News @ M-Media

Tag: WuhanVirus

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဧပြီ ၂၉၊ ၂၀၂၀
    M-Media

    UFO များ ပျံသန်းနေသည့် ဗီဒီယိုကို အမေရိကန်စစ်ဌာနချုပ် ထုတ်ပြ

    ကောင်းကင်ယံမှာ အမျိုးအမည်မသိ အရာတွေ ပျံသန်းနေတဲ့ ဗီဒီယို ၃ ခုကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မနေ့မှာ ထုတ်ပြလိုက်ပါတယ်။ ၂၀၀၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တုန်းက အမေရိကန် တိုက်လေယာဉ်မှူးတွေ ရိုက်ထားတဲ့ ဗီဒီယိုတွေဖြစ်ပြီး အရင်ကလည်း ပေါက်ကြားဖူးပါတယ်။

    ပင်တဂွန်ကတော့ အရင်က ပေါက်ကြားထားတဲ့ဗီဒီယိုတွေဟာ အမှန်ဖြစ်တယ်ဆိုတာကို အများပြည်သူတွေ သိရှိနိုင်ဖို့ ဒီလိုထုတ်ပြန်ရတာလို့ ပြောပါတယ်။ အမျိုးအမည်မသိ ပျံသန်းတဲ့အရာ UFO တွေဟာ သိပ္ပံလောကမှာ စိတ်ဝင်စားစရာအကောင်းဆုံး ကိစ္စဖြစ်ပြီး အခြားဂြိုဟ်တွေကနေ လာရောက်တာဆိုတဲ့ ယူဆမှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် အသေးစိတ် ဖော်ထုတ် သက်သေပြနိုင်တာမျိုးတော့ မရှိသေးပါဘူး။

    ကိုဗစ်တားဆီးရေး လက်ပတ်အသုံးပြု စောင့်ကြည့်နည်းကို ကမ္ဘာ့နိုင်ငံများ အသုံးပြုလာ

    ကိုဗစ်ကာလအတွင်း ပြည်သူတွေရဲ့ အသွားအလာကို စောင့်ကြည့် ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေဟာ ခြေရာခံနိုင်တဲ့ လက်ပတ်တွေကို အသုံးပြုလာကြပါတယ်။

    လက်ရှိ ဟောင်ကောင်၊ တောင်ကိုရီးယားနဲ့ ဘူလ်ဂေးရီးယားတို့မှာ စမ်းသပ် အသုံးပြုနေပါတယ်။ လက်ပတ်တွေမှာ GPS ခြေရာခံစနစ်ကို အသုံးပြုထားပြီး သတ်မှတ်ဧရိယာထဲက အပြင်ထွက်တာ၊ လက်ပတ်ကို ချွတ်ဖို့ ကြိုးစားတာတွေမှာ အာဏာပိုင်တွေက အလိုအလျောက် သိရှိမှာပါ။

    အရင်က ဖုန်းအက်ပလီကေးရှင်း အသုံးပြုတဲ့ စောင့်ကြည့်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ပေမယ့် လူတွေဟာ ဖုန်းကို အိမ်မှာထားပြီး အပြင်ထွက်ကြတဲ့အတွက် အခုလို လက်ပတ်နည်းကို ပြောင်းလဲအသုံးပြုလာတာ ဖြစ်ပါတယ်။

    ယူကေထောက်လှမ်းရေးတွင် AI နည်းပညာကို အသုံးပြုရန် လိုအပ်နေ

    ရန်သူတွေရဲ့ ခြိမ်းခြောက်မှု မြင့်လာတဲ့အတွက် ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ဟာ ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြုဖို့ လိုအပ်တယ်လို့ တတ်သိပညာရှင်များအဖွဲ့ Rusi က ဆိုပါတယ်။

    Rusi အဖွဲ့ဟာ ယူကေထောက်လှမ်းရေးဌာနကို နက်နက်နဲနဲ လေ့လာဆန်းစစ်ခွင့် ရခဲ့တာပါ။ ရန်သူတွေထဲမှာ နိုင်ငံတွေသာမကဘဲ၊ ရာဇဝတ်ကောင်တွေပါ ပါဝင်နေပြီး အနာဂတ်မှာ AI ကို အသုံးပြုထားတဲ့ တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တဲ့အတွက် AI နဲ့ ပြန်လည်တုန့်ပြန်ဖို့ ပြင်ဆင်ထားရမှာဖြစ်ကြောင်း Rusi အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    AI ကို အသုံးပြုရင် တစ်ကိုယ်ရယ်အချက်အလက် ကာကွယ်မှု၊ လူ့အခွင့်အရေးကိစ္စတွေကို ထည့်သွင်းစဉ်းစားကာ စည်းကမ်းအသစ်တွေ ချမှတ်ဖို့ လိုအပ်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    Ref: BBC

