News @ M-Media

Tag: WuhanVirus

  • ဝူဟန်မြို့တွင် Covid-19 အန္တရာယ် ကင်းသွားပြီဟု တရုတ်ကြေငြာ

    ဝူဟန်မြို့တွင် Covid-19 အန္တရာယ် ကင်းသွားပြီဟု တရုတ်ကြေငြာ

    ဇွန် ၄၊ ၂၀၂၀
    M-Media

    -ဝူဟန်မြို့မှာရှိနေတဲ့ လူ ၁၀ သန်းနီးပါးကို ကိုဗစ် ရှိ၊ မရှိ စစ်ဆေးပြီးပြီဖြစ်ပြီး ကိုဗစ်အန္တရာယ် ကင်းသွားပြီလို တရုတ်အာဏာပိုင်တွေက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    တရုတ်နိုင်ငံအလယ်ပိုင်းက ဝူဟန်မြို့ဟာ Covid-19 စတင်ရာဒေသဖြစ်ပြီး အဲဒီကနေတစ်ဆင့် ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံ့သွားခဲ့တာပါ။ တရုတ်နိုင်ငံက ကိုဗစ်ကူးစက်သူ၊ သေဆုံးသူအရေအတွက်ရဲ့ ၈၀ ရာခိုင်နှုန်းက ဝူဟန်ကဖြစ်ပြီး ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့ကို လနဲ့ချီ တံခါးပိတ်ခဲ့ပါတယ်။

    အာဏာပိုင်တွေဟာ မေလ ၁၄ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ မြို့မှာနေထိုင်တဲ့ လူပေါင်း ၉.၉ သန်းကို ကိုရိုနာဗိုင်းရပ် ရှိ၊ မရှိ စစ်ဆေးခဲ့တာပါ။ လူပေါင်း ၃၀၀ မှာ ကိုရိုနာဗိုင်းရပ်စ်ရှိပေမယ့် ရောဂါလက္ခဏာမပြဘဲ သူတို့နဲ့ ဆက်နွယ်နေသူ ၁၁၇၄ ဦးမှာတော့ ဗိုင်းရပ်စ် လုံး၀မရှိတာကို တွေ့ခဲ့ရပါတယ်။

    ဝူဟန်မြို့မှာ လူဦးရေ ၁၁ သန်းလောက် ရှိနေပြီး အသက် ၅ နှစ်အထက်ရှိသူ အားလုံးကိုစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

    “ဒီလိုစစ်ဆေးမှုကြောင့် ဝူဟန်ပြည်သူတွေ စိတ်အေးသွားစေရုံတင်မကဘဲ နိုင်ငံတစ်ဝှမ်းက ပြည်သူတွေရဲ့ ယုံကြည်မှုကိုလည်း မြင့်တက်လာစေပါတယ်။ ဝူဟန်မြို့ဟာ အန္တရာယ်ကင်းသွားပါပြီ” လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ဒုတိယညွှန်ကြားရေးမှူး ဖန်ဂျီကျန်းက ပြောကြားခဲ့ပါတယ်။

    ရောဂါလက္ခဏာမပြသူတွေကြောင့် နောက်ပိုင်းမှာ အန္တရာယ်ဘယ်လောက် ရှိနိုင်လဲဆိုတာကိုတော့ သူမက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

    Ref: Aljazeera

  • ထိရောက်မှုရှိသည့် ရုရှားထုတ် ကိုဗစ်ဆေးကို ဆော်ဒီတွင် စမ်းသပ်မည်

    ထိရောက်မှုရှိသည့် ရုရှားထုတ် ကိုဗစ်ဆေးကို ဆော်ဒီတွင် စမ်းသပ်မည်

    ဇွန် ၁၊ ၂၀၂၀
    M-Media

    -ရုရှားနိုင်ငံမှာထုတ်လုပ်ပြီး ကိုဗစ်ကုသရမှာ ထိရောက်မှုရှိနေတဲ့ ဆေးတစ်မျိုးကို ဆော်ဒီအာရေဗျမှာ စသင်စမ်းသပ် အသုံးပြုတော့မှာ ဖြစ်ပါတယ်။

    Avifavir လို့ အမည်ပေးထားတဲ့ အဲဒီဆေးဝါးကို ရုရှားရဲ့ နိုင်ငံပိုင်လုပ်ငန်း RDIF ကနေ ဦးဆောင်ပြီးဖန်တီးထုတ်လုပ်ထားတာပါ။ ဒီဆေးကို ဇွန်လ ၁ ရက် ဒီနေ့မှာ ထုတ်ပြဖို့ ရှိနေပါတယ်။

