News @ M-Media

Tag: WuhanVirus

  • ကိုရိုနာဗိုင်းရပ်စ်သစ်မှာ အမေရိကန်၏ ဇီ၀တိုက်ခိုက်မှုဖြစ်နိုင်ဟု အီရန်ဗိုလ်ချုပ် စွပ်စွဲ

    ကိုရိုနာဗိုင်းရပ်စ်သစ်မှာ အမေရိကန်၏ ဇီ၀တိုက်ခိုက်မှုဖြစ်နိုင်ဟု အီရန်ဗိုလ်ချုပ် စွပ်စွဲ

    မတ် ၆၊ ၂၀၂၀
    M-Media

    -လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် Covid-2019 ဟာ တရုတ်နဲ့ အီရန်တို့ကို ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ ဇီ၀တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဟိုစိန် ဆာလာမီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံပေါင်း တော်တော်များများကို ပြန့်နှံ့နေပြီး အီတလီ၊ အီရန်နဲ့ တောင်ကိုရီးယားတို့မှာအကြီးအကျယ် ဖြစ်ပွား​နေပါတယ်။ အီရန်နိုင်ငံမှာ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ၁၀၇ ဦး ရှိပြီး ကူးစက်သူကတော့ ၃၅၁၃ ဦး ရှိနေတာပါ။

    အီရန် လွှတ်တော်အမတ်တစ်ချို့နဲ့ အစိုးရတာဝန်ရှိသူတစ်ချို့လည်း ကူးစက်နေပြီး၊ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့မှု မဖြစ်စေရေးအတွက် မတ်လ ၂၀ ရက်နေ့ ပြီးဆုံးမယ့် ပြက္ခဒိန်တစ်နှစ်အတွက် ကျောင်းတွေ​၊ တက္ကသိုလ်တွေအားလုံးကို ပိတ်ထားပါတယ်။

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အကြီးအကဲ ​ဟိုစိန် ဆာလာမီက ဗိုင်းရပ်စ်ပြန့်နှံ့မှုအတွက် အမေရိကန်ကို စွပ်စွဲခဲ့ပါတယ်။

    “ဗိုင်းရပ်စ်ဟာ အမေရိကရဲ့ ဇီ၀တိုက်ခိုက်မှုတစ်ခုဖြစ်နိုင်ပါတယ်။ အရင်ဆုံး တရုတ်နိုင်ငံ နောက်ပိုင်း အီရန်နဲ့ တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားတာမျိုးပါ”

    အီရန်အနေနဲ့ ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်သွားမှာဖြစ်ပြီး နောက်ဆုံးမှာ တာဝန်ရှိတဲ့ အမေရိကန်ထံကိုပဲ ပြန်ရောက်သွားလိမ့်မယ်လို့လည်း ဆာလာမီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Covid-2019 ဗိုင်းရပ်စ်ဟာ အမေရိကန်ရဲ့ ထုတ်ကုန်ဖြစ်တယ်ဆိုတဲ့ ဒီလိုပြောဆိုမှုတွေဟာ သိပ်မကြာခင်ရက်ပိုင်းကတည်းက စတင်ပြန့်နှံ့လာတာဖြစ်ပေမယ့် ခိုင်မာတဲ့ သက်သေမျိုး မပြနိုင်ပါဘူး။

    အီရန် အရပ်ဖက်ကာကွယ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဂိုလမ် ရီဇာ ဂျလာလီက ကိုရိုနာဗိုင်းရပ်စ်သစ်နဲ့ပတ်သက်ပြီး မီဒီယာတွေ ကြောက်ရွံ့မှုက အမေရိကန်ဟာ တရုတ်နဲ့ အီရန်တို့အပေါ် ဇီ၀တိုက်ခိုက်မှု လုပ်တယ်ဆိုတဲ့ သဘောထားတွေကို ပိုမိုအားကောင်းစေတယ်လို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ရဲ့ ဗီဇနဲ့ပတ်သက်ပြီး ဓာတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ပြီးမှသာ ဒါကို အတိအကျ ပြောနိုင်မယ်လို့ သူက ဆိုပါတယ်။

