News @ M-Media

Tag: WuhanVirus

  • Avigan တံဆိပ် တုပ်ကွေးဆေးကို COVID-19 ကုသဆေးအဖြစ် ဂျပန်က အတည်ပြုမည်

    Avigan တံဆိပ် တုပ်ကွေးဆေးကို COVID-19 ကုသဆေးအဖြစ် ဂျပန်က အတည်ပြုမည်

    မတ် ၃၀၊ ၂၀၂၀
    M-Media

    ဓာတ်ပုံ – ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

    -တုပ်ကွေးပျောက်ဆေး Avigan ကို ကိုရိုနာဗိုင်းရပ်စ် ကုသ​ဆေးအဖြစ် အတည်ပြုတော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ Fujifilm ကုမ္ပဏီက ထုတ်လုပ်ပြီး တုပ်ကွေးပျောက်စေဖို့ ရည်ရွယ်တဲ့ Avigan ဆေးဟာ COVID-19 ကုသရာမှာ ထိရောက်မှုရှိတယ်လို့ တရုတ်အစိုးရ ကျန်းမာရေးအာဏာပိုင်အဖွဲ့က မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    မတ်လ ၂၀ ရက်နေ့မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သူတို့အစိုးရဟာ ဂျပန်နိုင်ငံကနေ Avigan ဆေး သန်းနဲ့ချီတင်သွင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အီတလီမှာလည်း ဒီဆေးကို စမ်းသပ်သုံးစွဲနေသလို၊ ထိုင်းနိုင်ငံက ဆေးရုံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကုသရာမျာ အခြားဆေးဝါးတွေနဲ့အတူ ဒီဆေးကို အသုံးပြုနေပါတယ်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက COVID-19 ကြောင့် ထိခိုက်လာတဲ့ စီးပွားရေးကို ကျားကန်ဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ၊ အခွန်လျှော့ပေါ့မှုတွေအပါအဝင် ပြောင်းလဲမှုအချို့ လုပ်ဆောင်သွားမယ်လို့ မနေ့ပြောကြားခဲ့ပါတယ်။

    မိမိတို့ဟာ ​အတိမ်းအစောင်းမခံတဲ့အခြေအနေတစ်ခုကို ရောက်ရှိနေပြီး ရေရှည်တိုက်ရမယ့် တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ လိုကြောင်း သူ့ရဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့သလို၊ Avigan ကို COVID-19 ကုသဆေးအဖြစ် အတည်ပြု သတ်မှတ်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

    Ref: Nikkei Asian

  • COVID-19 ကြောင့် စပိန်တွင် တစ်ရက်တည်း လူ ၈၀၀ သေဆုံး

    COVID-19 ကြောင့် စပိန်တွင် တစ်ရက်တည်း လူ ၈၀၀ သေဆုံး

    မတ် ၂၉၊ ၂၀၂၀
    M-Media

    -စပိန်နိုင်ငံမှာ မနေ့ကတစ်နေ့တည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၈၃၈ ဦးသေဆုံးခဲ့ပြီး တစ်ရက်တာအတွင်း အများဆုံးသေဆုံးမှုဖြစ်ပါတယ်။

    သေဆုံးသူစုစုပေါင်းဟာ ၆၅၂၈ ဦး ရှိလာပြီး အီတလီပြီးတဲ့နောက် ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့နိုင်ငံ ဖြစ်လာတာပါ။ ကူးစက်သူအရေအတွက်ကတော့ ၇၈၇၉၇ ဦး ရှိနေပါတယ်။

    စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က လှုပ်ရှားသွားလာမှု ကန့်သတ်ထားတာကို ပိုမိုတင်းကြပ်သွားမယ်လို့ မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကန့်သတ်မှုဟာ ဧပြီလ ၉ ရက်နေ့အထိ သက်တမ်းရှိမှာဖြစ်ပါတယ်။

    Ref: Aljazeera, The Star

  • ဗြိတိသျှအိမ်ရှေ့မင်းသား ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရ

    ဗြိတိသျှအိမ်ရှေ့မင်းသား ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရ

    မတ် ၂၅၊ ၂၀၂၀
    M-Media

    -ဗြိတိန်အိမ်ရှေ့စံ ချားလ်စ်မင်းသားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတယ်လို့ အိမ်ရှေ့စံအိမ်တော်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အသက် ၇၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဝေးလ်မြို့စားဟာ အဲလိဇဘက်ဘုရင်မကြီးရဲ့ သားတော်ဖြစ်ပြီး ထီးမွေနန်းလျာကို ဆက်ခံရမယ့်သူပါ။ လက်ရှိမှာ မင်းသားရော၊ ကြင်ယာ​တော် ကမီလာပါ သီးခြားနေထိုင်နေပါတယ်။ မင်းသားဟာ ရောဂါလက္ခဏာ အနည်းငယ်သာပြသပြီး ကျန်းကျန်းမာမာရှိ​နေကာ ကြင်ယာတော်မှာတော့ ဗိုင်းရပ်စ်ပိုး မတွေ့ရဘူးလို့ အိမ်ရှေ့စံအိမ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

