News @ M-Media

Blog

  • ဂျူးအဖွဲ့တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ဂုဏ်ပြုဆု ပြန်ရုပ်သိမ်း

    ဂျူးအဖွဲ့တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ဂုဏ်ပြုဆု ပြန်ရုပ်သိမ်း

    မတ် ၈၊ ၂၀၁၈
    M-Media

    – ဒေါ်အောဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဂုဏ်ပြုဆုတစ်ခုကို အမေရိကန် ဟိုလိုကက်စ် အောက်မေ့ဖွယ်ပြတိုက် United States Holocaust Memorial Museum က မနေ့မှာ ပြန်ရုပ်သိမ်းလိုက်ပြီး တိုင်းပြည်အတွင်း ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေအပေါ် လူမျိုးစုလိုက် ရှင်လင်းဖယ်ရှားမှုကို ၀န်ခံပြောကြားတာမျိုး၊ ရပ်တန့်အောင် ဆောင်ရွက်တာမျိုး မရှိတာကြောင့်လို့ ဆိုပါတယ်။

    နာဇီတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့ပြီး နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်ခဲ့တဲ့ ဂျူးလူမျိုး အီလီ ၀ိုက်ဆဲလ်ကို ဂုဏ်ပြုကာ ချီးမြှင့်တဲ့ Elie Wiesel ဆုဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့တာပါ။

    ပထမဆုံးရရှိသူက ၀ိုက်ဆဲလ်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယမြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဒီဆုဟာ ကမ္ဘာတစ်ဝှမ်းက အမုန်းတရားဆန့်ကျင်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးခြင်း၊ လူ့ဂုဏ်သိက္ခာကို မြှင့်တင်ခြင်း စတဲ့ ပြတိုက်ရဲ့ ရည်ရွယ်ချက်တွေကို ဖော်ဆောင်ပေးသူတွေကို နှစ်စဉ် ပေးအပ်ချီးမြှင့်တာပါ။

    ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရည်ရွယ်ချက်ကို ရှင်သန်အောင် မလုပ်နိုင်ခဲ့ဘူးလို့ မနေ့က သူမထံ ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

    “လူ့ဂုဏ်သိက္ခာနဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးပေါ်မှာ နှစ်မြှုပ်ဆောင်ရွက်တယ်လို့ ကျွန်တော်တို့နဲ့ အခြားသူတွေ မှတ်ယူကြသူပီပီ ခင်ဗျားဟာ စစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို ရှုတ်ချဖို့၊ ရပ်တန့်စေဖို့ တစ်ခုခုလုပ်မယ်၊ ပစ်မှတ်ထားခံရတဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းရှိကြောင်း ပြောမယ်လို့ ကျွန်တော်တို့ ထင်ခဲ့တာပါ”

    သူမနဲ့ သူမရဲ့ပါတီ NLD က ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်မှု၊ ဂျာနယ်လစ်တွေကို ၀င်ရောက်ခွင့်ပိတ်ပင်မှုတွေ ရှိခဲ့သလို ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အမုန်းစကားတွေ ပြန့်နှံ့တာကိုလည်း လစ်လျူရှုထားတယ်လို့ ပြတိုက်ရဲ့ ဒီစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    စစ်တပ်က ပြုလုပ်နေတဲ့ လူမျိုးစုအကြမ်းဖက်မှု၊ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒတွေနဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေတဲ့အပေါ် နိုင်ငံတကာ ဝေဖန်ပြောဆိုမှုတွေထဲမှာ ဟိုလိုကက်စ်ပြတိုက်ရဲ့ ဆုပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အပြင်းထန်ဆုံး တုန့်ပြန်မှုတွေထဲက တစ်ခု ဖြစ်လာပါတယ်။

