News @ M-Media

Tag: Yangon

  • ၂၀၁၄ အာဆီယံပြည်သူ့ ဖိုရမ်ကျင်းပရန် အဆင်သင့်ဖြစ်ပြီဟု ဖြစ်မြောက်ရေး ကော်မတီပြော

    ၂၀၁၄ အာဆီယံပြည်သူ့ ဖိုရမ်ကျင်းပရန် အဆင်သင့်ဖြစ်ပြီဟု ဖြစ်မြောက်ရေး ကော်မတီပြော

    မတ် ၆၊ ၂၀၁၄
    M-Media
    လမင်း

    DSC00008

    ရန်ကုန်။        ။ ၂၀၁၄ အာဆီယံပြည်သူ့ဖိုရမ်ကို မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ရုံးခန်းတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အာဆီယံပြည်သူ့ဖိုရမ်ကို ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတရေးနှင့် အာဆီယံလူထုသွေးစည်းညီညွှတ်မှုမြင့်မားရေး တို့အတွက်ကျင်းပရခြင်းဖြစ်သည်။ အာဆီယံပြည်သူ့ဖိုရမ်ကျင်းပရခြင်းသည် အာဆီယံဒေသအတွင်းရှိဒေသများအားလုံးမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများအသီးသီး၏ အသံများကိုစုစည်းတင်ပြနိုင်ရန်ဖြစ်သည်။

    “ကျွန်မတို့ ၂၀၁၃ သြဂုတ်လကစပြီး အာဆီယံနိုင်ငံများနဲ့ ဦးဆောင်ကော်မတီဖွဲ့ထားပါတယ်။ ဒီဖိုရမ်ကိုပြည်သူတွေပါဝင်သင့်ပါတယ်။ ဒီပွဲမှာရလာတဲ့ ပြည်သူတွေရဲ့အသံတွေကို နိုင်ငံရဲ့ခေါင်းဆောင်တွေဆီကိုတင်ပြသွားမှာပါ။ ဖိုရမ်မှာရလာတဲ့ Statement ကို အာဆီယံနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကိုလည်းတင်ပြပြီးတော့ လုပ်ဆောင်ရမဲ့အရာတွေကိုလည်း တိုက်တွန်းသွားမှာပါ။ ရလာတဲ့ Statement ကိုပြည်သူတွေဆီကိုလည်းချပြသွားမှာဖြစ်ပါတယ်” ဟုအာဆီယံဖိုရမ်ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ ဥက္ကဌဖြစ်သူ ဒေါ်မေမေပြုံးကပြောကြားခဲ့သည်။

    မတူတဲ့နိုင်ငံတွေကိုစုစည်းထားပြီး ရရှိလာမဲ့ ဆွေးနွေးချက်များကို အကောင်ထည်ဖော်နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံများမှလာရောက်မည့်သူများမှလည်း ၎င်းဖိုရမ်တွင် လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှု၊ ဖွံ့ဖြိုးမှု အစရှိသည်တို့ကိုဆွေးနွေးပွဲများတွင်ဆွေးသွားကြမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ၃၀ ကျော်ထိပြုလုပ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

    ၂၀၁၄ အာဆီယံပြည်သူ့ဖိုရမ်ကို မြန်မာနိုင်ငံနှင့် အရှေ့တီမောအပါအ၀င် အာဆီယံဒေသတစ်ဝှမ်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ အပြင် မြန်မာနိုင်ငံရှိ အခြားသောနိုင်ငံများ၏ သံရုံးကိုယ်စားလှယ်များ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ စုစုပေါင်း ၁၂၀၀ခန့်တက်ရောက်နိုင်ရန် အာဆီယံပြည်သူ့ဖိုရမ်ဖြစ်မြောက်ရေးကော်မတီမှ မျှော်မှန်းထားကြောင်း သိရပါသည်။

    အာဆီယံအရပ်ဖက်လူမှုအဖွဲ့အစည်းညီလာခံ/ အာဆီယံပြည်သူ့ဖိုရမ်ကို ၂၀၁၅ ခုနှစ်မှစတင်ကာ မလေးရှားနိုင်ငံမှစတင်ကျင်းပပြုလုပ်ခဲ့သည်။ အာဆီယံပြည်သူ့ဖိုရမ်ကို အာဆီယံထိပ်သီးညီလာခံများကျင်းပရာနိုင်ငံများတွင်ကျင်းပခဲ့ရာ ယခုနှစ်တွင် မြန်မာနိုင်ငံသည်အလှည့်ကျ အာဆီယံ ဥက္ကဌရာထူးကိုထမ်းဆောင်ခွင့်ရသောကြောင့် အာဆီယံပြည်သူ့ဖိုရမ်ကို မြန်မာနိုင်ငံတွင်ပြုလုပ်ကျင်းပရခြင်းဖြစ်သည်။