    Ref: RT

  • အီရန်၌ လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များထံတွင်ပါ COVID-19 ဗိုင်းရပ်စ် ကူးစက်နေ (နောက်ဆုံးရ သတင်းများ)

    အီရန်၌ လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များထံတွင်ပါ COVID-19 ဗိုင်းရပ်စ် ကူးစက်နေ (နောက်ဆုံးရ သတင်းများ)

    မတ် ၄၊ ၂၀၂၀
    M-Media

    • ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ဗိုင်းရပ်စ်ဟာ ပိုလန်၊ မော်ရိုကို၊ အန်ဒိုရာ၊ အာမေးနီးယားနဲ့ အာဂျင်တီးနားနိုင်ငံတို့ကိုပါ ထပ်မံပြန့်နှံ့ခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေကတော့ ဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေး ပိုမိုအားထုတ်လုပ် လုပ်ဆောင်လာကြပါတယ်။
    • ဂျပန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Takeda က သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့သူတွေကို ကုသပေးဖို့အတွက် ဆေးဝါးတစ်ခု ထုတ်လုပ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
    • ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဗိုင်းရပ်စ် စတင်ပြန့်နှံ့ပြီးနောက်ပိုင်း လက်ဆေးဂျယ်ဘူးစျေး အဆမတန် မြင့်တက်သွားတာကို ထိန်းချုပ်သွားမယ်လို့ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ဒီလိုစျေးတက်မှုဟာ လက်မခံနိုင်စရာဖြစ်ပြီး အစိုးရအနေနဲ့ ကြားဝင် ဆောင်ရွက်ပေးဖို့ ​ပြင်သစ် သမားတော်များသမဂ္ဂက တောင်းဆိုခဲ့ပြီးတဲ့နောက် ဒီလို ထုတ်ပြန်မှု ပေါ်ထွက်လာတာပါ။
    • နိုင်ငံအတွင်း ဗိုင်းရပ်စ်ပြန့်နှံ့လာမှာကို စိုးရိမ်တဲ့အတွက် ခွဲစိပ်ခန်းသုံး နှာခေါင်းစည်းတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ နိုင်ငံရပ်ခြား တင်ပို့မှုကို ရပ်ဆိုင်းသွားမယ်လို့ ရုရှားနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။ ဒါပေမယ့် လူသားချင်း စာနာထောက်ထားမှုအရ တင်ပို့မှုတွေကိုတော့ ဆက်လက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ အခြားနေရာက ကူးစက်လာသူတွေ ရုရှားမှာ ဆေးကုသမှုခံနေရတာမျိုး ရှိပေမယ့် ရုရှားနိုင်ငံအတွင်းမှာတော့ အခုအချိန်အထိ ကူးစက်မှု မရှိသေးပါဘူး။
    • အိန္ဒိယနိုင်ငံမှာ မနေ့က ကူးစက်နေသူ ၁၄ ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၂၈ ဦး ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးမှာ ကူးစက်နေသူအရေအတွက် ၈၂ ဦးအထိ ရှိလာသလို ဥရောပက ဂရိနိုင်ငံမှာလည်း ကူးစက်နေသူဟာ ၈ ဦး ဖြစ်လာပါတယ်။ မလေးရှားမှာတော့ မနေ့က ၁၄ ဦး ထပ်မံကူးစက်ခဲ့ပါတယ်။
    • တရုတ်နိုင်ငံမှာတော့ မနေ့က ကူးစက်မှု ၁၂၅ ခု ရှိခဲ့ပြီး၊ သေဆုံးသူကတော့ ၃၈ ဦး ရှိလာပါတယ်။ ဒါ့ကြောင့် စုစုပေါင်းသေဆုံးသူ ၂၉၈၁ ဦး၊ ကူးစက်မှု ၈၀၂၇၀ ခု ရှိလာတာပါ။
    • မနေ့က တောင်ကိုရီးယားမှာ ထပ်မံကူးစက်မှု ၅၁၆ ခု ရှိခဲ့ပြီး၊ ကူးစက်နေသူ ၅၃၂၈ ဦးအထိ ဖြစ်လာတာပါ။ သေဆုံးမှုကတော့ ၃၂ ဦး ရှိနေပါတယ်။
    • ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် လူ ၂၇ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၇၉ ဦးအထိ ရှိလာပါတယ်။ ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ သေဆုံးမှုအများဆုံးဖြစ်ပြီး အီရန်နိုင်ငံကို ကျော်ဖြတ်သွားတာပါ။ ကူးစက်သူအရေအတွက်ကတော့ ၂၅၀၂ ဦးအထိ ရှိလာပါတယ်။ အာဏာပိုင်တွေက ဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး ပြန့်နှံ့နေတဲ့ ဒေသတွေကို အနီရောင်ဇုံအဖြစ်သတ်မှတ်ကာ ဆက်သွယ်မှုဖြတ်တောက်သွားဖို့ စီစဉ်နေပါတယ်။
    • အီရန်မှာတော့ လွှတ်တော်အမတ်တွေရဲ့ ၈ ရာခိုင်နှုန်းဖြစ်တဲ့ ၂၃ ဦးမှာ ဗိုင်းရပ်စ်ကူးစက်နေကြောင်း တွေ့ခဲ့ရပြီး၊ ဒုတိယသမ္မတ အပါအဝင် အစိုးရအဖွဲ့က အနည်းဆုံး ၇ ဦးလည်း ကူးစက်နေပါတယ်။ နိုင်ငံတစ်ဝှမ်း စုစုပေါင်း ကူးစက်မှုဟာ ၂၃၀၀ ကျော်လာခဲ့ပြီး သေဆုံးသူကတော့ ၇၇ ဦး ရှိလာပါတယ်။ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုကို လိုက်နာကြဖို့ မနေ့မှာ ပြောကြားခဲ့ပြီး မကြာခင် ဒီရောဂါ ရပ်တန့်သွားလိမ့်မယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

