင်း၊ ဒီကိစ္စတွေ အမြစ်ပြတ်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ဖရန်စစ်က ဆိုပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ကက်သလစ်ဂိုဏ်းအုပ်တွေနဲ့ အဆင့်မြင့် ခရစ်ယာန်ခေါင်းဆောင် ၂၀၀ လောက် တက်ရောက်တဲ့ ညီလာခံ ဖွင့်ပွဲနေ့မှာ အသင်းတော်အတွင်း ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို တိုက်ဖျက်ရေး အချက် ၂၁ ချက်ပါ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ပုပ်ရဟန်းမင်းက ချပြခဲ့ပါတယ်။

    အနာဂတ်မှာ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာမယ်ဆိုရင် အဆုံးစွန်ဆုံး စုံစမ်းဖော်ထုတ်သွားမယ်လို့ ပုပ်ရဟန်းမင်းကြီးက ဒီကနေ့မှာ ပြောကြားခဲ့ပေမယ့် အွန်လိုင်း ကလေးညစ်ညမ်းကား ကိစ္စနဲ့ပတ်သက်လို့ ဗာတီကန်ရဲ့ စည်းကမ်းဥပဒေတွေကို တင်းကြပ်မယ်ဆိုတာကလွဲလို့ တစ်ခြား အသေးစိတ် ကတိက၀တ်တွေ၊ လုပ်ဆောင်မယ့် အစီအစဉ်တွေ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

    ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဟာ ရုပ်ပွားဆင်းတု ကိုးကွယ်မှုဓလေ့မှာ ရှိခဲ့တဲ့ လူသားကို ယစ်ပူဇော်တာနဲ့ အတူတူပဲလို့ ဖရန်စစ်က နှိုင်းယှဉ်ခဲ့ပြီး ကျူးလွန်သူတွေကို ‘ဘုရားသခင်ရဲ့ အမျက်တော်’ နဲ့အတူ တုန့်ပြန်သွားမယ်လို့ သန္ဓိဌာန်ပြုထားကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ခရစ်ယာန် ကက်သလစ်ဘုန်းကြီးအချို့ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့ပြီး အသင်းတော် အာဏာပိုင်တွေကလည်း ဒီကိစ္စတွေကို ဖုံးကွယ်ပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် သြစတေးလျ၊ ချီလီ၊ ဂျာမနီနဲ့ အမေရိကန်နိုင်ငံတွေမှာ အစိုးရအာဏာပိုင်တွေက ဒီကိစ္စတွေကို စုံစမ်းကာ လူသိရှင်ကြား ဖော်ထုတ်ခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးကတော့ ကလေးငယ်တွေအပေါ် လိင်စိတ်တိမ်းညွှတ်တဲ့ ဘုန်းကြီးတွေဟာ ‘မာရ်နတ်ရဲ့ ဘက်တော်သားတွေ’ လို့ သမုတ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ကက်သလစ်ဘုန်းကြီးများ လိင်စော်ကားမှု ပပျောက်ရေး ဗာတီကန်တွင် ထိပ်သီးအစည်းအဝေး ကျင်းပမည်

    ကက်သလစ်ဘုန်းကြီးများ လိင်စော်ကားမှု ပပျောက်ရေး ဗာတီကန်တွင် ထိပ်သီးအစည်းအဝေး ကျင်းပမည်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
    M-Media

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

    – ကမ္ဘာတစ်ဝှမ်းမှာ ခရစ်ယာန် ကက်သလစ်ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ကိစ္စကို ဖြေရှင်းဖို့အတွက် ဗာတီကန်မှာ ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပဖို့ရှိပါတယ်။

    ကြာသာပတေးနေ့ကနေ တနင်္ဂနွေနေ့အထိ ကြာမြင့်မယ့် အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး ၁၉၀ လောက်ကို ဖိတ်ခေါ်ထားပါတယ်။ ကလေးငယ်တွေ လိင်စော်ကားခံရမှု ကိစ္စအတွက် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေကို ဖိတ်ခေါ်ပြီး ပြုလုပ်မယ့် ဒီအစည်းအဝေးဟာ ခရစ်ယာန် ကက်သလစ်သာသနာသမိုင်းမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။

    ကက်သလစ်ဘုန်းကြီးအချို့က ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကက်သလစ်ခေါင်းဆောင်ပိုင်းက ဒါတွေကို ဖုံးကွယ်ပေးထားမှု အကြောင်းတွေကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အစိုးရအာဏာပိုင်တွေနဲ့ ဂျာနယ်လစ်တွေက ဖော်ထုတ်ခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်ဟာ ဒီကိစ္စတွေ လူသိရှင်ကြား ပေါ်ထွက်လာမှု အများဆုံးနှစ်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အပါအ၀င် ကက်သလစ်အသင်းတော် ခေါင်းဆောင်ပိုင်းလည်း ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

    ၄ ရက် ကြာမြင့်မယ့် အစည်းအဝေးရဲ့ ရည်ရွယ်ချက်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စကို ဂိုဏ်းအုပ်ဘုန်းကြီးတွေက တားဆီး ကိုင်တွယ်နိုင်ရေး နည်းလမ်းရှာဖို့ ဖြစ်တယ်လို့ ဗာတီကန်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီပြဿနာတွေကို ကိုင်တွယ်နိုင်ဖို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေကို အသိပညာပေးရေး၊ အသင်းတော်အတွင်း ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရေး စတာတွေကို ဆွေးနွေးမှာဖြစ်ပြီး ကက်သလစ်အသင်းတော် စည်းမျဉ်း ဥပဒေတွေကိုတော့ ပြုပြင်ပြောင်းလဲဖို့ မရှိဘူးလို့ ဆိုပါတယ်။

