News @ M-Media
Blog
  • အာဆီယံအဖွဲ့ဝင်ဖြစ်ရေး သြစတေးလျကို အင်ဒို ဖိတ်ခေါ်
    အာဆီယံအဖွဲ့ဝင်ဖြစ်ရေး သြစတေးလျကို အင်ဒို ဖိတ်ခေါ်
    မတ် ၁၆၊ ၂၀၁၈
    M-Media
    – သြစတေးလျကို အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်ပြီး ဒေသတွင်း ကာကွယ်ရေး၊ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ ပိုမိုကျယ်ပြန့်တဲ့ အခန်းကဏ္ဍကနေ ပါဝင်စေချင်တယ်လို့ အင်ဒိုနီးရှာသမ္မတ ဂျိုကို ၀ီဒိုဒိုက ပြောကြားလိုက်ပါတယ်။
    “ဒီကိစ္စဟာ အကြံကောင်းတစ်ခုပဲဗျ။ ဘာ့ကြောင်လဲဆိုတော့ ကျွန်တော်တို့ဒေသအတွက် ပိုမိုကောင်းမွန်ပြီး၊ စီးပွားအရ၊ နိုင်ငံရေးအရ တည်ငြိမ်တာမျိုးတွေ ဖြစ်လာမှာပါ။ သေချာပါတယ်။ ပိုကောင်းလာမှာပါ” လို့ သြစတေးလျကို အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကိစ္စနဲ့ပတ်သက်ပြီး ၀ီဒိုဒိုက Sydney Morning Herald ကို ပြောကြားခဲ့ပါတယ်။
    ဆစ်ဒနီမှာပြုလုပ်မယ့် အရှေ့တောင်အာရှ အထူး ထိပ်သီးအစည်းဝေးကို တက်ရောက်ဖို့အတွက် ၀ီဒိုဒိုအပါအ၀င် အာဆီယံခေါင်းဆောင်တွေဟာ သြစတေးလျကို ရောက်နေကြတာပါ။
    ၁၉၇၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အာဆီယံနိုင်ငံများအဖွဲ့နဲ့ သြစတးလျေတို့ဟာ ညှိနှိုင်းဆွေးနွေးမှု မိတ်ဖက်တွေဖြစ်ပြီး သြစတေးလျပါဝင်တဲ့ ၂ နှစ်တစ်ကြိမ် ထိပ်သီးအစည်းအဝေးကို ၂၀၁၆ ခုနှစ်က ဗီယန်ကျင်းမြို့မှာ စတင် ပြုလုပ်ခဲ့ပါတယ်။
    ပြီးခဲ့လမှာ ‘သြစတေးလျ မဟာဗျူဟာ ပေါ်လစီ အင်စတီကျု’ (Australian Strategic Policy Institute) က သြဇီအနေနဲ့ ၂၀၂၄ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနှစ်ဟာ အာဆီယံနဲ့ သြစတေးလျတို့ မိတ်ဖက်ဆက်ဆံရေး နှစ်ပေါင်း ၅၀ ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။
    “အာရှမှာ ပထ၀ီ-စီးပွားရေး၊ ပထ၀ီ-မဟာဗျဟာအရ ဖိအားတွေ ရှိလာတဲ့တွက်ကြောင့် အလယ်အလတ်ပါဝါရှိတဲ့ အာဆီယံဟာ သြစတေးလျနဲ့ နယူးဇီလန်တို့လို အလယ်အလတ် အင်အားရှိတဲ့နိုင်ငံတွေကို လိုအပ်လာပါတယ်။ ဒီ ဆစ်ဒနီထိပ်သီးအစည်းအဝေးဟာ အာဆီယံမှာ သြစတေးလျပါဝင်ဖို့ ရှည်ကြာမယ့်ဆွေးနွေးမှု အစလည်း ဖြစ်ပါတယ်” လို့ ပေါ်လစီ အင်စတီကျုက ပြောကြားခဲ့ပါတယ်။
    သြစတေးလျဝန်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ်က ၀ီဒိုဒိုရဲ့ မှတ်ချက်တွေဟာ နွေးထွေးတဲ့ စကားမျိုးဖြစ်တယ်လို့ ဆိုပေမယ့် အာဆီယံကိစ္စဟာ၊ အာဆီယံကိစ္စသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “အာဆီယံရဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားနေတဲ့နည်းလမ်းကို ကျွန်တော်တို့ တော်တော်လေးစားပါတယ်။ ကျွန်တော်တို့ဟာ အာဆီယံနဲ့ ဆွေးနွေးညှိနှိုင်းဖက်တွေဖြစ်ပြီး အာဆီယံရဲ့ စုစည်းမှု၊ အရေးပါမှု၊ ဒေသတွင်းမှာ အခြေခံကျကျ၊ အတွင်းကျကျ အရေးပါမှုတွေအတွက်လည်း ကျွန်တ်ာတို့ လေးစားပါတယ်”
