News @ M-Media

Tag: WuhanVirus

  • တစ်ကျော့ပြန် ကိုဗစ်ကြောင့် မလေးရှားတွင် တစ်နိုင်ငံလုံး လော့ဒေါင်းချမည်

    တစ်ကျော့ပြန် ကိုဗစ်ကြောင့် မလေးရှားတွင် တစ်နိုင်ငံလုံး လော့ဒေါင်းချမည်

    မေ ၃၀၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်မှု ပြန်လည် မြင့်တက်လာတဲ့ မလေးရှားမှာ ဇွန်လ ၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးကို လော့ဒေါင်းချသွားမှာ ဖြစ်ပါတယ်။

    ၂ ပတ်တာကြာမြင့်မယ့် အဲဒီ လော့ဒေါင်းမှာ ကျန်းမာရေး၊ နည်းပညာနဲ့ မီဒီယာ၊ အစားအသောက်နဲ့ ကုန်ထုတ်လုပ်ငန်းအချို့ အပါအဝင် မရှိမဖြစ် လုပ်ငန်း ၁၇ ခုက လွဲလို့ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ပိတ်ထားရမှာဖြစ်ပါတယ်။ လုပ်ကိုင်ခွင့်ရတဲ့ လုပ်ငန်းတွေကလည်း လုပ်သားအင်အားရဲ့ ၆၀ ရာခိုင်နှုန်းကိုသာ လုပ်ငန်းခွင်မှာ အသုံးပြုရမှာပါ။

    မလေးရှာ းလုံခြုံရေးနဲ့ ကာကွယ်ရေးဝန်ကြီး အစ္စမာအီလ် ဆာဘရီ ယာကွတ်က လုပ်သားအင်အား ၆၀ ရာခိုင်နှုန်းထက် ကျော်လွန်လုပ်ကိုင်သူတွေကို အရေးယူသွားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အိမ်မှာ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့နဲ့ ကျန်းမာရေးဝန်ဆောင်မှုရယူဖို့အတွက် တစ်အိမ်ကို နှစ်ဦးသာ ထွက်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြည်နယ်ကျော်နဲ့ ခရိုင်ကျော်သွားလာမှုတွေကို ပိတ်ပင်ထားပြီး၊ လမ်းပိတ်စစ်ဆေးမှုကိုလည်း တိုးမြှင့်ပြုမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

    မလေးရှားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီး အခုတစ်ပတ်မှာ တစ်နေ့ကို ကူးစက်သူ ၉ ထောင်ကျော်အထိ ရှိတာလာဖြစ်ပါတယ်။ ကူးစက်မှုနဲ့အတူ သေဆုံးမှုလည်း သိသိသာသာ မြင့်တက်လာပါတယ်။

    အခု လော့ဒေါင်း ပထမအဆင့်ဟာ ၂ ပတ် ကြာမြင့်မှာဖြစ်ပြီး အခုထက်ပိုပြီး လျှော့ပေါ့ပေးမယ့် ဒုတိယအဆင့်က ၄ ပတ်၊ အဲဒီနောက်၊ လော့ဒေါင်း တတိယအဆင့်အဖြစ် လှုပ်ရှားသွားလာမှု ကန့်သတ်မိန့် MCO စသဖြင့် အဆင့်ဆင့်လုပ်ဖို့ မလေးရှားက စီစဉ်ထားတာ ဖြစ်ပါတယ်။

    ကာကွယ်ဆေးတိုးမြှင့်မယ်

    မလေးရှားမှာ နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေးနေတာပါ။

    နည်းပညာနှင့် ထီထွင်ကြံဆရေးဆိုင်ရာ ဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က ကာကွယ်ဆေးထိုးမှုလုပ်ငန်းကို အရှိန်မြှင့်ဖို့အတွက် ကာကွယ်ဆေးစင်တာတွေကို နိုင်ငံတစ်ဝှမ်း တိုးမြှင့် ဖွင့်လှစ်သွားမယ်လို့ ဒီကနေ့မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    မလေးရှားဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရေး သီးသန့်စင်တာတွေ ဖွင့်လှစ်ထားရှိပြီး နောက်ပိုင်း ဆေးရုံ၊ ဆေးခန်းတွေမှာပါ ထိုးပေးနိုင်အောင် စီစဉ်နေပါတယ်။