    RDIF အကြီးအကဲ ကီရ်ရီလ် ဒီမီထရီဗ်က ဒီဆေးဟာ ရုရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး၊ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုအတွင်း ရလဒ်ကောင်းရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီမှာ စမ်းသပ်အသုံးပြုဖို့အတွက် ဆော်ဒီနဲ့ ရုရှားအာဏာပိုင်တွေ သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။

    Avifavir ဆေးဝါးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ လုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့ ဆေးဝါးမျိုးဖြစ်ပြီး ရုရှားကထုတ်လုပ်ကာ ကုသရာမှာ ထိရောက်မှုရှိကြောင်း တွေ့ရတဲ့ ပထမဆုံး ဆေးဝါးလည်း ဖြစ်ပါတယ်။

    ဒီမီထရီဗ်ကတော့ ကိုဗစ်ကုသရေး ရုရှားက ထုတ်လုပ်တဲ့ဆေးဝါးတွေထဲမှာ ဒီဆေးက ပထမဆုံးမဟုတ်ပေမယ့် ထိရောက်မှုမှာတော့ အခြားဆေးဝါးတွေထက် သာလွန်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • အိန္ဒိယတွင် ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်လာပြီး သေဆုံးမှုတွင် တရုတ်ထက်ပိုများ

    အိန္ဒိယတွင် ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်လာပြီး သေဆုံးမှုတွင် တရုတ်ထက်ပိုများ

    မေ ၂၉၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံမှာ Covid-19 သေဆုံးသူအရေအတွက်ဟာ ၄၇၀၆ ဦး ရှိလာခဲ့ပြီး ဗိုင်းရပ်စတင်ရာ တရုတ်နိုင်ငံထက် သေဆုံးသူ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်မှုအရေအတွက် အလွန်မြင့်တက်လာခဲ့ပြီး မနေ့ကဆိုရင တစ်ရက်တည်းကူးစက်မှုဟာ ၈ ထောင်နီးပါးအထိ ရှိလာပါတယ်။ စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၁၆၅၇၉၉ ဦး ရှိလာပါပြီ။

    နိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ဟာ ကူးစက်မှုအများဆုံးဒေသ ဖြစ်ပါတယ်။

    ကူးစက်မှု မြင့်တက်လာတာနဲ့အမျှ ဆေးရုံမှာ ကုတင်မလုံလောက်တာ၊ ဆေးဝါး၊ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာ စတာတွေကိုလည်း အိန္ဒိယက ကြုံတွေ့လာရပါတယ်။

    တိုင်းပြည်စီးပွားရေး ထိခိုက်လာတာကို လျော့ပါးစေဖို့အတွက် အိန္ဒိယအစိုးရက ရွေ့လျားကန့်သတ်ချက်အမိန့် ထုတ်ပြန်ထားတာကို တစ်ဖြည်းဖြည်း ဖြေလျော့နေပါတယ်။ မတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကြောင့် အိန္ဒိယနိုင်ငံမှာ လူပေါင်း သန်း ၁၀၀ ကျော်လောက် အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။

    Ref: Aljazeera

  • Covid-19 ဒုတိယအဆိုးဆုံးကာလအတွက် ပြင်ဆင်ထားရန် WHO က ကမ္ဘာကို သတိပေး

    Covid-19 ဒုတိယအဆိုးဆုံးကာလအတွက် ပြင်ဆင်ထားရန် WHO က ကမ္ဘာကို သတိပေး

    မေ ၂၆၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်မှု ကျဆင်းတဲ့ နိုင်ငံတွေမှာ ဒုတိယအကြိမ် အဆိုးဆုံးအနေအထားရောက်မယ့် အန္တရာယ် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပြီး တားဆီးထိန်းချုပ်မှု လုပ်ငန်းတွေ ပိုမို ဖိဖိစီးစီး ဆောင်ရွက်ဖို့အတွက်လည်း တိုက်တွန်းလိုက်ပါတယ်။

    ကိုဗစ်ကူးစက်မှု သေဆုံးမှု အရေအတွက် သိသိသာသာ ကျဆင်းလာတာကြောင့် ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် ဥရောပနဲ့ အမေရိကနိုင်ငံတွေဟာ ရွေ့လျားသွားလာမှု ကန့်သတ်ချက်တွေကို ​လျော့ပေါ့ပေးဖို့ ပြင်ဆင်နေတာပါ။

    WHO အရေးပေါ်ဆိုင်ရာ အကြီးအကဲ ဒေါက်တာ မိုက်ရိုင်ယန်က အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်း၊ တောင်အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ကူးစက်မှုအရေအတွက် မြင့်တက်လာတာကို ထောက်ပြခဲ့ပါတယ်။

