News @ M-Media

Tag: WuhanVirus

  • Covid-19 ကာကွယ်ဆေးရရန်အလွန်နီးစပ်ခဲ့ဟု ဩဇီသုတေသနအဖွဲ့တစ်ခုပြော

    Covid-19 ကာကွယ်ဆေးရရန်အလွန်နီးစပ်ခဲ့ဟု ဩဇီသုတေသနအဖွဲ့တစ်ခုပြော

    ဧပြီ ၁၂၊ ၂၀၂၀
    M-Media

    -လက်ရှိ ကမ္ဘာ့တစ်ဝှမ်း ပြန့်နှံ့နေတဲ့ Covid-19 ကို ကာကွယ်နိုင်လောက်တဲ့ ကာကွယ်ဆေး ၃ မျိုး ထုတ်လုပ်ဖို့ နီးစပ်ခဲ့ပေမယ့် အမေရိကန်က ရန်ပုံငွေ ရပ်ဆိုင်းမှုကြောင့် စီမံကိန်းကို အဆုံးမသတ်နိုင်ခဲ့ဘူးလို့ ဩစတေးလျအခြေစိုက် သုတေသနအဖွဲ့တစ်ခုက ပြောကြားလိုက်ပါတယ်။

    Flinders တက္ကသိုလ်က သုတေသနအဖွဲ့ဖြစ်ပြီး SARS ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးထုတ်နိုင်ဖို့ အမေရိကန် အမျိုးသား ကျန်းမာရေး အင်စတီကျု (NIH) က ၂၀၀၄ ခုနှစ်ကနေ စတင်ပြီး ရန်ပုံငွေ ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထောက်ပံ့မှုကို ၂၀၁၀ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။

    သုတေသနအဖွဲ့ကို ဦးဆောင်တဲ့ ပရော်ဖက်ဆာ နီကိုလိုင်း ​ပက်ထရိုစကီးက သူတို့ဟာ ကာကွယ်ဆေးထုတ်နိုင်ဖို့ အရမ်းကို နီးစပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပိုက်ဆံလည်း သိပ်မလိုတော့ဘူး။ သိပ်ကို နီးစပ်ခဲ့တာပါ။ ကျွန်တော်တို့ တွေ့ထားတာကို ထပ်မံပြုပြင်လိုက်တာနဲ့ အခု Cvoid-19 အတွက် သုံးလို့ရသွားမှာပါ။ အခုဆိုရင် ဆေးခန်းတွေမှာတောင် ရောက်နေလောက်ပါပြီ”

    Covid-19 ကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးဟာ SARS-CoV-2 ဖြစ်ပြီး SARS ဗိုင်းရပ်စ်နဲ့ ဆင်တူပါတယ်။ နှစ်ခုစလုံးဟာ လင်းနို့မှာတွေ့ရတဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး DNA ၇၉ ရာခိုင်နှုန်း တူညီပါတယ်။

    ပက်ထရိုစကီးတို့ ထုတ်လုပ်ထားတဲ့ SARS ကာကွယ်ဆေးကို တိရစ္ဆာန်တွေမှာ စမ်းသပ်ရာမှာ အောင်မြင်ခဲ့ပြီး လူသားတွေမှာ စမ်းသပ်ဖို့သာ ကျန်တော့တာပါ။ သူတို့ရဲ့ စီမံကိန်းဟာ ပြီးဆုံးဖို့အတွက် ကန်ဒေါ်လာ ၁.၅ သန်းလောက်သာ လိုအပ်တော့တာ ဖြစ်ပါတယ်။

    SARS ကာကွယ်ဆေးကို SARS-CoV-2 အတွက် အသုံးပြုလို့မရပေမယ့် လူသားတွေမှာ စမ်းသပ်သုံးစွဲမှုကနေ ရရှိလာမယ့် အချက်အလက်တွေဟာ အနာဂတ်မှာ ကာကွယ်ဆေးတွေ ထုတ်ဖို့အတွက် အလွန်တန်ဖိုးရှိလာနိုင်တယ်လို့လည်း ပက်ထရိုစကီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ၂၀၁၀ ခုနှစ်မှာ NIH က အီဘိုလာနဲ့ တုပ်ကွေး စီမံကိန်းတွေ လုပ်ဆောင်ဖို့ဆိုကာ ပက်ထရိုစကီးတို့အဖွဲ့ကို ရန်ပုံငွေ ဖြစ်တောက်ခဲ့ပါတယ်။