    ​အဲလိဇဘက်ဘုရင်မကြီးဟာ ချားလ်စ်မင်းသားကို နောက်ဆုံး မတ်လ ၁၂ ရက်နေ့မှာ တွေ့ခဲ့ပြီး လက်ရှိမှာ ကျန်းမာရေးအခြေအနေ ကောင်းနေတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ပါတယ်။ ဘုရင်မကြီးဟာ သူ့ရဲ့ ကျန်းမာရေးအတွက် သင့်လျော်တဲ့ အကြံဉာဏ်တွေကို နားထောင်လိုက်နာသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း ချားလ်စ်မင်းသားဟာ လူတော်တော်များများနဲ့ တွေ့ဆုံခဲ့တာကြောင့် ဘယ်သူ့ထံကနေ ကူးစက်သလဲဆိုတာ အတိအကျပြောလို့မရကြောင်း ဗြိတိန် အမျိုးသား ကျန်းမာရေးဌာနက ပြောပါတယ်။ မင်းသားဟာ မတ်လ ၁၂ ရက်နေ့မှာ နောက်ဆုံး လူမြင်ကွင်းထွက်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း အိမ်ကနေ အလုပ်လုပ်ဆောင်တာပါ။

    Ref: BBC



  • ၃ ဒေါ်လာသာကျသင့်မည့် COVID19 စမ်းသပ်ကိရိယာကို ဘင်္ဂါလီသိပ္ပံပညာရှင်များ တီထွင်

    ၃ ဒေါ်လာသာကျသင့်မည့် COVID19 စမ်းသပ်ကိရိယာကို ဘင်္ဂါလီသိပ္ပံပညာရှင်များ တီထွင်

    မတ် ၂၄၊ ၂၀၂၀
    M-Media

    -အမေရိကန် ဒေါ်လာ ၃ ဒေါ်လာသာ ကျသင့်မယ့် COVID-19 စမ်းသပ်ကိရိယာတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက သိပ္ပံပညာရှင်အဖွဲ့တစ်ခုက တီထွင်လိုက်ပြီး ၁၅ မိနစ်အတွင်း ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိကို စမ်းသပ်နိုင်တယ်လို့ ဆိုပါတယ်။

    Gonoshasthaya-RNA Biotech Limited ကုမ္ပဏီက ထုတ်လုပ်ပြီး ‘dot blot test’ လို့ အမည်ပေးထားတဲ့ အဲဒီ စမ်းသပ်ရိယာဟာ ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် ကိုယ်ခံစွမ်းအားကနေထုတ်ပေးတဲ့ ပဋိပစ္စည်းကို အခြေခံကာ ဗိုင်းရပ်စ် ရှိ၊ မရှိကို ဖော်ထုတ်ပေးတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို တိုက်ရိုက်စစ်ဆေးတာမဟုတ်တဲ့အတွက် ရလဒ်ပိုင်းဆိုင်ရာမှာ အမှားအယွင်းရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ဒီလို ကိရိယာမျိုးကို ဇန်နဝါရီလမှာ တရုတ်သိပ္ပံပညာရှင်တွေက တီထွင်ခဲ့ဖူးပြီး ဩစတေးလျအစိုးရက ပြည်တွင်းကုမ္ပဏီတွေကို တင်သွင်းဖို့ ခွင့်ပြုခဲ့ပါတယ်။

    လက်ရှိ COVID-19 စမ်းသပ်မှုနည်းလမ်းကို RT-PCR လို့ခေါ်ဆိုပြီး ဗိုင်းရပ်စ်ရဲ့ ဗီဇကို တိုက်ရိုက် စမ်းသပ်ဖော်ထုတ်တာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ စျေးကြီးသလို ရလဒ်သိရဖို့လည်း အချိန်ကြာမြင့်ပါတယ်။

    ‘dot blot test’ လို ကိရိယာမျိုးဟာ ဗိုင်းရပ်စ်အမှန်တကယ်ကူးစက်နေသူမှာ ဗိုင်းရပ်မရှိဘူးဆိုတဲ့အဖြေမျိုး (false-negative) နဲ့ ဗိုင်းရပ်စ်မရှိသူမှာ ရှိနေတယ်ဆိုတဲ့အဖြေမျိုး(false-positive) ထွက်လာနိုင်ပါတယ်။ false-negative အဖြေမျိုးထွက်လာရင် ဗိုင်းရပ်စ်ရှိနေတာကို မသိတဲ့အတွက် ကြိုတင်ကာကွယ်မှုမျိုး မလုပ်နိုင်တာကြောင့် အလွန်အန္တရာယ်ကြီးတဲ့ အနေအထား ဖြစ်ပါတယ်။