    အမေရိကန်နဲ့ အခြားနိုင်ငံတွေက မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုတွေ လုပ်နေတယ်လို့ စွပ်စွဲပြောဆိုထားပြီး ကုလကလည်း လူမျိုးတုန်းသတ်ဖြတ်မှု လက္ခဏာတွေကို မြင်နေရတယ်လို့ ပြောကြားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ အရပ်သားအစိုးရရဲ့ ခေါင်းဆောင် ဖြစ်ပေမယ့် စီးပွားရေးနဲ့ အရေးပါတဲ့ အစိုးရဌာနတွေကို စစ်တပ်က လွှမ်းမိုးကိုင်တွယ်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာဟာ အကန့်အသတ်နဲ့သာ ရှိနေပါတယ်။

    ဟိုလိုကက်စ်ပြတိုက်က စစ်တပ်ရဲ့ ဆယ်စုနှစ်ချီ မတော်မတရား အုပ်စိုးခဲ့မှုကို ရင်ဆိုင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခက်ခဲတေဲ့အခြေအနေတစ်ခု ရှိမယ်ဆိုတာ နားလည်ကြောင်း၊ ဒါပေမယ့် ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခသုက္ခတွေနဲ့ပတ်သက်ရင်တော့ တုန့်ပြန်ဖို့လိုကြောင်း စာထဲမှာ ထည့်သွင်းရေးသားခဲ့ပါ
    တယ်။

    အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ရယူဖို့အတွက် ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ တာဝန်ရှိသူတွေကို အရေးယူဖို့၊ စစ်အာဏာရှင်လက်ထပ်က ပြဌာန်းခဲ့တဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “ကြားနေ၀ါဒဆိုတာ ထိခိုက်ခံစားရသူအတွက်မဟုတ်ဘဲ ဖိနှိပ်သူတွေကို ပံ့ပိုးပေးတာဖြစ်သလို၊ ဆိတ်ဆိတ်နေတယ်ဆိုတာဟာလည်း ညှင်းပမ်းသူကို အားပေးတာမျိုးဖြစ်ပါတယ်” လို့ ၀ိုက်ဆဲလ်ရဲ့ စကားတစ်ခွန်းနဲ့ စာကို နိဂုံချုပ်ထားပါတယ်။

    Ref: NY Times

  • ဥပုသ်စောင့်ခြင်းက မှတ်ဉာဏ်ချို့ယွင်းမှုရောဂါကို သက်သာစေနိုင်

    ဥပုသ်စောင့်ခြင်းက မှတ်ဉာဏ်ချို့ယွင်းမှုရောဂါကို သက်သာစေနိုင်

    မတ် ၇၊ ၂၀၁၈
    M-Media

    – ဥပုသ်စောင့်သလို အစားအသောက်တွေကို အချိန်အတိုင်းအတာ တစ်ခုအထိ မစားမသောက် နေထိုင်ခြင်းဟာ Huntington လို့ခေါ်တဲ့ ဦးနှောက် မူမမှန်တဲ့ရောဂါကို ကုသရာမှာ အထောက်အကူဖြစ်စေတယ်လို့ ကနေဒါက လေ့လာဆန်းစစ်မှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    တစ်နေ့ကို ၁၀ နာရီကျော်ကျော်လောက် အစားအသောက်မစားဘဲ နေထိုင်ခြင်းဟာ ဒီရောဂါဖြစ်စေတဲ့ ပရိုတိန်းတွေကို လျော့ကျစေတာ ဖြစ်ပါတယ်။

    မျိုးရိုးဗီဇကြောင့်ဖြစ်တတ်တဲ့ Huntington ရောဂါဟာ ဟာ အသက် ၃၀ ကျော်၊ ၄၀ အရွယ်တွေမှာ အဖြစ်များပြီး ရောဂါလက္ခဏာတွေကတော့ အပြုအမူတွေကို ထိန်းချုပ်လို့မရတာ၊ ခံစားလွယ်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာတွေ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီရောဂါအတွက် ဆေးမရှိသေးဘဲ ဒီအခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ စီမံပေးရတာမျိုးသာ လုပ်နိုင်ပါသေးတယ်။

