News @ M-Media

Tag: WuhanVirus

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀
    M-Media

    အနာဂတ်ကလေးများအတွက် ကောင်းမွန်သည့်နိုင်ငံ ကမ္ဘာပေါ်တွင် မရှိသေး

    အနာဂတ်မှာ ကလေးငယ်တွေ ကျန်းမာစွာ ရှင်သန်ကြီးပြင်းနိုင်မယ့် အနေအထားတစ်ခု၊ ကောင်းမွန်တဲ့ သဘာဝပတ်၀န်းကျင် အခြေအနေတစ်ခုကို ကမ္ဘာ့ ဘယ်နိုင်ငံကမှ ဖန်တီးမပေးနိုင်သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။ ရာသီဥတုပြောင်းလဲတာ၊ အသင့်စား စားစရာတွေ အန္တရာယ်ရှိစွာ စားလာတဲ့အထိ ကြေငြာတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်လာကြတာတွေက အနာဂတ်ကလေးငယ်တွေအတွက် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ မှာ ပညာရေး၊ အဟာရ ရရှိရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလှုံရေး စတာတွေအပါအဝင် ကလေးငယ်တွေ ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်မယ့် အနေအထားတွေကို WHO က စာရင်းကောက် ပြုစုခဲ့တာ ဖြစ်ပါတယ်။

    ပဋိဇီ၀ဆေးသောက်မှုနှင့် ပုံမှန်မဟုတ်သောကလေးမွေးဖွားမှု ဆက်စပ်မှုရှိနေ

    ကိုယ်ဝန်ဆောင် ပထမ ၃ လအတွင်း အဖျားပျောက်ဆေး၊ ယားနာပျောက်ဆေးနဲ့ ပင်နီစီလင်တို့လို အမြဲသုံး ပဋိဇီ၀ဆေးတွေ မှီဝဲတာဟာ ပုံမှန်အခြေအနေမဟုတ်တဲ့ကလေး မွေးလာနိုင်တဲ့အန္တရာယ် ပိုများတယ်လို့ လန်ဒန်ကောလိပ်ကပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။ ၁၉၉၀ ကနေ ၂၀၁၆ ခုနှစ် အတွင်း ယူကေမှာ မွေးဖွားခဲ့တဲ့ ကလေးငယ် တစ်သိန်းကျော်ကို လေ့လာခဲ့တာပါ။ ဒါပေမယ့် ပဋိဇီ၀ဆေးက သန္ဓေသားရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ဘယ်လိုထိခိုက်လဲဆိုတာတော့ လေ့လာမှုမှာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒီတွေ့ရှိချက်ဟာ ကိုယ်ဝန်ဆောင်တွေနဲ့ ဆရာဝန်တွေအကြား ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမိုရွေးချယ်နိုင်ခွင့်ရလိ့မ်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။ ပဋိဇီ၀ဆေးတွေ လုံး၀မသောက်တာကလည်း အန္တရာယ်ရှိစေတယ်လို့ ဆိုပါတယ်။