    တန်ဘူးလ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း အာဆီယံနဲ့ သြစတေးလျတို့ရဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Jakarta Coconut
  • အီရန်က နျူဗုံးထုတ်လျှင် မိမိတို့လည်း နျူဗုံးထုတ်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော
    အီရန်က နျူဗုံးထုတ်လျှင် မိမိတို့လည်း နျူဗုံးထုတ်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော
    မတ် ၁၅၊ ၂၀၁၈
    M-Media
    – အီရန်နိုင်ငံက နျူဗုံး ထုတ်လုပ်နိုင်လျှင် မိမိတို့နိုင်ငံကလည်း နျူလက်နက်များ ထုတ်လုပ်သွားမည်ဟု ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။
    ယနေ့မနက် CBS သတင်းဌာနနှင့် အင်တာဗျူးတွင် မင်းသားက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အပြည့်အစုံကို ၎င်း အမေရိကန်သို့ မသွားရောက်ခင် မတ်လ ၁၈ ရက်နေ့တွင် ထုတ်လွှင့်မည် ဖြစ်သည်။
    မိုဟာမက် ဘင် ဆလ်မန်မှာ ယခင် CBS သတင်းဌာနနှင့် အင်တာဗျူးတွင် အီရန်အဓိပတိ အယာတိုလာ ခါမေနီအား နာဇီဂျာမနီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာနှင့် ခိုင်းနှိုင်းပြောကြားဖူးသည်။
    အရှေ့အလယ်ပိုင်းတွင် ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်သိမ်းပိုက်ထားသော အစ္စရေးမှလွဲ၍ အခြားအာရပ်နိုင်ငံများမှာ နျူလက်နက်များ မရှိပေ။ အာရပ်နိုင်ငံအချို့က နျူလက်နက် ထုတ်လုပ်ရန် ကြိုးစားမှုကိုလည်း အစ္စရေးက ၀င်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
    အီရန်မှာ နျူဒုံးကျည်ထုတ်လုပ်မှုများ ရှိနေသည်ဟု အမေရိကန်နှင့် မဟာမိတ်များက စွပ်စွဲထားပြီး အီရန် ၎င်းတို့နျူအစီအစဉ်မှာ စွမ်းအင်အတွက်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ နျူအစီအစဉ်အား ကန့်သတ်ရန်အတွက် အီရန်နှင့် ကမ္ဘာ့နိုင်ငံများမှာ ၂၀၁၅ ခုနှစ်တွင် သဘာတူညီချက်တစ်ခု ရရှိခဲ့သည်။
    Ref: Alarabiya
  • စစ်သုံးရဟတ်ယာဉ် ၂၈ စင်းဝယ်ယူကာ ကာတာကလေတပ်ကို ထပ်မံအားဖြည့်
    စစ်သုံးရဟတ်ယာဉ် ၂၈ စင်းဝယ်ယူကာ ကာတာကလေတပ်ကို ထပ်မံအားဖြည့်
    မတ် ၁၅၊ ၂၀၁၈
    M-Media
    – ကန်ဒေါ်လာ ၃.၇၁ ဘီလီယံ တန်ဖိုးရှိ စစ်ဖက်သုံး ရဟတ် ၂၈ စင်းဝယ်ယူမည်ဟု ကာတာက ယနေ့တွင် ကြေငြာလိုက်ပြီး ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံများနှင့် ပြဿနာဖြစ်ပွားမှုနောက်ပိုင်း အကြီးစား စစ်ဖက်ဆိုင်ရာပစ္စည်းများ ၀ယ်ယူမှု နောက်ထပ်တစ်ခုလည်း ဖြစ်သည်။
