News @ M-Media

Tag: WuhanVirus

  • တစ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    တစ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    ဇန်နဝါရီ ၂၂၊ ၂၀၂၁
    M-Media

    လက်သန့်ဆေးများကြောင့် ကလေးမျက်လုံး ထိခိုက်မှုမြင့်တက်လာ

    ကိုဗစ်ကာလအတွင်း လက်သန့်ဆေးတွေကြောင့် ကလေးငယ်တွေ မျက်စိထိခိုက်တာ များလာတယ်လို့ ပြင်သစ်ကျန်းမာရေးစင်တာ French Poison Control Center ရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    လက်သန့်ဆေးတွေကို ပျမ်းမျှအမြင့် ၃ ပေလောက်မှာ ထားတတ်ကြပြီး လူကြီးတွေမှာ ခါးလယ်လောက်ရှိနေပေမယ့် ကလေးငယ်တွေအတွက် မျက်လုံးနဲ့ တစ်တန်းတည်း ဖြစ်နေတာကြောင့် မတော်တဆ မျက်လုံးထဲဝင်မှုတွေ ဖြစ်လာတာပါ။

    အလ်ကိုဟောနဲ့ အခြား ဓာတုပစ္စည်းတွေအသုံးပြုထားတဲ့ လက်သန့်ဆေးတွေ မျက်လုံးထဲဝင်တာကြောင့် မျက်​ကြည်လွှာတစ်ရှူး ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ၂၀၁၉ ခုနှစ်ကထက်စာရင် ၂၀၂၀ မှာ ဒီလိုအဖြစ်အပျက်တွေ သိသိသာသာ မြင့်တက်လာပြီး ထိခိုက်မှုအများစုက မပြင်းထန်ဘူးလို့လည်း စင်တာက ဆိုပါတယ်။

    ကိုဗစ်ကြောင့် ကမ္ဘာကြီးကိုယ်ကျင့်တရားပိုင်း ယိုယွင်းနေပြီဟု WHO ပြော

    ကိုဗစ်ကာကွယ်ဆေးရဖို့ ကြိုးပမ်းရာမှာ ကမ္ဘာကြီးဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ယိုယွင်းတဲ့ဆင့်ကို ရောက်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဝေဖန်ပြောကြားလိုက်ပါတယ်။

    လက်ရှိ ကာကွယ်ဆေးတွေကို ချမ်းသာတဲ့နိုင်ငံတွေက အများအပြား ကြိုတင်မှာယူထားကြတာပါ။ Tedros က ချမ်းသာတဲ့နိုင်ငံတွေက လူငယ်တွေ ကိုဗစ်ကာကွယ်ဆေး အရင်ထိုးနေရတဲ့အချိန် ဆင်းရဲတဲ့နိုင်ငံတွေက ထိခိုက်လွယ်သူတွေ ​ဘာဆေးမှ မရတာဟာ မမျှတဘူးလို့ ဆိုပါတယ်။

    လက်ရှိ ကာကွယ်ဆေး ၃၉ သန်းကို ချမ်းသာတဲ့နိုင်ငံ ၄၉ နိုင်ငံက မျှဝေယူနေကြပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ပျမ်းမျှ ၂၅ လုံးသာ ရရှိနေတာ ဖြစ်ပါတယ်။

    အသွင်ပြောင်းကိုဗစ်အတွက် အောက်စဖို့ဒ်တက္ကသိုလ်က ကာကွယ်ဆေးဖန်တီးနေ

    ယူကေ၊ တောင်အာဖရိကနဲ့ ဘရာဇီးလ်တို့မှာ တွေ့နေရတဲ့ အသွင်ပြောင်း ကိုဗစ်ကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးရအောင် အောက်စဖို့ဒ်တက္ကသိုလ် သိပ္ပံပညာရှင်တွေက ဖန်တီးနေကြပါတယ်။

    အသွင်ပြောင်းဗိုင်းရပ်စ်ဟာ မူလ ဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ပိုပြီး ကူးစက်မြန်တာပါ။ အောက်စဖို့ဒ်တက္ကသိုလ်ဟာ ဆေးကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီး AstraZeneca ကိုဗစ်ကာကွယ်ဆေး ထုတ်ထားကာ ဒီကာကွယ်ဆေးကိုပဲ အသွင်ပြောင်းကိုဗစ်အတွက် သုံးနိုင်ရေး ပြုပြင်သွားမှာ ဖြစ်ပါတယ်။