    ၀ူဟန်ဗိုင်းရပ်စ် လူနာအချို့ကို အမေရိကန်ရှိ နောက်ဆုံးပေါ်ဆေးရုံတွင် ကုသမည်

    အီဘိုလာ၊ ဆားစ်၊ မျောက်ကျောက်ရောဂါ၊ ဆေးယဉ်ပါး တီဘီရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု နီဘရာစကာပြည်နယ်က ဆေးရုံ UNMC မှာ လက်ရှိပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို စတင်ကုသဖို့ စီစဉ်နေပါတယ်။ ဂျပန်နိုင်ငံမှာ ဆိုက်ကပ်ထားတဲ့‌ ကမ္ဘာလှည့်သင်္ဘောက ဗိုင်းရပ်စ်ကူးစက်နေသူ ၁၃ ဦးကို UNMC မှာ ကုသမှာဖြစ်ပြီး ပထမဆုံးလူနာကို စစ်ဆေးမှုပြုလုပ်ဖို့အတွက် ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ UNMC မှာ ကမ္ဘာ့အဆင့်မြင့်ဆုံး ကရိယာတွေ၊ သီးသန့် လေအေးပေးစနစ်တွေတပ်ဆင်ထားကာ၊ အထူးလေ့ကျင့်ပေးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ တာဝန်ရှိယူတဲ့ ကုတင် ၁၀ လုံးပါ သီးသန့်ခန်းတစ်ခုရှိပြီး လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ထူးခြားဆန်းပြားတဲ့ ရောဂါတွေကို အဲဒီနေရာမှာ စမ်းသပ်ကုသခဲ့တာ ဖြစ်ပါတယ်။

    Ref : BBC, CNN

  • COVID-19 ဗိုင်းရပ်ကြောင့် အီရန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင်ပါ သေဆုံးသူရှိလာ (နောက်ဆုံးရသတင်းများ)

    COVID-19 ဗိုင်းရပ်ကြောင့် အီရန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင်ပါ သေဆုံးသူရှိလာ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀ (‌ည ၉ နာရီခွဲ)
    M-Media

    တရုတ်နိုင်ငံပြင်ပတွင် ရောဂါကူးစက်မှု အများဆုံးဖြစ်နေသည့် Diamond Princess ဇိမ်ခံသင်္ဘေ
    • တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဆက်လက်မြင့်တက်နေပြီး ဗုဒ္ဓဟူးနေ့မှာ ၁၁၄ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၂၁၁၈ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ကူးစက်မှုက တစ်ရက်အတွင်း ၁၇၄၉ မှု ရှိခဲ့ပြီး စုစုပေါင်း ၇၄၅၇၆ ဦး ရှိလာတာပါ။
    • အီရန်နိုင်ငံက ဘာသာရေးအထွဋ်အမြတ်နေရာ ကွမ်မြို့မှာ မနေ့က COVID-19 ဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ် ၂ ဦး တွေ့ရှိခဲ့တာကြောင့် အီရန်ကျန်းမာရေးအာဏာပိုင်တွေက ကွမ်မြို့မှာပြုလုပ်မယ့် ဘာသာရေး စုရုံးဝတ်ပြုမှုအားလုံးကို ရပ်ဆိုင်းဖို့ တိုက်တွန်းလိုက်ပါတယ်။ အီရန်မှာ ရောဂါကူးစက်နေတယ်လို့ အတည်ပြုနိုင်သူ ၅ ဦးရှိလာပြီး အဲဒီအထဲက ၂ ဦးဟာ သေဆုံးသွားပြီဖြစ်ပါတယ်။
    • COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတစ်ဦး သေဆုံးသွားတယ်လို့ တောင်ကိုရီးယားနိုင်ငံက ဒီကနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရောဂါကူးစက်နေသူအရေအတွက် သိသိသာသာ မြင့်တက်လာခဲ့ပြီး စုစုပေါင်း ၁၀၄ ဦးအထိ ရှိလာပါတယ်။ ကြာသာပတေးနေ့တစ်နေ့တည်းမှာပဲ ကူးစက်မှု ၅၃ ခုရှိခဲ့တာပါ။ နိုင်ငံအလယ်ပိုင်းက လူ ၂ သန်းခွဲလောက်ရှိတဲ့ ဒယ်ဂူးမြို့မှာ အဖြစ်အများဆုံးဖြစ်နေပြီး မြို့တော်ဝန်က လူတွေ မြို့ပြင်မထွက်ဖို့ တိုက်တွန်းထားပါတယ်။
    • ရောဂါနဲ့ပတ်သက်ပြီး သတင်းအချက်အလက်အမှားတွေ ပြန့်နှံ့တာက တိုက်ဖျက်ရေးလုပ်ငန်းကို ထိခိုက်စေတယ်လို့ ရောဂါစတင်ရာ ၀ူဟန်မြို့က အထူးဓာတ်ခွဲခန်း Wuhan Institute of Virology က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အင်တာနက် ကောလဟာတွေကိုသာ နယ်ပယ်စုံကလူတွေက အာရုံစိုက်နေကြ‌ပြီး ရှေ့တန်းမှာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေကို အကြီးအကျယ် ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ဗိုင်းရပ်စ်ပိုး တားဆီးတိုက်ဖျက်ရေး လုပ်ငန်းတွေ အလုပ်ဖြစ်နေတယ်လို့ လာအိုမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
    • ယိုကိုဟားမားမြို့မှာ ရှိနေတဲ့ Diamond Princess ဇိမ်ခံသင်္ဘောက ရောဂါကူးစက်နေသူ သက်ကြီးရွယ်အို ၂ ဦး သေဆုံးသွားတယ်လို့ ဂျပန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ လူပေါင်း ၃၇၀၀ လောက် လိုက်ပါလာတဲ့ အဲဒီသင်္ဘောမှာ ရောဂါကူးစက်နေသူ ၆၂၁ ဦး ရှိနေပြီး တရုတ်နိုင်ငံပြင်မှာ အများဆုံး ကူးစက်မှုလည်းဖြစ်ပါတယ်။