    NH90 ရဟတ်ယာဉ်များကို ၀ယ်ယူမည့် ထိုအစီအစဉ်မှာ လေတပ်၏ အင်အားနှင့် လုပ်ဆောင်နိုင်စွမ်းကို ပိုမို တိုးတက်စေမည်ဟု ကာတာလေတပ်၏ ရဟတ်ယာဉ်ဆိုင်ရာ တပ်မှူး မက်စ်ဟုတ် ဖိုင်ဆဲလ် အလ် ဟဂ်ျရီက ပြောကြားခဲ့သည်။
    အဆိုပါ ရဟတ်ယာဉ်ဝယ်ယူရေးအတွက် Airbus၊ ဒက်ခ်ျ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း Fokker တို့ ပေါင်းစပ်ထားသည့် NHI လုပ်ငန်းစုနှင့် တရားဝင် လက်မှတ်ရေးထိုးခဲ့သည်။ ရဟတ်ယာဉ် ပေးပို့မှုမျာကို ၂၀၂၂ တွင် စတင်မည်ဖြစ်သည်။
    ကာတာမှာ အမေရိကန်နှင့် ဆိုက်ဘာလုံခြုံရေးအပါအ၀င် ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်ဟု ဗုဒ္ဓဟူးနေ့တွင် ကြေငြာခဲ့သည်။
    ဆော်ဒီဦးဆောင်သည့် အုပ်စုက ကာတာမှာ အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့သည်ဟုဆိုကာ ပြီးခဲ့သည့် နှစ်လည်ပိုင်းမှစ၍ အဆက်အသွယ်ဖြတ်တောက်၊ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
    ထိုအကြပ်အတည်း ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ ကာတာမှာ စစ်လက်နက်ပစ္စည်းများကို ကန်ဒေါ်လာ ဘီလီယံ ၃၀ ဖိုးအထိ ၀ယ်ယူထားသည်။
    Ref: Aljazeera
  • ရုရှားနှင့် မြောက်ကိုရီးယားရန်ကြောင့် ယူကေက ဓာတုလက်နက် ကာကွယ်ရေးစင်တာ တည်ဆောက်မည်
    ရုရှားနှင့် မြောက်ကိုရီးယားရန်ကြောင့် ယူကေက ဓာတုလက်နက် ကာကွယ်ရေးစင်တာ တည်ဆောက်မည်
    မတ် ၁၅၊ ၂၀၁၈
    M-Media
    – မိမိတို့အနေနဲ့ ဓာတုလက်နက် ကာကွယ်တားဆီးရေးစင်တာတစ်ခု တည်ဆောက်သွားမယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီး ဂါဗင် ၀ီလီယံဆန်က ပြောကြားလိုက်ပြီး ရုရှားနဲ့ မြောက်ကိုရီးယားတို့ထံကနေ ဓာတုလက်နက်နဲ့ ခြိမ်းခြောက်မှု မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
    စတာလင်ပေါင် ၄၈ သန်းလောက် ကုန်ကျမယ့် အဲဒီစင်တာကို ပေါ်တွန်ဒေါင်းမြို့က ကာကွယ်ရေးသိပ္ပံနဲ့ နည်းပညာ ဓာတ်ခွဲစင်တာမှာ တည်ရှိမှာဖြစ်ပါတယ်။
    ဗြိတိန်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့တဲ့ သူလျှိုဟောင်း ရုရှားလူမျိုး ဆာဂျီ စကရီပဲလ်နဲ့ သမီးဖြစ်သူတို့ဟာ မတ်လအစောပိုင်းမှာ စစ်ဖက်သုံး ဓာတုအဆိပ်နဲ့ လုပ်ကြံခံရပြီး ယူကေက ရုရှားရဲ့လက်ချက် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒီအဆိပ်နဲ့ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်ပေးဖို့ အင်္ဂါနေ့ နောက်ဆုံထားပြီး တောင်းဆိုခဲ့ပေမယ့် ရုရှားက တုန့်ပြန်မှုမရှိတာကြောင့် နိုင်ငံအတွင်းက ရုရှားသံအမတ် ၂၃ ဦးကို တစ်ပတ်အတွင်း ထွက်သွားဖို့ ယူကေက မနေ့မှာ အမိန့်ပေးခဲ့ပါတယ်။
