News @ M-Media

Tag: Yangon

  • အားကစားကွင်းပြန် မရပါက လမ်းလျောက် ဆန္ဒဖော်ထုတ် သွားမည်ဟုဆို

    အားကစားကွင်းပြန် မရပါက လမ်းလျောက် ဆန္ဒဖော်ထုတ် သွားမည်ဟုဆို

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    M-Media
    လင်းလင်း

    ရန်ကုန်   ။     ။ ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၂၉- ရပ်ကွက်ရှိ နွယ်သာကီလမ်းနှင့် နှစ်လမ်းထောင့်တွင်ရှိသည့် အားကစား ကွင်းတွင် Three Friends ဆောက်လုပ်ရေးကုမ္မဏီက  အိမ်ယာများဆောက်လုပ်ရန်ပြင်ဆင်နေမှုကို ရပ်ကွက်နေပြည်သူများက ကန့်ကွက်ခဲ့ ပြီး မြေနေရာပြန်လည်ရရှိရေးအတွက် လမ်းလျောက်ဆန္ဒဖော်ထုတ်သွားမည်ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    “အရင်က အားကစားကွင်း နှစ်ကွင်းရှိတယ် တစ်ကွင်းကိုတော့ ဘယ်ဌာနကိုရောင်းလိုက်လဲမသိဘူး။ အိမ်ယာတွေဆောက်လိုက်ကြတယ်။ အခုကျန်သေးတဲ့တစ်ကွင်းကလည်း နိုင်ငံတော်ရဲ့နေ့ကြီးရက်ကြီးတွေနဲ့ တရားပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ ကလေးတွေ ကစားနေတဲ့ နေရာလေး ဖြစ်တယ်။ အခုလိုထပ်လုပ်မယ်ဆိုရင် နှစ်ကွင်းလုံးဆုံးရှုးသွားမယ်။ ဒါကြောင့်ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်တယ်။ သက်ဆိုင်ရာကိုလည်း ခွင့်ပြုမိန့်တင်ရဦးမှာဆိုတော့ ရက်တော့အတိအကျပြောလို့မရသေးဘူး” ဦးမြင့်သန်းကပြောသည်။

    အားကစားကွင်းပြန်လည်ရရှိရေးအတွက် နိုင်ငံတော်သမ္မတကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ တရားဥပဒေ စိုးမိုးရေးကော်မတီ၊ ရန်ကုန်မြို့တော်ဝန် နှင့် အခြားသက်ဆိုင်ရာဌာနများသို့ ရပ်ကွက်နေပြည်သူများမှလတ်မှတ်ရေးထိုးကာ တင်ပြ တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိကြောင်း သိရပါသည်။

  • မြန်မာနိုင်ငံသည် အာရှတွင် အရေးပါသောဈေးကွက်များထဲမှ တစ်ခုဖြစ်လာ

    မြန်မာနိုင်ငံသည် အာရှတွင် အရေးပါသောဈေးကွက်များထဲမှ တစ်ခုဖြစ်လာ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC02305

    ရန်ကုန်  ။        ။ စင်ကာပူအခြေစိုက် United Overseas Bank (UOB) သည် “မြန်မာနိုင်ငံ၏အလားအလာများကိုဖွင့်လှစ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို အာရှလုပ်ငန်းရှင်စီးပွားရေး ၂၀၀ ကျော်နှင့် ပထမတန်း လုပ်ငန်းရှင်များ၊ ပညာရှင်များမှ လာမည့် အပတ်တွင် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရပါသည်။

    “မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အာရှကရော ကမ္ဘာ့တလွှားက စီးပွားရေးလုပ်ငန်းရှင်တွေကို ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ် နေပါတယ်။ အာရှမှာတော့ မြန်မာနိုင်ငံဟာ ရင်းနှီးမြုပ်နှံမှုတွေအတွက် အကောင်းဆုံးနေရာပဲဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တည်နေရာ အနေ အထားနဲ့ လူဦးရေသန်း ၆၀ လောက်ဟာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့နဲ့ ဖောက်သည်တွေရနိုင်ဖို့ အခွင့်အလမ်းကောင်းပဲဖြစ်ပါတယ်” လို့ UOB ၏ အမှုဆောင်ဒါရိုက်တာနှင့် FDI အကြံပေးအဖွဲ့ခေါင်းဆောင် Mr.Cheong ကပြောကြားခဲ့သည်။

