စက်တင်ဘာ ၂၂၊ ၂၀၁၉
M-Media
ရန်ကုန်ဆိပ်ကမ်းမှ မြင်ကွင်း
-ရွှံ့ရေအပြည့်နဲ့ ရန်ကုန်မြစ်ကနေ မီတာအနည်းငယ်အကွာ မြစ်ကမ်းနဖူးက ခနော်နီ ခနော်နဲ့ နေရာလေးမှာ လက်ဖက်ရည်ဆိုင် ဖွင့်ထားတဲ့ မခင်သန်းမြင့်တစ်ယောက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာ ရန်ကုန်မြို့နဲ့ ဆက်သွယ်ပေးမယ့် တံတားကြီးကြောင့် ချမ်းသာလာတော့မယ်ဆိုတဲ့ အိပ်မက်တွေ မက်နေပါတယ်။
“မြန်လေ၊ ကောင်းလေပါပဲ” လို့ အသက် ၅၈ နှစ်အရွယ် ခင်သန်းမြင့်က ပြောကြားခဲ့ပါတယ်။ သူမရဲ့ လက်ဖက်ရည်ဆိုင်တည်ရှိရာ ဒလမြို့နဲ့ ရန်ကုန်မြို့တို့ကို ဆက်သွယ်ပေးမယ့် ကန်ဒေါ်လာ ၁၆၈ သန်းတန် တံတားအကြောင်းကို ပြောပြတာပါ။
ရန်ကုန်မြစ်ကိုဖြတ်ဆောက်မယ့် အဲဒီတံတားဟာ ၂၀၂၂ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပြီး မဖွံ့ဖြိုးသေးတဲ့ ဒလမြို့ကနေ ထောင်သောင်းချီတဲ့လူတွေ သင်္ဘောနဲ့ ဖြတ်ကူးရတဲ့ ဒုက္ခကို သက်သာစေမှာ ဖြစ်ပါတယ်။
ညဖက် သိပ်နောက်ကျတဲ့အတွက် နာမကျန်းသူတွေ ရန်ကုန်က ဆေးရုံတွေကို အချိန်မီမရောက်နိုင်တဲ့ ကိစ္စမျိုးတွေ ရှိနေတယ်လို့ မခင်သန်းမြင့်က ပြောပါတယ်။
ဒါပေမယ့် တံတားပြီးသွားရင်တော့ ရန်ကုန်ကို လမ်းလျှောက်သွားရုံပဲလို့ အပြုံးတစ်ပိုင်းနဲ့ သူက ဆိုပါတယ်။
ရန်ကုန်မြို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံနေတဲ့အချိန် ဒလမြို့က ပြည်သူတွေကတော့ အပြောင်းအလဲတွေကို မြစ်ကိုကျော်ပြီးသာ ရှုမြင်နေရတာပါ။
ကြယ်ငါးပွင့်ဟိုတယ်တွေ၊ တလက်လက်တောက်ပနေတဲ့ ရှော့ပင်းမောလ်တွေ၊ ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်တွေကို ရွှေတိဂုံစေတီတော်က ထွက်ပေါ်လာတဲ့ ရွှေအိုရောင် အလင်းနဲ့အတူ မိုးကုပ်စက်ဝိုင်းမှာ တွေ့မြင်နေရပါတယ်။
ဒလမြို့မှာတော့ စပါးခင်းတွေကြား ဆိတ်တွေ လျှောက်သွားနေတာ၊ ရန်ကုန်မှာတားမြစ်ထားတဲ့ ဆိုင်ကယ်တွေ၊ တုတ်တုတ်တွေနဲ့ အပေါက် တစ်ရာလောက်ရှိတဲ့ လမ်းတွေမှာ ရှောင်ကွင်း မောင်းနှင်ရတာတွေကိုသာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီကမ္ဘ္ဘာကြီးနှစ်ခုကို ဆက်သွယ်ပေးထားတာကတော့ ပုံမှန်ထွက်နေကြ ကူးတို့သင်္ဘောတွေ၊ သစ်သား သဗ္မာန်တွေသာ ဖြစ်ပါတယ်။
အနာဂတ်မှာ ရွှေအိုးထမ်းရမလား
ရာစုနှစ် တစ်ဝက်နီးပါးလောက် စစ်အုပ်ချုပ်ရေးစနစ် သက်ဆိုးရှည်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ စတင်ပွင့်လင်းလာပါတယ်။
နောက်ထပ် ၇ နှစ်အတွင်း ရန်ကုန်မှာ တစ်နိုင်ငံလုံးက ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ထက်ဝက်နီးပါး ကန်ဒေါ်လာ ၂၅.၈ ဘီလီယံလောက် ၀င်လာခဲ့တယ်လို့ PricewaterhouseCoopers အဖွဲ့က ပြောပါတယ်။