    အရင်က ဒီရောဂါကို ကုသဖို့နိုင်ဖို့အတွက် ပြုလုပ်တဲ့ လေ့လာဆန်းစစ်မှုတွေမှာ HTT လို့ခေါ်တဲ့ ရောဂါဖြစ်စေတဲ့ ပရိုတိန်းကို ဖျက်ဆီးဖို့ အဓိကထားခဲ့ပေမယ့် Bitish Columbia တက္ကသိုလ်က ပြုလုပ်တဲ့ အခုလေ့လာမှုမှာတော့ ဒီပရိုတိန်းကို လျှော့ချတာဟာ အခြား ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    ဥပုသ်စောင့်တာဟာ ခန္ဓာကိုယ်ရဲ့ အာရုံကြောပိုင်းဆိုင်ရာကို အကျိုးရှိစေတယ်လို့ အရင်လေ့လာမှုတွေမှာ တွေ့ခဲ့တာကြောင့် ဒီနည်းလမ်းက Huntngton ရောဂါကို ကုသရမှာ အထောက်အကူဖြစ်စေမလားဆိုတာကို လေ့လာခဲ့ပါတယ်။

    Huntington ရောဂါဖြစ်နေတဲ့ ကြွက်တွေကို နေ့စဉ် ၆ နာရီအတွင်းမှာ အစာစားစေပြီး နောက်ထပ် ၁၈ နာရီလောက်ကို မစားမသောက်စေဘဲ စမ်းသပ်ရာမှာ အောင်မြင်မှုရခဲ့ပါတယ်။

    သုတေသနအဖွဲ့က ဒီလို အစားအသောက် နာရီတော်တော်ကြာမစားဘဲ နေခြင်းဟာ ဆဲလ်တွင်းသန့်ရှင်းမှုလုပ်ငန်းစဉ် autophagy ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ autophagy လုပ်ငန်းစဉ်ဟာ ဆဲလ်အတွင်းက ပျက်ဆီးနေတဲ့၊ ဒါမှမဟုတ် မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပေးတာ ဖြစ်ပါတယ်။

    အစားအသောက်ရှောင်တဲ့ဖြစ်စဉ်အတွင်း သစ်လွင်လာတဲ့ HTT ဆဲလ်တွေဟာ Hungtington ရောဂါလက္ခဏာတွေ မဖြစ်စေဘဲ autophagy နှုန်းကိုလည်း မြင့်တက်စေတယ်လို့ လေ့လာမှုမှာ တွေ့ရပါတယ်။

    လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ ဒေလ်းမာတင်က Huntington ရောဂါဟာ လက်ရှိမှာ ကုသလို့မရတဲ့ ဆိုးရွားတဲ့ရောဂါဖြစ်ကြောင်း၊ လက်ရှိတွေ့ရှိချက်အတွက် ဆက်လက်လေ့လာဖို့ လိုအပ်နေသေးပေမယ့် အစားအသောက်ကို အချိန်တော်တော်ကြာကြာရှောင်ကျဉ်တာဟာ ဒီရောဂါဖြစ်နေတဲ့ လူနာတွေအတွက် အကျိုးကျေးဇူးတစ်ချို့ ရရှိစေပြီး၊ စမ်းသပ်ကုသမှုတွေကို ပြည့်စုံစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Medical News Today

  • စင်ကာပူက သစ်ခွပန်းတစ်မျိုးကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အမည် ဂုဏ်ပြုမှည့်ခေါ်မည်

    စင်ကာပူက သစ်ခွပန်းတစ်မျိုးကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အမည် ဂုဏ်ပြုမှည့်ခေါ်မည်

    မတ် ၇၊ ၂၀၁၈
    M-Media

    – ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာကို ဂုဏ်ပြုတဲ့အနေနဲ့ စင်ကာပူ ရုက္ခဗေဒဥယျာဉ်က သစ်ခွတစ်မျိုးကို သူ့ရဲ့နာမည် ပေးသွားမယ်လို့ သိရပါတယ်။