    လက်ရှိမှာ အမေရိကန်-ဂျာမန်ကာကွယ်ဆေး Pfizer-BioNTech၊ အောက်စဖို့ထုတ် AstraZeneca၊ ရုရှားနဲ့ တရုတ်တို့က ထုတ်တဲ့ ကာကွယ်ဆေးတွေ ရှိနေပေမယ့် အသွင်ပြောင်းကိုဗစ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါ့မလားဆိုတာ တိတိကျကျ မသိရပါဘူး။

    Ref: CNN, BBC

  • ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် ပထမဆုံးနိုင်ငံ ဂျော်ဒန်ဖြစ်လာ

    ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် ပထမဆုံးနိုင်ငံ ဂျော်ဒန်ဖြစ်လာ

    ဇန်နဝါရီ ၂၀၊ ၂၀၂၁
    M-Media

    -ဂျော်ဒန်နိုင်ငံဟာ ဒုက္ခသည်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဆီးရီးယားနဲ့ အီရတ်တို့က စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ပြည်သူတွေကို ဂျော်ဒန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကာကွယ်ဆေးထိုးပေးခဲ့တာပါ။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီက ဂျော်ဒန်အစိုးရရဲ့ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးပေးရေး အစီအစဉ်မှာ ဒုက္ခသည်တွေကို ထည့်သွင်းထားတာ ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပြီး တစ်ခြားနိုင်ငံတွေလည်း ဒီလိုဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးတဲ့နေရာမှာ ဂျော်ဒန်က ဦးဆောင်သူဖြစ်ခဲ့ပါတယ်။ ကာကွယ်ဆေးထိုးနှံရေးအပါအဝင် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်မယ့် ကျန်းမာရေး အစီအစဉ်တိုင်းမှာ ဂျော်ဒန်ဟာ ဒုက္ခသည်တွေကို ပါဝင်စေပြီး လူတိုင်း အန္တရာယ်ကင်းရေး ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ပမာပြလိုက်တာလည်းဖြစ်ပါတယ်”

    ဂျော်ဒန်ဟာ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းထားသူတွေအပါအဝင် နိုင်ငံအတွင်း လူဦးရေရဲ့ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေးဖို့ စီစဉ်ထားတာပါ။

    ဒုက္ခသည် ၇ သိန်း ၄ သောင်းကျော်ကို ဂျော်ဒန်က လက်ခံထားပြီး ​၆ သိန်းကျော်က ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာရသူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က စတင်ခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးထိုးရေးအစီအစဉ်အရ ဒုက္ခသည် အနည်းဆုံး ၁၀၀ လောက် ထိုးနှံခွင့် ရရှိထားပါတယ်။

    ဂျော်ဒန်ရဲ့ ကိုဗစ်ကူးစက်မှုဟာ နိုဝင်ဘာလက အမြင့်ဆုံးကို ရောက်ခဲ့ပေမယ့် အခုအချိန်မှာတော့ သိသိသာသာ ကျဆင်းသွားပြီ​ ဖြစ်ပါတယ်။

    Ref: Middle East Eye

  • ၁၃ ဒေါ်လာတန် ကိုဗစ်ပြီးဆေးသောက်ပြီးနောက် သီရိလင်္ကာဝန်ကြီး ကိုဗစ်ကူး

    ၁၃ ဒေါ်လာတန် ကိုဗစ်ပြီးဆေးသောက်ပြီးနောက် သီရိလင်္ကာဝန်ကြီး ကိုဗစ်ကူး

    ဇန်နဝါရီ ၂၀၊ ၂၀၂၀
    M-Media

    -ဟိန္ဒူဘုန်းကြီးတစ်ဦးဖော်စပ်တဲ့ ကိုဗစ်ကာကွယ်ဆေး သောက်ပြီးတဲ့နောက် သီရိလင်္ကာက ဝန်ကြီးတစ်ဦး ကိုဗစ်ကူးစက်ကာ ဆေးရုံတင်ခဲ့ရပြီး နိုင်ငံတစ်ဝှမ်း ဝေဖန်မှုတွေလည်း မြင့်တက်လာပါတယ်။

