News @ M-Media

Tag: yemen

  • ယီမင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြယ်

    ယီမင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြယ်

    ဇွန် ၂၀၊ ၂၀၁၅
    M-Media

    yemen

    – ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သည့် အဝေးရောက် ယီမင်အစိုးရအဖွဲ့နှင့် ဟူသီသူပုန်တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ပျက်ပြယ်ခဲ့သည်ဟု သိရသည်။

    အဝေးရောက်အစိုးရအဖွဲ့ကမူ ဟူသီကိုယ်စားလှယ်များက ၎င်းတို့အား တွေ့ဆုံရန်ပင် ငြင်းဆိုခဲ့သည်ဟု ပြစ်တင်ပြောဆိုခဲ့ကာ နိုင်ငံခြားရေးဝန်ကြီး ရီအဒ် ယာစင်ကမူ ၎င်းတို့ကိုယ်စားလှယ်အဖွဲ့မှာ ဆွေးနွေးပွဲများကို ထားခဲ့ရန် စီစဉ်ထားပြီး ဆော်ဒီသို့ ပြန်တော့မည်ဟု ဆိုသည်။

    “ဒီအချိန်အထိ ကျွန်တော်တို့ဟာ ဘာမှ မအောင်မြင်သေးပါဘူး။ ကံမကောင်းစွာနဲ့ပဲ။ ဟူသီတွေက ဘာကိုမှ စီစဉ်မထားပါဘူး။ လက်ရှိအချိန်အထိ ဘာတိုးတက်မှုမှ မရှိပါဘူး။ ဘယ်လို အဆိုပြုချက်ကိုမှလည်း ကျွန်တော်တို့ မရပါဘူး” ဟု ယာစင်က ပြောကြားခဲ့သည်။

    အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပျက်ပြယ်ခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ဆွေးနွေးပွဲ ပြန်မစနိုင်ခင် အပစ်ရပ်ရေး သဘောတူညီချက် ရှိလာသင့်သည်ဟု ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အစ္စမေးလ် အူလ်ဒ် ချိက်ခ် အဟ်မဒ်က ပြောကြားခဲ့သည်။

    ထို့ပြင် အပစ်ရပ်ရေး သဘောတူညီချက် ရရှိရန်လည်း ၂ ဆ ကြိုးစားအားထုတ်သွားမည်ဟု ၎င်းက သန္ဓိဌာန်ပြုခဲ့ပြီး ထိုသဘောတူညီချက်ကို မကြာမီ ရရှိနိုင်တော့မည်ဟု မျှော်လင့်နေသည်။

    ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်ကမူ ဒုတိယအကျော့ ဆွေေးနွးပွဲအတွက် ရက်သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ဆွေးနွေးမှုများမှာ နှစ်ဖက်ကိုယ်စားလှယ်များ ဂျီနီဗာတွင် တွေ့ဆုံဆွေးနွေးမှု မပြုခြင်းဖြင့်လည်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    ယီမင်နိုင်ငံတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများကြောင့် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းဖြစ်သည့် ၂၁ သန်းကျော်သော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တစ်နည်းမဟုတ်တစ်နည်းဖြင့် လိုအပ်နေပြီး ကုလကမူ အတိဒုက္ခရောက်နေသူများအား ကူညီရန်အတွက် ကန်ဒေါ်လာ ၁.၆ ဘီလီယံကို ယမန်နေ့တွင် တောင်းခံခဲ့သည်။

    Ref: Aljazeera

  • ယီမင်တွင် ပြည်သူများ၏ အခြေအနေများ ဆိုးဝါးလာနေ

    ယီမင်တွင် ပြည်သူများ၏ အခြေအနေများ ဆိုးဝါးလာနေ

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    yemen

    – တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ယီမင်နိုင်ငံတွင် ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ ဆိုးရွားနေကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာလည်း မသေမချာဖြစ်နေသည်။

    ဟူသီသူပုန်များ သိမ်းပိုက်ထားသည့် နိုင်ငံတောင်ပိုင်း တာအစ်ဇ်မြို့တွင် ပြည်သူများအတွက် အခြေခံလိုအပ်ချက်များမှာ အလွန်အမင်း ဆိုးရွားနေကာ မြို့တစ်ဝိုက် တိုက်ပွဲများကြောင့် အစိုးရ ၀န်ဆောင်မှုလုပ်ငန်းများမှာလည်း ပြတ်တောက်နေသည်။ စာသင်ကျောင်းများလည်း ပိတ်ထားကာ၊ လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်နေပြီး အခြေခံ စားသောက်ကုန်များမှာလည်း
    ပြတ်လတ်နေသည်။