    UOB ၏အာရှဒေသအတွင်း ရေရှည်လုပ်ငန်းဆောင်ရွက်လာသည်မှာ နှစ်ပေါင်း ၈၀ ခန့်နီးပါးရှိပြီဖြစ်သည်။ ၎င်းသည် အရှေ့တောင် အာရှအတွင်း များစွာသော ဘဏ်ခွဲများကိုဖွင့်လှစ်ပြီး ဖောက်သည်များကို ဒေသအသီးသီးမှဆက်သွယ်ဆောင်၇ွက်ပေးခဲ့သည်။ မြန်မာနိုင်ငံ တွင်လည်း ၁၉၄၈ မှစတင်ကာ ကိုယ်စားလှယ်ရုံးခွဲထားရှိခဲ့သည်။  တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ နှင့် ထိုင်းနိုင်ငံတို့ တွင်လည်း ရုံးခွဲများဖွင့်လှစ်ထားလျက်ရှိသည်။

    “ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ဥပဒေဘောင်ထဲကနေပဲပြုလုပ်သွားဖို့ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးတွေကိုလည်း အဓိကထား ပြုလုပ် နေပါတယ်။ မြန်မာနိုင်ငံဟာ အာမခံချက်ပေးနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့တွေလည်း ရှိပါတယ်။ စီးပွားရေးကိုအခြေခံပြီး ဖွံ့ဖြိုးတိုးတက်အေင် ကျွန်တော်တို့နိုင်ငံကို ဆောင်ရွက်နေပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ကျွန်တော်တို့ ဖွင့်ပေးထားပါတယ်” စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတ်ယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းကပြောကြားခဲ့ပါသည်။

    မြန်မာနိုင်ငံသည် ယခုအခါတွင် အာရှ၌ အရေးပါသောဈေးကွက်များထဲမှတစ်ခုဖြစ်ပါသည်။ အာရှဒေသတွင်းမှ စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အနာဂတ်အလားအလာကို များစွာယုံကြည်စိတ်ချနေလျက်ရှိကြောင်းသိရပါသည်။

  • ပုဒ်မ ၄၃၆ အရင်ဆုံးစပြင်ရန်လိုဟု ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ကိုမိုးဃ်းသွေးပြော

    ပုဒ်မ ၄၃၆ အရင်ဆုံးစပြင်ရန်လိုဟု ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ကိုမိုးဃ်းသွေးပြော

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    ရန်ကုန် ။         ။           လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား သမ္မတ မဖြစ်စေရန် ရည်ရွယ်၍ ကန့်သတ်ပြဌာန်းထားသော ပုဒ်မ ၅၉(စ) ၊ ပုဒ်မ ၅၉(ဃ) အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၂၃ရက်နေ့က ညနေ ၃နာရီမှ ၆နာရီထိ တာမွေမြို့နယ် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကွန်ရက်မှ ကျင်းပ ပြုလုပ်ခဲ့သည်။

    “ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စ လယ် ဆုံး တစ်အုပ်လုံး ပြင်ဖို့ လိုလားပါတယ်။ သို့သော် အခြေအနေနဲ့ အချိန်အခါအရ တတ်နိုင်တဲ့ အပိုင်းတွေမှာ ပြင်ဆင်သွားဖို့က လက်တွေ့ကျတယ်လို့ ယူဆပါတယ်။ ပထမဆုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မ ၄၃၆ ကိုအရင်ဆုံး စပြင်ဖို့လိုပါတယ်” ဟု နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သော ကိုမိုဃ်းသွေး M-Media သို့ပြောသည်။

    ယင်းပွဲတွင် အရပ်သား သမ္မတဖြစ်ခွင့် တားမြစ်ထားသော ပုဒ်မ ၅၉(စ) ၊ ပုဒ်မ ၅၉(ဃ) အလိုမရှိ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ တိုင်းရင်းသား တစ်ရပ်လုံး ကိုယ်စားပြု အခြေခံဥပဒေ ပေါ်ပေါက်ရေး အစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

    “ပြည်သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ အခြေခံဥပဒေက ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပါဝင်တာပါ။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သပ်ပြီး နေရာဒေသ အသီးသီးမှာ ပွဲတွေ အများကြီး လုပ်တယ်။ ဒါပေမယ့် ပြည်သူလူထုက မရိုးအီသွားဘဲ တခဲနက် အားကောင်း မောင်းသန် ပါဝင်နေကြတာကို တွေ့မြင်ရမှာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်သင့်တယ်ဆိုတာ အစိုးရအနေနဲ့ သတိပြုသင့်ပါတယ်” ဟု ကိုဒီငြိမ်းလင်းက M-Media သို့ သုံးသပ်ပြောကြားခဲ့သည်။

    အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို သင်္ဂဟလမ်း၊ ဗညာဒလလမ်း၊ စက်ရုံလမ်း၊ ၁၃၄ လမ်း၊ အရိုးကုန်းလမ်း၊ ၁၄၅လမ်း၊ သီတာလမ်း၊ ကျောက်ရေတွင်းလမ်း၊ ကျားကွက်သစ်လမ်း၊ အတိပဌာန်လမ်း၊ ကျိုက္ကဆံလမ်း အစရှိသည့် မြို့နယ်နေ ပြည်သူများမှ လူဦးရေ ၂၀၀ ဖြင့် ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲရာ ခရီးသွား ပြည်သူများ ပူးပေါင်းပါဝင်မှုကြောင့် လူ ၂၀၀၀ကျော် နီးပါးဖြစ်ခဲ့ကြောင်း သိရသည်။

    “အခြေခံဥပဒေ ပြင်လိုက်ရင် လူ့အခွင့်အရေး အပြည့်အ၀ ရရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ကျွန်တော်တို့ မွေးဖွားလာတဲ့ လက်ထက်မှာ သမ္မတ မဖြစ်ဘူးဆိုရင် သေမပျော်ဘူး ကျွန်တော်။ အမေစုကို သမ္မတ ဖြစ်စေချင်တယ်” ဟု ပြည်သူတစ်ဦးက M-Media သို့ပြောသည်။
    ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင်ရေးဆွဲချိန်မှ စ၍ ယနေ့ချိန်ထိ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး အင်အားစုများနှင့် ဒီမိုကရေစီ လိုလားသူအဖွဲ့အစည်းများ ပြည်သူများမှ သဘောတူ လက်ခံခြင်း မရှိကြောင်းနှင့် ပြောင်းလဲပြင်ဆင်မှုများ မဖြစ်မနေပြုလုပ်ပေးရန် လိုအပ်ကြောင်း သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်၍ တောင်းဆိုခဲ့ကြသည်။

  • မြို့ပတ်ရထားတွင် ကြုံတွေ့နေရသော အခက်အခဲများကို မြန်မာ့မီးရထားမှ ဖြေရှင်းနိုင်ရန် ကြိုးပမ်း

    မြို့ပတ်ရထားတွင် ကြုံတွေ့နေရသော အခက်အခဲများကို မြန်မာ့မီးရထားမှ ဖြေရှင်းနိုင်ရန် ကြိုးပမ်း

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။      ။ မြို့ပတ်ရထားများတွင် ခရီးသည်များရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲများကို ဖြေရှင်းပေးရန် မြန်မာ့မီးရထားမှ ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

    ဖေဖော်ဝါရီလလယ်ခန့်မှ စတင်ကာ မြို့ပတ်ရထားများပေါ်တွင် နေ့စဉ် ခရီးသည်များအား လတ်မှတ်ဝယ်မှု မ၀ယ်မှု၊ ခရီးသည်များ မြို့ပတ်ရထားပေါ် တွင် ကြုံတွေ့နေရသော အခက်အခဲများအား သိရှိစေရန် လတ်မှတ်စစ် ၁၁၂ ယောက်မှ နေ့စဉ်မြို့ပတ်ရထားတွဲများပေါ်တွင် လိုက်ပါကာ စစ်ဆေး ဖြေရှင်းပေးနေကြောင်း လက်ထောက်အထွေထွေမန်နေဂျာ တိုင်းတာဝန်ခံ ဦးကျော်ကျော်မျိုးက ပြောသည်။။

    “ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ပြေလည်အောင် အဆင်ပြေအောင် ညှိနှိုင်းပေးနေပါတယ်။ မြို့ပတ်ရထားတွေနဲ့ မိန်းရထားတွေနဲ့ တိုးရင်လည်း ကြံ့ကြာမှုမရှိအောင် အတတ်နိုင်ဆုံးဖြေရှင်းနေကြပါတယ်။ ရထားချိန်နောက်ကျနေတာတွေကိုလည်း အတတ်နိုင်ဆုံးမဖြစ်အောင်လို့ပေါ့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ခရီးသည်တွေ လတ်မှတ်ဝယ်စီး မစီးကိုလည်း ကျွန်တော်တို့ စစ်ဆေးနေပါတယ်။ စည်းကမ်းရှိဖို့တော့ လိုအပ်မယ် ထင်ပါတယ်။ ကျွန်တော်တို့ မီးရထားက သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းက အရမ်းကိုတန်ပါတယ်၊ အခြေခံလူတန်းစားတွေ ၀ယ်စီးနို င်လောက်တဲ့ အခြေအနေကို ဖန်တီးပေးထားတာပါ” ဟု ၎င်းကပြောသည်။

    မြို့ပတ်ရထားမောင်းနေစဉ်တွင်လည်း ခရီးသည်များအား စိတ်အနှောက်အယှက်ဖြစ်စေမည့် ဈေးသည်များအား ဈေးရောင်းခွင့်မပြုပဲ ရောင်းချ နေသည်ကိုလည်း  တွေ့ရှိပါက ၎င်းတို့အနေနှင့် ထိရောက်စွာ အရေးယူလျက်ရှိနေကြောင်း၊ ရထားသွားရာ လမ်းကြောင်းများကိုလည်း အကောင်းဆုံး ဖြစ်အောင် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ စည်ကမ်းမဲ့ လတ်မှတ်ဝယ်မစီးသည့် ခရီးသည်များကိုလည်း အရေးယူလျက်ရှိနေကြောင်း ၎င်းက ဆက်လက် ပြောခဲ့သည်။

    လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲသွားလာနေသော မြို့ပတ်ရထား ၂၃ ဆိုင်းရှိပြီး ခေါက်ရေ ၂၁၅ ခေါက်ဖြင့် နေ့စဉ် ခရီးသည် ၈၈၀၀၀ ကျော်လိုက်ပါ စီနင်းလျက်ရှိသည်။

  • ၉၉-နှစ်တိုင်အောင် ဗိုလ်ချုပ်ကို လူတွေကဘာလို့ တမ်းတနေကြတာလဲဆိုတာ ကလေးတွေကို သိစေချင်တယ်ဟု နိုင်ငံရေးလှုပ်ရှားသူ ကိုစည်သူပြော

    ၉၉-နှစ်တိုင်အောင် ဗိုလ်ချုပ်ကို လူတွေကဘာလို့ တမ်းတနေကြတာလဲဆိုတာ ကလေးတွေကို သိစေချင်တယ်ဟု နိုင်ငံရေးလှုပ်ရှားသူ ကိုစည်သူပြော

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
    M-Media
    လင်းလင်း

    DSC01571

    ရန်ကုန် ။     ။ ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉-နှစ်မြောက် မွေးနေ့အခမ်းအနားကို နိုင်ငံရေးလှုပ်ရှားသူ လူငယ်တစ်ခုဖြစ်သော ကိုအောင်စိုး၊ ကိုစည်သူ တို့မှ ဦးဆောင်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား ဗိုလ်ချုပ်ကိုချစ်သောပြည်သူများ၊ ကလေးငယ်များနှင့် ရန်ကုန်မြို့မဟာဗန္နုပန်းခြံတွင် ဖေဖော်ဝါရီလ ၁၃-ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

    “လူငယ်များက လွတ်လပ်ရေး ကျောက်တိုင်ကြီးရှိရာ မဟာဗန္နုလ ပန်းခြံကြီးထဲမှာ နှစ်တွေအကြာကြီးမေ့ဖျောက်ခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ကလေးများ နောင်လာနောင်သားတွေ သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ မေးခွန်းလေးတွေမေးပြီး လက်ဆောင်ပစ္စည်းလေးတွေ ပေးတာပါ” ဟု လယ်သမားရေးလှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးဝင်းချိုကပြောကြားခဲ့ပါသည်။

    ဗိုလ်ချုပ်၏ဘ၀ဖြစ်စဉ် သမိုင်းအကြောင်းအရာများကို မေးခွန်းများအဖြစ် စိတ်ပါဝင်စားသူများမှ လာရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုသူများကို လက်ဆောင် ပစ္စည်းများဖြင့် ပြန်လည်ပေးအပ်ခဲ့ကြပါသည်။

    “အရင်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ဓာတ်ပုံတွေချိတ်ဆွဲထားတာ မတွေ့ရတော့ဘူး။ ကလေးတွေကလည်း ဗိုလ်ချုပ်အကြောင်းအရာတွေနဲ့ ဝေးကွာ နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူတွေအတွက် ဘယ်လောက်အရေးပါတယ် လွတ်လပ်ရေးဖခင်ကြီးလို့ ဘာလို့ခေါ်တယ်၊ ဘယ်လိုလူ အမျိုးအစားလည်း ဆိုတာ သိစေချင်တယ်။ ၉၉-နှစ်တိုင်အောင် လူတွေက ဗိုလ်ချုပ်ကို ဘာလို့ တမ်းတနေတာလဲဆိုတာ ကလေးတွေကို သိစေချင်တယ်၊ သိအောင်လို့ ပြောပြချင်ပါတယ်။ အခုလို မေးခွန်းလေးတွေမေးတော့ ကလေးတွေသိလာမယ်လို့ ယုံကြည်ပါတယ်” ဟု ကိုစည်သူကပြောကြားခဲ့ပါသည်။

    ဖေဖော်ဝါရီလ ၁၃-ရက်နေ့သည် မြန်မာနိုင်ငံကလေးများနေ့ဖြစ်သောကြောင့် ပန်းခြံထဲသို့လာရောက်လည်ပတ်ကြသည့် ကလေးသူငယ်များကိုလည်း လက်ဆောင်များကို မဲဖောက်ပေးပြီး ဝေကာ သခင်အောင်ဆန်း၏ ၉၉-နှစ်မြောက် မွေးနေ့ကြီးကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။