    ဒမိက ဘန်ဒါရာဆိုတဲ့ ဟိန္ဒူဘုန်းကြီး ဖော်စပ်တဲ့ အဲဒီတစ်ခါသောက် ကာကွယ်ဆေးဟာ ကန်ဒေါ်လာ ၁၃ ဒေါ်လာလောက် ပေးရတာပါ။ ပျားရည်၊ ဇာတိပ္ပိုလ်သီး၊ နံနံပင်၊ အခြားသစ်ဥသစ်ဖုတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ ဒီသောက်ဆေးကို ဟိန္ဒူဘုရားရှင် ကာလီမယ်တော်က လမ်းညွှန်တာလို့ ဘန်ဒါရာက ဆိုပါတယ်။

    နိုင်ငံအလယ်ပိုင်း ဘန်ဒါရာရဲ့အိမ်မှာ ပြီးခဲ့တဲ့လက ဒီဆေးကိုရောင်းချစဉ် နိုင်ငံတစ်ဝှမ်းက လူတစ်သောင်းခွဲလောက် သွားရောက် ဝယ်ယူကာ သောက်သုံးခဲ့ကြတာပါ။ ကိုဗစ်ကူးစက်မှု ပြစ်ထန်နေတဲ့အချိန် လူစုလူဝေးဖြစ်တာကြောင့် ဒီကိစ္စကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

    အဲဒီလိုသောက်သုံးသူတွေထဲမှာ သီရိလင်္ကာအစိုးရ တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါတယ်။ မိခင်နဲ့ကလေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ပီယာလ် နီရှန်သာ ဒီ ဆီလ်ဗာတစ်ယောက် ဒီဆေးသောက်ပြီးနောက်ပိုင်း ကိုဗစ်ကူးခဲ့တာကြောင့် ကုသမှုခံယူနေရတယ်လို့ လွှတ်တော်တာန်၀ရှိသူတွေက ထုတ်ပြန်ပါတယ်။

    ဘန်ဒါရာရဲ့ ဒကာတစ်ဦးဖြစ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ မိသားစုဝင်တွေလည်း ဒီကိုဗစ်ပြီးဆေးသောက်ပြီးနောက်ပိုင်း ကိုဗစ်ကူးခဲ့ပါတယ်။ ဒီဆေးကို အစိုးရလော်ဘီ မီဒီယာတွေက ချီးကျူး ဖော်ပြခဲ့ကြတာပါ။

    ကုမ္ပဏီတွေ၊ ဘုရားကျောင်းတွေကို ဘန်ဒါရာက ဒီဆေးကို ရောင်းချခဲ့သလို နိုင်ငံရေးသမားတွေနဲ့ ဝန်ကြီးတွေကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။ သီရိလင်္ကာကျန်းမာရေးဝန်ကြီး ပါဗီသရာ ဝါနီယာရက်ချီလည်း ဒီဆေးကို သောက်သုံးခဲ့ပေမယ့် ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒါကို ဆေးဝါးအဖြစ် တရားဝင် အသိအမှတ်မပြုထားပါဘူး။

    ဝါနီယာရက်ချီဟာ ပြည်သူတွေကို ဒီဆေးသောက်သုံးခိုင်းကာ မျှော်လင့်ချက်အမှားတွေ ပေးနေတယ်လို့ အတိုက်အခံနိုင်ငံရေးသမားတွေက ဝေဖန်ခဲ့ကြပါတယ်။

    သီရိလင်္ကာ တိုင်းရင်းဆေးဝါးဌာနက ဘန်ဒါရာရဲ့ဆေးကို တိုင်းရင်းဆေးတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပေမယ့် အစိုးရက ကိုဗစ်ဆေးဝါးအဖြစ် မသတ်မှတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီး ခီဟီလီယာ ရမ်ဘွတ်ဝဲလ်လာက ပြောပါတယ်။

    သီရိလင်္ကာနိုင်ငံဟာ လက်ရှိမှာ ကိုဗစ်လှိုင်းကို အကြီးအကျယ်ခံစားရမယ့်အနေအထားကို ကြုံတွေ့နေရတာပါ။ အောက်တိုဘာအထိ ကူးစက်မှု ၃၃၀၀ သေဆုံးသူ ၁၃ ဦးသာ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ကူးစက်သူ ၅ သောင်းကျော် သေဆုံးသူ ၂၇၀ ဦး ရှိလာပါတယ်။

