News @ M-Media

Blog

  • အမေရိကန်၏ ဒုတိယအကြိမ် အခွန်တိုးကောက်မှုအပေါ် တရုတ်က ထပ်မံတုန့်ပြန်

    အမေရိကန်၏ ဒုတိယအကြိမ် အခွန်တိုးကောက်မှုအပေါ် တရုတ်က ထပ်မံတုန့်ပြန်

    ဧပြီ ၄၊ ၂၁၀၈
    M-Media

    – အမေရိကန်သမ္မတထရမ့်က တရုတ်ကုန်ပစ္စည်းတွေအပေါ် ဒုတိယအကြိမ် အခွန်တိုးကောက်မှုအတွက် တရုတ်ကလည်း ဒုတိယမြောက် တုန့်ပြန်လိုက်ပြီး အမေရိကန်က အဓိကတင်သွင်းတဲ့ ပဲပိစပ်၊ ကား၊ လေယာဉ်၊ အမဲသားနဲ့ ဓာတုပစ္စည်းတွေကို အခွန်တိုးကောက်မယ်လို့ ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။

    အမေရိကန်က တရုတ်ကုန်စည်တွေအပေါ် ဒုတိယအကြိမ်အဖြစ် ကန်ဒေါ်လာ ဘီလီယံ ၅၀ ဖိုး အခွန်ကောက်မယ်လို့ ကြေငြာပြီး ၁၁ နာရီအကြာမှာ တုန့်ပြန်ခဲ့တာဖြစ်ကာ ကုန်စည်ပေါင်း ၁၀၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်က ကောက်ခံမယ့် တန်ဖိုးနဲ့ အတူတူဖြစ်ပါတယ်။

    ဒီကိစ္စကြောင့် ကမ္ဘာ့ စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲ အကြီးအကျယ် ဖြစ်နိုင်တယိဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

    အခုတစ်ကြိမ် တရုတ်က အခွန်တိုးကောက်မယ့်စာရင်းမှာ Tesla က လျှပ်စစ်ကား၊ Ford က Lincoln မော်ဒယ်ကားတွေ၊ General Dynamics and Brown က ထုတ်လုပ်တဲ့ Gulfstrem ဂျက်လေယာဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။

    အမေရိကန်ရဲ့ ဒုတိယအကြိမ် အခွန်ကောက်မယ့်ပစ္စည်းတွေဟာ စက်မှုထုတ်ကုန်တွေ ဖြစ်ပေမယ့် တရုတ်ကတော့ အဓိက အမေရိကန်ပို့ကုန်တွေဖြစ်တဲ့ ပဲပိစပ်၊ အမဲသား၊ ၀ါ၊ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတထရမ့်ကို မဲပေးခဲ့တဲ့ ပြည်နယ်တွေကနေထွက်တဲ့ လယ်ယာထွက်ကုန်တွေကို အခွန်တိုးကောက်လိုက်တာပါ။

    အမေရိကန်ရဲ့ အခွန်တိုးကောက်မှုဟာ အိုင်တီနဲ့ စက်ရုပ်တွေလို ကုန်ထုတ်လုပ်ငန်းဆိုင်ရာ မဟာဗျူဟာကျတဲ့ ပစ္စည်းတွေကို ပြည်တွင်းဖြစ်တွေနဲ့ အစားထိုးကာ တရုတ်ရဲ့ Made in China 2025 အစီအစဉ်ကို ထိခိုက်စေဖို့ ရည်ရွယ်တာဖြစ်ပြီး တရုတ်ကတော့ အမေရိကန်နိုင်ငံရေး လှုပ်ခတ်လာအောင် ရည်ရွယ်တာဖြစ်ပါတယ်။

    Ref: CNA

  • ရုရှားထောက်လှမ်းရေးနှင့် ဆက်နွယ်သည့် ၀ါဒဖြန့်အဖွဲ့၏ အကောင့် ၁၀၀ ကျော်ကို Facebook ဖယ်ရှား

    ရုရှားထောက်လှမ်းရေးနှင့် ဆက်နွယ်သည့် ၀ါဒဖြန့်အဖွဲ့၏ အကောင့် ၁၀၀ ကျော်ကို Facebook ဖယ်ရှား