    သု​တေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဘီဂျွန် ကူးမားရ် ဆီလ်က ဗိုင်းရပ်စ်ဝင်ပြီး ၃ ရက်ကျော်လောက်ကြာမှ ကိုယ်ခံစွမ်းအားက ပဋိပစ္စည်းထုတ်တာကြောင့် သူတို့တီထွင်ထားတဲ့ dot blot test ကိရိယာကို ဒီမတိုင်ခင် အသုံးပြုမယ်ဆိုရင်တော့ false-negative ရလဒ် ထွက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ကျန်းမာရေးစနစ် အလွန်အားနည်းပြီး စမ်းသပ်ပစ္စည်း မလုံမလောက်ဖြစ်နေတဲ့ ဘင်္ဂလာဒေ့ရှ်လို နိုင်ငံမျိုးမှာ သူတို့ရဲ့တီထွင်မှုက အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ တတ်နိုင်သမျှ ​စျေးပေါအောင်လည်း စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒီစမ်းသပ်ကိရိယာ ပိုမိုတိကျနိုင်အောင် နေ့ရောညပါ ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

    “လက်ရှိအနေအထားဟာ စစ်ပွဲလိုအခြေအနေနဲ့ မခြားဘူးဆိုတာ နားလည်ထားဖို့လိုတယ်။ နောက်ထပ် သီတင်းပတ်အနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အုံလိုက်ကျင်းလိုက် များလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စျေးကြီးပြီး အချိန်ပေးရတဲ့ RT-PCR နည်းလမ်းနဲ့ လူတိုင်းကို စစ်ဆေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိရိယာက ၁၅ မိနစ်အတွင်း အဖြေရမှာပါ။ ကူးစက်မှု ၉၀ ရာခိုင်နှုန်းလောက်အတွက် အလုပ်ဖြစ်မယ်လို့ ကျွန်တော်ပြောလိုပါတယ်”

    ဘင်္ဂလာဒေ့ရှ်အစိုးရရဲ့ ဆေးဝါးကွပ်ကဲရေးဌာန DGDA က ဒီကိရိယာကို အမြောက်အများ ထုတ်လုပ်ဖို့အတွက် ကြာသာပတေးနေ့မှာ ခွင့်ပြုခဲ့ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့ ဘောလုံးလောကတွင် COVID-19 ကူးစက်သူအရေအတွက် မြင့်တက်

    ကမ္ဘာ့ ဘောလုံးလောကတွင် COVID-19 ကူးစက်သူအရေအတွက် မြင့်တက်

    မတ် ၂၂၊ ၂၀၂၀
    M-Media

    – ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းမှာ COVID-19 ကူးစက်သူအရေအတွက် မြင့်တက်လာပါတယ်။

    ဂျူဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာမှာ ဗိုင်းရပ်စ်ပိုးရှိနေကြောင်း ပြီးခဲ့တဲ့တစ်ပတ်မှာ စမ်းသပ်တွေ့ရှိခဲ့ပြီး လက်ရှိ နေအိမ်မှာ သီးခြားနေထိုင်နေပါတယ်။ ဒိုင်ဘာလာနဲ့ သူ့ရဲ့ချစ်သူ ၂ ဦးစလုံး ကူးစက်နေတာဖြစ်ပြီး ရောဂါလက္ခဏာ ပြသခြင်းမရှိပါဘူး။ နောက်ခံလူ ရူဂါနီ၊ ကွင်းလယ်လူ မာတွီဒီတို့ပြီးတဲ့နောက် ဒိုင်ဘာလာဟာ ဂျူဗီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ တတိယမြောက်ကစားသမား ဖြစ်လာပါတယ်။

    မန်ယူအသင်းကွင်းလယ်လူဟောင်းဖြစ်ပြီး လက်ရှိ တရုတ်ကလပ် Shandong Luneng မှာ ကစားနေတဲ့ မာရူနီ ဖယ်လိုင်နီလည်း ဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။ ဖယ်လိုင်နီဟာ တရုတ်စူပါလိဂ်မှာ ဗိုင်းရပ်စ်တွေ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာတာပါ။

    အေစီမီလန်နဲ့ အီတလီအသင်းတို့ရဲ့ နောက်ခံလူဟောင်းဖြစ်ပြီး လက်ရှိ အေစီမီလန်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပါအိုလို မာလ်ဒီနီနဲ့ အသက် ၁၈ နှစ်အရွယ် သားဖြစ်သူ မီလန် လူငယ်ကစားသမား ဒန်နီယဲလ်တို့ ကူးစက်ခံထားရတယ်လို့ အေစီမီလန်အသင်းက မနေ့မှာ ထုတ်ပြန်ပါတယ်။

    ၁၉၉၅ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ ရီးယဲလ်မက်ဒရစ်ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ အသက် ၇၆ နှစ်အရွယ် လောရန်ဇိုဆန့်ဇ်ဟာ COVID-19 ကြောင့် မနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဆန့်ဇ်ကို ဗုဒ္ဓဟူးနေ့က ဆေးရုံတင်လိုက်ရတာပါ။ သူသေဆုံးမှုအတွက် အတွက် ရီးယဲလ်မက်ဒရစ်နဲ့ လာလီဂါတို့က ဝမ်းနည်းကြောင်း ဆိုရှယ်မီဒီယာမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဆန့်ဇ် ဥက္ကဌအဖြစ် ဆောင်ရွက်နေစဉ်အတွင်း ရီးယဲလ်ဟာ ချန်ပီယံလိဂ်ဖလား ၂ လုံး ရရှိခဲ့ပါတယ်။

    Ref: Goal