    Ref: Aljazeera

  • ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူရှိသည့် သင်္ဘောမှ လူများ ဆင်းခွင့်ပေးသည့် ဂျပန်လုပ်ရပ် ဝေဖန်ခံနေရ (နောက်ဆုံး ရသတင်းများ)

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူရှိသည့် သင်္ဘောမှ လူများ ဆင်းခွင့်ပေးသည့် ဂျပန်လုပ်ရပ် ဝေဖန်ခံနေရ (နောက်ဆုံး ရသတင်းများ)

    ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀
    M-Media

    • ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်္ဂါနေ့က တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၃၆ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၂၀၀၄ ဦး ရှိလာပြီဖြစ်ပါတယ်။ ကူးစက်မှုက ၁၇၄၉ ခုရှိခဲ့ပြီး ၇၄၁၈၅ ဦး ရှိလာတာဖြစ်ပါတယ်။ ရောဂါစတင်ဖြစ်ပွားတဲ့ ၀ူဟန်မြို့က ဆေးရုံအုပ်လည်း ဒီရောဂါကြောင့်ပဲ တနင်္လာနေ့မှာ သေဆုံးသွားခဲ့ပါတယ်။
    • ဗိုင်းရပ်စ်ပိုးပြန့်နှံ့မှု နောက်ဆက်တွဲအဖြစ် မြို့တွေကို တံခါးပိတ်ထားတာ၊ သွားလာမှု ကန့်သတ်ထားတာတွေကြောင့် တရုတ်နိုင်ငံဒေသတစ်ချို့က HIV ရောဂါ ဝေဒနာရှင်တွေဟာ လိုအပ်တဲ့ ဆေးဝါးတွေ ပြတ်လပ်တာ၊ လိုအပ်တဲ့ ကုသမှုတွေ မရတာ စတာတွေကို ကြုံတွေ့နေရတယ်လို့ UNAIDS အဖွဲ့က ပြောကြားလိုက်ပါတယ်။
    • ဟူဘေးပြည်နယ်က ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေးလုပ်ငန်းမှာ တိုးတက်မှုတွေ ရှိနေတယ်လို့ တရုတ်ဒုတိယဝန်ကြီးချုပ် ဆွန် ချွန်လန်က ပြောကြားခဲ့ပြီး အခြေအနေက ဆက်လက်ဆိုးရွားနေတုန်းပဲလို့ ဆိုပါတယ်။
    • နိုင်ငံအလယ်ပိုင်း ကွမ်မြို့မ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်နေသူ ၂ ဦးကို ပထမဆုံးတွေ့ရတယ်လို့ အီရန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အီရန်နိုင်ငံသားလား၊ တစ်ခြားနိုင်ငံသားလာဆိုတာနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ ရောဂါကူးစက်‌နေတယ်လို့ သံသယရှိသူ တစ်ချို့ကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်သူအရေအတွက်ဟာ အင်္ဂါနေ့တစ်ရက်တည်းမှာ ၃ ပုံ ၂ ပုံအထိ မြင့်တက်လာခဲ့ပြီး စုစုပေါင်းကူးစက်သူ ၅၁ ဦးအထိ ရှိလာပြီလို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့မတိုင်ခင်အထိ ၃၁ ဦးအထိ ရှိနေတာပါ။ ကူးစက်သူ ၂၀ မှာ ၁၆ ဦးက တောင်ပိုင်း ဒယ်ဂူးမြို့မှာ ဖြစ်ပါတယ်။
    • ဗိုင်းရပ်စ်ကူးစက်နေသူတွေရှိနေတဲ့ Diamond Princess ကမ္ဘာလှည့်ဇိမ်ခံသင်္ဘောက ခရီးသည်ရာချီ‌ လွှတ်ပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့လုပ်ရပ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်လိုက်ပါတယ်။ လူ ၃၇၀၀ ရှိတဲ့ အဲဒီသင်္ဘောမှာ ဗိုင်းရပ်စ်ကူးစက်သူဟာ အနည်းဆုံး ၅၄၂ ဦးရှိနေတာပါ။ ဂျပန်အာဏာပိုင်တွေကတော့ စစ်ဆေးပြီး ရောဂါပိုးမရှိသူတွေကို သင်္ဘောပေါ်ကနေ ဆင်းခွင့်ပေးခဲ့တာပါ။ အမေရိကန်ကတော့ ဂျပန်ရဲ့ ဒီလုပ်ရပ်ဟာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: Aljazeera

