News @ M-Media

ရုရှား-ယူကေ ပြဿနာတွင် အမေရိကန်ဝင်ပါလာပြီး ရုရှားသံတမန် ၆၀ ကို နှင်ထုတ်

မတ် ၂၆၊ ၂၀၁၈
M-Media

– ယူကေသူလျှိုဟောင်းတစ်ယောက်ကို ဓာတ်တုအဆိပ်နဲ့ လုပ်ကြံဖို့ကြိုးစားမှုအတွက် ယူကေနဲ့ ရုရှားတို့အကြား ဖြစ်နေတဲ့ ပြဿနာမှာ ယူကေဖက်က ရပ်တည်တယ်ဆိုတာကို ပြသဖို့အတွက် ထောက်လှမ်းရေးတာဝန်ရှိသူတွေ အပါအ၀င် ရုရှား သံတမန် ၆၀ ကို တိုင်းပြည်အတွင်းက ထွက်သွားဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်လိုက်ပါတယ်။

ရုရှားနိုင်ငံသား စကရီပဲလ်နဲ့ သမီးဖြစ်သူတို့ဟာ မတ်လအစောပိုင်းက စစ်သုံး ဓာတုအဆိပ်နဲ့ လုပ်ကြံခံခဲ့ရတာဖြစ်ပြီး လက်ရှိ ဆိုးဆိုးဝါးဝါးအခြေအနေနဲ့ ဆေးကုသမှု ခံနေရပါတယ်။ ယူကေက ဒီကိစ္စကို ရုရှားကလုပ်တယ်လို့ စွပ်စွဲခဲ့ပြီး ရုရှားသံတမန် ၂၃ ဦးကို ပြီးခဲ့တဲ့ တစ်ပတ်မှာ နှင်ထုတ်ခဲ့ပါတယ်။

“ရုရှားက ကမ္ဘာတစ်ဝှမ်း မတည်မငြိမ်ဖြစ်စေဖို့ လုပ်နေမှုမှာ နောက်ဆုံးပေါ်လာတဲ့  ယူကေမြေပေါ်မှာ စစ်သုံးလက်နက် အသုံးပြုမှုကို တုန့်ပြန်တဲ့အနေနဲ့ နေတိုးအဖွဲ့က မဟာမိတ်တွေ၊ ကမ္ဘာတစ်ဝှမ်းက မိတ်ဖက်တွေနဲ့အတူ အမေရိကန်က ဒီလို ဆောင်ရွက်ရတာ ဖြစ်ပါတယ်” လို့ ဒီကနေ့ ထုတ်ပြန်တဲ့ အိမ်ဖြူတော် ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် အန်နာတိုလီ အန်တိုနော့ဗ်က အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ မှားယွင်းပြီး၊ အမေရိကန်-ရုရှား လက်ကျန် ဆက်ဆံရေးကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ ဆီယက်တဲလ်မှာရှိတဲ့ ရုရှားကောင်စစ်ဝန်ရုံးကိုလည်း ပိတ်ပစ်ဖို့ စီစဉ်နပါတယ်။

ယူကေ-ရုရှားပြဿနာနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၄ နိုင်ငံကလည်း ရုရှားသံအမတ်တွေကို နှင်ထုတ်သွားမယ်လို့ ဥရောပကောင်စီဥက္ကဌ ဒေါ်နယ် တက်စ်က ပြောကြားခဲ့ပါတယ်။

ရုရှားက ယူကေရဲ့စွပ်စွဲမှုကို ငြင်းဆိုထားပြီး အပြန်အလှန်အားဖြင့် ဗြိတိန်သံတမန် ၂၃ ဦးကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။

Ref: Aljazeera