News @ M-Media

Blog

  • ရွေးကောက်ပွဲ မသမာမှုဖြင့် ပြင်သစ်သမ္မတဟောင်း အဖမ်းခံရ

    ရွေးကောက်ပွဲ မသမာမှုဖြင့် ပြင်သစ်သမ္မတဟောင်း အဖမ်းခံရ

    မတ် ၂၀၊ ၂၀၁၈
    M-Media

    – ၂၀၀၇ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုတွင် မသမာမှုများ ပြုလုပ်ခဲ့သည်ဆိုသော သံသယဖြင့် ပြင်သစ်သမ္မတဟောင်း နီကိုလက်စ် ဆာကိုဇီမှာ ထိန်းသိမ်းခံခဲ့ရသည်ဟု သိရသည်။

    အဆိုပါရွေးကောက်ပွဲတွင် အနိုင်ရရှိကာ သမ္မတဖြစ်လာခဲ့သည့် ဆာကိုဇီမှာ မဲဆွယ်ပွဲအတွက် လစ်ဗျားခေါင်းဆောင်ဟောင်း မွမ်မာ ကဒါဖီထံမှ ငွေကြေးများကို ရယူခဲ့သည်ဆိုသော စွပ်စွဲခံရမှုများ ရှိခဲ့ပြီး ယခုဖမ်းဆီးမှုမှာလည်း အဆိုပါကိစ္စနှင့် ဆက်စပ်နေသည်။

    ဆာကိုဇီကမူ စွပ်စွဲမှုများကို ငြင်းဆိုထားသည်။

    အစိုးရရှေ့နေများက ဆာကိုဇီမှာ မဲဆွယ်ပွဲတွင် သတ်မှတ်ထားသည့် ကန်ဒေါ်လာ ၂၄ သန်းထက် ပို၍ ၂ ဆ အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်တွင် ဆိုရှယ်လစ်ပါတီမှ ဖရန်ကိုအစ် အော်လွန်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆာကိုဇီမှာ နိုင်ငံရေးလောကမှ အနားယူသွားခဲ့သော်လည်း ၂၀၁၅ ခုနှစ် ရီပက်ဘလ်ကန်ပါတီကို ဦးဆောင်ကာ ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။

    သို့သော်လည်း နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် ပထမအကျော့မှာပင် ပြုတ်သွားခဲ့သည်။

    Ref: Aljazeera

  • တရုတ်နိုင်ငံအား ပိုင်းရန်ကြံစည်မှု ကြမ္မာဆိုးနှင့်တွေ့မည်ဟု သမ္မတရှီကျင့်ဖျင် သတိပေး

    တရုတ်နိုင်ငံအား ပိုင်းရန်ကြံစည်မှု ကြမ္မာဆိုးနှင့်တွေ့မည်ဟု သမ္မတရှီကျင့်ဖျင် သတိပေး

    မတ် ၂၀၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံကို ပဲ့ထွက်စေဖို့ ကြိုးပမ်းမှုတွေ အားလုံးကို တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးလိုက်ပြီး ကမ္ဘာ့အလယ်မှာ ထိုက်တန်တဲ့နေရာတစ်ခု ပြန်ရရေး ‘ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲဝင်ဖို့’ အဆင်သင့်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    သမ္မတအဖြစ် ဒုတိယသက်တမ်း ပြန်လည်တင်မြှောက်ခံရပြီးတဲ့နောက် ဒီကနေ့မှာပြုလုပ်တဲ့ ပြည်သူ့ကွန်ဂရက်မှာ ရှီက အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ကမ္ဘာ့စစ်ရေးနဲ့ စီးပွားရေးမှာ ပြိုင်ဘက်ကင်းတဲ့အနေအထား ရောက်စေမယ့် ခေတ်သစ်တစ်ခုကို ပဲ့ကိုင်သွားမယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် တာဝန်ရှိသူတွေ ထိုင်ဝမ်ကျွန်းကို သွားရောက်နိုင်မယ့် ဥပဒေသစ်တစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ လက်မှတ်ရေးထိုးခဲ့ပြီး ရှီက မိမိတို့အနေနဲ့ ‘တရုတ်တစ်နိုင်ငံတည်းမူ’ ကို ဆက်လက်ကာကွယ်သွားမှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီမူမှာ ထိုင်ဝမ်ကို တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    “တိုင်းပြည်ကိုပိုင်းဖို့ ဆောင်ရွက်မှုတွေ၊ လှည့်ဖျားကြံစည်မှုတွေအားလုံးဟာ ကြမ္မာဆိုးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တရုတ်ပြည်သူတွေရဲ့ ရှုတ်ချမှုကိုခံရကာ သမိုင်းက အပြစ်ပေးသွားမှာ ဖြစ်ပါတယ်”

