News @ M-Media

Tag: WuhanVirus

  • COVID-19 နောက်ဆက်တွဲအဖြစ် အာရှသားများအား ဆန့်ကျင်ရေး လှုပ်ရှားမှု ပေါ်ပေါက်လာ

    COVID-19 နောက်ဆက်တွဲအဖြစ် အာရှသားများအား ဆန့်ကျင်ရေး လှုပ်ရှားမှု ပေါ်ပေါက်လာ

    ဧပြီ ၅၊ ၂၀၂၀
    M-Media

    -တစ်ကမ္ဘာလုံးမှာ လူပေါင်း ၁ သန်းကျော် ပြန့်နှံ့ကူးစက်နေပြီဖြစ်တဲ့ COVID-19 စတင်တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကစလို့ အနောက်နိုင်ငံတွေမှာ အာရှသားတွေအပေါ် ခွဲခြားဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ သိသိသာသာ များပြားလာတယ်လို့ အလ်-ဂျာဇီးရားသတင်းဌာနရဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်နဲ့ ဩစတေးလျလို နိုင်ငံမျိုးက လမ်းမတွေပေါ်မှာ အာရှသားတွေအပေါ် စော်ကားပြောဆိုတာတွေ ပိုမိုမြင့်တက်လာပြီး တစ်ချို့နေရာတွေမှာ တိုက်ခိုက်တာတွေအထိ ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်အခြေစိုက် အမုန်းစကားစောင့်ကြည့်ရေးအဖွဲ့ Stop AAPI Hate က သူတို့ စတင်စောင့်ကြည့်ခဲ့တဲ့ မတ်လနှောင်းပိုင်းကစလို့ နိုင်ငံအတွင်း အာရှသားတွေအပေါ် အရှက်ရအောင်လုပ်ဆောင်မှု ၁၁၀၀ ကျော် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာမှာ ပိုသိသာ

    အာရှသားတွေအပေါ် ခွဲခြားမှု၊ စော်ကားပြောဆိုမှုဟာ ဆိုရှယ်မီဒီယာတွေမှာ ပိုမို သိသိသာသာ မြင်ရကြောင်း အလ်-ဂျာဇီးရားသတင်းဌာနရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

    အလ်-ဂျာဇီးရားသတင်းဌာနက ပြုလုပ်တဲ့ ဆိုရှယ်မီဒီယာ လေ့လာဆန်းစစ်မှုတစ်ခုမှာ COVID-19 ဗိုင်းရပ်စ်ကို တရုတ်ကွန်ဖူးနဲ့ ချိတ်ဆက်အမည်ပေးထားတဲ့ “kung-flu” စကားလုံးကို မတ်လတစ်လတည်းမှာပဲ Twitter စာမျက်နှာက ပို့စ်ပေါင်း တစ်သောင်းကျော်မှာတွေ့ခဲ့ရပြီး ဒီလိုစကားလုံးကွဲတွေကို သုံးစွဲမှု ရှိတာကြောင့် ပြန့်နှံ့မှုအရေအတွက်ဟာ ဒီထက်ပိုများမယ်လို့လည်း သုံးသပ်ထားပါတယ်။

    “chop fluey” နဲ့ “rice rabies” လို စော်ကားပြောဆိုတဲ့ စကားလုံးတွေကိုလည်း အွန်လိုင်းစာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရကြောင်း၊ တရုတ်အခြေစိုက် TikTok #chinese_coronavirus အမည်နဲ့ ပို့စ်တွေကို ကြည့်ရှုသူ သန်း ၁၁၀ ကျော်ရှိကြောင်း အလ်-ဂျာဇီးရားရဲ့ စစ်တမ်းမှာ တွေ့ခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ တရုတ်လူမျိုးကို ဆက်စပ်ပြီး စော်ကားပြောဆိုတဲ့ ဗီဒီယိုတွေလည်း TikTok မှာ ပြန့်နှံ့နေပါတယ်။