    Ref: Reuters

  • ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးသူ ၂ သန်းကျော်ပြီ

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးသူ ၂ သန်းကျော်ပြီ

    ဇန်နဝါရီ ၁၆၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ​ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ပြန့်နှံ့ခဲ့တဲ့ Covid-19 ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ အရေအတွက်ဟာ ၂ သန်းကျော်လာပြီ ဖြစ်ပါတယ်။

    ဒါဟာ ဘရပ်ဆဲလ်၊ မက္ကာ၊ မင့်စ် ဒါမှမဟုတ် ဗီယင်နာမြို့မှာ နေထိုင်တဲ့ လူဦးရေ ပမာဏလောက် ရှိနေတာပါ။ ကမ္ဘာတစ်ဝှမ်း ကူးစက်သူအရေအတွက်ကတော့ ၉၃ သန်း ကျော် ရှိနေပါပြီ။

    သေဆုံးမှုအများဆုံးက ဥရောပတိုက်မှာဖြစ်ပြီး ၆ သိန်းခွဲကျော်ကျော်လောက် ရှိနေတာပါ။ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသမှာ ၄ သိန်း ၄ သောင်းကျော်ရှိပြီး ကနေနဲ့ အမေရိကန်မှာတော့ ၄ သိန်းကျော် သေဆုံးပါတယ်။

    ကုလသမဂ္ဂအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကိုဗစ်တိုက်ဖျက်ရေးကို စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ဂျာမနီတို့လို့ ချမ်းသာတဲ့နိုင်ငံတွေမှာ ပြည်သူတွေဟာ ကာကွယ်ဆေး တစ်ကြိမ်ထိုးတာအပါအဝင် ရောဂါကာကွယ်ရေးနည်းလမ်း အနည်းဆုံး တစ်ခုမဟုတ်တစ်ခုကို ရရှိခံစားနေရပါတယ်။

    ကုလသမဂ္ဂရဲ့ ကိုဗစ်ကာကွယ်ဆေးရရှိရေးအဖွဲ့ COVAX က ဖွံ့ဖြိုးဆဲနိုင်ငံတွေထံ ကိုဗစ်ကာကွယ်ဆေး ရောက်ရှိစေဖို့ ကြိုးပမ်းနေပေမယ့် ကာကွယ်ဆေး ပြတ်လတ်တာ၊ ပို့ဆောင်ရေးခက်ခဲတာ၊ ငွေကြေးမလုံလောက်တာ၊ စတဲ့ အခက်အခဲတွေကို ကြုံတွေ့နေရပါတယ်။

    ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းမှာ ကိုဗစ်တိုက်ဖျက်နိုင်မယ့် ကိုယ်ခံစွမ်းအား ၇၀ ရာခိုင်နှုန်း ရရှိမှသာ ဒီရောဂါကို ​တားဆီးနိုင်မှာဖြစ်ပြီး အခုနှစ်အတွင်း ဒီရည်မှန်းချက် ပြည့်မြောက်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    လက်ရှိမှာ အမေရိကန်ထုတ် Pfizer-BioNTech၊ အောက်စဖို့တက္ကသိုလ်ထုတ် AstraZeneca၊ ရုရှားထုတ် Sputnik နဲ့ တရုတ်ထုတ် Sinovac စတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေပါတယ်။

    Ref: Reuters

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဇန်နဝါရီ ၁၅၊ ၂၀၂၁
    M-Media

    WHO အဖွဲ့ ဝူဟန်သို့ရောက်ရှိစစ်ဆေး

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုယ်စားလှယ်အဖွဲ့တွေဟာ ကိုဗစ်ပိုးရဲ့ မူလအစကို လေ့လာဖော်ထုတ်ဖို့အတွက် ဗိုင်းရပ်စ်စတင်ရာ ဝူဟန်မြို့ကို မနေ့က ရောက်ရှိလာပါတယ်။

    တရုတ်အစိုးရက အဝင်မခံတာကြောင့် ညှိနှိုင်းဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ရတာပါ။ ပညာရှင် ၁၀ ဦးပါဝင်တဲ့ အဲဒီအဖွဲ့ဟာ ၂ ပတ်ကြာကွာရန်တင်းဝင်ပြီးနောက် လေ့လာဖော်ထုတ်မှုတွေ လုပ်ဆောင်ပါလိမ့်မယ်။