    အကူအညီပေးရေးအဖွဲ့များကမူ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်နေသာ ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်များ၏ လေကြောင်းနှင့် ရေကြောင်းမှ ပိတ်ဆို့ထားမှုများကို ဖယ်ရှားပေးရန် တောင်းဆိုထားသည်။

    ပြည်သူများအား အကူအညီပေးအပ်ရန်အတွက် ပြီးခဲ့သည့်လက ၅ ရက်ကြာ အပစ်ရပ်ရေးကို အကောင်အထည်ဖော်ခဲ့သော်လည်း ထပ်မံသက်တမ်းတိုးရန် ကုလ၏ ဆောင်ရွက်မှုမှာ အောင်မြင်ခဲ့ခြင်းမရှိပေ။

    စစ်ပွဲအဆုံးသတ်ရေးအတွက် ကုလမှ ဦးဆောင်ကာ ဂျီနီဗာတွင် ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ဟူသီနှင့် ၎င်းတို့ မဟာမိတ်ကိုယ်စားလှယ်များအား ယမန်နေ့က ခေါ်ယူရန် သွားရောက်ခဲ့သည့် လေယာဉ်တွင် အဆိုပါ ကိုယ်စားလှယ်များ လိုက်ပါခဲ့ခြင်း မရှိချေ။

    ဆွေးနွေးမှုကို မနက်ဖြန်တွင် စတင်မည်ဖြစ်သော်လည်း ဟူသီ ကိုယ်စားလှယ်တစ်ဦးကမူ မိမိတို့မှာ ဆွေးနွေးပွဲတွင် အစိုးရအားဆန့်ကျင်သည့်အဖွဲ့ ကိုယ်စားလှယ်နှင့် အာဏာသိမ်းသည့်အဖွဲ့ ကိုယ်စားလှယ်အဖြစ် ကိုယ်စားလှယ်နှစ်ဖွဲ့ခွဲ၍ တက်ရမည့် အယူအဆကို လက်မခံဟု ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါဆွေးနွေးပွဲမှာ အဖွဲ့စုံပါဝင်ပြီး ကျယ်ပြန့်သည့် ဆွေးနွေးပွဲထက် မိမိတို့အဖွဲ့အား မြို့တော်ဆန်နာမှ ထွက်သွားရေး ဖြားယောင်းရန်အတွက်သာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • အပြစ်မဲ့သူများကို သတ်ဖြတ်မှုဖြင့် သမ္မတ အိုဘားမားကို ယီမင် မိသားစု တရားစွဲ

    အပြစ်မဲ့သူများကို သတ်ဖြတ်မှုဖြင့် သမ္မတ အိုဘားမားကို ယီမင် မိသားစု တရားစွဲ

    ဇွန် ၉၊ ၂၀၁၅
    M-Media

    obama

    – ၂၀၁၂ ခုနှစ်က အမေရိကန်၏ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သော အပြစ်မဲ့ ယီမင်နိုင်ငံသား ၂ ဦး၏ မိသားစုဝင်များက သမ္မတအိုဘားမားအား တရားစွဲဆိုလိုက်သည်ဟု သိရသည်

    သေဆုံးသွားသူများမှာ ဆလီမ်း ဘင် အလီ ဂျဘာရ်နှင့် ၀ါလီဒ် ဘင် အလီ ဂျဘာရ်တို့ဖြစ်ကြပြီး စစ်ပွဲစည်းကမ်းများနှင့် နိုင်ငံတကာဥပဒေ စံသတ်မှတ်ချက်များကို ချိုးဖောက်သော ၂၀၁၂ ခုနှစ် သြဂုတ်လက ထိုအဖြစ်အပျက်အတွက် အိုဘားမားအစိုးရအား မှားယွင်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

    ကိုလံဘီယာခရိုင် တရားရုံးကို အင်္ဂါနေ့က တင်သွင်းခဲ့သော ၄၁ မျက်နှာရှိသည့် တိုင်ကြားမှုအတွင်း အဆိုပါ တိုက်ခိုက်မှုမှာ ဒရုန်းစစ်ပွဲ၏ ကျရှုံးမှုကို လေ့လာ၍ရသော ကိစ္စတစ်ခုဖြစ်သည်ဟု ဖော်ပြထားကာ သေဆုံးသွားသူ ၂ ဦးမှာ အမေရိကန်ပြည်ထောင်စုတွင် ဥပဒေများကို ကိုင်တွယ်ကျင့်သုံးနေသော အမေရိကန်တာဝန်ရှိသူ၏ မှားယွင်းသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟုလည်း ရေးသားထားသည်။