  • CNG ဂတ်စ်အိုးလျောက်ထားမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုမရှိပါဘူး ဟု မ.ထ.သ (ဗဟို)ဥက္ကဌပြော

    CNG ဂတ်စ်အိုးလျောက်ထားမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုမရှိပါဘူး ဟု မ.ထ.သ (ဗဟို)ဥက္ကဌပြော

    မတ် ၅၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်   ။        ။ ယာဉ်ပိုင်ရှင်များမှ CNG ဂတ်စ်အိုးလျောက်ထားမှုနဲ့ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာနကို  မ.ထ.သ (ဗဟို)မှ ကန့်ကွက်ထားသည်ဟု ပြောဆိုနေသည်ကို မ.ထ.သ (ဗဟို)အနေနဲ့ကန့်ကွက်ထားမှုမရှိပါဘူး၊ ကန့်ကွက်ရမဲ့အကြောင်းလဲမရှိပါဘူး ဟုမ.ထ.သ (ဗဟို)ဥက္ကဌ ဦးလှအောင်ကပြောကြားခဲ့သည်။

    “CNG ဂတ်စ်လျောက်ထားမှုကို မ.ထ.သ ကကားတွေဆိုရင် ထောက်ခံပေးပါလို့ စွမ်းအင်ဝန်ကြီးဌာနက ကျွန်တော်တို့ကိုပြောခဲ့တယ်။ ဒါပေမဲ့ ၂၆-၆-၂၀၁၃ နောက်ပိုင်းမှာလာလျှောက်တဲ့ကားတွေကိုတော့ ဆက်ပြီးလက်မခံတော့ဖို့ပြောခဲ့တယ်။ ဘတ်စ်ကားတွေကိုပဲ အဓိကဦးစားထားပေးမယ်လို့ ဇွန်လ ၉ ရက်နေ့မှာ ညွှန်ကြားခဲ့တယ်။ အဲဒီနောက်ကစပြီး ကျွန်တော်တို့အနေနှင့်ရပ်ဆိုင်းထားတာပါ။ ကန့်ကွက်ခဲ့တာမရှိပါဘူး” ဟု ဦးလှအောင်ကပြောကြားခဲ့ပါသည်။

    ရန်ကုန်မြို့အတွင်း ယာဉ်စီးရေများပြားခြင်းကြောင့် ယာဉ်တိုက်မှုများလျော့ချခြင်းကို ဦးစားပေးလုပ်ဆောင်နေသောအချိန်ဖြစ်သောကြောင့် လူဦးရေအများအပြားသယ်ဆောင်နိုင်သော ဘတ်စ်ကားများ၏ CNG ဂတ်စ်လျောက်ထားမှုကို အဓိကဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကားဟောင်းများအပ်ပြီး TAXI ယာဉ်များကိုလျှောက်ထားသောယာဉ်ပိုင်ရှင်များ CNG လျောက်ထားမှုကို မ.ထ.သ ၏ ကန့်ကွက်မှုဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ ကန့်ကွက်ထားကြောင်းကို သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

  • မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်ပွဲ ရွေ့ဆိုင်း

    မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်ပွဲ ရွေ့ဆိုင်း

    မတ် ၄၊ ၂၀၁၄
    M-Media
    လမင်း

    DSC02557

    ရန်ကုန် ။       ။  မြန်​မာနိုင်​ငံငါးလုပ်​ငန်းအဖွဲ့ချုပ်​၏ ၂၀၁၄-၂၀၁၆ ဆဌမသက်​တမ်းအတွက်​ အလုပ်​အမှု​ဆောင်​များ ​ရွေးချယ်​တင်​​မြောက်​ပွဲနှင့်​ (၁၅) ကြိမ်​​မြောက်​ နှစ်​ပတ်​လည်​အစည်းအ​ဝေးကို အ​ကြောင်းမညီညွတ်​၍ ရက်​​ရွေ့ဆိုင်းလိုက်​​ကြောင်း မြန်​မာနိုင်​ငံငါးလုပ်​ငန်းအဖွဲ့ချုပ်က ပြောကြားခဲ့သည်​။

    ၎င်းနှစ်ပတ်လည်အစည်းအ​ဝေးနှင့် ရွေးချယ်တင်မြောက်ပွဲကို ၂၀၁၄ခုနှစ်​ မတ်​လ ၈ ရက်​​နေ့တွင်​ကျင်းပရန်​ ယခင်​က စီစဉ်​​ဆောင်​ရွက်ထား​သော်​လည်း အကြောင်းအမျိုးမျိုး၊ အ​ခြေအ​နေအမျိုးမျိုး​ကြောင့်​​ရွေ့ဆိုင်းခဲ့ရ​ကြောင်း သိရသည်​။

    “ကျွန်​​တော်​တို့မှာအခက်​အခဲ​လေး​တွေရှိ​နေပါတယ်​။ အမှု​ဆောင်​​ရွေးချယ်​ဖို့ကလည်း ​ရွေးမှာက ၅၅ ​ယောက်​ပဲ အခုရှိ​နေတာက ၈၃ ​ယောက်​ဖြစ်​​နေတယ်​။ ကျွန်​​တော်​တို့လည်း​ရွေးရခက်​​နေတာပဲ။ ဥက္ကဌ​နေရာလည်းအဲလိုပဲ များ​နေတယ်​။ ​သေချာစိစစ်​ပြီးမှ ​ရွေးချယ်​သွားမှာပါ။ လူ​ရွေးဖို့ကလည်း လွယ်တဲ့အလုပ်မဟုတ်ပါဘူး၊ တာဝန်​ကြီးပါတယ်​” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒေါက်တာ သန်းလှ က ​ပြောကြားခဲ့ပါသည်​။

    အလုပ်​အမှု​ဆောင်​​ရွေးချယ်​တင်​​မြောက်​ပွံနှင့်​ နှစ်​ပတ်​လည်​အစည်းအ​ဝေးကျင်းပမည့်ရက်​​ရွေ့ဆိုင်းခြင်းကို အချိန်​အကန့်​အသတ်​မရှိ​ရွေ့ဆိုင်းထားပြီး ကျင်းပမည့်​​နေ့ရက်​ကို အတည်​ပြုသတ်​မှတ်​ပြီးမှသာ ​ကြေငြာမည်​ဖြစ်​​ကြောင်း သိရပါသည်​။

  • လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတင်း ညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပမည်

    လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတင်း ညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပမည်

    မတ် ၁၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်

    ရန်ကုန်   ။     ။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပမည်ဖြစ်သော East-Wast Centre ၏လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံကို ၂၀၁၄ မတ်လ ၁၀ ရက်မှ ၁၂ ရက်နေ့ထိ ရန်ကုန်မြို့ ကုန်သည် စက်မှု အသင်းချုပ် UMFCCI တွင်ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။

    ထိုအပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံကို နိုင်ငံပေါင်း ၃၀ကျော်မှ သတင်း မီဒီယာသမားများ ၃၀၀ ကျော် တက်ရောက်မည်ဖြစ်ပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်၏ စိန်ခေါ်မှုများကို အဓိကဆွေးနွေးသွားမည်ဖြစ်ပြီး သတင်း စုဆောင်းခြင်း နည်းဗျူဟာများဆိုင်ရာ အသိအမြင်များကို ဆွေးနွေးဖလှယ် သွားမည်ဖြစ်ပါသည်။

    ၎င်း သတင်းမီဒီယာ ညီလာခံတွင် ဟောပြောမှုများ အပြင် ကဏ္ဍအလိုက် အပြန်အလှန် သင်ယူနိုင်ရန် အတွက် အလုပ်ရုံဆွေးနွေးပွဲများကိုပါ ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

    ဆွေးနွေးပွဲအကြိုနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ်မှလည်း တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

    သတင်းမီဒီယာ ပထမအကြိမ် ညီလာခံကို ၂၀၀၈ ခုနှစ်တွင် ဘန်ကောက်မြို့၌ လည်းကောင်း၊ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၀တွင် ဟောင်ကောင်၌ လည်းကောင်း၊ တတိယအကြိမ် ညီလာခံကို ဆိုးလ်မြို့တွင် ၂၀၁၀ ၌ကျင်းပခဲ့ပြီး ယခု စတုထ္ထ အကြိမ်၌ မြန်မာနိုင်ငံတွင်ကျင်းပသွားမည်ဖြစ်ပါသည်။