    Ref: CNA

  • BioNTech ကိုဗစ်ကာကွယ်ဆေး၀ယ်ယူရန် ထိုင်ဝမ်၏ ကြိုးပမ်းမှုကို တရုတ်က နှောက်ယှက်

    BioNTech ကိုဗစ်ကာကွယ်ဆေး၀ယ်ယူရန် ထိုင်ဝမ်၏ ကြိုးပမ်းမှုကို တရုတ်က နှောက်ယှက်

    မေ ၂၆၊ ၂၀၂၁
    M-Media

    -ဂျာမနီဆေးဝါးကုမ္ပဏီ BioNTech SE ထံကနေ ကိုဗစ်ကာကွယ်ဆေး၀ယ်ယူနိုင်ရေး ကြိုးပမ်းမှုကို တရုတ်အစိုးရက တားဆီးနေတယ်လို့ ထိုင်ဝမ်က ပြောပါတယ်။

    ထိုင်ဝမ်ဟာ AstraZeneca Plc နဲ့ Moderna Inc တို့ကနေ ကာကွယ်ဆေးသန်းချီ မှာယူထားပေမယ့် အခုအချိန်အထိ စုစုပေါင်း ၇ သိန်းသာ ရရှိထားပြီး ဒီပမာဏဟာ ထိုင်ဝမ်လူဦးရေရဲ့ ၁ ရာခိုင်နှုန်းကိုသာ ထိုးပေးနိုင်မှာပါ။

    ကာကွယ်ဆေးဝယ်ယူရေး BioNTech နဲ့သဘောတူညီချက်ရဖို့ အလွန်နီးစပ်တဲ့အနေအထား ရှိခဲ့ပေမယ့် တရုတ်က ကြားဝင်နှောက်ယှက်တဲ့အတွက် အခုအချိန်အထိ လက်မှတ်မထိုးနိုင်သေးဘူးလို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က အာဏာရ ဒီမိုကရေတစ် တိုးတက်ရေးပါတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    ထိုင်ဝမ်ဟာ သူတို့ပိုင်နက်လို့ တရုတ်အစိုးရက သတ်မှတ်ထားပြီး ထိုင်ဝမ်ကတော့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ပြောဆိုထားတာပါ။

    BioNTech ကာကွယ်ဆေးရဖို့ ထိုင်ဝမ်ရဲ့ကြိုးပမ်းမှုကို နှောက်ယှက်နေတယ်ဆိုတဲ့ သတင်းတွေကို တရုတ်အစိုးရက ငြင်းပါတယ်။ တရုတ်ဆေးဝါးလုပ်ငန်း Shanghai Fosun Pharmaceutical Group ကနေ BioNTech ကာကွယ်ဆေး ထိုင်ဝမ်ကိုရောင်းပေးဖို့ တရုတ်အစိုးရက စီစဉ်နေတာ ဖြစ်ပါတယ်။

    Ref : Reuters

  • လေယာဉ်စင်းလုံးငှား မင်္ဂလာပွဲကို ကိုဗစ်ဖောက်ဖျက်မှုဖြင့် အိန္ဒိယ စစ်ဆေး

    လေယာဉ်စင်းလုံးငှား မင်္ဂလာပွဲကို ကိုဗစ်ဖောက်ဖျက်မှုဖြင့် အိန္ဒိယ စစ်ဆေး

    မေ ၂၅၊ ၂၀၂၁
    M-Media

    -လေယာဉ်စင်းလုံးငှားပြီး ဧည်သည့် ၁၆၀ ကျော်နဲ့ လေပေါ်မှာပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲတစ်ခုကို ကိုဗစ်ဖောက်ဖျက်မှုနဲ့ အိန္ဒိယအာဏာပိုင်တွေက စစ်ဆေးနေပါတယ်။

    အမည်မထုတ်ပြန်တဲ့ စုံတွဲနှစ်ဦးဟာ SpiceJet လေယာဉ်ကို စင်းလုံးငှားပြီး တမီလ်နာဒူးပြည်နယ် မာဒူရိုင်မြို့ကနေ ကာနာတာကာပြည်နယ် ဘန်ဂလူမြို့ကို သမိုင်းဝင် Meenakshi Amman ဘုရားကျောင်းပေါ် ပျံသန်းကာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။

    မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေအပါအဝင် လူပေါင်း ၁၆၁ ဦး လေယာဉ်ပေါ်မှာ လိုက်ပါခဲ့ပြီး ဓာတ်ပုံတွေရိုက်ကာ ဆိုရှယ်မီဒီယာတွေမှာ တင်ခဲ့ကြပါတယ်။ ကိုဗစ်ကူးစက်မှု အကြီးအကျယ်ဖြစ်နေတာကြောင့် လူ ၅၀ ထက်ပိုမစုဖို့ အိန္ဒိယအစိုးရက အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

    နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာထိုင်တာ စတဲ့ လေကြောင်းစည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်ဦးမှ လိုက်နာခြင်းမရှိတာကို ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

    အိန္ဒိယ အရပ်ဖက်လေကြောင်းဌာနက ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ SpiceJet ကို အမိန့်ပေးထားပြီး၊ လေယာဉ်ဝန်ထမ်းတွေကိုလည်း ရာထူးကနေ ရပ်ဆိုင်းထားပါတယ်။

    မင်္ဂလာမောင်နှံနဲ့ မင်္ဂလာပွဲကို တက်ရောက်သူတွေအားလုံး လေယာဉ်စီးနင်းမှု ပိတ်ပင်ခံရနိုင်တယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: AFP

  • ကိုဗစ်ကူးစက်မှုကို တရုတ်က ဖုံးထားသည်ဟု ယူဆနိုင်သော အထောက်အထားတစ်ခု ထွက်ပေါ်လာ

    ကိုဗစ်ကူးစက်မှုကို တရုတ်က ဖုံးထားသည်ဟု ယူဆနိုင်သော အထောက်အထားတစ်ခု ထွက်ပေါ်လာ

    မေ ၂၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ရောဂါဖြစ်နေကြောင်း တရုတ်အစိုးရက ကမ္ဘာကိုမကြေငြာခင် လပိုင်းအလို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ၀ူဟန်မြို့ ဗိုင်းရပ်စ်လေ့လာရေးဌာန (WIV) က ပညာရှင် ၃ ယောက် ကိုဗစ်လက္ခဏာတွေနဲ့ ဆေးရုံတက်ခဲ့ရတယ်ဆိုတဲ့သတင်း ပေါက်ကြားလာပါတယ်။

    အရင်က ထုတ်ပြန်ခြင်း မရှိသေးတဲ့ အမေရိကန်ထောက်လှမ်းရေး ရင်းမြစ်တွေကို ကိုးကားပြီး Wall Street Journal က မနေ့မှာ လူသိရှင်ကြား ဖော်ပြခဲ့တာပါ။

    ကိုဗစ်ကပ်ရောဂါဟာ တရုတ်နိုင်ငံ ၀ူဟန်မြို့ အသားငါးစျေးထဲကနေ အစပြုတာလို့ ကမ္ဘာက လက်ခံထားပါတယ်။

    အမေရိကန်က ကိုဗစ်ဗိုင်းရပ်စ်ဟာ ၀ူဟန်မြို့မှာရှိတဲ့ WIV ဓာတ်ခွဲခန်းကနေ ပေါက်ထွက်လာတာလို့ စွပ်စွဲထားပြီး တရုတ်ကတော့ ဒါကို ငြင်းဆိုပါတယ်။

    အမေရိကန်ထောက်လှမ်းရေးရင်းမြစ်က ပေါက်ကြားလာတဲ့ အခု သတင်းအသစ်မှာ ကူးစက်ခံရသူ သုတေသနပညာရှင်အရေအတွက်၊ သူတို့ ရောဂါဖြစ်တဲ့အချိန်၊ ဆေးရုံတက်ကုသမှုတွေအကြောင်း အသေးစိတ်ဖော်ပြထားပြီး၊ ကိုဗစ်ကပ်ရောဂါဟာ ၀ူဟန်မြို့ ဓာတ်ခွဲခန်းထဲက ပေါက်လာတာလားဆိုတာ ပိုမိုကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးဖို့ တွန်းအားတစ်ခု ဖြစ်လာလိမ့်မယ်လို့ Wall Street Journal က ရေးပါတယ်။