  • COVID-19 ဗိုင်းရပ်စ်ကူးစက်သူ ၈၀ ရာခိုင်နှုန်းက မစိုးရိမ်ရဟု WHO ပြော (နောက်ဆုံးရသတင်းများ)

    COVID-19 ဗိုင်းရပ်စ်ကူးစက်သူ ၈၀ ရာခိုင်နှုန်းက မစိုးရိမ်ရဟု WHO ပြော (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀ (ညနေ ၆ နာရီ)
    M-Media

    • တရုတ်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် ‌‌တနင်္လာနေ့က သေဆုံးသူ ၉၈ ဦး ရှိခဲ့ပြီး ကူးစက်သူက‌တော့ ၁၈၈၆ ဦး ရှိခဲ့ပါတယ်။ တစ်ရက်တာကူးစက်မှုဟာ ဇန်နဝါရီလကစလို့ ပထမဆုံးအကြိမ် ၂၀၀၀ အောက်ကို ကျဆင်းသွားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်‌ဘာနှောင်းပိုင်း ရောဂါ စတင်ပြန့်နှံ့စဉ်ကတည်းက တရုတ်နိုင်ငံမှာ လူသေဆုံးမှုဟာ စုစုပေါင်း ၁၈၆၈ ဦး ရှိလာပြီး ကူးစက်နေသူကတော့ ၇၂၄၃၆ ဦး ရှိလာပြီ ဖြစ်ပါတယ်။
    • ဗိုင်းရပ်စ်ပိုးကူးစက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အပျော့စားရောဂါတွေကိုသာ ခံစားခဲ့ရပြီး ရောဂါပျောက်ကင်ကြတယ်လို့ WHO က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ၅ ရာခိုင်နှုန်းလောက်ကသာ ကိုယ်တွင်းအင်္ဂါပျက်ဆီးတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားရတာလို စိုးရိမ်ရတဲ့ အနေအထား‌တွေ ဖြစ်ပေါ်နေတာလို့လည်း ဆိုပါတယ်။ လက်ရှိမှာ ဂျပန်နိုင်ငံဟာ HIV ပိုး ကုသတဲ့နည်းလမ်းနဲ့ COVID-19 ပိုးကူးစက်မှုကို ကုသဖို့ စီစဉ်နေပါတယ်။
    • ဂျပန်နိုင်ငံအနောက်ပိုင်းက ဆိပ်ကမ်းမြို့ ကိုဘေးက ကြက်ခြေနီ ဆေးရုံတစ်ခုမှာ မနေ့က ခွဲစိပ်ခန်းသုံး နှာခေါင်းစည်း ၆၀၀၀ လောက် အခိုးခံလိုက်ရပါတယ်။ COVID-19 ဗိုင်းရပ်စ်ပိုး ပြန့်နှံ့မှုနောက်ဆက်တွဲကြောင့် ဂျပန်နိုင်ငံမှာ နှာခေါင်းစည်းတွေ ပြတ်လက်မှုဖြစ်ပေါ်နေပြီး အွန်လိုင်းက ရောင်းချမှုတွေမှာလည်း စျေးတွေ အလွန်ကြီးမြင့်နေတာ ဖြစ်ပါတယ်။ ဆေးရုံတာဝန်ရှိသူတစ်ဦးက ဆေးရုံဂိုထောင်ကနေ နှာခေါင်းစည်းသေတ္တာ ၄ လုံး ပျောက်ဆုံးသွားတယ်လို့ ပြောကြားခဲ့ပါတယ်။