    Facebook ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Facebook နဲ့ Instagram လို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ လူမျိုးရေးခွဲခြားတာ၊ စော်ကားပြောဆိုတာတွေ လုံး၀ သည်းခံမှာမဟုတ်ဘဲ သိတာနဲ့ ဖျက်ချသွားမယ်လို့ အလ်-ဂျာဇီးရားသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။ သူတို့ရဲ့ စည်းကမ်းတွေကို မလိုက်နာဘဲ အကြိမ်ကြိမ်ချိုးဖောက်သူတွေရဲ့ အကောင့်တွေကို ပိတ်သွားမှာဖြစ်ကြောင်း သူက ပြောဆိုခဲ့သလို သုံးစွဲသူတွေအနေနဲ့ ဒါတွေကိုတွေ့ရင် report လုပ်ရကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Twitter ကလည်း မိမိတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတဲ့ ပို့စ်တွေကို ရှာဖွေဖယ်ရှားနေပြီး တစ်ဝက်လောက်ကို အသုံးပြုသူတွေက report မလုပ်ခင် အချိန်မီ ဖယ်ရှားနိုင်ခဲ့တယ်လို့ အလ်-ဂျာဇီးရားသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ပေါ်ပေါက်လာပြီးကတည်းက အာရှသားတွေအပေါ် လူမျိုးရေးခွဲခြားတဲ့ ပို့စ်တွေ ဘယ်လောက်များများ ဖျက်ချပြီးပြီလဲဆိုတာကိုတော့ Facebook ရော Twitter ကပါ ဖြေကြားခဲ့ခြင်းမရှိဘူးလို့ အလ်-ဂျာဇီးရားသတင်းဌာနက သူတို့ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

    နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဆိုရှယ်မီဒီယာတွေဟာ အွန်လိုင်းက လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ရေး အခုထပ်ပိုပြီး လုပ်ဆောင်ရမယ်လို့ အလ်-ဂျာဇီးရားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • COVID-19 ကုသဆေးကို ကမ္ဘာသို့ အခမဲ့ဖြန့်မည်ဟု ဂျပန်ပြော

    COVID-19 ကုသဆေးကို ကမ္ဘာသို့ အခမဲ့ဖြန့်မည်ဟု ဂျပန်ပြော

    ဧပြီ ၅၊ ၂၀၂၀
    M-Media

    -COVID-19 ကုသရာမှာ ထိရောက်မှုရှိတယ်လို့ သတင်းထွက်နေတဲ့ Avigan ဆေးကို ရောဂါပြန့်နှံ့နေတဲ့ နိုင်ငံတွေထံ အခမဲ့ ပေးပို့သွားမယ်လို့ ဂျပန်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    ၂၀၁၄ ခုနှစ်က Fujifilm ကုမ္ပဏီကနေ တုပ်ကွေးကုသဖို့ ထုတ်လုပ်ခဲ့တဲ့ favipiravir အမျိုးအစား အဲဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကုသရမှာ ထိရောက်မှုရှိတယ်လို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက မတ်လအတွင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

    အင်ဒိုနီးရှားနိုင်ငံက ဒီဆေး ၂ သန်းကို မှာထားပြီး၊ တရုတ်ကနေရရှိကာ စမ်းသပ်ကုသနေတဲ့ တူရကီကလည်း ဒီဆေးကို ဝယ်ယူဖို့ လုပ်ဆောင်နေပါတယ်။ အီတလီနဲ့ စပိန်အပါအဝင် ဗိုင်းရပ်စ်ပြန့်နှံ့ရာ နိုင်ငံတွေမှာလည်း စမ်းသပ်သုံးစွဲနေပြီး၊ ဂျာမနီကလည်း သန်းနဲ့ချီဝယ်ဖို့ စီစဉ်နေပါတယ်။

    ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီဒီ ဆူဂါက ​နိုင်ငံပေါင်း ၃၀ လောက်ဟာ ဒီဆေးကို ရယူဖို့အတွက် သံတမန်လမ်းကြောင်းနဲ့ ပြောဆိုထားတာတွေ ရှိတယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ဒီဆေးကို အခမဲ့ ပေးသွားဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်”

    ဒီလိုပေးအပ်ခြင်းအားဖြင့် စမ်းသပ်ကုသမှုတွေကို ပိုမို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းဆူဂါက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Avigan ဆေးကို COVID-19 ကုသရေး အလားအလာရှိတဲ့ဆေးအဖြစ် ခွင့်ပြုကာ စမ်းသပ်ကုသနိုင်ဖို့ အမေရိကန်အစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ရောဂါကူးစက်သူအများဆုံးနိုင်ငံ ဖြစ်လာတာပါ။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက Avigan ဆေးကို COVID-19 ကုသနိုင်တဲ့ဆေးအဖြစ် သတ်မှတ်ပြီး တိုးမြှင့်ထုတ်လုပ်ဖို့ လုပ်ဆောင်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ် နိုင်ငံကိုပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Nikkei Asian