  • နေရောင် တိုက်ရိုက်ထိတွေ့ပါက ကိုဗစ် မြန်မြန်သေသည်ဟု သိပ္ပံပညာရှင်များ ပြော

    နေရောင် တိုက်ရိုက်ထိတွေ့ပါက ကိုဗစ် မြန်မြန်သေသည်ဟု သိပ္ပံပညာရှင်များ ပြော

    ဧပြီ ၂၅၊ ၂၀၂၀
    M-Media

    -Covdi-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ အချိန်မျိုးမှာ မြန်မြန်သေတယ်ဆိုတာကို တွေ့ရကြောင်း အမေရိကန်သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ ဗိုင်းရပ်စ်ပိုး​ကို သေစေနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတဲ့အချက်ကို သိပ္ပံပညာရှင်တွေက အရင်ကတည်းက သိရှိထားတာပါ။

    အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အကြံပေး ဝီလီယံ ဘရိုင်ယန်က Covid-19 ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ နေရောင်ခြည်နဲ့ထိတွေ့ရင် မြန်မြန် သေဆုံးတယ်လို့ သုတေသနမှာ တွေ့ရတာကြောင့် နွေရာသီရောက်ရင် ဗိုင်းရပ်စ်ပြန့်နှံ့မှု ပိုပြီး နှေးကွေးနိုင်တယ်လို့ မျှော်လင့်ရကြောင်း မနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “နေရောင်ခြည်ဟာ ဗိုင်းရပ်စ်ပိုးကို လေထဲမှာရော မျက်နှာပြင်ပေါ်မှာပါ သေစေနိုင်တဲ့စွမ်းအား ရှိတယ်ဆိုတဲ့ အချက်က ကျွန်တော်တို့ ဒီနေ့အထိ လုပ်ခဲ့သမျှထဲမှာ အထင်ရှားဆုံး​ တွေ့ရှိချက်တစ်ခုပါ။ အပူချိန်နဲ့ စိုစွတ်မှုတွေမှာ ဒီလို တူညီတဲ့ ဂုဏ်သတ္တိမျိုး ရှိတယ်ဆုိတာကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ အပူချိန်မြင့်တဲ့နေရာ၊ စွတ်စိုမှု မြင့်တဲ့နေရာ အဲဒီလို နှစ်ခုစလုံး ဖြစ်နေတဲ့နေရာတွေမှာ ဗိုင်းရပ်စ်ရှင်သန်ဖို့ မလွယ်ပါဘူး”

    ဒါပေမယ့် စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံလို ပူပြင်းတဲ့ရာသီဥတုရှိရာ ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အများအပြား ရှိနေပြီး ရာသီဥတုအခြေအနေဟာ ဗိုင်းရပ်စ်တားဆီးရေးမှာ သိပ်ပြီး အသုံးမဝင်ဘူးဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒေါက်တာ မာဂရက် ဟာရစ်က အပူချိန်ကြောင့် ကိုရိုနာဗိုင်းရပ်စ် မြန်မြန်သေတယ်ဆိုတဲ့ အထောက်အထားဟာ လက်တွေ့အခြေအနေတွေနဲ့ မကိုက်ညီဘူးလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    ဝီလီယံ ဘရိုင်ယန် ကိုးကားပြောဆိုတဲ့ သု​တေသနဟာ တရားဝင် ထွက်မလာသေးတဲ့အတွက် သုံးသပ်ဖို့ ခက်ခဲနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    Ref: Aljazeera

  • Covid-19 ကာကွယ်ဆေး လူသားတွင်စမ်းသပ်မှုကို ယူကေတွင် ပထမဆုံး ပြုလုပ်

    Covid-19 ကာကွယ်ဆေး လူသားတွင်စမ်းသပ်မှုကို ယူကေတွင် ပထမဆုံး ပြုလုပ်

    ဧပြီ ၂၄၊ ၂၀၂၀
    M-Media

    ကာကွယ်ဆေးထိုးမှု မြင်ကွင်း

    -ကိုရိုနာဗိုင်းရ်စ် ကာကွယ်ဆေး လူသားမှာ ပထမဆုံး စမ်းသပ်မှုကို အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်မှာ မနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။

