News @ M-Media

Tag: WuhanVirus

  • အင်ဒိုနီးရှားတွင် ကိုဗစ်ကာကွယ်ဆေး စထိုး

    အင်ဒိုနီးရှားတွင် ကိုဗစ်ကာကွယ်ဆေး စထိုး

    ဇန်နဝါရီ ၁၄၊ ၂၀၂၁
    M-Media

    -အင်ဒိုနီးရှားနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို ဒီကနေ့စတင်ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပါတယ်။

    တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ကို ​သမ္မတ ဂျိုကိုဝီဒိုဒိုက မနေ့မှာ ပထမဆုံး ထိုးခဲ့ပါတယ်။ ပထမအဆင့်မှာ ကျန်းမာရေးဝန်ထမ်း ၁.၃ သန်းနဲ့ အစိုးရဝန်ထမ်း ၁၇.၄ သန်းကို ကာကွယ်ဆေးထိုးပေးမှာပါ။

    သန်းပေါင်း ၂၇၀ ရှိတဲ့ လူဦးရေရဲ့ ၃ ပုံ ၂ ပုံ သန်း ၁၈၀ ကျော်လောက်ကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ အင်ဒိုနီးရှားက စီစဉ်ထားပါတယ်။

    “ကပ်ရောဂါက ဆက်ဖြစ်နေပြီး ကျန်းမာရေးဝန်ထမ်းတွေက ရှေ့တန်းကနေ ကိုဗစ်လူနာတွေကို ပြုစုကုသနေရပါတယ်” လို့ ဒုတိယကျန်းမာရေးဝန်ကြီး ဒန်တီ ဆက်ဆိုနိုက ပြောကြားခဲ့ပါတယ်။

    တရုတ်ထုတ်ကာကွယ်ဆေး Sinovac ဟာ အစ္စလာမ်ဘာသာဝင်တွေ အသုံးပြုလို့ရတယ်လို့ အင်ဒိုနီးရှား ထိပ်တန်းအစ္စလာမ်ဘာသာရေးအဖွဲ့က ပြီးခဲ့တဲ့တစ်ပတ် ဓမ္မသတ်ထုတ်ပေးပြီးတဲ့နောက် ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့တစ်ပတ်မှာ ဒီဆေးကို အရေးပေါ်အသုံးပြုခွင့် ပေးခဲ့ပါတယ်။

    Ref: CNA

  • တရုတ်နိုင်ငံအလယ်ပိုင်းတွင် ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်

    တရုတ်နိုင်ငံအလယ်ပိုင်းတွင် ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်

    ဇန်နဝါရီ ၁၁၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်မှာ ကိုဗစ်ကူးစက်မှု ၅ လအတွင်း အမြင့်ဆုံးကို ရောက်လာတာကြောင့် အာဏာပိုင်တွေက ကန့်သတ်တင်းကျပ်မှုတွေ ပိုမို လုပ်ဆောင်လာပါတယ်။

    မနေ့က တရုတ်နိုင်ငံတစ်ဝှမ်း ပြည်တွင်းကူးစက်မှု ၈၅ ခု ရှိခဲ့ရာမှာ ၈၂ ခုက ဟူ​ဘေးပြည်နယ်က ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားက ဝင်လာသူတွေထဲမှာ ကူးစက်မှုကတော့ ၁၈ ခု ရှိပါတယ်။ စုစုပေါင်းကူးစက်မှု ၁၀၃ ခုဟာ ဇူလိုင် ၃၀ ရက်နေ့နောက်ပိုင်း အများဆုံး ဖြစ်ပါတယ်။

    လာမယ့်လမှာ ကျရောက်မယ့် နှစ်ကူးကာလမှာ သန်းနဲ့ချီတဲ့ တရုတ်ပြည်သူတွေ ခရီးသွားကြမှာကြောင့် အခု ကူးစက်မှုအပေါ် အာဏာပိုင်တွေက စိုးရိမ်လာကြပါတယ်။

    ဟူဘေးပြည်နယ်မြို့တော် ရှီကျာကျွမ်းကို လော့ဒေါင်းချလိုက်ပြီး တစ်မြို့လုံးကလူတွေကို ကိုဗစ်စစ်ဆေးမှုလည်း လုပ်ဆောင်နေပါတယ်။ ဘတ်စ်ကား ဒရိုက်ဘာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ နေ့စဉ် ကိုဗစ်စစ်ဆေးဖို့လည်း အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။

    ကပ်ရောဂါကို ကိုင်တွယ်ထိန်းချုပ်ရာမှာ လစ်ဟင်းမှုတွေ ရှိတဲ့အတွက် ပြည်နယ်အစိုးရက တာဝန်ရှိသူ ၃ ဦး ပြီးခဲ့တဲ့သီတင်းပတ်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    ဇန်နဝါရီ ၈၊ ၂၀၂၀
    M-Media