    (အီရန်နိုင်ငံ တီဟီရန်မြို့မှ မြင်ကွင်းတစ်ခု)

  • COVID-19 ဗိုင်းရပ်စ်ကို တောင်ကိုရီးယားက စစ်ကြေငြာ (နောက်ဆုံးရ သတင်းများ)

    COVID-19 ဗိုင်းရပ်စ်ကို တောင်ကိုရီးယားက စစ်ကြေငြာ (နောက်ဆုံးရ သတင်းများ)

    မတ် ၃၊ ၂၀၂၀
    M-Media

    (ပုံ – တရုတ်နိုင်ငံတွင် ရောဂါပျောက်ကင်းသွားသူတစ်ဦးက Plasma လှူဒါန်းနေစဉ်)
    • တရုတ်နိုင်ငံမှာ တနင်္လာနေ့က ကူးစက်မှု ၁၂၅ ခု ရှိခဲ့ပြီး ဒါဟာ အချက်အလက်တွေ စတင်ထုတ်ပြန်တဲ့ ဇန်နဝါရီလာကစလို့ တစ်ရက်အတွင်း ကူးစက်မှု အနိမ့်ဆုံး ဖြစ်ပါတယ်။ သေဆုံးသူကတော့ ၃၁ ဦး ရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ကင်းစင်ပြီး ဆေးရုံကနေ ဆင်းသွားရသူတွေကို လေ့လာကာ ဗိုင်းရပ်စ်ကုသဖို့၊ ကာကွယ်ဆေးထုတ်ဖို့လည်း တရုတ်အာဏာပိုင်တွေက ဆောင်ရွက်နေပါတယ်။ ရှန်ဟိုင်းမြို့နဲ့၊ နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်းပြည်နယ်တို့က ရောဂါကူးစက်တဲ့တိုင်းပြည်တွေ၊ ဒေသတွေကနေ လာတဲ့သူတွေကို အနည်းဆုံး ၁၄ ရက် သီးသန့်ထား စောင့်ကြည့်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
    • တောင်ကိုရီးယားမှာ မနေ့ကတစ်ရက်တည်း ကူးစက်သူ ၆၀၀ လောက်ရှိခဲ့ပြီး သေဆုံးသူက ၃ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်မှုဟာ ၄၈၁၂ ဦး ရှိလာပြီး တရုတ်နိုင်ငံပြင်ပမှာ အများဆုံး ကူးစက်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ သမ္မတ မွန်ဂျယ်အင်က ကိုရိုနာဗိုင်းရပ်စ်အပေါ် စစ်ဆင်ရေးပြုလုပ်ကြောင်း ကြေငြာလိုက်ပါတယ်။ နှာခေါင်းစည်းတွေ ပြတ်လပ်မှုအတွက် မွန်က ပြည်သူတွေကို တောင်းပန်ခဲ့သလို ဆေးရုံတွေမှာ ကုတင်တွေထပ်တိုးဖို့၊ နှာခေါင်းစည်းတွေ ထပ်မံထုတ်လုပ်ဖို့လည်း အမိန့်ပေးခဲ့ပါတယ်။