    ဒါပေမယ့် နိုင်ငံရပ်ခြားမှာ သူတို့လုပ်နေတဲ့ စီမံကိန်းတွေဟာ ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်ခြင်းမရှိဘူးလို့ ရှီက ပြောပါတယ်။

    “အခြားသူတွေကို ခြိမ်းခြောက်လေ့ရှိတဲ့သူတွေကသာ အားလုံးကို ခြိမ်းခြောက်မှုအဖြစ် မြင်ကြတာပါ”

    ဒီမိန့်ခွန်းမှာ ရှီက ‘တရုတ်ပြည်ကို သွေးသစ်လောင်းမယ့်’ သူ့ရဲ့အယူအဆကို ထည့်သွင်းပြောကြားခဲ့ပြီး ဒါဟာ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ အိပ်မက်လည်း ဖြစ်ပါတယ်။

    “တရုတ်ပြည်သူတွေဟာ အနိုင်မခံ၊ အရှုံးမပေးဘဲ ကြံ့ကြံ့ခံနိုင်တဲ့ လူမျိုးတွေဖြစ်တယ်။ ရန်သူတွေကို ခါးသီးတဲ့နိဂုံးအထိ ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲဝင်မယ့် စိတ်ဓာတ်မျိုးလည်း ကျွန်တော်တို့မှာ ရှိပါတယ်”

    သမ္မတ ရှီကျင့်ဖျင်ဟာ တိုင်းပြည်ကိုအုပ်စိုးနေတဲ့ ကွန်မြူနစ်ပါတီအကြောင်းကိုလည်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

    “ဆိုရှယ်လစ်ဝါဒကသာ တရုတ်ပြည်ကို ကယ်တင်နိုင်မယ်ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သလို၊ ဆက်လက်ပြီး သက်သေပြသွားမှာ ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ အဓိပတိဖြစ်ပြီး တရုတ်နိုင်ငံကို ကြီးကျယ်တဲ့ အားသစ်လောင်းမှု အောင်မြင်ဖို့အတွက် အခြေခံကျကျ အာမခံနိုင်တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်”

    ၂ ပတ်တာကြာမြင့်မယ့် ပြည်သူ့ကွန်ဂရက်က အသက် ၆၄ နှစ်အရွယ် ရှီကို သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေးကောက်ခဲ့ပြီး သမ္မတသက်တမ်း ကန့်သတ်ထားမှုပယ်ဖျက်ရေး ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်ကိုလည်း အတည်ပြုခဲ့ပါတယ်။ ဒါ့ကြောင့် ၂၀၂၃ ခုနှစ်မှာ သက်တမ်းပြည့်မယ့်ရှီဟာ ရာထူးမှာ ဆက်ရှိနေမှာ ဖြ
    စ်ပါတယ်။

    ကွန်ဂရက်မိန့်ခွန်းမှာ ရှီက ခြစားမှုကို အမြစ်ဖြတ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “တရုတ်ကွန်မြူနစ်ပါတီဟာ ခြစားမှုကို လုံးဝဥဿုံ အမြစ်ဖြတ်သွားမှာပါ”

    ရှီဟာ မော်ဇီတုံးနောက်ပိုင်း တရုတ်ရဲ့ အာဏာပါဝါအကြီးဆုံး ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသူလည် ဖြစ်ပါတယ်။

    Ref: CNA

  • အမေရိကန်တွင် ဗလီထဲ ၀င်ရောက်ဆဲဆိုသည့် အမျိုးသမီးများကို ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲ

    အမေရိကန်တွင် ဗလီထဲ ၀င်ရောက်ဆဲဆိုသည့် အမျိုးသမီးများကို ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲ

    မတ် ၁၉၊ ၂၀၁၈
    M-Media

    – အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှာ ဗလီထဲဝင်ပြီး စော်ကားပြောဆိုတဲ့ ဗီဒီယိုကို ရိုက်ကူးကာ ဆိုရှယ်မီဒီယာမှာ လွှင့်တင်တဲ့ အမျိုးသမီးတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး အမုန်းစကားပြောဆိုမှု မြောက်မမြောက် စစ်ဆေးနေပါတယ်။