    • ပြင်သစ်ကျန်းမာရေးဝန်ကြီးသစ် အိုလီဗီယာ ဗီရန်က COVID-19 ရောဂါပြန့်ပွားမှုဟာ ကပ်ရောဂါသဖွယ် ဖြစ်လာနိုင်တဲ့အန္တရာယ် ကြီးကြီးမားမား ရှိနေတယ်လို့ ပြင်သစ်ရေဒီယိုတစ်ခုကို ပြောကြားခဲ့ပါတယ်။ မိမိတို့ကတော့ ဖြစ်နိုင်ချေအားလုံးအတွက် ပြင်ဆင်ထားပြီး ပြင်သစ်ကျန်းမာရေးစနစ်ကလည်း ကောင်းမွန်ပြည့်စုံတယ်လို့ ဆိုပါတယ်။
    • ထိုင်ဝမ်ကျွန်းကို ‌COVID-19 ဗိုင်းရပ်စ် ပြန့်နှံ့ရာနေရာတစ်ခုအဖြစ် WHO က သတ်မှတ်ထားတာကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Joanne Ou က ဝေဖန်လိုက်ပါတယ်။ ထိုင်ဝမ်ကျွန်းမှာ ဗိုင်းရပ်စ်ကူးစက်မှု ၂၂ ဦးသာရှိပေမယ့် တရုတ်ပြည်မကြီးနဲ့ပေါင်းကာ ရေတွက်တာကြောင့် ထိုင်ဝမ်ကျွန်းသားတွေကို အခြားနိုင်ငံတွေက ခရီးသွားလာခွင့် ကန့်သတ်ထားပါတယ်။ Joanne Ou က ထိုင်ဝမ်ကို တရုတ်က အုပ်ချုပ်တာမဟုတ်ဘဲ WHO အနေနဲ့ တရုတ်ရဲ့ ပြန်ပေးဆွဲမှုကို မခံရအောင်လုပ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
    • ဗိုင်းရပ်စ်ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝေဖန်ခဲ့တဲ့ ခြစားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ Xu Zhiyong ဟာ စနေနေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်ပါတယ်။ Xu Zhiyong ဟာ ဒီဇင်ဘာလကတည်းက ထွက်ပြေးနေရသူပါ။
    • ရောဂါပြန့်နှံ့မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက အလွန်အကျွံတုန့်ပြန့်မှုတွေ မလုပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။ ဒီပြဿနာကြောင့် နိုင်ငံတစ်ချို့မှာ အခြေခံစားသောက်ကုန်တွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ ပြတ်လတ်တာ၊ အခမ်းအနားတွေကို ဖျက်သိမ်းတာ၊ ကမ္ဘာလှည့်ခရီးသွားသင်္ဘောတွေ အဝင်မခံတာတွေ ဖြစ်ပေါ်နေတာပါ။ ‌WHO ဟာ ခရီးသွားလာမှု ကန့်သတ်တာမျိုး မလုပ်ဆောင်ဖို့ အရင်ကတည်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က အခြေအနေကိုလိုက်ပြီး တုန့်ပြန်မှုတွေ လုပ်ဆောင်သင့်ကြောင်း၊ ဝါလုံးသိမ်း လုပ်ဆောင်မှုတွေက အကျိုးဖြစ်ထွန်းမှာ မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • တရုတ်နိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်နေသူ ၇ သောင်းကျော်လာ (နောက်ဆုံးရ သတင်းများ)