    • နိုင်ငံအတွင်း တနင်္လာနေ့က ကူးစက်မှု ၇ ခု ထပ်တွေ့ခဲ့တယ်လို့ မလေးရှားအစိုးရက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း မလေးရှားမှာ ကူးစက်မှုဟာ ၃၆ ခုအထိ ရှိလာပါတယ်။ အဲဒီအထဲက ၂၂ ဦး ဆေးရုံကဆင်းသွားပြီ ၁၂ ဦးကတော့ ဆက်လက်ကုသမှု ခံယူနေဆဲပါ။
    • ဗိုင်းရပ်စ်ကူးစက်သူ ၂ ဦး တွေ့တယ်လို့ အစိုးရက ကြေငြာပြီးနောက်ပိုင်း အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာ စားသုံးကုန်တွေ၊ အခြေခံ လူသုံးကုန်ပစ္စည်းတွေကို ပြည်သူတွေက အလုအယက် ဝယ်ယူလာကြတာကြောင့် ကုန်ပစ္စည်း ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပါတယ်။
    • ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဇီ၀လုံခြုံရေးဥပဒေကို အသုံးပြုသွားမှာဖြစ်ပြီး ရောဂါသံသယရှိသူတွေရဲ့ လှုပ်ရှားသွားလာမှုကို ကန့်သတ်သွားမယ်လို့ ဩစတေးလျနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။ သတ်မှတ်ထားတဲ့ နေရာအချို့၊ ဒါမှမဟုတ် လူနာကို သီးသန့်ထားတဲ့နေရာတွေမှာ ဒီဥပဒေကို အသုံးပြုသွားမှာပါ။ နှစ်ပေါင်း ၁၀၀ ကျော် အသုံးပြုလာတဲ့ ရောဂါရှိသူများ သီးခြားခွဲထားရေး အက်ဥပဒေကို ဇီ၀လုံခြုံရေး ဥပဒေနဲ့ ဩစတေးလျက ၂၀၁၅ ခုနှစ်မှာ အစားထိုးခဲ့တာ ဖြစ်ပါတယ်။
    • အချင်းချင်းတွေ့တဲ့အခါ ပါးနမ်းနှုတ်ဆက်လေ့ရှိတဲ့ ရိုးရာဓလေ့ကို ဆွစ်ဇာလန်နိုင်ငံက တားမြစ်ပိတ်ပင်လိုက်ပါတယ်။ ဆွစ်လူမျိုးတွေဟာ တွေ့ဆုံတဲ့အခါ ပါးနှစ်ဖက်ကို ၃ ကြိမ် ၃ ခါ နမ်းလေ့ရှိပါတယ်။ ကျန်းမာရေးဝန်ကြီး အလင်ဘာဆတ်က လူတစ်ဦးနဲ့တစ်ဦး ဝေးဝေးကနေ ဆက်သွယ်ပြောဆိုတာဟာ ဗိုင်းရပ်စ်ကူးစက်ပြန်နှံ့မှု နှေးကွေးစေရေး အကောင်းဆုံးနည်းလမ်း ဖြစ်တဲ့အတွက် ဒီလို တားမြစ်ရခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • COVID-19 ဗိုင်းရပ်စ်ကြောင့် အီရန်တွင် သေဆုံးသူ ၆၆ ဦး ရှိလာ (နောက်ဆုံးရသတင်းများ)