လူနေမှုအဆင့်အတန်းတွေ မြင့်မားလာပေမယ့် နိုင်ငံရဲ့ လူဦးရေ ၃ ပုံ ၁ ပုံလောက်ကတော့ ဆင်းရဲတွင်းထဲမှာ နစ်နေကြပြီး၊ အခြေခံအဆောက်အဦးတွေ မပြည့်စုံသလို၊ တိုင်းပြည်ရဲ့ နေရာတော်တော်များများမှာလည်း ပဋိပက္ခတွေ ဖြစ်နေပါတယ်။
ရန်ကုန်မှာ တိုးတက်ဖွံ့ဖြိုးလာတာကြောင့် သင်္ဘောတွေ ဥဒဟိုသွားလာနေတဲ့ ရန်ကုန်မြစ်ထဲမှာ သဗ္မာန်နဲ့ ခရီးသည်တွေ ပို့ဆောင်ပေးနေရသူတွေ အပါအ၀င် ဒလမြို့မှာနေထိုင်သူ တော်တော်များများအတွက် အလုပ်အကိုင်တွေလည်း ပွင့်လာပါတယ်။
၁၄ နှစ်လုံးလုံး သဗ္မာန်မောင်းခဲ့တဲ့ ကိုအောင်မျိုးဝင်းက တံတားသစ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။
တံတားကြောင့် သူအပါအ၀င် အခြား သဗ္မာန်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်မယ်ဆိုတာကိအသက် ၄၅ နှစ်အရွယ်သူက သိနေပေမယ့် ပိုကောင်းတဲ့အနေအထားကို သူက မြင်နေပါတယ်။
“တံတားက ပြည်သူတွေအတွက်ပါ။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့လည်း စွန့်လွှတ် စတေးပေးရမှာပေါ့ဗျာ” လို့ တံတားတည်ဆောက်ရေးစီမံကိန်းအနီးက သင်္ဘောဆိပ်မှာ ကိုအောင်မျိုးဝင်းက ပြောကြားခဲ့ပါတယ်။ ဒီတံတားကို တောင်ကိုရီးယားက ငွေကြေး ထောက်ပံ့မှုနဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ တောင်ပိုင်းခရိုင်တွေဟာ စိမ့်မြေတွေဖြစ်တာကြောင့် မြောက်ဖက်ကျတဲ့အပိုင်းတွေမှာ ပိုပြီး တိုးတက်အောင် လုပ်ဆောင်ကျတာလို့ Asia Foundation က မြို့ပြရေးရာ ကျွမ်းကျင်သူ ဒေးဗစ်နေးက ပြောကြားခဲ့ပါတယ်။
“ဒလကလည်း ဆိုင်းငံ့ဒေသထဲမှာ ပါဝင်ပါတယ်”
ဒါပေမယ့် ဒီအခြေအနေဟာ အခုအချိန်မှာတော့ ပြောင်းလဲစ ပြုလာပါပြီ။
တောင်ကိုရီးယားနဲ့ တရုတ်တို့က ငွေကြေးထောက်ပံ့ပေးမယ့် ကြီးမားတဲ့ စက်မှုဇုန်ကြီးတစ်ခုကိုရန်ကုန်မြစ်ရဲ့ တောင်ဖက်နဲ့ အနောက်ဖက်မှာ တည်ဆောက်ဖို့အတွက် စဉ်စားမှုတွေလည်း ရှိလာပါတယ်။
ဒါပေမယ့် တစ်ချို့တွေကတော့ ဒီလို အလျင်အမြန် တိုးတက်ပြောင်းလဲမှုတွေ တကယ်ဖြစ်လာမလား ဆိုတာကို စောင့်ကြည့်နေကြပါတယ်။
ရန်ကုန်မြို့မှာ တက္ကဆီမောင်းနေတဲ့ အသက် ၆၈ နှစ်အရွယ် ဦးချစ်ညွန့်က ရန်ကုန်မြစ် မြောက်ဖက်ကမ်းမှာ လူချမ်းသာတွေက ပိုပိုချမ်းသာလာကြပြီး ဆင်းရဲသားတွေကလည်း ပိုမိုဆင်းရဲလာကြတယ်လို့ ဆိုပါတယ်။
“အိမ်ခန်းငှားခမြင့်တာ၊ ကုန်ဈေးနှုန်း ကြီးတာတွေကြောင့် လူတွေဟာ လောက်ငှဖို့တောင် မနည်းလုပ်နေရပါတယ်”
ဒလက မခင်သန်းမြင့်ကတော့ တံတားသစ်အပေါ် မျှော်လင့်ချက်ကြီးကြီး ထားနေပါတယ်။
“အိမ်လေးတစ်လုံး ကောင်းကောင်းလေးဆောက်ချင်တယ်။ ရန်ကုန်မှာလို စားသောက်ဆိုင် ကြီးကြီးနဲ့ တစ်ခြားဆိုင်လေးတွေလည်း ဖွင့်ချင်ပါတယ်”
Ref: AFP
(AFP သတင်းဌာနတွင် ဖော်ပြထားသည့် Bridging the gap: Yangon’s boom falls short across river ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)