News @ M-Media

Tag: WuhanVirus

  • Sinovac ၂ ကြိမ်ထိုးထားသော်လည်း ၆ လကြာလျှင် ကိုဗစ်ကို တိုက်ထုတ်နိုင်သည့် ကိုယ်ခံအားကျဆင်း

    Sinovac ၂ ကြိမ်ထိုးထားသော်လည်း ၆ လကြာလျှင် ကိုဗစ်ကို တိုက်ထုတ်နိုင်သည့် ကိုယ်ခံအားကျဆင်း

    ဇူလိုင် ၂၇၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ကို နှစ်ကြိမ်ထိုးပြီးနောက် ရရှိလာတဲ့ ကိုယ်ခံစွမ်းအားဟာ ၆ လကြာတဲ့အခါမှာ ကိုဗစ်ကို မကာကွယ်နိုင်တဲ့ ပမာဏအထိ ကျဆင်းသွားနိုင်တာကို လေ့လာမှုသစ်တစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    တရုတ်နိုင်ငံ ကျန်းဆူပြည်နယ် ​ကပ်ရောဂါထိန်းချုပ်ရေးစင်တာနဲ့ နိုင်ငံတစ်ဝှမ်း အခြားကျန်းမာရေးအဖွဲ့အစည်းတွေက သုတေသနပညာရှင်တွေ ပေါင်းပြီး အသက် ၁၈ နှစ်ကနေ ၅၉ နှစ် ရှိသူ ၅၀၀ ကျော်လောက်ကို လေ့လာခဲ့တာပါ။

    Sinovac ကာကွယ်ဆေးကို ၂ ပတ် ဒါမှမဟုတ် ၄ ပတ်ခွာကာ ၂ ကြိမ်ထိုးပေးပြီးတဲ့နောက် ၆ လအကြာ ကိုယ်ခံစွမ်းအားကို လေ့လာရာမှာ သု​တေသနမှာပါဝင်သူ ၁၆.၉ ရာခိုင်နှုန်းကနေ ၃၅.၂ ရာခိုင်နှုန်းလောက်အထိသာ ကိုဗစ်တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံစွမ်းအားမျိုး ရှိတာကို တွေ့ခဲ့ရပါတယ်။

    လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့တစ်ချို့ကို ဒုတိယတစ်ကြိမ်ထိုးပြီးနောက် ၆ လအကြာ တတိယတစ်ကြိမ် ထပ်ထိုးပြီး စမ်းသပ်ခဲ့ပါတယ်။ တတိယအကြိမ်ထိုးပြီး ၂၈ ရက်အကြာမှာ ရရှိတဲ့ ကိုယ်ခံစွမ်းအားဟာ ဒုတိယအကြိမ်ထိုးပြီး ၄ ပတ်မြောက်မှာ ပေါ်ထွက်လာတဲ့ ကိုယ်ခံစွမ်းအားထက် ၃ ဆ ကနေ ၅ ဆအထိ မြင့်တက်လာတာကိုလည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    Sinovac နှစ်ကြိမ်ထိုးပြီး ၆ လအကြာမှာရှိတဲ့ ကိုယ်ခံစွမ်းအားဟာ ပိုမိုကူးစက်လွယ်တဲ့ ပုံပြောင်းကိုဗစ်အပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိလဲဆိုတာကိုတော့ ဒီလေ့လာမှုမှာ မစမ်းသပ်ခဲ့ဘဲ တတိယတစ်ကြိမ်ထိုးပြီး ရလာမယ့် ကိုယ်ခံစွမ်းအားအကြောင်းကိုလည်း နောက်ထပ် လေ့လာမှုလုပ်ဖို့ လိုအပ်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံ Sinovac ဆေးဟာ ကိုဗစ်တိုက်ဖျက်ရေးမှာ အမှန်တကယ် ထိရောက်မှုရှိလားဆိုတဲ့ မေးခွန်းဟာ အရင်ကတည်းက ရှိခဲ့ပြီး အာရှနိုင်ငံတစ်ချို့မှာတော့ Sinovac အစား အခြား ကိုဗစ်ကာကွယ်ဆေးကို ရွေးချယ် အသုံးပြုလာကြပါတယ်။