    COVID-19 ဗိုင်းရပ်စ်ကြောင့် အီရန်တွင် သေဆုံးသူ ၆၆ ဦး ရှိလာ (နောက်ဆုံးရသတင်းများ)

    မတ် ၂၊ ၂၀၂၀ (ည ၇ နာရီခွဲ)
    M-Media

    ပံု – ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ပြန့်နှံ့မှု
    • ဥရောပမှာ COVID-19 ဗိုင်းရပ်စ် အန္တရာယ်ကို အလယ်အလတ်အဆင့်ကနေ အမြင့်ဆုံးအဆင့်အထိ မြှင့်လိုက်ပါတယ်။ ဥက္ကဌ Ursula von der Leyen က ကူးစက်မှုတွေ ဆက်ဖြစ်နေတာကြောင့် ဒီလို အဆင့်မြှင့်လိုက်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ဥရောပမှာ ကူးစက်မှု ၂၁၉၉ ခု၊ သေဆုံးမှု ၃၈ ခု ရှိနေပြီး အများစုက အီတလီနိုင်ငံမှာ ဖြစ်ပါတယ်။
    • အီရန်မှာ မနေ့က ထပ်မံကူးစက်မှုပေါင်း ၅၂၃ ခုရှိခဲ့ပြီး၊ သေဆုံးသူ ၁၂ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကူးစက်သူအရေအတွက်ဟာ ၁၅၀၁ ဦးရှိကာ သေဆုံးသူက ၆၆ ဦး ရှိလာပါပြီ။ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီရဲ့ အကြံပေးတစ်ဦးလည်း ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။ ​ဒုတိယသမ္မတ၊ COVID-19 ဗိုင်းရပ်စ် တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲတို့အပါအဝင် အီရန်အစိုးရက ထိပ်တန်းပုဂ္ဂိုလ်တစ်ချို့မှာလည်း ကူးစက်မှုတွေ ရှိနေပါတယ်။
    • ဥရောပမှာ ချက်၊ စကော့တလန်၊ ဒိုမီနီကန်၊ အန်ဒိုရာ၊ အိုက်စ်လန်နဲ့ ပေါ်တူဂီတို့မှာ ပထမဆုံး ကူးစက်မှုတွေကို တွေ့ခဲ့ရပြီး၊ အရှေ့တောင်အာရှမှာတော့ အင်ဒိုနီးရှားက ၂ ဦး ကူးစက်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
    • ဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်မှုမရှိတဲ့အတွက် နိုင်ငံအရှေ့ပိုင်းက ခရစ်ယာန်အသင်းတော် Shincheonji ရဲ့ တာဝန်ရှိသူတွေကို ဆိုလ်းမြို့တော်ဝန် ပက်ဝွန်ဆွန်းက လူသတ်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကို ဒီအသင်းတော်အဖွဲ့ဝင် ၁ ဦးမှာ ပထမဆုံး တွေ့ရတာဖြစ်ပြီး နိုင်ငံအတွင်း ကူးစက်မှု ၄ ထောင်ကျော်ရဲ့ ထက်ဝက်လောက်က ဒီအသင်းတော်အဖွဲ့ဝင်တွေ ဖြစ်ပါတယ် မြို့တော်ဝန် ပက်က အသင်းတော် တာဝန်ရှိသူတွေသာ ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် သေဆုံးသူတွေ လျော့နည်းမယ်လို့ ပြောကြားခဲ့ပါတယ်။ အသင်းတော်တာဝန်ရှိသူတွေက ဗိုင်းရပ်စ်ကူးစက်မှုအတွက် ပြန်တောင်းပန်ထားပါတယ်။
    • တောင်ကိုရီးယားမှာ မနေ့က ထပ်မံကူးစက်သူ ၅၀၀ နီးပါးရှိခဲ့ပြီး သေဆုံးသူ ၄ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း သေဆုံးသူက ၂၂ ဦး ကူးစက်သူက ၄၂၁၂ ဦး ရှိလာတာပါ။
    • တရုတ်နိုင်ငံမှာတော့ မနေ့က ကူးစက်မှု ၂၀၂ ခုရှိခဲ့ပြီး ဒါဟာ ဇန်နဝါရီနှောင်းပိုင်းကစလို့ တစ်ရက်တာ အနိမ့်ဆုံးပမာဏလည်း ဖြစ်ပါတယ်။ သေဆုံးသူ ၄၂ ဦးရှိခဲ့ပြီး စုစုပေါင်း တရုတ်နိုင်ငံမှာ သေဆုံးမှုဟာ ၂၉၁၂ ဦး ရှိလာတာ ဖြစ်ပါတယ်။ အဆိုးဝါးဆုံးကူးစက်ရာ ဝူဟန်မှာ ကူးစက်မှုတွေ သိသိသာသာ ကျဆင်းသွားတာကြောင့် ရောဂါပြန့်နှံ့ပြီးတဲ့နောက် ဆောက်လုပ်ခဲ့တဲ့ ယာယီဆေးရုံတစ်ခုကို ပထမဆုံး ပိတ်ပစ်လိုက်ပါတယ်။