    ဧပြီ ၄၊ ၂၁၀၈
    M-Media

    – ရုရှား ထောက်လှမ်းရေးအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ သတင်းထွက်တဲ့ အင်တာနက် သုတေသနအေဂျင်စီ (IRA) နဲ့ ပတ်သက်တဲ့ အကောင့် ၁၃၅ ခု၊ page ၁၃၅ ခုကို Facebook က ဖျက်ပစ်လိုက်ပါတယ်။

    IRA ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လွှမ်းမိုးဖို့ ကြိုးစားခဲ့တယ်လို့ အမေရိကန်ရဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာရဲ့ စွပ်စွဲခြင်းကို ခံထားရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

    မနေ့က ထုတ်ပြတ်တဲ့ကြေငြာချက်မှာ Facebook က အကောင့်တွေကို ဖျက်ပစ်ရာမှာ သူတို့တင်ထားတဲ့ အကြောင်းအရာတွေကြောင့်မဟုတ်ဘဲ IRA က ထိန်းချုပ်ထားတယ်ဆိုတဲ့ အကြောင်းအရင်းတစ်ခုတည်းကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    “၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်၊ ရွေးကောက်ပွဲအတွင်းနဲ့ ရွေးကောက်ပြီးတဲ့နောက်ပိုင်း Facebook အသုံးပြုသူတွေကို ဖျားယောင်းဖို့နဲ့ အသုံးချဖို့အတွက် IRA ဟာ အကောင့်အတုတွေနဲ့ ရှုပ်ထွေးတဲ့ ကွန်ယက်တစ်ခုကို ထပ်တလဲလဲ အသုံးပြုခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ကို Facebook မှာ မရှိစေချင်တာဖြစ်ပါတယ်” လို့ Facebook ရဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ အဲလက်စ်စတာမို့စ်က ပြောကြားခဲ့ပါတယ်။

    Facebook အကောင့် ၇၀ နဲ့ Instagram အကောင့် ၆၅ ခုတို့ဟာ ရုရှားစကားပြောတဲ့သူတွေ အထူးသဖြင့် ရုရှားအိမ်နီးချင်း ယူကရိန်း၊ ဥဇဘက်ကစ္စတန်နဲ့ အဇာဘိုင်ဂျန်တွေက အသုံးပြုသူတွေကို ပစ်မှတ်ထားတယ်ဆိုတာ လပေါင်းများစွာကြာ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ခဲ့ရတယ်လို့လည်း Facebook က ပြာပါတယ်။

    “IRA ဟာ အကောင့်အတုတွေကို အသုံးပြုပြီး လူတွေကို ဖြားယောင်းတာ၊ အသုံးချတာတွေကို လုပ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်၊ ရုရှားနဲ့ အခြားနေရာတွေက ကိစ္စတွေနဲ့ ဆက်စပ်သည်ဖြစ်စေ၊ မဆက်စပ်သည်ဖြစ်စေ ဒီအဖွဲ့အစည်းနဲ့ ဆက်နွယ်နေတယ်လို့တွေ့ရတဲ့ အကောင့်တိုင်းကို ကျွန်တော်တို့ ဖယ်ရှားလိုက်တာဖြစ်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သူတို့တင်ထားတွေကို လူအများအပြားဆီ ရောက်ဖို့အတွက် IRA ဟာ ကြော်ငြာတွေဝယ်ကာ နိုင်ငံတကာ နိုင်ငံရေးကိစ္စကနေ၊ ရုရှားရဲ့ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းတွေ မြှင့်တင်ဖို့အထိ ဆောင်ရွက်ခဲ့ပါတယ်။

    သူတို့ဖယ်ရှားထားတဲ့ page တွေနဲ့ ဆက်နွယ်ပတ်သက်မှုရှိလားဆိုတာကို စစ်ဆေးနိုင်ဖို့ နည်းလမ်းတစ်ခုကို အသုံးပြုသူတွေအတွက် မကြာခင် ထည့်သွင်းပေးသွားမယ်လို့လည်း Facebook က ပြောပါတယ်။

    ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရမ့်မဲဆွယ်ရေးအဖွဲ့နဲ့ ရုရှားတို့ ဆက်သွယ်ကာ ဆိုရှယ်မီဒီယာကိုအသုံးပြုပြီး မဲပေးပိုင်ခွင့်ရှိသူတွေအကြား သွေးဆောင်မှုတွေလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