    တရုတ်နိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်နေသူ ၇ သောင်းကျော်လာ (နောက်ဆုံးရ သတင်းများ)

    ဖေဖော်ဝါရီ ၁၇၊ ၂၀၂၀ (ည ၈ နာရီခွဲ)
    M-Media

    • တရုတ်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် တနင်္ဂနွေနေ့က လူ ၁၀၅ ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ ၁၇၇၀ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ကူးစက်သူဦးရေက ၇၀၅၄၈ ဦး ရှိ‌လာပြီး မနေ့က တစ်ရက်တည်းမှာတင် ကူးစက်သူ ၂၀၄၈ ဦးတွေ့ခဲ့တာပါ။ ရောဂါစတင်ရာ ဟူဘေးပြည်နယ်မှာလည်း ကိုယ်ပိုင်ကားတွေ လမ်းပေါ်မောင်းနှင်မှုကို ပိတ်ပင်လိုက်ပါတယ်။ ဟူဘေးပြည်နယ်တစ်ခုလုံးကို ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ထားတာဖြစ်ပြီး အခု ပိတ်ပင်မှုအသစ်က ရောဂါ မြန်မြန်ဆန်ဆန်ပြန့်နှံ့နေမှုကို တားမြစ်ဟန့်တားဖို့ ဖြစ်ပါတယ်။
    • နိုင်ငံအတွင်း နှာခေါင်းစည်းလိုအပ်ချက် မြင့်တက်နေမှုကို ဖြည့်ဆည်းပေးဖို့အတွက် တရုတ်အစိုးရဟာ ၆ ရက်အတွင်း နှာခေါင်းစည်းစက်ရုံတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ မနေ့က စတင်ဆောက်လုပ်ပြီး လာမယ့် စနေနေ့မှာ ပြီးစီးဖို့ မျှော်မှန်းထားတဲ့ အဲဒီစက်ရုံဟာ တစ်ရက်ကို နှာခေါင်းစည်း ၂ သိန်းခွဲလောက် ထုတ်လုပ်နိုင်ဖို့ လျာထားပါတယ်။
    • ဂျပန်နိုင်ငံ ရိုကိုဟားမားမြို့အပြင်ဘက် ရေပြင်မှာ သီးသန့် ဆိုက်ကပ်ထားပြီး လူ ၁၇၀၀ ကျော်လောက် လိုက်ပါလာတဲ့ Diamond Princess ကမ္ဘာလှည့် ဇိမ်ခံသင်္ဘောမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၄၅၄ ဦး ရှိလာပြီဖြစ်ပါတယ်။ ဒီသင်္ဘောဟာ တရုတ်နိုင်ငံအပြင်ဘက်မှာ ရောဂါကူးစက်မှုအများဆုံးနေရာ ဖြစ်လာပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ အမေရိကန်နိုင်ငံသား ၃၀၀ ကျော်ကို အမေရိကန်က လေယာဉ်နဲ့ ကယ်ထုတ်သွားပြီး အဲဒီအထဲက ၁၄ ဦးမှာ ဗိုင်းရပ်စ်ကူးစက်နေကြောင်း တွေ့ရတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဩစတေးလျကလည်း သင်္ဘောပေါ်က သူ့နိုင်ငံသား ၂၀၀ ကို ကယ်ထုတ်သွားပါတယ်။