    Ref: Aljazeera

  • COVID-19 ဗိုင်းရပ်စ်အန္တရာယ်ကို WHO က အမြင့်ဆုံးအဆင့်အထိမြှင့် (နောက်ဆုံးရသတင်းများ)

    COVID-19 ဗိုင်းရပ်စ်အန္တရာယ်ကို WHO က အမြင့်ဆုံးအဆင့်အထိမြှင့် (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀ (ညနေ ၅ နာရီခွဲ)
    M-Media

    အီရန်နိုင်ငံရှိ ဘတ်စ်ကားပေါ်တွင်‌ ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်နေစဉ်
    • တောင်ကိုရီးယားနိုင်ငံမှာ မနေ့က COVID-19 ဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ၅၉၄ ဦးရှိခဲ့ပြီး တစ်နေ့တာအတွင်း စံချိန်ကူးစက်မှုလည်း ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း စုစုပေါင်းကူးစက်မှုအရေအတွက်ဟာ ၂၉၃၁ ဦးအထိ ရှိလာတာပါ။ အာဏာပိုင်တွေကတော့ မိမိတို့တိုင်းပြည်ဟာ အရေးပါတဲ့အချိန်ကာလတစ်ခုကို ရောက်ရှိနေပြီး ပြည်သူတွေအနေနဲ့ အိမ်ထဲမှာသာနေကြဖို့ တိုက်တွန်းထားပါတယ်။ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၇ ဦးအထိ ရှိလာပါတယ်။
    • တရုတ်နိုင်ငံမှာတော့ မနေ့က ကူးစက်မှု ၄၂၇ ခု ရှိခဲ့‌ပြီး သေဆုံးကတော့ ၄၇ ဦး ရှိပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်မှု ၇၉၂၅၁ ဦး၊ သေဆုံးသူ ၂၈၃၅ ဦး ရှိလာပါပြီ။
    • ထိုင်းနိုင်ငံမှာ မနေ့က လူတစ်ဦး ထပ်မံကူးစက်ခဲ့တာကြောင့် ကူးစက်သူအရေအတွက် ၄၂ ဦးအထိ ရှိလာပါတယ်။ စင်ကာပူမှာတော့ မနေ့က ၂ ဦးထပ်တွေ့ပြီး စုစုပေါင်း ကူစက်မှု ၉၈ ဦး ရှိလာတာပါ။ ၆၉ ဦးက ဗိုင်းရပ်စ်ကင်းစင်သွားတဲ့အတွက် ဆေးရုံကနေ ဆင်းသွားပြီး ၂၉ ဦးက ဆက်လက်ကုသမှု ခံယူနေပါတယ်။
    • COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၃ ဦးရှိလာပြီး နိုင်ငံတစ်ဝှမ်း ကူးစက်မှုကတော့ ၅၉၃ ဦးရှိတယ်လို့ အီရန်အာဏာပိုင်တွေက ဒီကနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ကတစ်ရက်တည်းမှာ လူ ၉ ဦးသေဆုံးပြီး ၂၀၅ ဦး ထပ်မံကူးစက်ခဲ့တာဖြစ်ပါတယ်။ ‌အီရန်ဟာ တရုတ်နိုင်ငံပြီးတဲ့နောက် သေဆုံးသူအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