    ကိုဗစ်ကုနိုင်မည့် ဆေးသစ်နှစ်မျိုး ထပ်တွေ့

    ကိုဗစ်ကူးစက်နေသူတွေရဲ့ သေဆုံးမှုကို ၄ ပုံ ၁ ပုံအထိ လျှော့ချနိုင်မယ့် ဆေးနှစ်မျိုးကို ယူကေမှာ ထပ်တွေ့ခဲ့ပါတယ်။

    ခန္ဓာကိုယ်ထဲကို အစက်ချသွင်းရတဲ့ ဆေးမျိုးဖြစ်ပြီး tocilizumab နဲ့ sarilumab လို့ ခေါ်ပါတယ်။ ဗြိတိန် ကျန်းမာရေးဌာန NHS က အရေးပေါ်ဌာနတွေမှာ ဒီဆေးတွေကို စမ်းသပ်အသုံးပြုနေတာပါ။

    ဒီဆေးတွေဟာ အသက်ကယ်နိုင်သလို၊ ရောဂါလျင်လျင်မြန်မြန် သက်သာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ စျေးလည်း သိပ်မကြီးဘဲ ယူကေအစိုးရကတော့ ဆေး များများစားစားရရှိရေး ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

    ကိုဗစ်မူလဘူတကို ဖော်ထုတ်မည့်အဖွဲ့အား တရုတ်က ပြည်ဝင်ခွင့် မပေးသေး

    ကိုဗစ်ဗိုင်းရပ်စ်ပိုး ဘယ်လိုစတင်ခဲ့လဲဆိုတာကို စုံစမ်းစစ်ဆေးမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုယ်စားလှယ်အဖွဲ့ကို တရုတ်က ပြည်ဝင်ခွင့်မပေးသေးပါဘူး။

    ကိုဗစ်ကို ၂၀၁၉ နှောင်းပိုင်းက ဝူဟန်မြို့မှာ စတွေ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝှမ်း ပြန့်သွားတာပါ။

    တရုတ်ရဲ့ ကနဦးခွင့်ပြုချက်ကြောင့် အဖွဲ့ဝင် ၂ ဦးပါတဲ့ WHO ကို ကိုယ်စားလှယ်အဖွဲ့က ဝူဟန်ခရီးစဉ်ကို ပြီးခဲ့တဲ့တစ်ပတ်က စတင်ခဲ့ပေမယ့် အခုတစ်ပတ်မှာတော့ ဝင်ခွင့်မပြုဘူးလို့ တရုတ်က ပြောပါတယ်။

    WHO ကို အကြီးအကဲက ဒီလုပ်ရပ်အတွက် အလွန်စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်ခွင့်ရရေး ညှိနှိုင်းနေပါတယ်။

    ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ်ပတ်အတွင်း နိုင်ငံခြားသို့ အိန္ဒိယ တင်ပို့မည်

    နိုင်ငံမှာထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ်ပတ်အတွင်း နိုင်ငံရပ်ခြားကို တင်ပို့နိုင်တော့မယ်လို့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

    ကမ္ဘာ့ကာကွယ်ဆေးတွေရဲ့ ၆၀ ရာခိုင်နှုန်းကို အိန္ဒိယက ထုတ်လုပ်ပေးနေတာပါ။ လက်ရှိ အောက်စဖို့ဒ်ကထုတ်တဲ့ ကာကွယ်ဆေးနဲ့ ပြည်တွင်းထုတ် ကာကွယ်ဆေး စုစုပေါင်း ၂ ခုကို အရေးပေါ်သုံးစွဲဖို့ အိန္ဒိယအစိုးရက ခွင့်ပြုထားပါတယ်။

    သူတို့ဆီက ထုတ်လုပ်မယ့် ကိုဗစ်ကာကွယ်ဆေးကို တောင်အာရှနိုင်ငံတွေ၊ ဆော်ဒီနဲ့ မော်ရိုကိုတို့ဆီကို ပထမဆုံး ပို့ဆောင်သွားဖို့လည်း အိန္ဒိယက စီစဉ်ထားပါတယ်။

    Ref: BBC

  • ပုံပြောင်းကိုဗစ် ပိုမိုပြန့်နှံ့လာမှုကြောင့် ယူကေတွင် တစ်နိုင်ငံလုံး လော့ဒေါင်းပြန်လုပ်