    ကာကွယ်ရေးဝန်ကြီး ၀ီလီယံဆန်က မစ္စတာ စကရီပဲလ်ကို တိုက်ခိုက်မှုဟာ တုန်လှုပ်စရာနဲ့သတိပြုစရာကောင်းတဲ့ ကိစ္စဖြစ်ပြီး ယူကအနေနဲ့ ဓာတုလက်နက်အန္တရာယ်ကို တိုးမြင့်ခံစားလာရတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
    အခု ဓာတုလက်နက် ကာကွယ်ရေးစင်တာ တည်ဆောက်မယ့် ကာကွယ်ရေးသိပ္ပံနဲ့ နည်းပညာ ဓာတ်ခွဲစင်တာက သိပ္ပံပညာရှင်တွေဟာ မစ္စတာ စကရီပဲလ်အပေါ် တိုက်ခိုက်မှုကို ကူညီဖော်ထုတ်ပေးခဲ့တာပါ။
    ထောင်နဲ့ချီတဲ့ ဗြိတိန်စစ်သားတွေဟာ ဓာတုအဆိပ် ကာကွယ်ဆေးထိုးဖို့ ရှိနေပါတယ်။
    ရုရှားကတော့ သူတို့အပေါ် စွပ်စွဲမှုဟာ လက်မခံနိုင်စရာ ရန်စမှုဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ပြန်လည် လက်တုန့်ပြန်သွားမယ်လို့ ဆိုပါတယ်။
    Ref: BBC
  • ရွေးကောက်ပွဲအကြို မြင့်တက်လာသည့် မွတ်စလင် မဘသများ၏ အမုန်းဝါဒဖြန့်မှုကို အင်ဒိုနှိမ်နှင်း
    ရွေးကောက်ပွဲအကြို မြင့်တက်လာသည့် မွတ်စလင် မဘသများ၏ အမုန်းဝါဒဖြန့်မှုကို အင်ဒိုနှိမ်နှင်း
    မတ် ၁၅၊ ၂၀၁၈
    M-Media
    – ၂၀၁၉ ခုနှစ်အတွင်း သမ္မတရွေးကောက်ပွဲရှိနေတဲ့အချိန် အမျိုးဘာသာ သာသနာ ကာကွယ်မယ်ဆိုတဲ့ အုပ်စုတွေရဲ့ အွန်လိုင်းမှာ အမုန်းစကား လုပ်ကြံဝါဒဖြန့်မှုတွေကို အင်ဒိုနီးရှားက ရင်ဆိုင်နေရပြီး ဒီလိုဝါဒဖြန့်မှုတွေအတွက် အင်ဒိုရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။
    ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများစုရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ သဘောထားတင်းမာတဲ့ မွတ်စလင်အဖွဲ့တွေက ဆိုရှယ်မီဒီယာတွေကို အမြတ်ထုတ်ကာ ပြီးခဲ့တဲ့လတွေအတွင်း လူနည်းစုတွေနဲ့ပတ်သက်လို့ လုပ်ကြံဝါဒဖြန့်မှုတွေ လုပ်ဆောင်လာတာပါ။
    အင်ဒိုနီးရှားရဲတပ်ဖွဲ့က အစိုးရကို တိုက်ခိုက်ပြီး ဘာသာရေးအစွန်းရောက်လာအောင် လှုံ့ဆော်ပေးနေတဲ့ ‘မွတ်စလင်ဆိုက်ဘာတပ်မတော်’ လို့ခေါ်တဲ့ MCA အဖွဲ့က အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ကြပါတယ်။
    ဒီအုပ်စုတွေရဲ့ အဓိက လုပ်ကြံဝါဒဖြန့်မှုနှစ်ခုက အစ္စလာမ့်ဓမ္မပညာရှင်တွေဟာ လက်ဝဲ၀ါဒီတွေရဲ့ စော်ကားမှုကို ခံနေရပြီး တိုင်းပြည်မှာ ကွန်မြူနစ်ပါတီရဲ့အင်အား ကြီးထွားလာနေတယ်ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