    Ref : Reuters

  • Pfizer နှင့် AstraZeneca နှစ်ကြိမ်ထိုးပါက ပုံပြောင်း Delta ကိုဗစ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်

    Pfizer နှင့် AstraZeneca နှစ်ကြိမ်ထိုးပါက ပုံပြောင်း Delta ကိုဗစ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်

    ဇူလိုင် ၂၂၊ ၂၀၂၁

    M-Media 

    – Pfizer နဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားရင် လတ်တလော ကမ္ဘာတစ်ဝှမ်း ဆိုးဆိုးဝါးဝါး ပြန့်နှံ့ကူးစက်နေတဲ့ ပုံပြောင်း Delta ကိုဗစ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်မှာ တွေ့ရပါတယ်။ 

    ဒီလေ့လာမှုကို အင်္ဂလန်ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်ပြီး New England ဆေးပညာဂျာနယ်မှာ မနေ့က ဖော်ပြခဲ့တာပါ။ ဒါပေမယ့် တစ်ကြိမ်တည်းထိုးထားကတော့ ထိထိရောက်ရောက် ကာကွယ်နိုင်မှု မရှိဘူးလို့ လေ့လာမှုက ဆိုပါတယ်။ 

    ပုံပြောင်းကိုဗစ် Delta ကို Pfizer နဲ့ AstraZeneca တို့က ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ မြေပြင်အချက်အလက်တွေကို ကိုးကားပြီး ယူကေ ကျန်းမာရေးဝန်ကြီးဌာနက မေလမှာ ထုတ်ပြန်ခဲ့ကာ အခုတွေ့ရှိချက်အသစ်က အချက်အလက်ကို ပိုမို ခိုင်မာစေတာ ဖြစ်ပါတယ်။

    Pfizer နှစ်ကြိမ်ထိုးရင် ပုံပြောင်းကိုဗစ် Delta ကို ၈၈ ရာခိုင်နှုန်း၊ Alpha ကို ၉၃.၇ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး AstraZeneca နှစ်ကြိမ်ထိုးရင်တော့ Delta ကို ၆၇ ရာခိုင်နှုန်း၊ Alpha ကို ၇၄.၅ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်ဆိုတာ အခု လေ့လာမှုအသစ်မှာ တွေ့ရပါတယ်။

    Pfizer နဲ့ AstraZeneca တို့ကို တစ်ကြိမ်တည်းထိုးထားရင် ပုံပြောင်း Delta ကိုဗစ်ကို ၃၆ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်း အသီးသီး ကာကွယ်ပေးနိုင်ပါတယ်။ 

    Ref: The Star

  • ကိုဗစ်ကြောင့် အိန္ဒိယတွင် အမှန်တကယ်သေဆုံးသူ ၄ သန်းကျော်နိုင်ဟု ပညာရှင်များ သုံးသပ်

    ကိုဗစ်ကြောင့် အိန္ဒိယတွင် အမှန်တကယ်သေဆုံးသူ ၄ သန်းကျော်နိုင်ဟု ပညာရှင်များ သုံးသပ်

    ဇူလိုင် ၂၁၊ ၂၀၂၁

    M-Media 

    – အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်ထားတာထက် ၁၀ ဆလောက် ပိုများနိုင်ပြီး ခေတ်သစ်အိန္ဒိယသမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ရပ်ဆိုးကြီး ဖြစ်ဖွယ်ရှိတယ်လို့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သုတေသန စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ 

    ကိုဗစ်ကပ်ရောဂါ စဖြစ်ကတည်းက အခုအချိန်အထိ သေဆုံးမှုအရေအတွက် ၄၁၄၀၀၀ ရှိတယ်လို့ အစိုးရမှတ်တမ်းတွေက ဖော်ပြပါတယ်။