    • အမေရိကန်ပြည်ထောင်စုအနောက်ပိုင်း အော်ရီဂွန်ပြည်နယ်မှာ ဗိုင်းရပ်စ်ပြန့်နေတဲ့နိုင်ငံကို ခရီးသွားတာ၊ ကူးစက်နေသူတွေနဲ့ ဆက်သွယ်ပြောတာတွေ မရှိတဲ့ လူတစ်ဦးမှာ ဗိုင်းရပ်စ်ပိုးကူးစက်နေတာတွေကို မနေ့က တွေ့ခဲ့ရတာပါ။ ဒါဟာ ပြည်နယ်အတွင်း ပထမဆုံး တွေ့ရှိမှုဖြစ်ပြီး ဘာ့ကြောင့် ကူးစက်တယ်ဆိုတာ မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ သောကြာနေ့က အိမ်နီးချင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ တွေ့ရတဲ့ ဒုတိယမြောက်ကူးစက်မှုကိုလည်း ဘာ့ကြောင့်လဲဆိုတာ အာဏာပိုင်တွေက မဖော်ထုတ်နိုင်သေးပါဘူး။
    • မတ်လ ၁၄ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်က ရပ်ဆိုင်းလိုက်ပါတယ်။ နိုဝင်ဘာလ ဘန်ကောက်မှာလုပ်တဲ့ ထိပ်သီးအစည်းအဝေးကို မတက်ရောက်နိုင်တာ‌ကြောင့် သမ္မတဒေါ်နယ်ထရမ့်ဟာ အာဆီယံခေါင်းဆောင်တွေကို လက်စ်ဗီးဂက်စ်မှာတွေ့ဖို့ ဖိတ်ခဲ့တာပါ။ ဒီ ထိပ်သီးအစည်းအဝေးကို ဘယ်တော့ပြန်ကျင်းပမလဲဆိုတာကိုတော့ အမေရိကန်က မထုတ်ပြန်ခဲ့ပါဘူး။
    • အာဖရိကရဲ့ ဆဟာရဒေသအထိ ကူးစက်လာတာ၊ ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်တွေ သိသိသာသာ ကျဆင်းသွားတာတွေ ဖြစ်လာပြီးတဲ့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID-19 ဗိုင်းရပ်အန္တရာယ်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်လိုက်ပါတယ်။ လက်ရှိမှာ ဗိုင်းရပ်စ်ဟာ အန်တာတိကတိုက်ကလွဲပြီး ကမ္ဘာ့တိုက်ကြီးအားလုံးကို ပြန့်နှံ့သွားပြီဖြစ်ပါတယ်။ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က လက်ရှိအနေအထားမှာ လူ့အဖွဲ့အစည်းအတွင်း အလွယ်တကူ ပြန့်နှံ့တာမျိုးမဟုတ်သေးတဲ့အတွက် တားဆီးဖို့ အခွင့်အရေး ရှိသေးကြောင်း၊ အဓိကပြဿနာက ဗိုင်းရပ်စ်ပြန့်နှံမှုမဟုတ်ဘဲ ကောလဟာလတွေ ကြောက်ရွံ့မှုတွေသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, CNA