News @ M-Media

ရေကြီးမြေပြိုမှုကြောင့် နိုင်ငံတစ်ဝှမ်း လူ ၂ သိန်း အိုးအိမ်စွန့်ခွာခဲ့ရ

သြဂုတ် ၂၁၊ ၂၀၁၉
M-Media

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရေကြီးနေသည့် မြင်ကွင်း (Photo Credit – mmtimes)

-အခုနှစ် ဇွန်လ ၂၅ ရက်နေ့ကစလို့ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် ၈၂ ဦး သေဆုံးပြီး လူ ၂ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ မြန်မာအစိုးရ အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်ကို မွန်ပြည်နယ်က အဆိုးဝါးဆုံး ခံစားခဲ့ရပြီး ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ တစ်ခုတည်းမှာတင် မြေပြိုမှုကြောင့် အနည်းဆုံး ၇၃ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနဟာ ဧရာဝတီမြစ်၊ ဘီးလင်းမြစ်၊ လေးမြို့မြစ်နဲ့ ချင်းတွင်းမြစ်တစ်ဝိုက်က ဒေသတွေမှာ ဇူလိုင်လ ၁၀ ရက်နေ့ကတည်းကစလို့ ရေကြီးရေလျှံမှု သတိပေးချက် ထုတ်ပြန်ထားတာပါ။

စစ်တောင်းမြစ်၊ ရွှေကျင်မြစ်နဲ့ သံလွင်မြစ်က မြစ်ရေတွေဟာလည်း စိုးရိမ်ရေအမှတ်နားကို ရောက်ရှိလာပြီး လာမယ့်ရက်အနည်းငယ်အတွင်း နေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။

“ကမ်းရိုးတန်းဒေသတွေမှာ မိုးနှောင်းပိုင်းအထိ မိုးတွေ ဆက်ရွာနေအုံးမှာပါ” လို့ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောကြားခဲ့ပါတယ်။

ရေပြန်ကျသွားပြီဖြစ်တာကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့က ယာယီ ကယ်ဆယ်ရေးစခန်းတွေကို ပိတ်နိုင်ခဲ့ပေမယ့် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာတော့ ဆက်လက်ဖွင့်ထားရပါတယ်။

Ref : mmtimes

(Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)