    အသက် ၄၃ နှစ်အရွယ် ဆလီးမ်မှာ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်ပြီး အလ်ကိုင်းဒါးနှင့် အခြားသော အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ခံခြင်းမပြုရန် ပြည်သူများကို တရားဒေသနာများ ဟောကြားနေသူဖြစ်သည်။ ၀မ်းကွဲညီဖြစ်သည့် အသက် ၂၆ နှစ်အရွယ် ၀ါလီဒ်ကမူ ဒေသတွင်း ယဉ်ထိန်းရဲအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

    ၎င်းတို့ နှစ်ဦးမှာ မည်သူမည်ဝါမှန်းမသိသော လူ ၃ ဦးကို ပစ်မှတ်ထားသည့် ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အဆိုပါ လူ ၃ ဦးနှင့်အတူ ဆလီးမ်နှင့် ၀ါလီဒ်တို့မှာ စကားပြောနေပြီး တိုက်ခိုက်မှုအတွင်း စုစုပေါင်း လူ ၅ ဦး သေဆုံးခဲ့သည်။

    တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် အစိုးရတာဝန်ရှိသူများက ၎င်းတို့မှာ အမှားလုပ်ခဲ့မိသည်ဟု သိရှိခဲ့ရကြောင်း သေဆုံးသွားသူများ၏ မိသားစုများကို အသိပေးခဲ့သည်။ ယီမင်နှင့် အမေရိကန်တာဝန်ရှိသူများမှာ မိသားစုများအား သိုသိုသိပ်သိပ် တောင်းပန်ခဲ့သော်လည်း လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    သေဆုံးသွားသူများ၏ မိသားစုများကမူ နစ်နာကြေးကို မလိုချင်ဘဲ သမ္မတအိုဘားမားအစိုးရက မှားယွင်းကြောင်း လူသိရှင်ကြားဝန်ခံရန် အလိုရှိနေသည်။

    တရားစွဲဆိုမှုတွင် အိုဘားမား၊ ယခင်ကာကွယ်ရေးဝန်ကြီးဟောင်း လီအွန် ပန်နက်တာနှင့် စီအိုင်အေဒါရိုက်တာဟောင်း ဒေးဗစ် ပီထရာအက်စ်တို့မှာ အဆိုပါတိုက်ခိုက်မှုနောက်ကွယ်မှ ပါဝင်ခဲ့သူများဟု ဖော်ပြထားသည်။

    ၎င်းတို့မှာ အပြစ်မဲ့သူများ သေဆုံးရခြင်းအတွက် တာဝန်ရှိသူသာမကဘဲ အမေရိကန်အမျိုးသားလုံခြုံရေးကို ကာကွယ်ခြင်းထက် အခြေပျက်စေခြင်းအတွက်ပါ တာဝန်ရှိသည်ဟု သေဆုံးသွားသူများ၏ မိသားစုများက ပြောကြားခဲ့သည်။

    Ref: PressTV

  • ယီမင်သူပုန်များအား ဆော်ဒီနှင့် မဟာမိတ်နိုင်ငံများက လေကြောင်းမှတိုက်ခိုက်

    ယီမင်သူပုန်များအား ဆော်ဒီနှင့် မဟာမိတ်နိုင်ငံများက လေကြောင်းမှတိုက်ခိုက်

    မတ် ၂၆၊ ၂၀၁၅
    M-Media

    saudi.si

    – ဆော်ဒီအာရေဗျနှင့် ဒေသတွင်း မဟာမိတ်နိုင်ငံများမှာ ယီမင်ရှိ ဟူသီသူပုန်များကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုကို စတင်လိုက်ပြီဟု အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအတ်ကြီး အဒဲလ် အလ်- ဂျူဘီရ်က ပြောကြားခဲ့သည်။

