မတ် ၂၇၊ ၂၀၁၈
M-Media

– အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒ်ရာပရာဒက်ရှ်ပြည်နယ်ရှိ တရားမ၀င် သဲတူးဖော်သည့်လုပ်ငန်းအကြောင်း သတင်းလိုက်နေသည့် ဂျာနယ်လစ်တစ်ဦးမှာ ယမန်နေ့က ကားဖြင့် တိုက်သတ်ခံခဲ့ရသည်ဟု သိရသည်။
အသက် ၃၅ နှစ်အရွယ် ဆန်ဒီဘ် ရှရ်မာဖြစ်ပြီး ယမန်နေ့မနက်ပိုင်းက ဘီဟင်ခရိုင်တွင် ဆိုင်ကယ်ဖြင့် သွားနေစဉ် ထရပ်ကားတစ်စီး၏ တိုက်သတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ရရှိသည့်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။
ခရိုင်ရဲတပ်ဖွဲ့မှ လက်ထောက် စုံစမ်းစစ်ဆေးရေးမှူး ရှီလန်ဒရာ ဆင်း ကက်ရှ်ဝါဟာက ကားသမားနှင့် ထရပ်ကားတို့ကို ဖမ်းဆီးထားကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
ရှရ်မာမှာ ပြည်နယ်အတွင်းရှိ တရားမ၀င် သဲတူးဖော်မှုဂိုဏ်း၏ လုပ်ငန်းများတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်နေသည်ဟု ယခင်က ပြောကြားခဲ့ဖူးပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသတွင်းရုပ်သံ News World တွင် နှစ်ကြိမ်တိုင်တိုင်ဖော်ပြခဲ့သည်။
သဲခိုးဂိုဏ်းအကြောင်း သတင်းလိုက်မှုနှင့်ပတ်သက်၍ အသက်အန္တရာယ် စိုးရိမ်သည့်အတွက် ရဲတပ်ဖွဲ့၏ စောင့်ရှောက်မှုကို ရရှိရန် ရှရ်မာက တောင်းဆိုခဲ့ဖူးသည်။
ဘီဟင် စာနယ်ဇင်းကလပ်ဥက္ကဌ ဆသ်ယာနာရာယန် ရှရ်မာက ဆန်ဒီဘ် ရှရှ်မာမှာ ‘ရဲရင့်သည့်ဂျာနယ်လစ်’ တစ်ဦးဟု ချီးကျူးခဲ့ပြီး ပြီးခဲ့သည့်လအနည်းငယ်က သဲခိုးဂိုဏ်းအကြောင်း ၎င်း၏ ဖော်ထုတ်မှုတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့တစ်ဦး၏ ခြိမ်းခြောက်မှုကို ခံနေရသူဖြစ်သည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ နေရာအများအပြားတွင် သဲတူးမှုကို တရားမ၀င်အဖြစ် သတ်မှတ်ထားသော်လည်း မြေပြင်တွင် လုပ်ကိုင်မှုများ ရှိနေသည်။
Ref: Aljazeera