    ဘုရားတရားကို လက်မခံတဲ့ ကွန်မြူနစ်ဝါဒဟာ အင်ဒိုနီးရှားမှာ အထိအခိုက်မခံတဲ့ ကိစ္စဖြစ်ပြီး အာဏာရှင် ဆူဟာတိုလက်ထက် ၁၉၆၀ ပြည့်နှစ် အလယ်ပိုင်းမှာ ကွန်မြူနစ်တံဆိပ်ကပ်ကာ လူသန်းဝက်လောက်ကို သတ်ပစ်ခဲ့ပါတယ်။
    အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ လူမှုဆိုင်ရာဌာနက အကြီးအကဲ ဂါတော့ အက်ဒီ ပရာမိုနိုက အဲဒီအုပ်စုတွေဟာ အစိုးရကို မတည်မငြိမ်ဖြစ်စေဖို့နဲ့ လူမှုရေး ပဋိပက္ခတွေဖြစ်လာစေဖို့ ဆောင်ရွက်ချင်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    သမ္မတ ဂျိုကိုဝီဒိုဒို အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းကလည်း ၀ီဒိုဒိုကိုဆန့်ကျင်တဲ့ လုပ်ကြံဝါဒဖြန့်မှုတွေ အွန်လိုင်းစာမျက်နှာတွေမှာ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားကတော့ အာဏာပိုင်တွေကို ပိုပြီး အခက်တွေ့စေမယ့် ပုံစံ ဖြစ်နေပါတယ်။
    ပြီးခဲ့တဲ့လက ဆက်သွယ်ရေးဝန်ကြီးဌာနဟာ သူတို့အနေနဲ့ သတင်းအတုတွေကို ဖော်ထုတ်နိုင်မယ့် ဆော့ဖ်ဝဲသစ်ကို စတင်အသုံးပြုနေတယ်လို့ ကြေငြာခဲ့ပါတယ်။ ဇန်န၀ါရီလတုန်းကလည်း သမ္မတ ၀ီဒိုဒိုဟာ ဆိုက်ဘာလုံခြုံရေး အေဂျင်စီအသစ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
    အွန်လိုင်း ၀ါဒဖြန့်မှုများ
    အင်တာနက်မှာ သတင်းမှားတွေနဲ့ လုပ်ကြံဝါဒဖြန့်မှုဂယက်ကို အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၆ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၇ ခုနှစ် အစပိုင်း ဂျကာတာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ သိသိသာသာကို ခံစားခဲ့ရပါတယ်။
    တရုတ်နွယ်ဖွား ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ ဂျကာတာအုပ်ချုပ်ရေးမှူး အဟော့ဟာ ကိုရန်ကျမ်းစာကို စော်ကားတယ်လို့ သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်တွေက ပြင်ဆင်ဖြတ်တောက်ထားတဲ့ ဗီဒီယိုနဲ့ ၀ါဒဖြန့်ခဲ့ပါတယ်။
    နောက်ဆက်တွဲအဖြစ် အဟော့ဟာ မွတ်စလင်တွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုကို ခံခဲ့ရပြီး ရွေးကောက်ပွဲမှာ မွတ်စလင် ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့သလို ဘာသာသာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆို ထောင်ချခြင်း ခံခဲ့ရပါတယ်။
    အဟော့နဲ့ မွတ်စလင်မဟုတ်တဲ့ နိုင်ငံရေးသမားတွေကို ၀ါဒဖြန့်တိုက်ခိုက်ရမှာ MCA က အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ နဒ်လာသွလ် အိုလမာ (NU) ရဲ့ ဒါရိုက်တာ ဆာဗစ်အလီက ပြောကြားခဲ့ပါတယ်။
    “ဒီကိစ္စမှာ MCA ဟာ ဦးဆောင်လှုံ့ဆော်ပေးခဲ့တာပါ။ သူတို့ရဲ့ အကောင့်တော်တော်များများမှာ ဘာသာရေးသဘောတရားတွေ တင်ထားတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်”