    ကူးစက်မှုဟာ လှိုင်းလုံးလို လာတတ်ပြီး လက်ရှိ ကူးစက်မှုအရေအတွက် ကျဆင်းနေတဲ့ တိုင်းပြည်တွေမှာ ကန့်သတ်မှုတွေကို လျော့ချလိုက်ရင် အခုနှစ်နှောင်းပိုင်းမှာ ဒုတိယအဆိုးဆုံးအနေအထားကို ကြုံတွေ့လာရနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    “ရောဂါပြန့်ပွားမှုဟာ ဘယ်အချိန်မှာမဆို မြင့်တက်နိုင်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ သိထားဖို့ လိုအပ်ပါတယ်။ ကူးစက်မှုနည်းလာတာကြောင့် ရောဂါဖြစ်ပွားမှု ကျဆင်းနေပြီဆိုပြီး မှတ်ယူလို့ မရပါဘူး။ ဒုတိယလှိုင်းလုံးအတွက် ပြင်ဆင်ဖို့ လအနည်းငယ် ကျန်နေသေးတယ်။ ဒီလှိုင်လုံးမှာ ဒုတိယအဆိုးဆုံးကာလကို ကျွန်တော်တို့ တွေ့လာရနိုင်ပါတယ်”

    ဥရောပ၊ အမေရိကနိုင်ငံတစ်ချို့ဟာ ရွေ့လျားသွားလာမှု ကန့်သတ်ချက်ကို တစ်ဆင့်ချင်းစီ လျော့ချနေပြီး မိုက်ရိုင်ယန်က ပြည်သူ့ကျန်းမာရေး၊ စောင့်ကြည့်မှု၊ ရောဂါတားဆီးကာကွယ်ရေး ပြည့်၀တဲ့ မဟာဗျူဟာတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ထိုင်းနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို မျောက်များတွင် စတင်စမ်းသပ်

    ထိုင်းနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို မျောက်များတွင် စတင်စမ်းသပ်

    မေ ၂၅၊ ၂၀၂၀
    M-Media

    -Covid-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ကမ္ဘာ့နိုင်ငံတွေရဲ့ ကြိုးပမ်းမှုမှာ ထိုင်းနိုင်ငံလည်း ပါဝင်လာခဲ့ပြီး မျောက်တွေကို စတင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကာကွယ်ဆေးတွေ ဖန်တီးဖော်ထုတ်နေရာမှာ အလားအလာရှိတဲ့ ကာကွယ်ဆေးပေါင်း ၁၀၀ ကျော်လောက်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားထားပါတယ်။ အဲဒီအထဲက ၈ ခုလောက်ကို လူသားတွေမှာ စမ်းသပ်နေပြီ ဖြစ်ပါတယ်။

    ယူကေက အောက်စဖို့ဒ်တက္ကသိုလ်ဟာ ကာကွယ်ဆေးထုတ်လုပ်မှုမှာ ရှေ့တန်းရောက်နေပြီး ချင်ပန်ဇီမျောက်တွေမှာ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တွေကို အခြေခံကာ ပြီးခဲ့တဲ့လမှာ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ထိုင်းနိုင်ငံမှာတော့ အမျိုးသား ပရိုင်းမိတ်သုတေသနဌာနက အမေရိကန် ပင်ဆာလ်ဗားနီးယား တက္ကသိုလ်နဲ့ ပူးပေါင်းကာ ကာကွယ်ဆေးဖော်ထုတ်နိုင်ရေး ကြိုးပမ်းနေပြီး စနေနေ့က Macaque မျောက် ၁၃ ကောင်မှာ စတင် စမ်းသပ်ခဲ့ပါတယ်။

    စင်တာရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ Suchinda Malaivitjitnond က ထိုင်းနိုင်ငံထုတ် ကာကွယ်ဆေးတွေဟာ အမေရိကန်နဲ့ ဥရောပက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေထက် ပိုပြီး စျေးပေါလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ Covid-19 ကူးစက်မှု တွေ့ရတဲ့ ပထမဆုံးတိုင်းပြည်ဖြစ်ပြီး လက်ရှိမှာ စုစုပေါင်း ကူးစက်မှု ၃၀၀၀ ကျော်၊ သေဆုံးသူ ၅၇ ဦး ရှိပါတယ်။

    ကာကွယ်ဆေး မျောက်တွေမှာ စမ်းသပ်မှု အောင်မြင်တယ်ဆိုရင်တော့ အစောဆုံး အောက်တိုဘာလကျရင် လူသားတွေမှာ စမ်းသပ်မှာ ဖြစ်ပါတယ်။

    Ref: CNA