    အဆိုပါ တိုက်ခိုက်မှုတွင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC မှ နိုင်ငံများ အပါအ၀င် စုစုပေါင်း ၁၀ နိုင်ငံပါဝင်ခဲ့ပြီး ဒေသစံတော်ချိန် ယမန်နေ့ည ၇ နာရီက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    “ဒီစစ်ဆင်ရေးဟာ ယီမင်အစိုးရရဲ့ တရားဝင်မှုကို ထောက်ခံအားပေးဖို့နဲ့ အစွန်းရောက် ဟူသီသူပုန်တွေ တိုင်းပြည်သိမ်းပိုက်တာကို တားဆီးဖို့ဖြစ်ပါတယ်” ဟု ဂျူဘီရ်က ၀ါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ ယီမင်သမ္မတအိမ်တော်၊ မြို့တော်ဆန်နာအတွင်းရှိ ရဲတပ်ဖွဲ့နှင့် အထူးတပ်ဖွဲ့ဝင်များ၏ ဌာနချုပ်အဆောက်အုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ထိုတိုက်ခိုက်မှုများအတွင်း ဟူသီသူပုန်တပ်မှူး ၃ ဦး သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဟူသီသူပုန်များကလည်း အဆိုပါတိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ၎င်းတို့ကမှာ လေကြောင်းကာကွယ်ရေး ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီ၊ ကာတာ၊ ကူဝိတ်၊ ဘာရိန်းနှင့် ယူအေအီးနိုင်ငံတို့၏ အမည်ဖြင့် ရီယာ့ဒ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ယီမင်သမ္မတ အဘ်ဒ် ရာဘူ မန်ဆူရ် ဟာဒီ၏ ဒုက္ခပတ်လည်ဝိုင်းနေသော အစိုးရမှ တောင်းဆိုမှုကြောင့် ထိုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

    အီဂျစ်ကလည်း ထိုတိုက်ခိုက်မှုအတွက် နိုင်ငံရေးနှင့် စစ်ရေးအရ အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက အီဂျစ်လေတပ်၊ ရေတပ်နှင့် မြေပြင်တပ်များကလည်း ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုများတွင် အမေရိကန်က နည်းပညာပိုင်းဆိုင်ရာနှင့် ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုးများဖြင့် အနီးကပ် ပါဝင်နေသည်။

    ပြီးခဲ့သည့်လအတွင်း ဟူသီသူပုန်များက မြို့တော်ဆန်နာအား သိမ်းပိုက်ပြီးနောက်ပိုင်း ယီမင်နိုင်ငံအတွင်း မငြိမ်သက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ယီမင်တွင် သူပုန်အာဏာသိမ်းမှုကို ပြည်သူများဆန့်ကျင်

    ယီမင်တွင် သူပုန်အာဏာသိမ်းမှုကို ပြည်သူများဆန့်ကျင်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၅
    M-Media

    yeman

    – ယီမင်နိုင်ငံတွင် ဟူသီလူမျိုးစုအဖွဲ့၏ အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် ယီမင်ပြည်သူ ထောင်ပေါင်းများစွာတို့မှာ လမ်းမပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြပြီး သမ္မတကောင်စီဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

    တိုင်းပြည်အုပ်ချုပ်ရန်အတွက် ၁၈ ဦးပါ လုံခြုံရေးကော်မရှင် ဖွဲ့စည်းလိုက်ပြီဟု အာဏာသိမ်း ဟူသီအဖွဲ့က ကြေညာပြီးနောက် ယနေ့တွင် မြို့တော်ဆန်နာနှင့် တာအစ်ဇ်မြို့တို့တွင် ပြည်သူများက ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အခြားသောမြို့များတွင်လည်း ပြုလုပ်ခဲ့ကြသည်။

    ဟူသီသူအဖွဲ့မှာ ယမန်နေ့က ပါလီမန်ကိုဖျက်သိမ်းခဲ့ပြီး ယခုဖွဲ့စည်းလိုက်သည့် လုံခြုံရေးကော်မရှင်တွင် ယခင် ၀န်ကြီးဟောင်းများကို ထည့်သွင်းထားသည်။ ထို့ပြင် ပါလီမန်နေရာတွင် အစားထိုးရန် အဖွဲ့ဝင် ၅၅၁ ဦးပါဝင်သည့် အမျိုးသားကောင်စီကို ဖွဲ့စည်းမည်ဟု စင်တင်ဘာလကတည်းက မြို့တော် ဆန်နာကို သိမ်းပိုက်ထားသော ဟူသီအဖွဲ့က ပြောကြားခဲ့သည်။

    ပြည်သူများ၏ ဆန္ဒပြမှုကို ဖြိုခွဲရန်တွက် မြို့တော် ဆန်နာတွင် ဟူသီအဖွဲ့က သေနတ်များကို မိုးပေါ်သို့ ထောင်ပစ်ခဲ့ကြပြီး ဆန္ဒပြသူ ၆ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

    ဟူသီအဖွဲ့၏အာဏာသိမ်းမှုက ယီမင်နိုင်ငံတွင် မငြိမ်မသက်မှုများ ဖြစ်ပွားလာနိုင်သည်ဟု စိုးရိမ်မှုများရှိနေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ကုလအနေဖြင့် ထိုအရေးကို ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုထားသည်။

    Ref: aljazeera