    သူတို့အဖွဲ့ဟာ အနည်းဆုံး အဖွဲ့ ၄ ခုလောက်ရှိပြီး တစ်ဖွဲ့က bot တွေအသုံးပြုတာ၊ အတိုက်အခံတွေရဲ့ အကောင့်တွေကို ဟက်တာလို နည်းလမ်းတွေနဲ့ ၀ါဒဖြန့်တာတွေ ပြုလုပ်ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့ SAFENET က ဒါမာ ဂျူနီယာတိုက ပြောကြားခဲ့ပါတယ်။
    အခြားတစ်ဖွဲ့က အစ္စလာမ်သာသနာအတွင်း အစွန်းရောက်ဝါဒကို သွတ်သွင်းကာ ခါလီဖိတ်နိုင်ငံ ထူထောင်ဖို့ တွန်းအားပေးနေပြီး၊ နောက်တစ်ဖွဲ့က ရှေးရိုးစွဲ နိုင်ငံရေးအယူအဆကို ပံ့ပိုးကာ၊ ၀ီဒိုဒိုနဲ့ သဘောထားမတိုက်ဆိုင်တဲ့ စစ်ဖက်အရာရှိတွေကို စန်းတင်တာတွေ လုပ်နေပါတယ်။
    “သူတို့ဟာ ၂၀၁၉ ခုနှစ်မှာလုပ်မယ့် သမ္မတရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါတယ်။ ၂၀၁၈ မှာ သူတို့ရည်ရွယ်ချက်က ဂျကာတာမှာ ဖြစ်ခဲ့တာကို တိုင်းပြည်ရဲ့ တစ်ခြားနေရာတွေမှာ ကော်ပီလုပ်ချင်တာပါ” လို့ ဂျူနီယာတိုက ပြောပါတယ်။
    သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေအတွက် ရဲတပ်ဖွဲ့ကို တပ်လှန့်ထားပေမယ့် ထိရောက်မှု နည်းနေပါသေးတယ်။
    နိုင်ငံလူဦးရေရဲ့ထက်ဝက် သန်းပေါင်း ၁၃၀ လောက်ဟာ တစ်နေ့ကို ဆိုရှယ်မီဒီယာ ၃ နာရီခွဲလောက် အသုံးပြုနေကြပြီး ကမ္ဘာပေါ်က ဆိုရှယ်မီဒီယာအသုံးပြုမှု အမြင့်ဆုံးတွေထဲမှာ ပါဝင်တယ်လို့ လန်ဒန်အခြေစိုက် We are social အဖွဲ့က ပြောပါတယ်။
    နောက်ပြီး ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပညာပေးမှုအစီအစဉ်ကို အင်ဒိုနီးရှားက ဆောင်ရွက်တာ နောက်ကျတယ်လို့လည်း ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
    “အင်တာနက်မှာ တက်လာသမျှ စာတွေ၊ ဗီဒီယိုတွေအားလုံးကို အင်ဒိုပြည်သူများစုက အမှန်လို့ထင်ကြတာ။ အမှားဆိုတာ သူတို့ မသိကြဘူး” လို့ NU က ဆာဗစ်အလီက ပြောကြားခဲ့ပါတယ်။
    အင်ဒိုနီးရှားဟာ အစ္စလာမ်ရဲ့ သဘောထားပြည့်ဝမှုကို ကျင့်သုံးပြီး၊ ဘာသာတရား ၆ ခုကို တရားဝင် အသိအမှတ်ပြုကာ ဘာသာရေးလွတ်လပ်ခွင့် ပေးထားတဲ့ သမိုင်းကြောင်းကောင်းတွေ ကာလရှည်ကြာစွာ ရှိခဲ့တာပါ။
    ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ မွတ်စလင်မဟုတ်သူတွေနဲ့ လိင်တူချစ်သူတွေဟာ ပိုမိုပစ်မှတ်ထားခံလာရပြီး ၀ါဒဖြန့် သတင်းမှားတွေကလည်း မီးလောင်ရာလေပင့်ပေးနေတယ်လို့ SAFENET က တာဝန်ရှိသူ ဂျူနီယာတိုက ပြောကြားခဲ့ပါတယ်။
    “ဒါတွေနဲ့ပတ်သက်ပြီး ဘယ်သူမှ ဘာမှ မလုပ်ကြဘူးဆိုရင် သွေးကွဲမှုတွေ၊ ပဋိပက္ခတွေ လွယ်လွယ်ကူကူနဲ့ ဖြစ်လာနိုင်ပါတယ်”
    Ref : CNA