    အသက် ၃၂ နှစ်အရွယ် တဟ်နီ ဂွန်ဇာလက်စ်နဲ့ အသက် ၆၁ နှစ်အရွယ် အဲလိဇဘက် ဒါနီဟာဝါတို့ဟာ သူတို့ရဲ့ ကလေးတွေကို ခေါ်ပြီး ဖီးနစ်မြို့အနီး တမ်ပီမြို့က ဗလီကို သွားရောက်ခဲ့တာပါ။ အဲဒီနောက် တံခါးဖွင့်ပြီး ဗလီထဲဝင်သွားကာ ဗလီ၊ အစ္စလာမ်နဲ့ မွတ်စလင်တွေကို စော်ကားတဲ့ စကားတွေပြောဆိုခဲ့ပါတယ်။

    သူတို့ရဲ့ အဲဒီလုပ်ရပ်တွေကို ဗီဒီယိုရိုက်ကူးကာ မတ်လ ၄ ရက်နေ့မှာ Facebook စာမျက်နှာပေါ် လွှင့်တင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ ကလေးငယ်တွေက စော်ကားပြောဆိုမှုကိုလည်း တွေ့ခဲ့ရပါတယ်။

    ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင်အီမာမ် အဟ်မဒ် အလ်-အေကွမ်က တမ်ပီမြို့က မွတ်စလင်တွေဟာ ဒီဗီဒီယိုကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော် ၀မ်းအနည်းရဆုံးက ကလေးတွေကို ခေါ်လာပြီး အမုန်းစိတ်သွင်းတာ၊ သတင်းအမှားတွေကို ရိုက်သွင်းတာတွေပဲ ဖြစ်ပါတယ်”

    တမ်ပီရဲဌာနက ပြောရေးဆိုခွင့်ရှိသူ ဆာဂျင် ရော်နယ် အလ်ကော့ခ်က ဒီအမျိုးသမီးတွေကို တတိယအဆင့် ဖောက်ထွင်းမှုနဲ့ တရားစွဲဆိုထားပြီး အမုန်းဆောင်ရာဇ၀တ်မှုအဖြစ် ပြစ်မှုထင်ရှားရင်၊ ဒါမှမဟုတ် တရားသူကြီးက ဒီအတိုင်းဆုံးဖြတ်ရင် ပြစ်ဒဏ်ကို တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ရှေ့ဆောင်အီမာမ် အလ်-အေကွမ်က ဗလီအပြင်မှာ လာရောက်စော်ကား ဆဲဆိုတာတွေကို ကြုံတွေ့ခဲ့ရဖူးပေမယ့် ဒီလိုအတွင်းထဲဝင်ပြီး ဗလီထဲကပစ္စည်းတွေကို ယူဆောင်သွားတာမျိုးဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ရဲတပ်ဖွဲ့ဟာ ဗလီဝတ်ကျောင်းတော်တစ်ဝိုက်ကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေပြီး ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေ ငှားရမ်းသွားဖို့ စီစဉ်နေတယ်လို့လည်း အလ်-အေကွမ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အမျိုးသမီးတွေ ဖမ်းဆီးခံရတာနဲ့ပတသ်က်ပြီး သူက “စိတ်မကောင်းဘူးဗျာ။ သူတို့မှာ ကလေးတွေလည်း ရှိသေးတယ်လေ” လို့ အလ်-အေကွမ်က ဆိုပါတယ်။

    Ref: New York Times

  • လီဗာပူးလ်တိုက်စစ်မှူးပုံ ညှပ်ပြီး ကျော်ကြားလာတဲ့ အီဂျစ်က ဆံသဆရာ

    လီဗာပူးလ်တိုက်စစ်မှူးပုံ ညှပ်ပြီး ကျော်ကြားလာတဲ့ အီဂျစ်က ဆံသဆရာ

    မတ် ၁၉၊ ၂၀၁၈
    M-Media


    – အီဂျစ်နိုင်ငံက ၀ါလိဒ် မက္ကရမ်လို့ခေါ်တဲ့ ဆံသဆရာတစ်ယောက်ဟာ ဖောက်သည်တွေရဲ့ခေါင်းမှာ လီဗာပူးလ် ဂိုးသွင်းစက် တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ရဲ့ မျက်နှာကို ပုံဖော်ပေးမှုအတွက် နာမည်ကြီးလာပါတယ်။