    တရုတ်ကျန်းမာရေးဝန်ထမ်း၊ သုတေနပညာရှင်၊ ဗိုင်းရပ်စ်စတင်ရာ ဝူဟန်ပင်လယ်စာစျေးကလူတွေနဲ့ တွေ့ဆုံမေးမြန်းမှု လုပ်ဆောင်မှာဖြစ်သလို တရုတ်အစိုးရကပေးတဲ့ အထောက်အထားတွေကိုလည်း သုံးသပ်မှာ ဖြစ်ပါတယ်။

    အဖွဲ့ခေါင်းဆောင် ပီတာ ဘန် အမ်ဘာရက်က ဗိုင်းရပ်စ်အကြောင်း ခြေခြေမြစ်မြစ်သိရဖို့ အချိန်အတော်ကြာအုံးမယ်လို့ ခရီးစဉ်မစခင်မှာ ပြောကြားခဲ့ပါတယ်။

    တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်း ထိရောက်ဟု ဘရာဇီးလ်ပြော

    တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ဟာ ၅၀.၄ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဘရာဇီးလ်နိုင်ငံမှာပြုလုပ်နေတဲ့ စမ်းသပ်အသုံးပြုမှုမှာ တွေ့ခဲ့ရပါတယ်။

    ဘရာဇီးလ်ဟာ ကိုဗစ်ဒဏ်ကို ဆိုးဆိုးရွားရွားခံရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တရုတ်ထုတ် ကာကွယ်ဆေးအပြင် အောက်စဖို့ဒ်တက္ကသိုလ်ထုတ် AstraZeneca ကာကွယ်ဆေးကိုပါ အရေးပေါ်အသုံးပြုဖို့ ဘရာဇီးလ်က ခွင့်ပြုထားပါတယ်။

    Sinovac ဟာ ၈၀ ရာခိုင်နှုန်းလောက် ထိရောက်မှုရှိတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပေမယ့် ဘရာဇီးလ်ကတွေ့ရှိမှုအရ ဆိုးရွားတဲ့ ပြင်းထန်တဲ့ကိုဗစ် မကူးစက်အောင် ကာကွယ်နိုင်မှုဟာ ၅၀.၄ ရာခိုင်းနှုန်းသာ ရှိပါတယ်။

    ပျော့တဲ့ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်စွမ်းက ၇၈ ရာခိုင်နှုန်းရှိပြီး၊ ပျော့တဲ့အခြေအနေကနေ ပြင်းထန်တဲ့အခြေအနေမဖြစ်အောင် တားဆီးနိုင်မှုက ၁၀၀ ရာခိုင်နှုန်း ရှိပါတယ်။

    ကိုဗစ်ကုသဆေးသစ်တစ်မျိုးကို ယူကေတွင် အကြီးစားသပ်မှုလုပ်

    ဆေးငွေ့ရှူသွင်းတဲ့နည်းလမ်းနဲ့ ကိုဗစ်ကုသမှုကို အခုတစ်ပတ်အစောပိုင်းက စတင်ပြီး ယူကေမှာ အကြီးစား စမ်းသပ်မှု လုပ်ဆောင်ခဲ့ပါတယ်။

    Interferon Beta လို့ခေါ်တဲ့ ပရိုတိန်းတစ်မျိုးကို ရှုသွင်းရပြီး ဒါက ဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်ဖို့အတွက် ကိုယ်ခံစွမ်းအားကို လှုံ့ဆော်ပေးပါတယ်။ ကနဦးစမ်းသပ်မှုအရ အသက်ရှုစက်တပ်ရလောက်တဲ့အထိ ပြင်းထန်တဲ့လူနာတွေ ပြန်လည်ကောင်းမွန်မှုဟာ ၈၀ ရာခိုင်နှုန်းလောက်အထိ ရှိတာကို တွေ့ရပါတယ်။

    ကုန်ကျစားရိတ်ကတော့ တစ်ခါကုရင် ပေါင် ၂ ထောင်လောက် ကျပါတယ်။ အဆင့် ၂ ဖြစ်တဲ့ အခုစမ်းသပ်မှုမှာ ကိုဗစ်လူနာ ၁၀၀ လောက် ပါဝင်မှာဖြစ်ပြီး အဆင့် ၃ မှာတော့ ကမ္ဘာ့နိုင်ငံ ၂၀ လောက်က လူ ၆၀၀ ကျော်လောက် ပါဝင်ဖို့ ရှိပါတယ်။ အဲဒီနောက်ပိုင်းမှ အများပြည်သူတွေကို ကုသမှာပါ။

    Ref: BBC