    • ဟောင်ကောင်မှာ ဒီနေ့မနက်ပိုင်းက ဓားကိုင် လူတစ်စုဟာ အိမ်သာသုံးစက္ကူပို့ဆောင်တဲ့ကားကို ကြားဖြတ်လုယူမှု ဖြစ်ပွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဟောင်ကောင်မှာ အခြေခံစားသောက်ကုန်တွေ၊ လက်ဆေး ပိုးသတ်ဆေးရည်လို တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေ ပြတ်လတ်နေပါတယ်။ အိမ်သာသုံးစက္ကူ ပြတ်လတ်မှုကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး အစိုးရကတော့ မပြတ်အောင် စီစဉ်ပေးမယ်လို့ ပြောဆိုထားပါတယ်။
    • ၀ူဟန်ကနေ ပြန်ခေါ်လာပြီး ဖရန့်ဖတ်လေယာဉ်ကွင်းမှာ သီးသန့်ခွဲထားတဲ့ လူ ၁၀၀ ကျော်ကို ၂ ပတ်စောင့်ကြည့်ပြီးတဲ့နောက် ရောဂါမတွေ့ရတဲ့အတွက် မိသားစုထံ ပြန်လွှတ်ပေးလိုက်တယ်လို့ ဂျာမနီအာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပါကစ္စတန်မှာတော့ ၀ူဟန်မှာပိတ်မိနေတဲ့ ကျောင်းသားတွေကို အိမ်ပြန်ခေါ်ရေး အစိုးရကို ဖိအားပေးတဲ့ ဆန္ဒပြပွဲကို ကျောင်းသားမိဘတွေက ဦးဆောင်ပြုလုပ်နေပါတယ်။
    • တရုတ်နဲ့ ကပ်နေတဲ့ ထိုင်ဝမ်ကျွန်းမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် အသက် ၆၀ ကျော်အရွယ် တက္ကဆီယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး ဒါဟာ ထိုင်ဝမ်မှာ ပထမဆုံးသေဆုံးမှု ဖြစ်ပါတယ်။ အဲဒီအဖိုးအိုဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာကြောင့် ဖေဖော်ဝါရီ ၃ ရက်နေ့က ဆေးရုံ တင်လိုက်ရပြီး ပြီးခဲ့တဲ့ စနေနေ့ည‌ပိုင်းမှာ သေဆုံးခဲ့တာပါ။ မိသားစုက အဖိုးအိုဟာ နိုင်ငံရပ်ခြား သွားရောက်ခဲ့တာမရှိဘဲ တရုတ်ခရီးသွားတွေကို လိုက်ပို့ပေးတာသာ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
    • စင်ကာပူမှာတော့ COVID-19 ဗိုင်းရပ်စ် ကူးစက်နေသူ ၁၉ ဦးကို ဒီကနေ့မှာ ဆေးရုံဆင်းခွင့်ပေးလိုက်ပါတယ်။ ရောဂါဖြစ်ပွားသူ ၂ ဦးကို ထပ်တွေ့ခဲ့ရပြီး စုစုပေါင်း စင်ကာပူမှာ ဒီရောဂါကူးစက်သူ ၇၇ ဦး ရှိလာတာ ဖြစ်ပါတယ်။ အဲဒီထဲက ၂၄ ဦးကတော့ ရောဂါပျောက်ကင်းကာ ဆေးရုံကနေအ ဆင်းသွားနိုင်ပြီဖြစ်ပါတယ်။

    Ref: CNA, Aljazeera