  • COVID-19 ကြောင့် သေဆုံးမှုများ ထပ်မံကြုံတွေ့ရမည်ဟု ထရမ့်ပြော

    COVID-19 ကြောင့် သေဆုံးမှုများ ထပ်မံကြုံတွေ့ရမည်ဟု ထရမ့်ပြော

    ဧပြီ ၅၊ ၂၀၂၀
    M-Media

    -လာမယ့်နှစ်ပတ်ဟာကာလဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးကာလ ဖြစ်လာမှာဖြစ်ပြီး သေဆုံးမှုတွေ ပိုမို တွေ့လာရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုင်းပြည်ကို မနေ့မှာ သတိပေးလိုက်ပါတယ်။

    အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၃ သိန်းကျော်လာကာ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်လာတာပါ။ သေဆုံးသူကလည်း ၈ ထောင်ကျော်လာကာ အဲဒီအထဲက ၃၅၀၀ ကျော်ဟာ နယူးယောက်ပြည်နယ်က ဖြစ်ပြီး ဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့ ဒေသ ဖြစ်ပါတယ်။

    ပြည်ထောင်စုအစိုးရဟာ အသက်ရှူစက်တွေ လုံလုံလောက်လောက်​ ပို့မပေးဘူးဆိုတဲ့ ဝေဖန်မှုကိုတွေ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပယ်ချခဲ့ပြီး တစ်ချို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ လိုအပ်တာထက် ပိုတောင်းနေကြတယ်လို့လည်း ​ဝေဖန်ခဲ့ပါတယ်။

    “သေဆုံးမှုတွေ ထပ်လာပါအုံးမယ်။ သိပ်ကို ကြမ်းတမ်းခက်ခဲမယ့်ကာလကို ကျွန်တော်တို့ ကြုံရတော့မှာပါ။ ဒီလောက် အရေအတွက်များများစားစားသေဆုံးတာ ဘယ်တုန်းကမှ ကျွန်တော်တို့ မမြင်ဘူးခဲ့ပါဘူး။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်လို စစ်ပွဲမျိုးမှာ​ေတာ့ ရှိချင်ရှိမှာပေါ့”

    အိမ်ဖြူတော်က ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြည်သူတွေဟာ လှုပ်ရှားသွားလာမှု ကန့်သတ်မိန်ကို လိုက်နာတယ်ဆိုရင်တောင် အနည်းဆုံး လူ တစ်သိန်းကနေ နှစ်သိန်းလေးသောင်းကြား သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: CNA

  • COVID-19 ကူးစက်မှုကို တားဆီးရန် မက္ကာနှင့် မဒီနာတွင် ၂၄ နာရီ ကာဖျူးထုတ်

    COVID-19 ကူးစက်မှုကို တားဆီးရန် မက္ကာနှင့် မဒီနာတွင် ၂၄ နာရီ ကာဖျူးထုတ်

    ဧပြီ ၃၊ ၂၀၂၀
    M-Media

    -အစ္စလာမ်သာသနာရဲ့ မြင့်မြတ်ရာနေရာတွေရှိရာ မက္ကာနဲ့ မဒီနာ မြို့နှစ်မြို့ကို ဆော်ဒီက မနေ့မှာ တစ်ရက်တာ ညမထွက်ရအမိန့် (ကာဖျူး) ထုတ်ပြန်ခဲ့ပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာလာလ် အလ်-ရှာဟုဘ်က ဒီလိုထုတ်ပြန်မှုဟာ ဒီမြို့နှစ်မြို့မှာရှိတဲ့ ပြည်သူတွေကို COVID-19 ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ညမထွက်ရအမိန့်အရ အရွယ်ရောက်ပြီးသားသူတွေဟာ ကျန်းမာရေးနဲ့ အစားအသောက်ကိစ္စလို အရေးပေါ် အခြေအနေတွေအတွက် မနက် ၆ နာရီကနေ ညနေ ၃ နာရီအတွင်းသာ အပြင်ထွက်ခွင့်ရမှာပါ။ ကားနဲ့သွားမယ်ဆိုရင်လည်း ယာဉ်မောင်းနဲ့ အခြားတစ်ဦးသာ စီးနင်းခွင့်ရမှာ ဖြစ်ပါတယ်။

