News @ M-Media

Tag: WuhanVirus

  • ဝူဟန်မြို့တွင် Covid-19 ကူးစက်မှု ပြန်ဖြစ်လာ

    ဝူဟန်မြို့တွင် Covid-19 ကူးစက်မှု ပြန်ဖြစ်လာ

    မေ ၁၂၊ ၂၀၂၀
    M-Media

    -Covid-19 ရောဂါ သန္ဓေတည်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ရောဂါပြန်နှံ့ရာ နေရာတစ်ခုကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။

    ဗိုင်းရပ်စ် ကင်းစင်သွားတဲ့အတွက် တရုတ်အစိုးရဟာ ဝူဟန်မြို့မှာ ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဧပြီ လ ၈ ရက်နေ့က ရုပ်သိမ်းခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်၊ လူတွေ သွားလာခွင့် ပြန်ပေးခဲ့ပါတယ်။

    ဒါပေမယ့် မေလ ၁၀ ရက်နေ့မှာတော့ ​တစ်လအတွင်း ပထမဆုံးအဖြစ် ရောဂါကူးစက်နေသူတစ်ဦးကို ဝူဟန်မှာ ပြန်တွေ့ခဲ့ရပြီး၊ အဲဒီ လူနေအိမ်ယာမှာပဲ ကူးစက်နေသူ ၅ ဦးကို မေလ ၁၂ ရက်နေ့မှာ ထပ်တွေ့ခဲ့ပါတယ်။

    ဝူဟန် ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ မြို့အတွင်း ဗိုင်းရပ်စ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းဟာ အလွန်ခက်ခဲပြီး အသေအချာလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    နောက်ဆုံးကူးစက်သူတွေဟာ အရင်က ဗိုင်းရပ်စ်ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ရပေမယ့် ရောဂါလက္ခဏာ မပြခဲ့သူတွေဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဒီလိုလူတွေ အရေအတွက် ဘယ်လောက်ရှိနေလဲဆိုတာကို မသိရပါဘူး။

    Covid-19 ရောဂါဖြစ်ပွားတယ်လို့ ထုတ်ပြန်တဲ့စာရင်းမှာ ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြတဲ့သူတွေ မပါဝင်ပါဘူး။ စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၈၂၉၁၈ ဦးရှိပြီး သေဆုံးသူက ၄၆၃၃ ဦး ရှိပါတယ်။

    Ref: Aljazeera

  • ကိုဗစ်တိုက်ဖျက်ရေးပစ္စည်းများကို အီရန်က ပြည်တွင်းမှာပင် ထုတ်လုပ်နိုင်

    ကိုဗစ်တိုက်ဖျက်ရေးပစ္စည်းများကို အီရန်က ပြည်တွင်းမှာပင် ထုတ်လုပ်နိုင်

    မေ ၁၀၊ ၂၀၂၀
    M-Media

    -ပြည်တွင်းဖြစ် Covid-19 စမ်းသပ်ကိရိယာကို နိုင်ငံခြားတိုင်းပြည်တွေထံ အီရန်က တင်ပိုခဲ့ပြီး ဗိုင်းရပ်စ် တားဆီးကာကွယ်ရေး၊ ကုသရေးနဲ့ဆိုင်တဲ့ ဆေးပစ္စည်း တော်တော်များများကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။

    ပြည်တွင်းကုမ္ပဏီတစ်ခုက စမ်းသပ်ကိရိယာတွေကို အမြောက်အများ ထုတ်လုပ်လာနိုင်ပြီးတဲ့နောက် အီရန်အစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ နိုင်ငံခြားတင်ပို့ခွင့် ပြုခဲ့တာပါ။ တူရကီ၊ ဂျာမနီနဲ့ အခြားနိုင်ငံတွေကို စမ်းသပ်ကိရိယာ ၄ သောင်းလောက် တင်ပို့ခဲ့ပါတယ်။

    အီရန်သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဥက္ကဌ ဆူရီနာ ဆာတာရီက Covid-19 တိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ ဆေးပစ္စည်း အများအပြားကို လက်ရှိ အီရန်က ထုတ်လုပ်နိုင်ပြီး နိုင်ငံရပ်ခြားက တင်သွင်းစရာ မလိုအပ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Covid-19 ပြန့်နှံ့မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ အီရန်နိုင်ငံဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကြောင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ စမ်းသပ်ကိရိယာတွေ၊ အသက်ရှုစက်တွေ၊ နှာခေါင်းစည်းတွေ၊ ပိုးသတ်ဆေး၊ ပိုးသတ်ကိရိယာတွေကို ပြည်တွင်းမှာပဲ တီထွင်ထုတ်လုပ်လာနိုင်ပါတယ်။