    လက်ရှိမှာ ဒီကိစ္စကို မူလာဦးဆောင်ကာ စုံစမ်းစစ်ဆေးနေပြီး IRA နဲ့ ပတ်သက်မှုအတွက် ရုရှားနိုင်ငံသား ၁၃ ဦးကို ဖေဖော်ဝါရီလမှာ တရားစွဲဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • လေကြာင်းရန်ကာကွယ်ရေးစနစ် တူရကီသို့ မြန်မြန်ပို့မည်ဟု ရုရှားပြော

    လေကြာင်းရန်ကာကွယ်ရေးစနစ် တူရကီသို့ မြန်မြန်ပို့မည်ဟု ရုရှားပြော

    ဧပြီ ၄၊ ၂၀၁၈
    M-Media

    သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် သမ္မတနှစ်ဦး

    – တူရကီက၀ယ်ယူထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် S-400 ဒုံးကျည်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် ပိုမြန်မြန် ပို့ဆောင်ပေးသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ပြောကြားလိုက်ပါတယ်။

    တူရကီမြို့တော် အန်ကာရာမှာ တူရကီသမ္မတ အာဒိုဂန်နဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပူတင်က ဒီလို ပြောလိုက်တာပါ။

    “ရုရှားရဲ့ တော်တော်လေး ထိရောက်တဲ့ ဒီစနစ်ကို ပို့ဆာင်မယ့် အချိန်သတ်မှတ်ချက်ကို လျှော့ချဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်”

    နောက်ပြီး ဒီ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် တည်ဆောက်မှုကို မိတ်ဆွေဖြစ်တဲ့ တူရကီရဲ့ တောင်းဆိုမှုနဲ့ အရှိန်မြှင့်ပြုလုပ်နေတယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။ တူရကီက ရုရှားဆီကနေ ဒီစနစ် ၀ယ်ယူမှုဟာ ကန်ဒေါ်လာ ၂ ဘီလီယံဖိုးလောက် ရှိပါတယ်။

    နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုက ရုရှားထံကနေ ဒီလို အဓိကလက်နက်တွေ ၀ယ်ယူမှုဟာ တူရကီရဲ့ မဟာဗျူဟာ သဘောထား၊ နေတိုးအဖွဲ့အတွင်း သတ်မှတ်ထားတဲ့ စနစ်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။

    ဒါပေမယ့် အာဒိုဂန်က ဒီဝယ်ယူမှုအတွက် အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုကို ဂရုစိုက်မှာမဟုတ်ဘူးလို့ တုန့်ပြန်ထားပါတယ်။

    Ref : Aljazeera

  • YouTube ရုံးချုပ်သို့ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ၀င်ပစ်သောကြောင့် ၃ ဦး ဒဏ်ရာရ

    YouTube ရုံးချုပ်သို့ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ၀င်ပစ်သောကြောင့် ၃ ဦး ဒဏ်ရာရ

    ဧပြီ ၄၊ ၂၀၁၈
    M-Media

    အခင်းဖြစ်ပွားသည့် မြင်ကွင်းတစ်ခု

    – နာမည်ကျော် ဗီဒီယိုဝဘ်ဆိုက်တစ်ခုဖြစ်သည့် YouTube ၏ ဆန်ဖရန်စစ္စကိုအနီးရှိ ရုံးချုပ်ကို အမျိုးသမီးတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမားအမျိုးသမီးမှာ ၎င်းကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ထိုအမျိုးသမီး မည်သူမည်ဝါဖြစ်သည်ဆိုသည်နှင့် မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ဆိုခြင်းကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

    MSNBC သတင်းဌာနက သေနတ်သမားမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ရုံးချုပ်အပြင်ဘက် ပေါ်တီကိုနားနှင့် ထမင်းစားဆောင်အတွင်းသို့ နေ့လည် ထမင်းစားချိန်တွင် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် အဓိကအဆောက်အဦးထဲသို့ ၀င်ရောက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ရဲတပ်ဖွဲ့မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပစ်ခတ်မှုမှာ အတွင်းရေးကိစ္စ မကျေလည်မှုကြောင့်ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်အစိုးရ၏ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပစ်ခတ်မှုမှာ အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုမရှိဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

