ဖေဖော်ဝါရီ ၇၊ ၂၀၁၅
M-Media
– ယီမင်နိုင်ငံတွင် ဟူသီလူမျိုးစုအဖွဲ့၏ အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် ယီမင်ပြည်သူ ထောင်ပေါင်းများစွာတို့မှာ လမ်းမပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြပြီး သမ္မတကောင်စီဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
တိုင်းပြည်အုပ်ချုပ်ရန်အတွက် ၁၈ ဦးပါ လုံခြုံရေးကော်မရှင် ဖွဲ့စည်းလိုက်ပြီဟု အာဏာသိမ်း ဟူသီအဖွဲ့က ကြေညာပြီးနောက် ယနေ့တွင် မြို့တော်ဆန်နာနှင့် တာအစ်ဇ်မြို့တို့တွင် ပြည်သူများက ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အခြားသောမြို့များတွင်လည်း ပြုလုပ်ခဲ့ကြသည်။
ဟူသီသူအဖွဲ့မှာ ယမန်နေ့က ပါလီမန်ကိုဖျက်သိမ်းခဲ့ပြီး ယခုဖွဲ့စည်းလိုက်သည့် လုံခြုံရေးကော်မရှင်တွင် ယခင် ၀န်ကြီးဟောင်းများကို ထည့်သွင်းထားသည်။ ထို့ပြင် ပါလီမန်နေရာတွင် အစားထိုးရန် အဖွဲ့ဝင် ၅၅၁ ဦးပါဝင်သည့် အမျိုးသားကောင်စီကို ဖွဲ့စည်းမည်ဟု စင်တင်ဘာလကတည်းက မြို့တော် ဆန်နာကို သိမ်းပိုက်ထားသော ဟူသီအဖွဲ့က ပြောကြားခဲ့သည်။
ပြည်သူများ၏ ဆန္ဒပြမှုကို ဖြိုခွဲရန်တွက် မြို့တော် ဆန်နာတွင် ဟူသီအဖွဲ့က သေနတ်များကို မိုးပေါ်သို့ ထောင်ပစ်ခဲ့ကြပြီး ဆန္ဒပြသူ ၆ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။
ဟူသီအဖွဲ့၏အာဏာသိမ်းမှုက ယီမင်နိုင်ငံတွင် မငြိမ်မသက်မှုများ ဖြစ်ပွားလာနိုင်သည်ဟု စိုးရိမ်မှုများရှိနေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ကုလအနေဖြင့် ထိုအရေးကို ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုထားသည်။
Ref: aljazeera
Leave a Reply
You must be logged in to post a comment.