    လူဦးရေ ၈၀၀ ကျော်ပါဝင်မယ့် အဲဒီစမ်းသပ်မှုက ပထမဆုံး ၂ ဦးကို မနေ့မှာ ကာကွယ်ဆေး ထိုးပေးခဲ့တာပါ။ စမ်းသပ်မယ့် သူတွေထဲက တစ်ဝက်ကို Covid-19 ကာကွယ်ဆေးထိုးပေးမှာဖြစ်ပြီး ကျန်တဲ့တစ်ဝက်ကို ဦးနှောက်အမြှေးယောင် ကာကွယ်ဆေး ထိုးပေးမှာဖြစ်ပါတယ်။

    အထိုးခံရသူတွေဟာ သူတို့ကို ဘာဆေးထိုးပေးထားလဲဆိုတာ သိမှာ မဟုတ်ဘဲ ဆရာဝန်တွေက ဆေးရဲ့ တုန်ပြန်မှုကို စောင့်ကြည့်မှာ ဖြစ်ပါတယ်။

    “ကျွန်မက သိပ္ပံပညာရှင်တစ်ယောက်ပါ။ သိပ္ပံစမ်းသပ်မှုတွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွားချင်ပါတယ်” လို့ ပထမဆုံး ဆေးထိုးခံခဲ့ရသူ အီလီဆာ ဂရာနာတိုက ပြောကြားခဲ့ပါတယ်။

    ကာကွယ်ဆေးကို အောက်စဖို့ဒ်တက္ကသိုလ်က ၃ လအတွင်း ဖန်တီးခဲ့တာပါ။​​ ဆေးဘက်အကြို သုတေသန​ကို ဦးဆောင်ပြုလုပ်တဲ့ Jenner Institute အဖွဲ့ရဲ့ ကာကွယ်ဆေးဆိုင်ရာ ပရော်ဖက်ဆာ ဆာရာ ဂီလ်ဘာ့တ်က ဒီကာကွယ်ဆေးအပေါ်မှာ ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် ဒီကာကွယ်ဆေးအပေါ်မှာ ကျွန်မ ယုံကြည်မှု တစ်စုံတစ်ရာ ရှိပါတယ်။ လူသားတွေကို ကျွန်မတို့ စမ်းသပ်ပြီး အချက်အလက်တွေကို မှတ်တမ်းတင်ရမယ်။ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ခင်မှာ လူတွေ အများအပြား မကူးစက်အောင် တားဆီးရပါမယ်”

    ကာကွယ်ဆေးကို ချင်ပန်ဇီမျောက်တွေမှာ တွေ့ရတဲ့ အဖျားဗိုင်းရပ်စ်ပိုးအပျော့စားနဲ့ ဖန်တီးထားတာဖြစ်ပြီး လူသားတွေမှာ အသုံးပြုလို့ရအောင် သိပ္ပံပညာရှင်တွေက ပြန်လည် ပြုပြင်ထားပါတယ်။

    Ref: BBC

  • ကိုရိုနာနောက်ဆက်တွဲ ကမ္ဘာကြီးက ဆင်းရဲမွဲတွေမှုဒဏ်ကို ကြီးကြီးမားမား ခံစားရနိုင်

    ကိုရိုနာနောက်ဆက်တွဲ ကမ္ဘာကြီးက ဆင်းရဲမွဲတွေမှုဒဏ်ကို ကြီးကြီးမားမား ခံစားရနိုင်

    ဧပြီ ၂၂၊ ၂၀၂၀
    M-Media

    -Covid-19 ပြန့်နှံ့မှုကြောင့် ကမ္ဘာကြီးဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ခံစားရနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

    ကုလရဲ့ စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ အခုနှစ်အတွက် ‘ကမ္ဘာ့ စားနပ်ရိက္ခာ ပြဿနာ အစီရင်ခံစာ’ မှာ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ငတ်မွတ်ခေါင်းပါးသူ အရေအတွက်ဟာ ၁၃၅ သန်းကနေ သန်း ၂၅၀ လောက်အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