    သမ္မတဟောင်းထရမ့် ရာထူးကမဆင်းခင် အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ကိုဗစ်ကပ်ရောဂါဖြစ်နေကြောင်း တရုတ်က ကမ္ဘာကိုမကြေငြာခင် လပိုင်းအလို ၂၀၁၉ ခုနှစ် နွေရာသီမှာ ၀ူဟန်ဓာတ်ခွဲခန်းက သုတေသနပညာရှင် တော်တော်များများ နေထိုင်မကောင်းတာကြောင့် ဆေးကုသမှု ခံယူခဲ့ရတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။

    ဒီပညာရှင်တွေခံစားရတဲ့ ရောဂါလက္ခဏာတွေထဲမှာ ကိုဗစ်နဲ့ သာမန်ရာသီတုပ်ကွေး လက္ခဏာတွေ ရောပြွမ်းနေတယ်လို့ ဆိုပါတယ်။

    ကိုဗစ်ကပ်ရောဂါအစကို စုံစမ်းစစ်ဆေးနိုင်ရေး WHO က ကျွမ်းကျင်ပညာရှင်အဖွဲ့ ၀ူဟန်ကိုလာရောက်ဖို့ အစပိုင်းမှာ တရုတ်က ခွင့်မပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝင်ရောက်ခွင့် ပေးခဲ့ပါတယ်။

    WHO ဟာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားမှုကိစ္စ စုံစမ်းစစ်ရေး နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် ဒီကနေ့မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။

    Wall Street Journal က အခုသတင်းအတွက် မှတ်ချက်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီလက ၀ူဟန်ဓာတ်ခွဲခန်း WIV ကို သွားရောက်လေ့လာခဲ့တဲ့ WHO အဖွဲ့က ကိုဗစ်ဗိုင်းရပ်စ်ဟာ WIV ကနေ ပေါက်ထွက်လာတာမျိုး သိပ်မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချခဲ့တာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပြခဲ့ပါတယ်။

    Ref: Reuters

  • ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးလျှင် အိန္ဒိယမှ ပုံပြောင်းကိုဗစ်ကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်

    ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးလျှင် အိန္ဒိယမှ ပုံပြောင်းကိုဗစ်ကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်

    မေ ၂၃၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားခြင်းအားဖြင့် အိန္ဒိယမှာ အကြီးအကျယ် ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်လို့ ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    Pfizer-BioNTech ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး ၂ ပတ်ကြာတဲ့အခါ အိန္ဒိယက ပုံပြောင်းကိုဗစ် B16172 ကူးစက်မှုကို ၈၈ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး ဗြိတိန်က ပုံပြောင်းကိုဗစ် B117 ကို ၉၃ ရာခိုင်နှုန်း ကာကွယ်နိုင်တာကို အင်္ဂလန်ကျန်းမာရေးဌာနရဲ့ လေ့လာမှုမှာ တွေ့ရပါတယ်။

    AstraZeneca နှစ်ကြိမ်ထိုးထားရင်တော့ B16172 ဗိုင်းရပ်စ်ကို ၆၀ ရာခိုင်နှုန်း၊ B117 ကို ၆၆ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

    ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ဒါဟာ အားတက်ဖွယ်တွေ့ရှိချက်ဖြစ်ပြီး နိုင်ငံအတွင်းထုတ်ထားတဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို စီစဉ်ထားတဲ့အတိုင်း လာမယ့်လမှာ လျော့ချဖို့ မျှော်လင့်ချက်ရှိလာပြီလို့ ပြောကြားခဲ့ပါတယ်။

    ဗြိတိန်ဟာ ဥရောပမှာ အမြန်ဆုံး ကိုဗစ်ကာကွယ်ဆေးစီမံကိန်းကို အကောင်အထည်ဖော်နေတာဖြစ်ပြီး၊ အိန္ဒိယက ပုံပြောင်းကိုဗစ် ကူးစက်မှု တွေ့လာရတာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    ကာကွယ်ဆေး ပထမတစ်ကြိမ်ထိုးထားပြီး ၃ ပတ်ကြာရင် B16172 ဗိုင်းရပ်စ်ကို ၃၃ ရာခိုင်နှုန်း B117 ကို ၅၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့လည်း ဗြိတိန်ကျန်းမာရေးဌာနရဲ့ လေ့လာမှုမှာ တွေ့ရှိရပါတယ်။

    Ref: Reuters