    ပုံပြောင်းကိုဗစ် ပိုမိုပြန့်နှံ့လာမှုကြောင့် ယူကေတွင် တစ်နိုင်ငံလုံး လော့ဒေါင်းပြန်လုပ်

    ဇန်နဝါရီ ၅၊ ၂၀၂၁
    M-Media

    -ပုံပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုဟာ အလွန်အမင်း မြန်ဆန်လာတဲ့အတွက် ယူကေမှာ မနေ့ကစတင်ပြီး လော့ဒေါင်းပြန်လုပ်လိုက်ပါတယ်။

    ယူကေတစ်ဝှမ်း Pfizer-BioNTech နဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပေးနေပေမယ့် လူအများအပြားဆီ မရောက်သေးပါဘူး။

    ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က​ ပုံပြောင်းကိုဗစ်က ကျန်းမာရေးစနစ်ကို ခြိမ်းခြောက်လာတဲ့အတွက် တစ်နိုင်ငံလုံးကို လော့ဒေါင်းလုပ်ဖို့ လိုအပ်လာတယ်လို့ မနေ့က ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “တစ်နိုင်ငံလုံးကို လော့ဒေါင်း လုပ်ကိုလုပ်ရပါတော့မယ်။ ဒါမှသာလျှင် ပုံပြောင်းကိုဗစ်ကို ထိန်းနိုင်မှာပါ။ လူတွေအားလုံး အိမ်ထဲမှာပဲနေဖို့ အစိုးရက ညွှန်ကြားမှာ ဖြစ်ပါတယ်”

    အခု လော့ဒေါင်းအသစ်မှာ ​စျေးဝယ်တာ၊ ကျန်းမာရေးလုပ်တာနဲ့ အခြား အခြေအနေတစ်ချို့ကလွဲပြီး လူတွေအားလုံး အိမ်ထဲမှာ နေရမှာဖြစ်သလို၊ ကျောင်းတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။

    ကာကွယ်ဆေးထိုးမှု စီစဉ်ထားတဲ့အတိုင်းဖြစ်ပြီး၊ ကူးစက်မှု၊ သေဆုံးမှုတွေ လျော့လာရင် ဖေဖော်ဝါရီလ အလယ်ပိုင်းလောက်မှာ လော့ဒေါင်း ပြန်ဖွင့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ​ဝန်ကြီးချုပ် ဂျွန်ဆင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားက နိုင်ငံတစ်ဝှမ်း ဖြန့်ဝေ၊ လူငယ်များကို ဦစားပေးထိုးပေးမည်

    ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားက နိုင်ငံတစ်ဝှမ်း ဖြန့်ဝေ၊ လူငယ်များကို ဦစားပေးထိုးပေးမည်

    ဇန်နဝါရီ ၃၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ Sinovac ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားမှာ ဒီကနေ့ စတင်ဖြန့်ဝေပေးနေပြီး အစိုးရက အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုချက်ပေးတာနဲ့ ထိုးပေးဖို့ စီစဉ်ထားပါတယ်။

    အင်ဒိုနီးရှားရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးမှု လုပ်ငန်းဟာ ၁၅ လတာ ကြာမြင့်မှာပါ။ ကျန်းမာရေးဝန်ထမ်း ၁.၃ သန်းကို ဦးစားပေးထိုးပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီး ဘူဒီ ဂူနာဒီ ဆာဒစ်ကင်က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အခြားနိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ထိုးပေးပေမယ့် အင်ဒိုနီးရှားမှာတော့ လူငယ်တွေကို ဦးစားပေး ထိုးပေးဖို့ စီစဉ်နေပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ကိုဗစ်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

    ဂျကာတာအခြေစိုက် ဇီ၀ဗဗေဒအသင်း Eijkman Institute for Molecular Biology ရဲ့ ဒါရိုက်တာ အေမင် ဆိုဘန်ဒရီယိုက လူတွေနဲ့ အများဆုံးထိတွေ့ဆက်ဆံရတဲ့ လူငယ်တွေကို ဦးစားပေး ထိုးပေးခြင်းအားဖြင့် ကျန်တဲ့လူတွေကိုပါ ကာကွယ်ပြီး ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    လူဦးရေ ၂၆၈ သန်းရှိတဲ့ အင်ဒိုနီးရှားအနေနဲ့ တရုတ်ထုတ် Sinovac ကာကွယ်ဆေးအပြင်၊ ယူကေနဲ့ အမေရိကန်ထုတ် ကာကွယ်ဆေးတွေကိုလည်း မှာယူထားပါတယ်။ ဒါ့အပြင် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး Merah Putih ကိုလည်း အင်ဒိုနီးရှားက ထုတ်လုပ်နေပါတယ်။

    Ref: Alarabiya