    အစည်းအဝေးဟာ သိပ်အရေးပါမှာ မဟုတ်ဘူးလို့ ပြောကြားမှုတွေ ရှိနေပေမယ့် ကြိုဆိုသူတွေလည်း ရှိနေပါတယ်။

    “ကျူးလွန်ခံရပြီး ၂၅ နှစ်လောက် ငြိမ်နေရတဲ့ ကျွန်တော့်လို လူမျိုးတွေအတွက် ဒါဟာ မယုံနိုင်စရာ အောင်မြင်မှုပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းကဆိုရင် ဒါမျိုးက စဉ်းစားလို့တောင် မရပါဘူး” လို့ Ending Clergy Abuse (ECA) Global အဖွဲ့ကို တည်ထောင်ထားသူ ပီတာ အိုင်စလီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကလေးများကို လိင်စော်ကားသည့် ချီလီဘုန်းကြီးနှစ်ပါးကို ပုပ်ရဟန်းမင်းက သာသနာ့ဘောင်မှ ထုတ်ပယ်

    ကလေးများကို လိင်စော်ကားသည့် ချီလီဘုန်းကြီးနှစ်ပါးကို ပုပ်ရဟန်းမင်းက သာသနာ့ဘောင်မှ ထုတ်ပယ်

    အောက်တိုဘာ ၁၄၊ ၂၀၁၈
    M-Media

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

    – ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ချီလီကက်သလစ်အသင်းတော်က ဂိုဏ်းအုပ်ဘုန်းတော်ကြီး ၂ ပါးကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သိက္ခာချကာ သာသနာ့ဘောင်ကနေ ထုတ်ပယ်လိုက်ပါတယ်။

    Francisco Jose Cox Huneeus နဲ့ Marco Antonio Ordenes Fernandez တို့ဖြစ်ကြပြီး ကြာသာပတေးနေ့က ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်အတွက် အယူခံ လျှောက်ထားခွင့်မရှိဘူးလို့ မနေ့က ဗာတီကန်ကနေထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့အတွက် ဒီလို သာသနာ့ဘောင်ကနေ ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ခရစ်ယာန် ကက်သလစ်သာသနာမှာ သာသနာ့ဘောင်က ထုတ်ပယ်တာဟာ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးမှုလည်း ဖြစ်ပါတယ်။

    ချီလီကက်သလစ်အသင်းတော်မှာ ဘုန်းကြီးတွေရဲ့ လိင်ကျူးလွန်မှုသတင်းတွေ ထွက်ခဲ့တာ နှစ်တော်တော်ကြာ ရှိခဲ့ပေမယ့် ကျူးလွန်ခံရသူတွေ၊ ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့အတွက် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အာဏာပိုင်တွေက အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

    လက်ရှိမှာ ဘုန်းကြီးနဲ့ သာသနာ့ဝန်ထမ်း ၁၀၀ ကျော်လောက်ကို စစ်ဆေးနေပြီး ဒါဟာ လက်တင်အမေရိကရဲ့ ကက်သလစ်ဘာသာသမိုင်းမှာ အကြီးမားဆုံး လိင်ပိုင်းဆိုင်ရာ ပြဿနာလည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ မြို့ကြီးတွေမှာရှိတဲ့ ကက်သလစ်ဘုရားကျောင်း ၅ ခုကို စီးနင်းရှာဖွေခဲ့ပြီး၊ ရဲတပ်ဖွဲ့ကို တိုင်ကြားခြင်းမရှိတဲ့ လိင်ကျူးလွန်မှု အထောက်အထား မှတ်တမ်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

    လက်ရှိအချိန် ဖော်ထုတ်ခဲ့သမျှထဲမှာ ဘုန်းကြီးတွေရဲ့ စော်ကားမှုကို ခံရသူ အရေအတွက်ဟာ ၁၇၈ ဦးရှိပြီး အဲဒီအထဲမှာ ၇၉ ဦးက အရွယ်မရောက်သေးသူတွေ ဖြစ်ပါတယ်။ ဒီကိစ္စကိုတွေကို ဖုံးကွယ်ပေးတဲ့ ဘုန်းကြီးနဲ့ သာသနာဝန်ထမ်း ၁၆၇ ဦးကိုလည်း တရားစွဲဆိုထားပါတယ်။

    လူငယ် အမျိုးသားလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ တော်တော်များများ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ချီလီဘုန်းတော်ကြီး Fernando Karadima ကိုလည်း ပုပ်ရဟန်းမင်းကြီးက ပြီးခဲ့တဲ့လမှာ သာသနာ့ဘောင်ကနေ ထုတ်ပယ်ခဲ့ပါတယ်။

    ကက်သလစ်အသင်းတော်အတွင်း ဘုန်းကြီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ပြဿနာတွေကို ချီလီအပြင် အမေရိကန်၊ သြစတေးလျနဲ့ အခြားနိုင်ငံတွေမှာလည်း တွေ့ခဲ့ရပြီး အာဏာပိုင်တွေက ဖော်ထုတ်အရေးယူမှုတွေ ပြုလုပ်နေပါတယ်။

    Ref: Aljazeera