    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားမှုအရ မတ်လ ၁၁ ရက်နေ့က ၁၄ ရက်နေ့အထိ ရှိခ်ဟာဆီနာဟာ စင်ကာပူကို သွားရောက်ဖို့ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မဟ်မူးဒ် အလီက သတင်းစာရှင်းလင်းပွဲအကျဉ်းချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ခေါင်းဆောင်နှစ်ဦးဟာ တွေ့ဆုံဆွေးနွေးဖို့ရှိသလို ဘင်္ဂလာဒေ့ရှ်-စင်ကာပူ စီးပွားရေးဖိုရမ်းကို အတူတကွ တက်ရောက်ဖို့လည်း ရှိနေပါတယ်။

    ရှိခ်ဟာဆီနာဟာ စင်ကာပူရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ ဟာလီမာယာကွဘ်နဲ့လည်း တွေ့ဆုံမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်သမ္မတ အဘ်ဒူလ် ဟာမစ်ဟာ မတ်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အိန္ဒိယနိုင်ငံကို သွားရောက်ကာ နိုင်ငံတကာ နေစွမ်းအင် မဟာမိတ် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ရှိနေပါတယ်။

    သမ္မတဟာမစ်ဟာ အိန္ဒိယ၊ ပြင်သစ်နဲ့ သီရိလင်္ကာသမ္မတတို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

    Ref : Daily Star

  • အမျိုးသမီးတွေရဲ့ စွမ်းအားကို ထုတ်ပြလိုက်တဲ့ အီမရိတ်လေကြောင်းလိုင်း

    မတ် ၇၊ ၂၀၁၈
    M-Media

    – မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အီမရိတ်လေကြောင်းလိုင်းဟာ အမျိုးသမီးတွေသာ စီစဉ်ပျံသန်းတဲ့ လေယာဉ်ခရီးစဉ် ဗီဒီယိုတစ်ခုကို လွှင့်တင်လိုက်ပါတယ်။

    အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းကနေ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုမြို့ကို ပျံသန်းတဲ့ အဲဒီ Airbus A380 လေယာဉ်ကို အင်ဂျင်နီယာ၊ လေဆိပ်ပို့ဆောင်ရေး၊ စီမံခန့်ခွဲရေ၊ လုံခြုံရေး၊ ကုန်တင်ကုန်ချတွေ အပါအ၀င် ဌာနအားလုံးက အမျိုးသမီး စုစုပေါင်း ၇၅ ဦးက စီမံပြင်ဆင်ပေးတာ ဖြစ်ပါတယ်။

    လေယာဉ်ကို ကနေဒါလေယာဉ်မှူး ပက်ထရီကာ ဘီရှော့ဖ်၊ ဗြိတိန်က လက်ထောက်လေယာဉ်မှူး ရေဘက်ကာ လောင်ဟိဒ်တို့က မောင်းနှင်ကာ လေယာဉ်အတွင်း ၀န်ဆောင်မှုကို ပိုလန်က ပါဆာ ၀ီရိုနီကာဦးဆောင်တဲ့ အဖွဲ့က တာဝန်ယူတာ ဖြစ်ပါတယ်။

    လေယာဉ်ခရီးစဉ်ကို စီစဉ်တဲ့အမျိုးသမီးတွေဟာ နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်ကဖြစ်ပြီး အီမရိတ်လေကြောင်းလိုင်းက သူတို့ကို Superwomen လို့ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ပါတယ်။

    အီမရိတ်လေကြောင်းလိုင်းက ၀န်ထမ်းတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေဖြစ်ပြီး အဲဒီအထဲက ၁၁၅၀ ဟာ ယူအေအီးနိုင်ငံသားတွေ ဖြစ်ကြပါတယ်။

    Ref : Alarabiya

  • 7Day Hero “စစ်မှန်သောသတ္တိရှင်”

    7Day Hero “စစ်မှန်သောသတ္တိရှင်”