    “သိပ်ကို ရက်စက်တဲ့လုပ်ရပ်ပါ။ SARS အတွက် ရန်ပုံငွေဖြတ်တောက်တာမဟုတ်ဘဲ ဒီကနေ့ပြဿနာအတွက် ရန်ပုံငွေ ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။ ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံထားပြီးမှ နောက်ဆုံးအဆင့်ကို မရောက်လိုက်တာဟာ သိပ်ကို ရင်နာဖို့ ကောင်းပါတယ်”

    Ref: The Sydeny Morning Herald

  • Covid-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၁ သိန်း​ကျော်ပြီ

    Covid-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၁ သိန်း​ကျော်ပြီ

    ဧပြီ ၁၁၊ ၂၀၂၀
    M-Media

    (ဓာတ်ပုံ – နယူးယောက်မြို့တွင် ကိုဗစ်ကြောင့် သေဆုံးသွားသူများအား မြှုပ်နှံနေစဉ်)

    -Covid-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးမှုအရေအတွက်ဟာ မနေ့က ၁ သိန်းကျော်လာခဲ့ပြီ ဖြစ်ပြီး ကူးစက်သူက ၁.၆ သန်း ကျော်လာပါပြီ။

    သေဆုံးမှု စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဥရောပတိုက်က ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း လူပေါင်း သန်း ၄ ထောင်လောက် လှုပ်ရှားသွားလာမှု ကန့်သတ်ခံထားရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီကန့်သတ်မှုတွေကို စောစောစီးစီး မဖြေလျော့ဖို့အတွက် သတိပေးထားပါတယ်။

    အမေရိကန်မှာ မနေ့ကသေဆုံးသူ ၂၁၀၈ ဦးရှိခဲ့ပြီး တစ်ရက်အတွင်း ကမ္ဘာ့စံချိန်တင် သေဆုံးမှုပါ။ ကူးစက်သူ အရေအတွက်ကလည်း သန်းဝက်ကျော်လာပြီး ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။

    ဗိုင်းရပ်စ်ဒဏ်ကို အကြီးအကျယ် ခံစားနေရတဲ့ စပိန်နဲ့ အီတလီတို့မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သေဆုံးမှု၊ ကူးစက်မှုအရေအတွက်တွေ တစ်ဖြည်းဖြည်း လျော့ကျလာပါတယ်။

    Ref: AFP

  • အီတလီတွင် ကိုရိုနာဗိုင်းရပ် ကူးစက်သေဆုံးသည့် ဆရာဝန်အရေအတွက် ၁၀၀ ရှိလာ

    အီတလီတွင် ကိုရိုနာဗိုင်းရပ် ကူးစက်သေဆုံးသည့် ဆရာဝန်အရေအတွက် ၁၀၀ ရှိလာ

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    -ဖေဖော်ဝါရီလ Covid-19 စတင်ပြန့်နှံ့ကတည်းက လူနာတွေကို ကုသရင်း ကူးစက်သေဆုံးခဲ့တဲ့ ဆရာဝန်အရေအတွက်ဟာ ၁၀၀ လောက်ရှိသွားပြီလို့ အီတလီကျန်းမာရေးအသင်း FNOMCeO က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    သေဆုံးသွားသူတွေထဲမှာ လွန်ခဲ့တဲ့ တစ်လလောက်က အစိုးရရဲ့ အကူအညီတောင်းမှုကြောင့် တာဝန်ပြန်လည်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဆရာဝန်တွေလည်း ပါဝင်ပါတယ်။ အီတလီမီဒီယာတွေကတော့ သူနာပြုနဲ့ သူနာပြုအကူ ၃၀ လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အီတလီမှာ ဗိုင်းရပ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဧပြီ ၁၀ ရက်နေ့အထိ ၁၇၆၆၉ ဦး ရှိပြီဖြစ်ပါတယ်။

    FNOMCeO အဖွဲ့ရဲ့ ဥက္ကဌ ဖိလစ်ပို အနဲလ်လီက အသင်းဝင် ကျန်းမာရေးဝန်ထမ်းတွေ အကာအကွယ်မရှိဘဲ ကုသတာမျိုးကို ခွင့်ပြုမှာမဟုတ်ဘူးလို့ အသင်းရဲ့ ဝဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။

    ရောမမြို့ခြေစိုက် ISS ကျန်းမာရေး အင်စတီကျုက အီတလီမှာ ရောဂါကူးစက်သူ အရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ ကျန်းမာရေးလုပ်သားတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကြောင်နှင့် ခွေးများမှ လူသို့ Covid-19 မကူးနိုင်ဟု ပညာရှင်များပြော

    ကြောင်နှင့် ခွေးများမှ လူသို့ Covid-19 မကူးနိုင်ဟု ပညာရှင်များပြော

    ဧပြီ ၉၊ ၂၀၂၀
    M-Media

    -ကြောင်တွေ၊ ခွေးတွေလို အိမ်မွေးတိရစ္ဆာန်တွေကနေ လူတွေကို ကိုရိုနာဗိုင်းရပ်စ် မကူးစက်နိုင်တဲ့အတွက် မစိုးရိမ်ကြဖို့ သုတေသန ပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    “အိမ်မွေးခွေး ဒါမှမဟုတ် ကြောင်ကနေ လူသားကို Covid-19 ကူးစက်တဲ့ ဖြစ်စဉ် တစ်ခုတောင်မှ မရှိသေးပါဘူး” လို့ ဟောင်ကောင် City University တက္ကသိုလ်က ဒေါက်တာ အိန်ဂျယ် အလ်မန်ဒရို့စ်က ပြောပါတယ်။

    ဒါပေမယ့် ကြောင်းအချင်းချင်းမှာတော့ ဒီရောဂါ ကူးစက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ကပ်ရောဂါ ပြန့်နှံ့နေတဲ့အချိန်မှာ ကြောင်တွေကို အိမ်ထဲမှာပဲ ထားတာမျိုးက ပိုပြီး ဘေးကင်းလုံခြုံတယ်လို့လည်း ဒေါက်တာ အလ်မန်ဒရို့စ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဗြိတိသျှ တိရစ္ဆာန်ဆရာဝန်များအသင်း BVA ရဲ့ ဥက္ကဌ ဒန်နီယဲလ်လာ ဒေါ့စ် ဆန်းတို့စ်က ဒီတိုက်တွန်းမှုကို ထောက်ခံတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်တွေကို အိမ်ထဲမှာပဲ ထားဖို့ အကြံပြုတာဟာ အိမ်က တစ်ယောက်ယောက် ရောဂါလက္ခဏာ ပြတဲ့အခါမျိုးမှာ ကြိုတင်ကာကွယ်မှုတစ်ရပ်အဖြစ် လုပ်ဆောင်ဖို့ဖြစ်ပြီး၊ လက်အမြဲဆေးတဲ့ အကျင့်မွေးဖို့ လိုအပ်ကြောင်း၊ ကြောင်တွေ၊ ခွေးတွေရဲ့ အမွှေးတွေဟာ ဗိုင်းရပ်စ် သယ်ဆောင်နိုင်တယ်ဆိုတာကို ဂရုပြုဖို့လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အိမ်မွေးတိရစ္ဆာန်ကနေ လူကို Covid-19 ကူးစက်မှု မရှိသေးပေမယ့် လူကနေ တိရစ္ဆာန်ကို ကူးစက်မှုဟာ အမေရိကန်ပြည်ထောင်စုက တိရစ္ဆာန်ရုံတစ်ခုမှာ ဖြစ်ပွားခဲ့ပြီး ကျားနဲ့ ခြင်္သေ့ စုစုပေါင်း ၆ ကောင် ကူးစက်ခဲ့ပါတယ်။

    Ref: BBC

  • သဘာ၀နည်းလမ်းနဲ့ ကိုယ်ခံစွမ်းအားကောင်းအောင် ဘယ်လိုလုပ်မလဲ

    သဘာ၀နည်းလမ်းနဲ့ ကိုယ်ခံစွမ်းအားကောင်းအောင် ဘယ်လိုလုပ်မလဲ

    ဧပြီ ၇၊ ၂၀၂၀
    M-Media

    -ကိုယ်ခံစွမ်းအားဆိုတာ ဘာလဲ???

    ခန္ဓာကိုယ်တွင်းက အင်မတန် ထူးခြားပြောင်မြောက်တဲ့ စွမ်းအားတစ်ခုပါ။ ကိုယ်ထဲဝင်ရောက်လာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက်ပေးပြီး ကိုယ်ခန္ဓာကိုယ်ကြီး ဟန်ချက်ညီအောင် ထိန်းကျောင်းပေးတဲ့ အတွင်းအား တစ်ခုလည်းဖြစ်ပါတယ်။

    ကိုယ်ခံစွမ်းအားကနေ ထုတ်ပေးပြီး အန်တီဘာဒီ (Antibody) လို့ခေါ်တဲ့ ပရိုတိန်းဆဲလ်တွေဟာ အဖျား၊ တုပ်ကွေးတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ကမ္ဘာတစ်ဝှမ်း လူသန်းချီ ကူးစက်နေပြီး လူသောင်းချီ သေဆုံးတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ရင်ဆိုင်ဖို့အတွက်လည်း ကိုယ်ခံစွမ်းအား ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးအများစုဟာ အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေဖြစ်ပြီး၊ လူငယ်တွေ၊ လူလတ်ပိုင်းတွေကတော့ ပြန်လည်သက်သာ ကောင်းမွန်လာကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကိုယ်ခံစွမ်းအား အားနည်းသူတွေမှာ အသက်အန္တရာယ် ပိုရှိတယ်ဆိုတာကို တွေ့ရပါတယ်။ ကိုရိုနာကြောင့် သေဆုံးမှုဟာ ပျမ်းမျှအားဖြင့် ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရေး အကောင်းဆုံး ကာကွယ်နည်းကတော့ တတ်နိုင်သမျှ အိမ်ပြင်မထွက်ပါနဲ့။ ရေများများသောက်ပါ။ တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာလောက် သောက်ပေးပါ။ လက်ကိုမကြာခဏဆေးပါ။

    အိမ်မှာ လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ပြီး ကိုယ်ခံစွမ်းအားအတွက် အလွန်အကျိုးဖြစ်ထွန်းမယ့် ဆေးစွမ်းတစ်လက်ကတော့ ကြက်သွန်ဖြူ၊ လေးညှင်းပွင့်၊ ဂျင်း၊ သံပုရာနဲ့ ပျားရည်တို့ကို အနေတော် ရောစပ်ပြီး နေ့စဉ် သောက်သုံးပေးတာပါပဲ။

    ဒီ ပါဝင်ပစ္စည်းတွေမှာ ဘက်တီးရီးယားသေနိုင်စွမ်း၊ ဗိုင်းရပ်စ်ပိုး သေနိုင်စွမ်းတွေ ရှိပါတယ်။ တစ်နေ့ကို လက်ဖက်ရည်ဇွန် တစ်ဇွန်း ၄ ကြိမ်ကနေ ၆ ကြိမ်အထိ သောက်ပေးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကို ပိုမိုကောင်းမွန်စေပြီး ရောဂါတိုက်ခိုက်နိုင်စွမ်းလည်း မြင့်မားလာမှာဖြစ်ပါတယ်။

    စမုန်ဖြူ၊ သစ်ကြမ်းပိုးခေါက်၊ ဇီရာ၊ ပူစီနံတို့လို အရွက်တွေ၊ အစေ့အဆံတွေဟာ ဗိုင်းရပ်စ်ပိုးမွှားတွေကို သေစေနိုင်စွမ်းရှိသလို၊ သတ္ထုဓာတ်၊ သံဓာတ်၊ ဖောလစ်အက်စက်၊ ဆီလီနီယံဓာတ်တွေ၊ ဗိုက်တာမင် အေ၊ စီ၊ အီး၊ ဘီဆစ်နဲ့ ဘီတွဲတွေ ပါဝင်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။ ဒီဓာတ်တွေဟာ ကိုယ်ခံအား ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ ဗိုက်တာမင်တွေ၊ ဓာတ်သတ္ထုတွေ ဖြစ်ပါတယ်။

    ကိုယ်ခံစွမ်းအား ကောင်းစေရေး နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုက အန်တီအောက်ဆီဒန့် (antioxidant) လုံလုံလောက်လောက် ရရှိရေး ဖြစ်ပါတယ်။ အန်တီအောက်ဆီဒန့်ဟာ နှလုံးရောဂါ၊ ကင်ဆာနဲ့ အခြားရောတွေကို ဖြစ်စေတဲ့ free radical တွေရဲ့ ရန်ကနေ ဆဲလ်တွေကို ကာကွယ်ပေးသလို၊ ကူးစက်ရောဂါတွေမဖြစ်အောင်လည်း တားဆီးပေးပါတယ်။

    အန်တီအောက်ဆီးဒန့်ဟာ ခန္ဓာကိုယ်က ထုတ်ပေးတာမျိုးမဟုတ်ဘဲ အစားအစာကနေ ရရှိတာဖြစ်ပါတယ်။ အရည်ရွှမ်းတဲ့အသီးတွေ၊ အစိမ်းရောင်အရွက်တွေ၊ ငရုပ်ပွလို အသီးမျိုးတွေက အန်တီအောက်ဆီဒန့် အလွန်ကြွယ်၀တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။

    နိဂုံးချုပ်ရရင်တော့ ရေများများသောက်ပါ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားပေးပါ၊ အိမ်ရေး၀၀အိပ်ပါ။ ကိုယ်ခံစွမ်းအား ကောင်းနေမှသာ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Allure Vanguard