    သောကြာနေ့ကအထိ အီရန်မှာ ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက် ၁၀၄၆၉၁ ဦး ရှိပြီး၊ သေဆုံးသူက ၆၅၄၁ ဦး ရှိပါတယ်။ ပြန်လည်ကောင်းမွန်သူ အရေအတွက်ကတော့ ၈၃၈၃၇ ဦး ရှိပါတယ်။

    Ref: Press TV

  • ကိုရိုနာနှင့်ဆက်နွယ်၍ ပေါ်လာသည့် အမုန်းစကားများအတွက် ကုလ သတိပေး

    ကိုရိုနာနှင့်ဆက်နွယ်၍ ပေါ်လာသည့် အမုန်းစကားများအတွက် ကုလ သတိပေး

    မေ ၈၊ ၂၀၂၀
    M-Media

    -Covid-19 ပြန့်နှံ့မှုနဲ့ ဆက်နွယ်ပြီး ကမ္ဘာတစ်ဝှမ်း အမုန်းစကားတွေ၊ အမုန်းဆောင်လှုပ်ရှားမှုတွေဟာ ‘ဆူနာမီ လှိုင်းလုံး’ လို မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီနေ့မှာ သတိပေးလိုက်ပါတယ်။

    အွန်လိုင်းနဲ့ အပြင်မှာပါ နိုင်ငံခြားသားဆန့်ကျင်ရေးလှုပ်ရှားမှု မြင့်တက်လာတာ၊ ဂျူးဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေ ပြန်နှံ့လာတာ၊ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာတွေကို ဂူတာရက်စ်က ထောက်ပြခဲ့ပါတယ်။

    ပြောင်းရွှေ့အခြေချသူတွေနဲ့ ဒုက္ခတွေဟာ ဗိုင်းရပ်စ်ဖြန့်သူတွေအဖြစ် သမုတ်ခံရပြီး ကုသခွင့် ငြင်းပယ်ခံရတာတွေလည်း ရှိတယ်လို့လည်း သူက ဆိုပါတယ်။

    “ဂျာနယ်လစ်တွေ၊ အမှန်တရား ထုတ်ဖော်ပြောဆိုသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အကူအညီပေးရေး လုပ်သားတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ သူတို့အလုပ် သူတို့လုပ်တာကိုပဲ ပစ်မှတ်ထား ခံနေရပါတယ်”

    နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့ ဂူတာရက်စ်က တိုက်တွန်းခဲ့သလို အစွန်းရောက်တွေက မျှော်လင့်ချက်မဲ့နေသူတွေ၊ ထွက်ပေါက်မဲ့နေသူတွေကို သိမ်းသွင်းဖို့ ကြိုးပမ်းနေတဲ့ အခုလိုအချိန်မှာ ဒစ်ဂျစ်တယ်အသိပညာမြင့်မားရေး ပညာရေးအဖွဲ့အစည်းတွေက ဆောင်ရွက်ဖို့ ဆော်ဩခဲ့ပါတယ်။

    လူမျိုးရေးတိုက်ခိုက်မှု အပါအဝင် လူ့အဖွဲ့အစည်းကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ဆိုရှယ်မီဒီယာတွေက ဖယ်ရှားဖို့ ထိခိုက်လွယ်သူတွေကို လူ့အဖွဲ့အစည်းတွေက ဖေးမဖို့၊ အပြန်အလှယ် နားလည်မှု အလေ့အကျင့်ကို ဘာသာရေးခေါင်းဆောင်တွေက ဦးဆောင်ပြသကြဖို့လည်း ဂူတာရက်စ် ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။

    “Covid-19 ဟာ ကျွန်တော်တို့ ဘယ်သူလဲ၊ ဘယ်မှာနေလဲ၊ ဘာဘာသာဝင်လဲ၊ ဘယ်လို ဘွဲ့ထူးဂုဏ်ထူးတွေရှိလဲ စတာတွေကို ဂရုမစိုက်ပါဘူး”

    ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် အချို့နိုင်ငံတွေမှာ အမျိုးသားရေးဝါဒ၊ လူပြိန်းကြိုက်ဝါဒ၊ အာဏာရှင်ဝါဒတွေ ထွန်းကားလာပြီး၊ လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေ ဆုတ်ယုတ်လာကြောင်း၊ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ ပေါ်ပေါက်လာတဲ့ အဲဒီလို ဖိနှိပ်ချုပ်ချယ်မှုတွေဟာ ဗိုင်းရပ်စ်ကင်းရှင်းသွားပြီးတဲ့နောက်ပိုင်းမှာ ဆက်လက်ရှိလာနိုင်ကြောင်း ဂူတာရက်စ်က သတိပေးခဲ့ပါတယ်။