    မက္ကရမ်က ပထမဆုံး သူဟာ ဆံပင်ပေါ်မှာ အဖြူရောင်ရဲ့ မျက်နှာပုံကို ဆေးခြယ်ပြီး အဲဒီပုံအတိုင်း လိုက်ညှပ်ပေးတာလို့ ပြောပါတယ်။ မိုဟာမက် ဆာလာဟ်ရဲ့ မျက်နှာအပြင် အီဂျစ်နဲ့ အခြား နာမည်ကျော် အာရပ်လူမျိုးတွေရဲ့ ပုံတွေကိုလည်း မက္ကရင်က ပုံဖော်ပေးနေပါတယ်။

    တိုက်စစ်မှူး ဆာလာဟ်ဟာ လီဗာပူးလ်အသင်းနဲ့ ပွဲဦးထွက်ဖြစ်တဲ့ အခုရာသီ ပြိုင်ပွဲအားလုံးမှာ ၃၆ ဂိုး သွင်းပေးထားပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေပါတယ်။

    Ref: Alarabiya

  • ရုရှားသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတပူတင်က ထပ်မံအနိုင်ရရှိ

    ရုရှားသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတပူတင်က ထပ်မံအနိုင်ရရှိ

    မတ် ၁၉၊ ၂၀၁၈
    M-Media

    – ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရုရှားသမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမီရ် ပူတင်က မျှော်မှန်ထားသည့်အတိုင်း အနိုင်ရရှိခဲ့ပြီး အတိုက်အခံများကမူ ပူတင်မှာ ရွေးကောက်ပွဲတွင် မရိုးမသား လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

    တိုင်းပြည်အား နှစ်ပေါင်း ၂၀ နီးပါး အုပ်စိုးခဲ့သည့် ပူတင်မှာ ထောက်ခံမဲ ၇၆.၆၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၎င်းယှဉ်ပြိုင်ခဲ့သည့် သက်တမ်းတစ်လျှောက်တွင် ထောက်ခံမှု အမြင့်ဆုံးလည်း ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် ၆ နှစ် ရာထူး၌ ဆက်ရှိနေမည်ဖြစ်သည်။

    အတိုက်အခံများနှင့် လွတ်လပ်သော စောင့်ကြည့်သူများကမူ ပူတင် ၄ ကြိမ်မြောက် တာဝန်ထမ်းဆောင်နိုင်ရေး တရားဝင်ဖြစ်မှု သေချာစေရန်အတွက် မဲဝယ်ခြင်း၊ အခြား မသမာမှုများ ပြုလုပ်ခြင်းတို့ ရှိသည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ပူတင်အား ထောက်ခံသူများက ဗြိတိန်၏ သူလျှိုကိစ္စ စွပ်စွဲမှု၊ အိုလံပစ်ပြိုင်ပွဲတွင် ရုရှားကစားသမားများအား ဆေးကျသည်ဆိုသည့် စွပ်စွဲမှု စသည့် အနောက်နိုင်ငံများ၏ ဖိအားများကြောင့် ရုရှားပြည်သူများက ၎င်းတို့၏ ခေါင်းဆောင်နောက်၌ ပိုမို မားမားမတ်မတ်ရပ်တည်မှုကို ဖြစ်စေသည်ဟု ဆိုသည်။

    ၂၀၂၄ ခုနှစ် ရာထူး၌ ဆက်ရှိနေမည့် ပူတင်မှာ အာဏာရှင် ဂျိုးဆက်စတာလင်နောက်ပိုင်း အရှည်ကြာဆုံး ရုရှားခေါင်းဆောင် ဖြစ်လာခဲ့သည်။ ၎င်းကမူ ရာသက်ပန်သမ္မတအဖြစ် ရှိနေမည်မဟုတ်ဟု ဆိုသည်။

    “အသက် ၁၀၀ အထိ ကျွန်တော် ဒီရာထူးမှာ နေသွားမယ်ဆိုတာမျိုးလား။ မဟုတ်ပါဘူး” ဟု ယမန်နေ့တွင် သတင်းထောက်များက ၂၀၃၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ထပ်မံ ၀င်ရောက်ယှဉ်ပြိုင်မည်လားဆိုသည့် မေးခွန်းကို ဖြေကြားခဲ့သည်။

    ရုရှားသမ္မတရွေးကောက်ပွဲတွင် ပူတင်အပါအ၀င် ၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၎င်းအား ယှဉ်ပြိုင်နိုင်မည်ဟု ယူဆရသည့် အလက်ဇီ နာဗာလ်နီမှာ ဥပဒေဆိုင်ရာ အကြောင်းအရင်းများကြောင့် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

    Ref: CNA