    မတ်- ၇၊ ၂၀၁၈

    ရေကန်ထဲမှာငါးမျှားရင်း ရေနစ်တဲ့ သားအဖနှစ်ယောက်ကို ကယ်တင်ရာကနေ ရဲဝံ့တဲ့နှလုံးသားသတ္တိရှိတဲ့ အမျိုးသမီးတစ်ဦး ပေါ်ထွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်မှာ ဖြစ်ခဲ့တာပါ။
    အဲဒီနေ့က သာစည်မြို့နယ် ကွမ်းခြံရိုးဘူတာအနီးကန်ထဲမှာအဖွဲ့လိုက်ငါးမျှား ရေချိုးကြရင် အဲဒီအဖွဲ့ထဲက သားအဖနှစ်ယောက် နစ်ပါတော့တယ်။

    ရေနစ်သူကယ်တဲ့အခါ ကြောက်အားလန့်အားဆွဲလို့ ကယ်တဲ့သူပါ နစ်တတ်တာကြောင့် အတူပါလာတဲ့လူတွေ ဆင်းမကယ်ရဲကြ။
    အဲဒီအချိန်မှာ ရေကန်နဲ့မလှမ်းမကမ်းမှာရှိတဲ့ တံငါအိမ်လေးထဲက အမျိုးသမီးတစ်ဦးပြေးထွက်လာခဲ့ပါတယ်။ အသက် ၃၄ နှစ် အရွယ် အဲဒီအမျိုးသမီးက ကူပါ ကယ်ပါအသံတွေဆီသွားရောက်ချိန်မှာ ရေထဲခုန်ဆင်းကူးခပ် ရေနစ်သူတွေကို ကယ်တင်ဖို့ ကြိုစားပါတော့တယ်။

    ရေနစ်တဲ့ အဖေဖြစ်သူကတော့ ပြန်ပေါ်မလာတော့လို့ မကယ်လိုက်နိုင်ပေမယ့် ၅ နှစ်အရွယ်ကလေးငယ်ကိုတော့ ခဲရာခဲဆစ် ကူးခပ်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ တကယ်တော့ ရေနစ်သူတွေကို ကယ်ဖို့ မဆိုင်းမတွ ကန်ထဲခုန်ဆင်းသွားခဲ့တဲ့ မသီတာဦးဟာ ကိုယ်ဝန်ဆာင်နေရချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်လေးအသက်ကို ကယ်ဆယ်နိုင်ခဲ့တဲ့ မသီတာဦးဟာ ဗိုက်ထဲက သန္ဓေသား ကလေးကိုတော့ ဆုံးရှုံးလိုက်ရပါတယ်။ အဲလိုကယ်တင်ခဲ့ပြီး နောက်နှစ်ရက်အကြာမှာပဲ သူ့သန္ဓေသားကလေးကို ဆုံးရှုံးလိုက်ရတာပါ။

    တကယ်တော့ မသီတာဦးက ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်တဲ့အပြင် အစ္စလာမ်လာသာဝင်တစ်ဦးဖြစ်နေတာကလည်း ဒီဖြစ်ရပ်ရဲ့ ပုံရိပ်ကို ပိုကြီးထွားစေခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်ကလေးငယ်တစ်ဦးကို ကယ်တင်ရင်းလူ့လောကထဲမရောက်သေးတဲ့ သားငယ်လေးကို စွန့်လွှတ်ခဲ့ရတဲ့ မသီတာဦးရဲ့ လုပ်ရပ်ဟာ ဘာသာပေါင်းစုံငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးရဲ့ နမူနာကောင်းလည်း ဖြစ်ခဲ့ပါပြီ။

    ဒါကြောင့် ဒီလိုရဲဝံ့တဲ့နှလုံးသား သတ္တိပိုင်ရှင် မသီတာဦးကို ၂၀၁၇ ခုနှစ်အတွက် 7Day Hero အဖြစ် ရွေးချယ်လိုက်ပါတယ်။

    7Day TV မှာ ကူးယူဖော်ပြပါသည်။