    Ref: New York Times

  • ဆေးစစ်မှုပမာဏ တိုးမြှင့်ခဲ့သည့် အိန္ဒိယတွင် ကိုဗစ်ကူးသူအရေအတွက် မြင့်တက်လာ

    ဆေးစစ်မှုပမာဏ တိုးမြှင့်ခဲ့သည့် အိန္ဒိယတွင် ကိုဗစ်ကူးသူအရေအတွက် မြင့်တက်လာ

    မေ ၅၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံမှာ Covid-19 စစ်ဆေးမှု ပမာဏ မြင့်တက်လာတာနဲ့အတူ ကူးစက်ခံထားရသူ အရေအတွက်လည်း သိသိသာသာ မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။

    မနေ့က ထပ်မံကူးစက်သူအရေအတွက်ဟာ စံချိန်တင် ၃၉၀၀ ဦး ရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၄၆၄၃၃ ဦး ရှိလာတာ ဖြစ်ပါတယ်။ မတ်လ ၂၄ ရက်နေ့က စတင်ထုတ်ပြန်ထားတဲ့ ရွေ့လျားသွားလာမှုအမိန့်ကိုလည်း အိန္ဒိယက လျှော့ချမှုတစ်ချို့ ပြုလုပ်နေပါတယ်။

    တစ်ချို့ဒေသတွေမှာ စျေးဆိုင်တစ်ချို့ ပြန်ဖွင့်ခွင့်ပေးထားသလို၊ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဝန်ထမ်းအကန့်အသတ်နဲ့ ပြန်လည်လုပ်ကိုင်ခွင့် ပေးထားပါတယ်။ ကိုယ်ပိုင်ကားတွေကို တစ်ချို့ဒေသတွေမှာ မောင်းနှင်ခွင့်ပေးထားပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကိုတော့ ဆက်လက် ပိတ်ပင်ထားပါတယ်။

    ကူးစက်မှုအရေအတွက် များပြားလွန်းတဲ့နေရာမှာတော့ ကန့်သတ်မှုတွေကို မဖြေလျော့သေးပါဘူး။

    ကမ္ဘာ့ ဒုတိယလူဦးရေအများဆုံး အိန္ဒိယမှာ ကူးစက်မှုနဲ့ သေဆုံးသူအရေအတွက်ဟာ နည်းပါးတာကြောင့် အစိုးရရဲ့ ဆောင်ရွက်ချက်တွေ အောင်မြင်တယ်လို့ ပြောကြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက​တော့ ကန့်သတ်မှုတွေကို စောစောစီးစီး လျော့ချလိုက်တာကြောင့် အောင်မြင်မှုတွေ ပြန်လည် ဆုံးရှုံးနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: BBC

  • ကိုဗစ်ကုသရေးအတွက် အလားအလာရှိသည့် နည်းလမ်းတစ်ခုကို ယူအေအီး ဖော်ထုတ်

    ကိုဗစ်ကုသရေးအတွက် အလားအလာရှိသည့် နည်းလမ်းတစ်ခုကို ယူအေအီး ဖော်ထုတ်

    မေ ၂၊ ၂၀၂၀
    M-Media

    -Covid-19 ကုသရေးမှာ အလားအလာရှိပြီး ထိရောက်နိုင်တဲ့ နည်းလမ်းတစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သိပ္ပံပညာရှင်တွေက ဖန်တီး ဖော်ထုတ်လိုက်ပါတယ်။

    Stem cell ထိုးသွင်းကုသတဲ့ နည်းလမ်းဖြစ်ပြီး Abu Dhabi Stem Cell စင်တာက သုတေသနပညာရှင်တွေနဲ့ ဆရာဝန်တွေပါတဲ့ အဖွဲ့က ဖော်ထုတ်ဖန်တီးခဲ့တာပါ။ လူနာရဲ့ သွေးထဲက stem cell တွေကို ထုတ်ပြီး အပြင်မှာ ဓာတ်ပြုလှုံဆော်ပေးကာ ခန္ဓာကိုယ်ထဲ ပြန်လည်ထိုးသွင်းရတာ ဖြစ်ပါတယ်။

    ယူအေအီးက ကိုဗစ်လူကာ ၇၃ ဦးရဲ့ အဆုတ်ထဲကို ထိုးသွင်းကုသပေးခဲ့ရမှာ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာ ကုသနေတဲ့ အခြားနည်းလမ်းတွေလို လူနာအပေါ် ​ ကြီးကြီးမားမားသက်ရောက်မှုမျိုးလည်း မရှိပါဘူး။ ကနဦး ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက် ၂ ပတ်တာကြာမြင့်မယ့် ကျယ်ပြန့်တဲ့ စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ ယူအေအီးက စီစဉ်နေပါတယ်။

    Abu Dhabi Stem Cell စင်တာဟာ ဆဲလ်အသုံးပြု ကုသရေးမှာ နောက်ဆုံးပေါ် နည်းလမ်းတွေကို အသုံးပြုပြီး ကုသမှုပေးနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Gulf News