    ABC သတင်းဌာနကလည်း သေနတ်သမားမှာ အသက် ၃၅ နှစ်မှ ၄၀ အကြားရှိပြီး တောင်ကယ်လီဖိုးနီးယားမှာ အမျိုးသမီးဖြစ်ကြောင်း YouTube နှင့် အဆက်အသွယ် မရှိကြောင်း ဖော်ပြခဲ့သည်။

    Ref: CNA

  • အဘီယီ အဟ်မဒ် (သို့) ခရစ်ယာန်အများစုရှိရာနိုင်ငံမှ မွတ်စလင်ဝန်ကြီးချုပ်

    အဘီယီ အဟ်မဒ် (သို့) ခရစ်ယာန်အများစုရှိရာနိုင်ငံမှ မွတ်စလင်ဝန်ကြီးချုပ်

    ဧပြီ ၄၊ ၂၀၁၈
    M-Media

    သူကတာ့ အဘီယီ အဟ်မဒ်ဖြစ်ပြီး တနင်္လာနေ့က ကျမ်းကျိန်ခဲ့ပါတယ်။

    – အီသီယိုးပီးယား ၀န်ကြီးချုပ် ဟေလီမာရီယမ် ဒီဆာလန် ဖေဖော်ဝါရီ ၁၅ ရက်နေ့ ရုတ်တရက်နှုတ်ထွက်သွားခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ်တစ်ဦးကို ညွှန့်ပေါင်းအစိုးရက ရွေးချယ်ခဲ့ပါတယ်။

    သူကတာ့ အဘီယီ အဟ်မဒ်ဖြစ်ပြီး တနင်္လာနေ့က ကျမ်းကျိန်ခဲ့ပါတယ်။

    အသက် ၄၂ နှစ်အရွယ်ရှိတဲ့ အဟ်မဒ်ဟာ တိုင်းပြည်ရဲ့ လူဦးရေ သန်း ၁၀၀ မှာ တတိယအကြီးဆုံး လူမျိုးစုဖြစ်တဲ့ အိုရိုမိုလူမျိုးတွေထဲက ပထမဆုံး ၀န်ကြီးချုပ်ဖြစ်လာသူပါ။

    သူ သမ္မတဖြစ်လာမှုဟာ တိုင်းပြည်အတွင်းရှိနေတဲ့ သွေးကွဲမှုတွေကို တည်ငြိမ်စေဖို့ အစိုးရက ရည်ရွယ်ပုံရပါတယ်။ အီသီယိုးပီးယားဟာ ၂ နှစ်တာ ဆန္ဒပြမှုတွေပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၆ ရက်နေ့က အရေးပေါ်အခြေအနေ ကြေငြာခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။

    လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လွတ်လပ်ခွင့် ပိတ်ပင်ထားမှုတွေနဲ့ အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို မခံနိုင်တဲ့ အိုရိုမို လူမျိုးတွေဟာ အိုရိုမီယာပြည်နယ်မှာ ဆန္ဒပြမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

    ကျမ်းကျိန်ပြီးနောက် ပြောကြားတဲ့မိန့်ခွန်းမှာ အဟ်မဒ်က နှစ်ပေါင်းများစွာရှိနေတဲ့ နှစ်နိုင်ငံအကြား နားလည်မှုလွဲနေတာကို ဖြေရှင်းဖို့အတွက် အီရစ်ထရီယာအစိုးရကို မေတ္တာရပ်ခံခဲ့ပါတယ်။

    အီရစ်ထရီယာဟာ ၁၉၉၂ ခုနှစ်က အီသီယိုးပီးယားကနေ ခွဲထွက်သွားခဲ့ပြီး ၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ နှစ်နိုင်ငံ စစ်ပွဲတွေဖြစ်ပွားခဲ့ကာ အဲဒီအချိန်ကစလို့ ဆက်ဆံရေး ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။

    အီသီယိုးပီးယားဟာ အာဖရိကတိုက်ရဲ့ ဒုတိယ လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်နေပေမယ့် ဒေသတွင်း စီးပွားရေး အတိုးတက်ဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မှတ်တမ်းက ဆိုပါတယ်။

    Ref: CNN