  • CNG ဂတ်စ်အိုးလျောက်ထားမှုကို ဆက်လက် ဆိုင်းငံ့ထားပါက ယာဉ်ပိုင်ရှင်များမှ ဆန္ဒဖော်ထုတ်သွားမည်ဟုပြော

    CNG ဂတ်စ်အိုးလျောက်ထားမှုကို ဆက်လက် ဆိုင်းငံ့ထားပါက ယာဉ်ပိုင်ရှင်များမှ ဆန္ဒဖော်ထုတ်သွားမည်ဟုပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄
    M-Media
    လမင်း

    DSC02381

    ရန်ကုန်  ။      ။ CNG ဂတ်စ်အိုးလျောက်ထားမှုကို စွမ်းအင်ဝန်ကြီးဌာနမှ ကာလကြာမြင့်နေသော်လည်း တိကျစွာ အကြောင်းပြန်ခြင်း မရှိသောကြောင့် ယခုသတင်းစာ ရှင်းလင်းပွဲပြုလုပ်သည့်နေ့ရက်မှ နှစ်ပတ်အကြာတွင် နိုင်ငံတော် သမ္မတကြီးထံသို့ စာတင်ပြီး ဆန္ဒဖော်ထုတ်မှုကိုပါပြုလုပ်သွားမည် ဖြစ်ကြောင်း CNG လျောက်ထားသော ယာဉ်ပိုင်ရှင်များမှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ ဂျာနယ်လစ် ရုံးခန်းတွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ယာဉ်အိုယာဉ်ဟောင်း အပ်နှံသော စီမံချက်အရ CNG သဘာဝ ဓာတ်ငွေ့သုံး ယာဉ်များကို ခရီးသည်တင် ယာဉ်လိုင်းများပြေးဆွဲလျက်ရှိသည့် ယာဉ်ပိုင်ရှင် အမည်တူမော်တော်ယဉ်များသို့ ပြောင်းလဲ တပ်ဆင်ခွင့် အတွက် CNG လျောက်ထားမှုကို ခွင့်ပြုခဲ့သဖြင့် ယာဉ်ပိုင်ရှင်များက ငွေကုန်ကြေး ကျခံရာ ၁ နှစ် နီးပါးရှိသည့် အထိ စွမ်းအင် ၀န်ကြီးဌာနမှ ယာဉ်ပိုင်ရှင်များထံသို့ အကြောင်း တစ်စုံတစ်ရာပြန်ခြင်း မရှိခဲ့ကြောင်း သိရပါသည်။

    “ကျွန်တော်တို့မှာ ကုန်ကျစရိတ်တွေ အများကြီးရှိပါတယ်။ အတူ တင်ထားတဲ့ လူတွေလည်း ရချင်တဲ့လူရတယ်။ အချက်လက်တွေလည်းပြည့်စုံပါတယ်။ သူတို့ပြည့်စုံလို့ လက်မှတ်ရေးထိုးပေးထားတာ။ ဒီ CNG ကိစ္စက မ.ထ.သ နဲ့ဘာမှ မပတ်သက်ပါဘူး။ မ.ထ.သ ကအပြင် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ အခုတော့ မ.ထ.သ ဟာ စွမ်းအင်ဝန်ကြီးဌာနကို အုပ်စိုးနေသလိုဖြစ်နေတယ်။ အစိုးရအဆင့်ကို မ.ထ.သ က ကန့်ကွက်နေတာပါ။ မ.ထ.သ က ကန့်ကွက် လို့  စွမ်းအင် ၀န်ကြီးက ဆိုင်းငံ့ ထားပါတယ်လို့ ပြောပါတယ်” ဟု လျောက်ထားသူ ယာဉ်ပိုင်ရှင်တစ်ဦးကပြောကြားခဲ့သည်။

    ဆီနဲ့မောင်းရင် ကားသမားတွေ အနေနှင့် မကိုက်ကြောင်း၊ CNG လျောက်ထားမှုသည် ၃၅ သိန်း ၀န်းကျင် ကုန်ကျခံရပြီး အချိန်အားဖြင့်လည်း အများကြီး စောင့်ဆိုင်းထားရကြောင်း ယာဉ်ပိုင်ရှင်များမှ ပြောကြားခဲ့သည်။