    အိန္ဒိယအစိုးရ စီးပွားရေးအကြီးအကဲဟောင်း အာရ်ဗင် ဆူဘရာမာနီယန်၊ Center for Global Development နဲ့ Harvard တက္ကသိုလ်က သုတေသနပညာရှင် ၂ ဦး စုစုပေါင်း ၃ ဦး မနေ့က ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာ ၂၀၂၀ ဇန်နဝါရီလကနေ ၂၀၂၁ ဇွန်လအထိ အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၃ သန်းကနေ ၄.၇ သန်းလောက်အထိ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    အတိအကျကို တွက်ချက်ရခက်ပေမယ့် အစိုးရထုတ်ပြန်ချက်ထက်တော့ သိသိသာသာများပြားတယ်လို့ ဆိုပါတယ်။ အိန္ဒိယအစိုးရက ဒီစာတမ်းကို ပယ်ချခဲ့ပြီး ချဲ့ကားပြောဆိုမှုသာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    လူနာမနိုင်တော့တဲ့ ဆေးရုံတွေက သေဆုံးမှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီမပေးနိုင်တာကြောင့် သေဆုံးမှုတွေ၊ အထူးသဖြင့် အခုနှစ်အစောပိုင်း ဒုတိယလှိုင်းက သေဆုံးမှုတွေကို ထည့်သွင်းတွက်ချက်ဖို့ ကျန်သွားတာမျိုး ဖြစ်နိုင်တယ်လို့လည်း သုတေသနပညာရှင်တွေက ပြောပါတယ်။ 

    “သေဆုံးမှုဟာ သိန်းချီမဟုတ်ဘဲ သန်းချီရှိနိုင်ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း အိန္ဒိယရဲ့ အဆိုးရွားဆုံး လူသားထုကပ်ဆိုးကြီးလို့တောင် ပြောလို့ရပါတယ်”

    အခုနှစ်အစောပိုင်းကစလို့ အိန္ဒိယဟာ ပုံပြောင်းကိုဗစ်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရပြီး သေဆုံးသူတွေ တောင်လိုပုံတာအထိ ဖြစ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ကလေးများတွင် ကိုဗစ်ကြောင့် အလွန်အမင်း ဖျားနာသေဆုံးနိုင်ခြေ နည်းပါး

    ကလေးများတွင် ကိုဗစ်ကြောင့် အလွန်အမင်း ဖျားနာသေဆုံးနိုင်ခြေ နည်းပါး

    ဇူလိုင် ၁၀၊ ၂၀၂၁
    M-Media

    -ကလေးငယ်တွေမှာ ကိုဗစ်ကြောင့် ဆိုးဆိုးရွားရွား နေမကောင်းဖြစ်၊ သေဆုံးနိုင်တဲ့ပမာဏဟာ အလွန်အမင်းနည်းပါးတယ်လို့ ယူကေကပြုလုပ်တဲ့ သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါယတ်။

    လန်ဒန်ကောလိပ်၊ ယော့ခ်တက္ကသိုလ်၊ ဘရစ္စတိုတက္ကသိုလ်၊ လီဗာပူးလ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး ဒီလေ့လာမှုကို လုပ်ခဲ့တာပါ။ ကိုဗစ်နဲ့ပတ်သက်ပြီး ကလေးငယ်တွေကို အဓိကထားလေ့လာမှုမှာ သူတို့ရဲ့ သုတေသနဟာ အခုအချိန်အထိ ကမ္ဘာပေါ်မှာ အပြည့်စုံဆုံးဖြစ်ပါတယ်။

    အင်္ဂလန်မှာ ကိုဗစ်ပြန့်နှံ့ပြီး ပထမ ၁၂ လ အချက်အလက်တွေအရ အသက် ၁၈ နှစ်အောက် သေဆုံးသူအရေအတွက်ဟာ ၂၅ ဦးသာ ရှိခဲ့ပါတယ်။ အများစုက နာတာရှည်ရောဂါ ရှိသူတွေ၊ အာရုံ​ကြောချို့တဲ့သူတွေဖြစ်ပြီး စုစုပေါင်း သေဆုံးမှုအန္တရာယ်က တော်တော်လေးကို နည်းတယ်လို့ ဆိုပါတယ်။