    WFP အကြီးအကဲ ဒေးဗစ် ဘီစလေက ဒီအခြေအနေကို ရှောင်လွှဲဖို့အတွက် ကမ္ဘာကြီးက ပါးပါးနပ်နပ်နဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဗီဒီယိုမိန့်ခွန်းကနေတစ်ဆင့် လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

    “လအနည်းငယ်အတွင်းမှာ ငတ်မွတ်ခေါင်းပါးမှုကို ပမာဏ ကြီးကြီးမားမား ကြုံတွေ့ရနိုင်ပါတယ်။ ကျွန်တော်တို့အတွက် အချိန်မရှိဘူးဆိုတာ အမှန်တရားပါ”

    WFP ရဲ့ အစီရင်ခံက အန္တရာယ်အရှိဆုံး ၁၀ နိုင်ငံစာရင်းမှာ ယီမင်၊ ကွန်ဂို၊ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ အီသီယိုးပီးယား၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ နိုက်ဂျီးရီးယားနဲ့ ဟေတီနိုင်ငံတွေ ပါဝင်ပါတယ်။

    ကိုရိုနာ ကပ်ရောဂါ မတိုင်ခင်ကတည်းက မိုးခေါင်ရေရှားမှုနဲ့ ကျိုင်းကောင်ဖျက်ဆီးမှုတွေကြောင့် အရှေ့အာဖရိကနဲ့ တောင်အာရှတို့မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

    Ref: BBC

  • Covid-19 ကာကွယ်ဆေးကို ဗြိတိန်က လူသားများတွင် စတင်စမ်းသပ်တော့မည်

    Covid-19 ကာကွယ်ဆေးကို ဗြိတိန်က လူသားများတွင် စတင်စမ်းသပ်တော့မည်

    ဧပြီ ၂၂၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကြာသာပတေးနေ့ကစတင်ပြီး လူသားတွေမှာ စတင်စမ်းသပ်တော့မယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ပြောကြားလိုက်ပါတယ်။

    ယူကေမှာ Covid-19 ကူးစက်သူ အရေအတွက်ဟာ ၁၃၀၀၀၀ နီးပါး ရှိနေကာ၊ သေဆုံးသူ အရေအတွက်ကလည်း ၁၇၃၃၇ ဦး ရှိနေပါတယ်။ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ လုံလုံလောက် မစီစဉ်ပေးနိုင်မှုအတွက်လည်း ယူကေအစိုးရဟာ ဝေဖန်ခံနေရပါတယ်။

    မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးဝန်ကြီး ဟန်းကော့က အစိုးရဟာ ကာကွယ်ဆေးရဖို့အတွက် အခြားနိုင်ငံတွေထက် ငွေကြေးပိုမိုသုံးစွဲကာ အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ကာကွယ်ဆေးကို ကြာသာပတေးနေ့ကစတင်ပြီး လူသားတွေမှာ စမ်းသပ်တော့မယ်လို့လည်း သူက ဆိုပါတယ်။

    ယူကေက ထိပ်တန်း ကာကွယ်ဆေးထုတ်လုပ်တဲ့ အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ လန်ဒန် Imperial ကောလိပ်နဲ့ အောက်စဖို့ဒ်တက္ကသိုလ်တို့ကို ကာကွယ်ဆေးစမ်းသပ်ဖို့အတွက် အစိုးရက ပေါင် ၄၂.၅ သန်း ထောက်ပံ့သွားမှာပါ။

    “ဒီတက္ကသိုလ် ၂ ခုစလုံးက စီမံကိန်းတွေဟာ မြန်မြန်ဆန်ဆန် တိုးတက်မှုတွေ ရရှိနေပြီး၊ ဒီအတွက် အင်အားကို အပြည့်အ၀ အသုံးချသွားမယ်လို့လည်း သိပ္ပံပညာရှင်တွေကို ကျွန်တော်တို့ ပြောထားပါတယ်။ ကာကွယ်ဆေးဖော်နိုင်တဲ့ ပထမဆုံးတိုင်းပြည်ဖြစ်လာဖို့ပါ” လို့ ဝန်ကြီးဟန်းကော့က ပြောကြားခဲ့ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ရှေ့တန်းကနေ လုပ်ဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကာကွယ်ရေးဝတ်စုံ PPE မလုံလောက်မှုကိုလည်း အစိုးရက ဖြေရှင်းပေးနေတယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC