News @ M-Media

Tag: WuhanVirus

  • ပြီးခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံကို  COVID-19 ဗိုင်းရပ်စ် ထပ်မံပြန့်နှံ့ (နောက်ဆုံးရသတင်းများ)

    ပြီးခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံကို COVID-19 ဗိုင်းရပ်စ် ထပ်မံပြန့်နှံ့ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀ (ညနေ ၄ နာရီ)
    M-Media

    ပုံ- ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်း COVID-19 ဗိုင်းရပ်စ် ပြန့်နှံ့မှု
    • လူဦးရေထူထပ်တဲ့ လာဂို့စ်မြို့ကို ပြီးခဲ့တဲ့တစ်ပတ်မှာ ပြန်ရောက်လာတဲ့ အီတလီအမျိုးသားတစ်ဦးမှာ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်နေတာ တွေ့ရှိခဲ့ရတယ်လို့ နိုက်ဂျီးရီးယားနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။ အီဂျစ်နဲ့ အလ်ဂျီးရီးယားလို အာဖရိကနိုင်ငံတွေမှာ အရင်က ရောဂါကူးစက်မှု တွေ့ခဲ့ရပေမယ့် အာဖရိက ဆဟာရဒေသမှာတော့ ဒါဟာ ပထမဆုံးအကြိမ် ကူးစက်မှုဖြစ်ပါတယ်။ တရုတ်နဲ့ စီးပွားရေးအဆက်အသွယ်ရှိနေတဲ့ အာဖရိကဒေသမှာ ကူးစက်မှု သိပ်မတွေ့ရတာဟာ စမ်းသပ်စစ်ဆေးမှု အားနည်းတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
    • ဥရောပနိုင်ငံငယ်တွေဖြစ်တဲ့ ဘီလာရုဇ်နဲ့ လစ်သူယေးနီးယားနိုင်ငံတွေမှာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်မှုတွေကို မနေ့မှာ တွေ့ခဲ့ရပါတယ်။ ဘီလာရုဇ်မှာ အီရန်ကျောင်းသားတစ်ဦး ကူးစက်နေတာဖြစ်ပြီး၊ လစ်သူယေးနီးယားနိုင်ငံမှာတော့ အီတလီကပြန်လာတဲ့ အမျိုးသမီးတစ်ဦးမှာ ကူးစက်နေတာပါ။
    • တရုတ်နိုင်ငံမှာ မနေ့က သေဆုံးသူ အနည်းဆုံး ၄၄ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၂၇၈၈ ဦး ရှိလာပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှု ၃၁၅ ခု ရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၂၃၃၇ ဦး ရှိလာပါတယ်။ သေဆုံးသူကတော့ စုစုပေါင်း ၁၃ ဦး ရှိနေပါတယ်။
    • ကြာသာပတေးနေ့မှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေကို သီးသန့်ထား စောင့်ကြည့်သွားမယ်လို့ မွန်ဂိုလီးယားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ သမ္မတ Khaltmaagiin Battulga ဟာ COVID-19 ဗိုင်းရပ်စ် ကူးစက်နေတဲ့ကာလမှာ တရုတ်နိုင်ငံကို ပထမဆုံးသွားရောက်ခဲ့တဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ မွန်ဂိုလီးယားဟာ ဇန်နဝါရီလမှာ တရုတ်နဲ့နယ်စပ်တွေကို ပိတ်ထားလိုက်ပြီး အခုအချိန်အထိ ကူးစက်မှု မရှိသေးပါဘူး။
    • ကူးစက်တဲ့နိုင်ငံတွေ ပိုမိုများပြားလာတဲ့အတွက် COVID-19 ‌ဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ‌နောက်ထပ် နိုင်ငံ ၁၂ နိုင်ငံမှာ ကူးစက်မှုကို တွေ့ခဲ့ရတဲ့အတွက် ဗိုင်းရပ်စ်ဟာ စုစုပေါင်း ၄၆ နိုင်ငံအထိ ပြန့်နှံနေပြီဖြစ်ပါတယ်။ တရုတ်နိင်ငံပြင်ပမှာ ကူးစက်နေသူဟာ ၃၇၀၀ လောက်ရှိနေပြီး သေဆုံးသူကတော့ ၅၇ ဦး ရှိတယ်လို့‌လည်း WHO က ဆိုပါတယ်။
    • နယူးဇီလန်မှာ ဗိုင်းရပ်စ်ကူးစက်နေသူကို မနေ့က ပထမဆုံးတွေ့ခဲ့ရပြီး ဗုဒ္ဓဟူးနေ့ကမှ အီရန်နိုင်ငံကနေ ပြန်လာသူဖြစ်ပါတယ်။ နယူးဇီလန်အာဏာပိုင်တွေကတော့ ရောဂါကူးစက်နေသူနဲ့အတူ လေယာဉ်စီးလာသူတွေအနေနဲ့ မိမိကိုယ်ကို မသင်္ကာဖြစ်ရင် ကျန်းမာရေးတာဝန်ရှိသူတွေကို လာရောက်တွေ့ဆုံပြသဖို့ တိုက်တွန်းထားပါတယ်။ အီရန်နိုင်ငံသားတွေ လာရောက်မှုကိုလည်း နယူးဇီလန်က ယာယီ ကန့်သတ်လိုက်ပါတယ်။
    • လက်ရှိ အမေရိကန်မှာ ကူးစက်မှုဟာ နည်းနေသေးပေမယ့် အခြေအနေ အချိန်မရွေး ပြောင်းသွားနိုင်တယ်လို့ ကန်ကျန်းမာရေးဝန်ကြီးက မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံသားတွေအနေနဲ့ စိုးရိမ်ဖို့မလိုပေမယ့် လိုအပ်တာတွေအားလုံး ပြင်ဆင်ထားရမယ်လို့လည်း ဆိုပါတယ်။

    Ref: Aljazeera

  • COVID-19 ဗိုင်းရပ်စ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်တော့မည်ဟု ဩဇီဝန်ကြီးချုပ် သတိပေး (နောက်ဆုံးရသတင်းများ)

    COVID-19 ဗိုင်းရပ်စ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်တော့မည်ဟု ဩဇီဝန်ကြီးချုပ် သတိပေး (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀ (ညနေ ၄ နာရီ)
    M-Media

    • တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်ပြည်နယ်မှာ COVID-19 ပျောင်းကင်းပြီဆိုကာ ဆေးရုံးကဆင်းခွင့်ပေးခဲ့သူတွေရဲ့ ၁၄ ရာခိုင်နှုန်းလောက်မှာ ဗိုင်းရပ်စ်ရှိကြောင်း ပြန်တွေ့ရတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ လည်ချောင်းနဲ့ နှာခေါင်းတို့ဖတ်နမူနာ ၂ ကြိမ်ဆက် စမ်းသပ်မှုအတွင်း ဗိုင်းရပ်စ်ရှိကြောင်း မတွေ့ရင်၊ CT စကန်ဖတ်မှုအရ အဆုတ်မှာ ဒဏ်ရာမတွေ့ရင်၊ အဖျားတက်တာလို ရောဂါက္ခဏာမျိုး မရှိတော့ရင် ဗိုင်းရပ်စ်မရှိဘူးလို့ ယူဆတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူနာတွေဟာ နောက်ဆက်တွဲ ကျန်းမာရေးစစ်ဆေးမှုတွေကို ခံယူရပါတယ်။
    • ဥရောပနိုင်ငံတွေဖြစ်တဲ့ ရိုမေးနီးယား၊ အက်စ်တိုးနီးယားနဲ့ ဒိန်းမတ်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတွေကို မနေ့က ပထမဆုံးအကြိမ် တွေ့ခဲ့ရပါတယ်။ အီတလီမှာတော့ မနေ့က ကူးစက်သူအရေအတွက်ဟာ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်ကာ စုစုပေါင်း ၄၀၀ အထိ ရောက်လာပါတယ်။ သေဆုံးသူကတော့ ၁၂ ဦးအထိ ရှိနေပါတယ်။
    • အီရန်နိုင်ငံမှာ ကူးစက်မှုဟာ စုစုပေါင်း ၁၄၁ ဦးအထိ ရှိလာပြီး သေဆုံးသူကတော့ ၂၂ ဦး ရှိလာပြီဖြစ်ပါတယ်။ အီရန်နဲ့ကပ်နေတဲ့ အီရတ်နိုင်ငံမှာလည်း ဗိုင်းရပ်စ် ကူးစက်နေသူအရေအတွက်ဟာ ၆ ဦးအထိ ရှိလာပါပြီ။ အရှေ့အလယ်ပိုင်းက လက်ဘနွန်၊ ဘာရိတ်း၊ ကူဝိတ်တို့မှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိနေပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ မနေ့က ဗိုင်းရပ်စ်ကူးစက်နေသူ ရာနဲ့ချီ ထပ်တွေ့ခဲ့ရပြီး စုစုပေါင်း ကူးစက်သူ ၁၇၆၆ ဦး ရှိလာပြီဖြစ်ပါတယ်။ သေဆုံးသူကတော့ စုစုပေါင်း ၁၃ ဦးအထိ ရှိလာပါတယ်။ ဗိုင်းရပ်စ်ပြန့်နှံ့နေမှုကြောင့် မူလက စီစဉ်ထားတဲ့ ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
    • တရုတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က လူ ၄၃၃ ဦး ထပ်မံ ကူးစက်ခဲ့ပြီး သေဆုံးသူ ၂၉ ဦး ရှိခဲ့ပါတယ်။ တစ်ရက်အတွင်း သေဆုံးမှုဟာ ဇန်နဝါရီ ၂၈ ရက်နောက်ပိုင်း အနည်းဆုံးဖြစ်လာတာပါ။ တရုတ်မှာ စုစုပေါင်း ကူးစက်မှုဟာ ၇၈၄၉၇ ဦး ရှိကာ သေဆုံးသူက ၂၇၄၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ရောဂါအကြီးအကျယ်ပြန့်နှံ့နေတဲ့ ဟူဘေးပြည်နယ်က ကျင်ကျန်းမြို့မှာ ရောဂါလက္ခဏာဖြစ်နေကြောင်း အာဏာပိုင်တွေကို လာရောက်အကြောင်းကြားတဲ့သူတွေကို ရောဂါရှိကြောင်းတွေ့ရရင် ယွမ်တစ်သောင်း (ဒေါ်လာ ၁၄၀၀) ဆုချမယ်လို့ ထုတ်ပြန်ထားပါတယ်။
    • သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ဟာ COVID-19 ဗိုင်းရပ်စ်ကို တုန့်ပြန်နိုင်ရေး အဆင့်သင်အနေအထားမှာ ရှိနေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ဒုတိယသမ္မတ မိုက်ပန့်စ်ကို တာဝန်ပေးထားပြီး နိုင်ငံအတွင်း အကြီးအကျယ် ပြန့်နှံ့တာမျိုး မဖြစ်နိုင်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။ ကယ်လီဖိုးနီးယာမှာ ထပ်တွေ့ရတဲ့ ရောဂါကူးစက်မှုတစ်ခုဟာ နိုင်ငံရပ်ခြားကို ခရီးသွားတာမျိုးကနေတစ်ဆင့် ကူးတာမျိုးမဟုတ်ဘဲ နိုင်ငံအတွင်းမှာတင် ပထမဆုံး ကူးစက်တာ ဖြစ်နိုင်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
    • ကမ္ဘာကြီးဟာ COVID-19 ဗိုင်းရပ်စ် ကပ်ဘေးဆိုက်မယ့်အနေအထားကို ရောက်ရှိနေပြီလို့ ဩစတေးလျဝန်ကြီးချုပ် မောရစ်ဆန်က သတိပေးလိုက်ပါတယ်။ ဒီရောဂါဟာ တရုတ်နိုင်ငံအပြင် တောင်ကိုရီးယား၊ အီတလီနဲ့ အီရန်တို့မှာ သိသိသာသာ ပြန့်နှံ့လာပြီး အခြား ဥရောပနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေကိုလည်း ပြန့်နှံ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နိုင်ငံအတွင်း အရေးပေါ်စီမံကိန်းကို စတင်ထားပြီး ဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ကုသရေးကိစ္စတွေကို အာရုံစိုက်လုပ်ဆောင်သွားမယ်လို့လည်း မော်ရစ်ဆန်က ပြောပါတယ်။

    Ref: Strait Times, Aljazeera, BBC

    (ပုံ-တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ မြင်ကွင်း)

  • အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံတစ်ချို့သို့ COVID-19 ဗိုင်းရပ်စ် ထပ်မံ ပြန့်နှံ့ (နောက်ဆုံးရသတင်းများ)

    အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံတစ်ချို့သို့ COVID-19 ဗိုင်းရပ်စ် ထပ်မံ ပြန့်နှံ့ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀
    M-Media

    • COVID-19 ဗိုင်းရပ်စ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန့်နှံ့သွားနိုင်တဲ့အန္တရာယ်ရှိတယ်လို့ အီရန် ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မနေ့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ အီရန်မှာ အနည်းဆုံး ၉၅ ဦးရှိပြီး သေဆုံးသူက ၁၁ ဦး ရှိနေတာပါ။ ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ပါဝင်ပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာတော့ အီရတ်၊ အိုမန်၊ ယူအေအီး၊ အာရှက အာဂဖန်နစ္စတန်နိုင်ငံတွေမှာ ရောဂါကူးစက်နေသူတွေကို ပထမဆုံး တွေ့ခဲ့ရပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ မနေ့က လူတစ်ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၁ ဦးအထိ ရှိလာပါတယ်။ အင်္ဂါနေ့မှာ ကူးစက်မှု ၁၆၉ ခုကို ထပ်တွေ့ခဲ့ရတာကြောင့် စုစုပေါင်း ကူးစက်သူ ၁၁၄၆ ဦး ရှိလာပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားက အမေရိကန်စစ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတစ်ဦးမှာ ဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ရတယ်လို့ အမေရိကန် စစ်ဖက်တာဝန်ရှိသူတွေက ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။
    • အီတလီနိုင်ငံမှာလည်း အင်္ဂါနေ့က အသက် ၇၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးမှုက ၁၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ကူးစက်မှုက ၃၀၀ ကျော် ရှိနေပြီး အများစုဟာ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပါတယ်။ ဥရောပမှာ ဩစ‌တြီးယား၊ ခရိုအေးရှားနဲ့ စပိန်က ကနေရီကျွန်းတို့မှာ ရောဂါကူးစက်နေသူတွေကို အင်္ဂါနေ့က ပထမဆုံး တွေ့ခဲ့ရပါတယ်။
    • တရုတ်နိုင်ငံမှာ မနေ့က ကူးစက်မှု ၄၀၆ ခု ရှိခဲ့ပြီး စုစုပေါင်း ၇၈၀၆၄ ဦး ရှိလာတာပါ။ သေဆုံးသူကတော့ ၅၂ ဦး ရှိပြီး စုစုပေါင်း ၂၇၁၅ ဦး ရှိလာပါတယ်။ ‌နိုင်ငံအနောက်မြောက်ပိုင်း ဒေသတွေဖြစ်တဲ့ အတွင်းမွန်ဂိုလီးယား၊ ရှင်ကျန်း၊ အနောက်တောင်ဘက်က ဆီချွမ်ပြည်နယ်တွေမှာ ဗိုင်းရပ်စ်ပိုး ပြန့်နှံ့နိုင်ချေ ကျဆင်းလာတဲ့အတွက် အရေးပေါ်တုန့်ပြန်မှုအဆင့်ကို လျော့ချလိုက်ပါတယ်။
    • အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှာ COVID-19 ဗိုင်းရပ်စ်အတွက် အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ ကူးစက်မှုမရှိသေးပေမယ့် ရောဂါပြန့်နှံ့နိုင်ချေအတွက် ပြင်ဆင်ထားကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ အီတလီကပြန်လာတဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး ရောဂါလက္ခဏာပြတဲ့ အနေအထားရှိတာကြောင့် စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီအမျိုးသားမှာသာ COVID-19 ဗိုင်းရပ်ရှိကြောင်း အတည်ပြုနိုင်ရင် တောင်အမေရိကရဲ့ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။
    • ယိုကိုဟားမားမှာ ဆိုက်ကပ်ထားတဲ့ ကမ္ဘာလှ‌ည့် သင်္ဘောကနေ ဗိုင်းရပ်စ်မရှိဘူးဆိုပြီး ဆင်းခွင့်ပေးလိုက်တဲ့ လူ ၉၇၀ ထဲက ၅၀ လောက်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်တဲ့လက္ခဏာမျိုး တွေ့ရတာကြောင့် ရောဂါ ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။ လူ ၃၇၀၀ လောက် လိုက်ပါလာတဲ့ အဲဒီသင်္ဘောမှာ ၆၀၀ ကျော်လောက်က ဗိုင်းရပ်စ် ကူးစက်နေတာပါ။ ဟိုကိုင်းဒိုးပြည်နယ်က စာသင်ကျောင်းအားလုံးကို ပိတ်ထားဖို့လည်း ဂျပန်က စီစဉ်နေပါတယ်။
    • ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ရှိသူ ၃ ဦး မနေ့က ထပ်တွေ့ပြီး စုစုပေါင်း ကူးစက်သူ ၄၀ အထိ ရှိလာပြီ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တောင်ကိုရီးယား၊ အီတလီနှင့် အီရန်တို့တွင် COVID-19 ကူးစက်မှု စိုးရိမ်ဖွယ်ရာ မြင့်တက် (နောက်ဆုံးရသတင်းများ)

    တောင်ကိုရီးယား၊ အီတလီနှင့် အီရန်တို့တွင် COVID-19 ကူးစက်မှု စိုးရိမ်ဖွယ်ရာ မြင့်တက် (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀ (ည ၈ နာရီ)
    M-Media

    တောင်ကိုရီးသမ္မတ မွန်ဂျယ်အင်က တိုင်းပြည်ကို အမြင့်ဆုံးအဆင့် တပ်လှန့်ကြောင်း ကြေငြာနေစဉ်
    • စနေနေ့က လူ ၃ ဦး ထပ်မံသေဆုံးကာ ၁၆၉ ဦး ကူးစက်ခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားအစိုးရက ဗိုင်းရပ်စ်ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး အမြင့်ဆုံးအဆင့် တပ်လှန့်လိုက်ပါတယ်။ ရောဂါကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၆၀၂ ဦးရှိလာပြီး တရုတ်နိုင်ငံအပြင်ဘက်မှာ အများဆုံးကူးစက်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ သေဆုံးသူကတော့ ၅ ဦးအထိ ရှိလာပါတယ်။ ရောဂါအဓိကပြန့်နှံ့ရာ နိုင်ငံတောင်ပိုင်း ဒယ်ဂူးမြို့က ချွန်ဒိုခရိုင်ကို သောကြာနေ့မှာ အထူး စောင့်ကြည့်ဇုန်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သမ္မတ မွန်ဂျယ်အင်က တိုင်းပြည်ဟာ အလှည့်အပြောင်းတစ်ခုကို ရောက်ရှိနေပြီး အာဏာပိုင်တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို မတွန့်မဆုတ် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
    • အီတလီနိုင်ငံမြောက်ပိုင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲံတာကြောင့် မြို့တစ်ချို့ကို ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ကာ ပိတ်ထားလိုက်သလို၊ စီးရီးအေ ဘောလုံးပွဲ တစ်ချို့၊ စီးရီးဘီ ဘောလုံးပွဲတွေနဲ့ အ‌ခြား အားကစားပြိုင်ပွဲတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ အီတလီမှာ ကူးစက်မှုဟာ နိုင်ငံရပ်ခြားကို သွားရောက်ရာကနေတစ်ဆင့် ဖြစ်ပွားတာမျိုးမဟုတ်ဘဲ အာဏာပိုင်တွေကတော့ ရောဂါကူးစက်မှုအကြောင်းအရင်းကို သိရှိဖို့ ကြိုးပမ်းအားထုတ်နေပါတယ်။ ကူးစက်သူအရေအတွက်တော့ ၁၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။
    • အီရန်နိုင်ငံမှာတော့ သေဆုံးသူအရေအတွက်ဟာ ၇ ဦးအထိ ရှိလာခဲ့ပြီး ကူးစက်မှုကတော့ ၅၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံတွေ အနုပညာပွဲတွေအားလုံးကို အာဏာပိုင်တွေက ပိတ်ပင်လိုက်သလို၊ အီရတ်ကို ဘုရားဖူးသွားမယ့်ခရီးစဉ်တွေအားလုံးကို ရပ်ဆိုင်းကာ အီရတ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဝင်ပေါက် ၅ ခုကိုလည်း ပိတ်ထားလိုက်ပါတယ်။ လူ ၂ ဦးသေဆုံးခဲ့တဲ့ ကွမ်မြို့နဲ့ အနီးအနားက အာရက်မြို့တွေမှာတော့ စာသင်ကျောင်းတွေကိုပါ ပိတ်ထားပါတယ်။
    • တရုတ်သမ္မတ ရှီကျင့်ဖျင်က COVID-19 ဗိုင်းရပ်စ် ပြန့်နှံ့မှုဟာ ခေတ်သစ်တရုတ်နိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံး ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ မနေ့က ရောဂါကူးစက်မှုဟာ ၆၄၈ ဦး ရှိခဲ့ကာ ၉၇ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးမှု စုစုပေါင်း ၂၃၄၅ ဦးရှိကာ ကူးစက်သူကတော့ ၇၆၂၈၈ ဦး ရှိနေပါတယ်။
    • အစ္စရေးဟာ တောင်ကိုရီးယားကလာတဲ့ ခရီးသွား ၂၀၀ လောက်ကို စစ်စခန်းတစ်ခုမှာ သီးခြားခွဲထားစောင့်ကြည့်ဖို့ စီစဉ်နေပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကနေ ပြန်လာတဲ့သူတွေအားလုံးကိုလည်း ၂ ပတ်ကြာ သီးသန့်ထားစောင့်ကြည့်ဖို့ အဲဒီနိုင်ငံတွေက ခရီးသွားတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပေးဖို့လည်း အစ္စရေးက အမိန့်ထုတ်ပြန်ထားပါတယ်။
    • ယိုကိုဟားမားမြို့နားမှာ ရပ်နားထားတဲ့ Diamond Princess ကမ္ဘာလှည့်ခရီးသွားသင်္ဘောကနေ ဆင်းခွင့်ပေးလိုက်တဲ့ အမျိုးသမီးတစ်ဦးမှာ ဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ရတဲ့အတွက် ဂျပန်ကျန်းမာရေးဝန်ကြီးက တောင်းပန်လိုက်ပါတယ်။ အသက် ၆၀ ကျော်အရွယ် အဲဒီအမျိုးသမီးကို တိုချီဂီပြည်နယ်မှာ ထပ်မံစစ်ဆေးမှုအတွင်း ဗိုင်းရပ်စ်ပိုးရှိကြောင်း တွေ့ခဲ့ရတာပါ။ လူ ၃၇၀၀ ကျော်ပါဝင်ပြီး အနည်းဆုံး ၆၀၀ ကျော်လောက် ကူးစက်မှုရှိနေတဲ့ အဲဒီသင်္ဘောက လူရာချီကို ပြီးခဲ့တဲ့တစ်ပတ်မှာ ဆင်းခွင့်ပေးလိုက်တာနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံနေရတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တောင်ကိုရီးယားနှင့် အီရန်တို့တွင် COVID-19 ဗိုင်းရပ်စ်ကူးစက်သူ မြင့်တက်လာ (နောက်ဆုံးရသတင်းများ)

    တောင်ကိုရီးယားနှင့် အီရန်တို့တွင် COVID-19 ဗိုင်းရပ်စ်ကူးစက်သူ မြင့်တက်လာ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀ (ည ၈ နာရီ ခွဲ)
    M-Media

    – တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်သူအရေအတွက်ဟာ သောကြာနေ့ တစ်ရက်တည်းမှာတင် ၈၇ ဦး ရှိခဲ့ကာ စုစုပေါင်း ၄၃၃ ဦးရှိလာပြီး သေဆုံးသူကလည်း ၂ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ အများစုဟာ နိုင်ငံရဲ့ စတုတ္ထအကြီးဆုံး ဒယ်ဂူမြို့မှာဖြစ်ပြီး ကျောင်းတွေပိတ်ထားသလို လူစုလူဝေးကို ရှောင်ကျဉ်ကျဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

    – အစ္စရေးနဲ့ လက်ဘနွန်တို့မှာ ဗိုင်းရပ်စ်ကူးစက်နေသူတွေကို သောကြာနေ့က ပထမဆုံးအကြိမ် တွေ့ခဲ့ရပါတယ်။ အီရန်နိုင်ငံမှာလည်း မနေ့က ကူးစက်မှု ၁၀ ခု ထပ်တွေ့တာကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၂၈ ဦးရှိလာကာ သေဆုံးသူ ၅ ဦးအထိ ရှိလာပါတယ်။ အီရတ်နိုင်ငံကို ဘုရားဖူးသွားရောက်တဲ့ ခရီးစဉ်ကို အီရန်အာဏာပိုင်တွေက ရပ်ဆိုင်းလိုက်ပါတယ်။ ကူဝိတ်နိုင်ငံက နိုင်ငံတကာ ခရီးသွားတွေ၊ ဝင်ထွက်ခွင့်ပေးထားတဲ့ အီရန်နိုင်ငံသားတွေ၊ အပြင်ရောက်နေတဲ့ အမြဲတမ်းနေထိုင်ခွင့်ရသူတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပြီး အမြင့်ဆုံးအဆင့် တပ်လှန့်ထားပါတယ်။

    – အီတလီနိုင်ငံမှာ COVID-19 ဗိုင်းပ်စ်ကြောင့် ပထမဆုံးအကြိမ် လူ ၂ ဦးသေဆုံးခဲ့ပြီး အာဏာပိုင်တွေက နိုင်ငံမြောက်ပိုင်း မြို့ ၁၀ မြို့မှာ စာသင်ကျောင်းတွေ၊ ဘားတွေနဲ့ အများပြည်သူနဲ့ သက်ဆိုင်ရာနေရာတွေကို ပိတ်ထားလိုက်ပါတယ်။

    – အရှေ့အလယ်ပိုင်း နိုင်ငံတစ်ချို့နဲ့ တောင်ကိုရီးယားတို့မှာ ကူးစက်မှုကွင်းစက်ဟာ ရှင်းရှင်းလင်းလင်း မရှိတဲ့အတွက် ဗိုင်းရပ်စ်ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားလိုက်ပါတယ်။ ကူးစက်မှုတွေထဲမှာ ၈၀ ရာခိုင်နှုန်းက ပျော့ပြီ၊ ၂၀ ရာခိုင်နှုန်းက စိုးရိမ်ရတဲ့အနေအထားရှိကာ ၂ ရာခိုင်နှုန်းလောက်သာ သေဆုံးမှုရှိတယ်လို့လည်း သူကဆိုပါတယ်။

    – ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဒေါ်လာ သန်း ၁၀၀ လှူဒါန်းတဲ့ အမေရိကန်သန်းကြွယ်သူဌေး ဘီလ်ဂိတ်ကို ‌တရုတ်သမ္မတရှီကျင့်ဖျင်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ သောကြာနေ့က ကူးစက်သူအရေအတွက်ဟာ သိသိသာသာ ကျဆင်းသွားပြီး ၃၉၇ ဦးသာ ရှိပါတယ်။ သေဆုံးသူကတော့ ၁၀၉ ဦးရှိခဲ့ပြီး စုစုပေါင်း ၂၃၄၅ ဦး ရှိလာတာပါ။ စုစုပေါင်း ကူးစက်သူအရေအတွက်က ၇၆၂၈၈ ဦး ရှိနေပြီ ဖြစ်ပါတယ်။

    – ဗိုင်းရပ်စ်ပိုး အဓိကပြန့်နှံ့ရာ ၀ူဟန်မြို့က ကျန်းမာရေးဝန်ထမ်းတွေကို ထားဖို့အတွက် တရုတ်က ကမ္ဘာလှည့်ခရီးသွားသင်္ဘော ၇ စီးကို မှာယူထားပြီး Blue Whale သင်္ဘောက ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီ သင်္ဘော ၇ စီးမှာ လူပေါင်း ၁၄၆၉ ဦး နေထိုင်‌နိုင်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – COVID-19 ဗိုင်းရပ်စ် ကူးစက်နေသည့် နိုင်ငံများ)