    ကိုဗစ်ကူးတဲ့ ကလေးငယ် တစ်သန်းမှာ သေဆုံးသူ ပျမ်းမျှ ၂ ဦးသာ ရှိမှာ ဖြစ်ပါတယ်။

    လက်ရှိ ကမ္ဘာ့နိုင်ငံတွေမှာ ၁၈ နှစ်အောက် ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ပုံမှန် မထိုးပေးသေးဘဲ ကျန်းမာရေးချို့တဲ့သူတစ်ချို့ကိုသာ ရွေးထိုးပေးနေပါတယ်။

    Ref: BBC

  • ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး ပေါင်းထိုးခြင်းက ကိုယ်ခံစွမ်းအားကို ပိုကောင်းစေနိုင်

    ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး ပေါင်းထိုးခြင်းက ကိုယ်ခံစွမ်းအားကို ပိုကောင်းစေနိုင်

    ဇူလိုင် ၅၊ ၂၀၂၁
    M-Media

    -ထွက်ရှိပြီးသား ကိုဗစ်ကာကွယ်ဆေးတွေကို တစ်ကြိမ်စီ ပေါင်းစပ်ထိုးနှံတာဟာ ကိုခံစွမ်းအားကို ပိုမိုကောင်းမွန်စေတယ်လို့ ယူကေက လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    Com-Cov လို့ အမည်ပေးထားတဲ့ အဲ့ဒီလေ့လာမှုဟာ Pfizer နဲ့ AstraZeneca တို့ နှစ်ကြိမ်စီထိုးတာ၊ တစ်ကြိမ်ကို တစ်မျိုးစီထိုးတာတွေရဲ့ သက်ရောက်မှုကို စမ်းသပ်ခဲ့တာပါ။

    ပေါင်းစပ်ထိုးနှံမှုအားလုံးဟာ ကိုယ်ခံစွမ်းအား ကောင်းမွန်တာတွေ့ရပြီး၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကိုလည်း ပိုမိုလွယ်ကူ အဆင်ပြေစေလိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    AstraZeneca နှစ်ကြိမ်ထိုးထား​ပြီးတဲ့သူတွေဟာ တစ်ခြားကိုဗစ်ကာကွယ်ဆေး ထပ်ထိုးမယ်ဆိုရင် ကိုဗစ်ကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအား ပိုမိုကောင်းမွန်နိုင်လိမ့်မယ်ဆိုတဲ့ သဲလွန်စတစ်ခုကိုလည်း ဒီလေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ယူကေ ကျန်းမာရေးဌာန တာဝန်ရှိသူ ပရော်ဖက်ဆာ ဂျိုနသန် ဗန် တမ်က လက်ရှိ ယူ​ကေမှာ ကာကွယ်ဆေးတစ်မျိုးတည်း နှစ်ကြိမ် ထိုးပေးနေမှုကို ပြောင်းလဲမှာ မဟုတ်ပေမယ့် အနာဂတ်မှာတော့ ပေါင်းစပ်ထိုးပေးတာမျိုး လုပ်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တစ်ချို့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးနှစ်မျိုး ပေါင်းစပ်ထိုးပေးတာမျိုးကို လုပ်ဆောင်နေပါတယ်။ စပိန်နဲ့ ဂျာမနီတို့မှာဆိုရင် ပထမတစ်ကြိမ် AstraZeneca ထိုးပေးထားတဲ့ သူတွေကို ဒုတိယတစ်ကြိမ်မှာ Pfizer ဒါမှမဟုတ် Moderna mRNA ထိုးပေးတာမျိုး လုပ်ဆောင်နေပါတယ်။

    ကိုဗစ်ဝင်ရောက်မှုကို တားဆီးနိုင်မယ့် ကိုယ်ခံစွမ်းအား အပြည့်အ၀ရဖို့အတွက် ကာကွယ်ဆေး နှစ်ကြိမ်ထိုးရတာ ဖြစ်ပါတယ်။

    Ref : BBC