News @ M-Media

YouTube ရုံးချုပ်သို့ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ၀င်ပစ်သောကြောင့် ၃ ဦး ဒဏ်ရာရ

ဧပြီ ၄၊ ၂၀၁၈
M-Media

အခင်းဖြစ်ပွားသည့် မြင်ကွင်းတစ်ခု

– နာမည်ကျော် ဗီဒီယိုဝဘ်ဆိုက်တစ်ခုဖြစ်သည့် YouTube ၏ ဆန်ဖရန်စစ္စကိုအနီးရှိ ရုံးချုပ်ကို အမျိုးသမီးတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမားအမျိုးသမီးမှာ ၎င်းကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သည်။

ရဲတပ်ဖွဲ့ကမူ ထိုအမျိုးသမီး မည်သူမည်ဝါဖြစ်သည်ဆိုသည်နှင့် မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ဆိုခြင်းကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

MSNBC သတင်းဌာနက သေနတ်သမားမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ရုံးချုပ်အပြင်ဘက် ပေါ်တီကိုနားနှင့် ထမင်းစားဆောင်အတွင်းသို့ နေ့လည် ထမင်းစားချိန်တွင် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် အဓိကအဆောက်အဦးထဲသို့ ၀င်ရောက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပစ်ခတ်မှုမှာ အတွင်းရေးကိစ္စ မကျေလည်မှုကြောင့်ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်အစိုးရ၏ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပစ်ခတ်မှုမှာ အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုမရှိဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ABC သတင်းဌာနကလည်း သေနတ်သမားမှာ အသက် ၃၅ နှစ်မှ ၄၀ အကြားရှိပြီး တောင်ကယ်လီဖိုးနီးယားမှာ အမျိုးသမီးဖြစ်ကြောင်း YouTube နှင့် အဆက်အသွယ် မရှိကြောင်း ဖော်ပြခဲ့သည်။

Ref: CNA