    မရှိမဖြစ် လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အစိုးရဝန်ထမ်းတွေ၊ ပုဂ္ဂလိကဝန်ထမ်းတွေအပေါ်မှာတော့ ဒီအမိန့်က သက်ရောက်မှာ မဟုတ်ပါဘူး။ ဆေးဆိုင်တွေ၊ စူပါမားကတ်တွေ၊ ဓာတ်ဆီဆိုင်နဲ့ ဘဏ်လုပ်ငန်းတွေကလွဲလို့ မြို့နှစ်မြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကိုလည်း အာဏာပိုင်တွေက ရပ်ဆိုင်းထားပါတယ်။

    အလ်-ရှာဟုဘ်က အစားအသောက်နဲ့ အိမ်သုံးပစ္စည်းတွေအတွက် ဖုန်းအက်ပလီကေးရှင်းအသုံးပြုကာ ဝယ်ယူကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဆော်ဒီမှာ COVID-19 ကူးစက်သူ စုစုပေါင်း ၁၈၈၅ ဦးရှိပြီး သေဆုံးသူက ၂၁ ဦး ရှိပါတယ်။ ပျောက်ကင်း သက်သာသွားသူအရေအတွက်က ၃၂၈ ဦးရှိပါတယ်။ ကူးစက်မှုဟာ မက္ကာမှာ ၄၈ ခု၊ မဒီနာမှာ ၄၆ ခု အသီးသီးရှိနေတာပါ။

    Ref: Arab News

  • COVID-19 ကူးစက်မှု လုံး၀မရှိဟု မြောက်ကိုရီးယား ကြေငြာ

    COVID-19 ကူးစက်မှု လုံး၀မရှိဟု မြောက်ကိုရီးယား ကြေငြာ

    ဧပြီ ၃၊ ၂၀၂၀
    M-Media

    -မိမိတို့နိုင်ငံမှာ COVID-19 ကူးစက်မှု လုံး၀မရှိဘူးလို့ မြောက်ကိုရီးယားက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    တရုတ်နဲ့ အနီးကပ် အဆက်အသွယ်ရှိတဲ့​ မြောက်ကိုရီးယားမှာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ၊ သေဆုံးသူတွေ ရှိနိုင်တယ်လို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ တောင်ကိုရီးယားဖက်ကို ဘက်ပြောင်းလာသူတွေကလည်း မြောက်ကိုရီးယား အစိုးရဟာ ကူးစက်မှုကို ဖုံးကွယ်ထားတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

    ပထမဆုံး ကူးစက်မှုဖြစ်ပေါ်တယ်လို့ တရုတ်က သတင်းထုတ်ပြန်ခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းမှာပဲ မြောက်ကိုရီးယားက နယ်စပ်တွေကို ပိတ်ပစ်လိုက်ပြီး ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

    မြောက်ကိုရီးယား ကပ်ရောဂါတိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ပက်မြွန်ဆုက သူတို့ရဲ့ဆောင်ရွက်ချက်တွေဟာ အောင်မြင်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “အခုအချိန်အထိ တိုင်းပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တစ်ဦးမှ မရှိသေးပါဘူး။ တိုင်းပြည်ကို ဝင်ရောက်လာသူမှန်သမျှကို စစ်ဆေးပြီး၊ သီးခြားခွဲထားတာ၊ ကုန်ပစ္စည်းတွေကို ပိုးသတ်တာ၊ နယ်စပ်တွေပိတ်တာ၊ လေကြောင်းနဲ့ ရေကြောင်း ဝင်ပေါက်တွေကို ပိတ်ထားတာတွေလို ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပါတယ်”

    COVID-19 ဗိုင်းရပ်စ်ဟာ လက်ရှိ ကမ္ဘာ့ နိုင်ငံပေါင်း ၁၈၈ နိုင်ငံက လူပေါင်း ၁ သန်းကျော်လောက်ကို ကူးစက်နေပြီး သေဆုံးသူကလည်း ၅ သောင်းကျော်လာပြီဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ကပ်နေတဲ့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာ ကူးစက်မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။

    Ref: CNA