News @ M-Media

7Day Hero “စစ်မှန်သောသတ္တိရှင်”

မတ်- ၇၊ ၂၀၁၈

ရေကန်ထဲမှာငါးမျှားရင်း ရေနစ်တဲ့ သားအဖနှစ်ယောက်ကို ကယ်တင်ရာကနေ ရဲဝံ့တဲ့နှလုံးသားသတ္တိရှိတဲ့ အမျိုးသမီးတစ်ဦး ပေါ်ထွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်မှာ ဖြစ်ခဲ့တာပါ။
အဲဒီနေ့က သာစည်မြို့နယ် ကွမ်းခြံရိုးဘူတာအနီးကန်ထဲမှာအဖွဲ့လိုက်ငါးမျှား ရေချိုးကြရင် အဲဒီအဖွဲ့ထဲက သားအဖနှစ်ယောက် နစ်ပါတော့တယ်။

ရေနစ်သူကယ်တဲ့အခါ ကြောက်အားလန့်အားဆွဲလို့ ကယ်တဲ့သူပါ နစ်တတ်တာကြောင့် အတူပါလာတဲ့လူတွေ ဆင်းမကယ်ရဲကြ။
အဲဒီအချိန်မှာ ရေကန်နဲ့မလှမ်းမကမ်းမှာရှိတဲ့ တံငါအိမ်လေးထဲက အမျိုးသမီးတစ်ဦးပြေးထွက်လာခဲ့ပါတယ်။ အသက် ၃၄ နှစ် အရွယ် အဲဒီအမျိုးသမီးက ကူပါ ကယ်ပါအသံတွေဆီသွားရောက်ချိန်မှာ ရေထဲခုန်ဆင်းကူးခပ် ရေနစ်သူတွေကို ကယ်တင်ဖို့ ကြိုစားပါတော့တယ်။

ရေနစ်တဲ့ အဖေဖြစ်သူကတော့ ပြန်ပေါ်မလာတော့လို့ မကယ်လိုက်နိုင်ပေမယ့် ၅ နှစ်အရွယ်ကလေးငယ်ကိုတော့ ခဲရာခဲဆစ် ကူးခပ်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ တကယ်တော့ ရေနစ်သူတွေကို ကယ်ဖို့ မဆိုင်းမတွ ကန်ထဲခုန်ဆင်းသွားခဲ့တဲ့ မသီတာဦးဟာ ကိုယ်ဝန်ဆာင်နေရချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်လေးအသက်ကို ကယ်ဆယ်နိုင်ခဲ့တဲ့ မသီတာဦးဟာ ဗိုက်ထဲက သန္ဓေသား ကလေးကိုတော့ ဆုံးရှုံးလိုက်ရပါတယ်။ အဲလိုကယ်တင်ခဲ့ပြီး နောက်နှစ်ရက်အကြာမှာပဲ သူ့သန္ဓေသားကလေးကို ဆုံးရှုံးလိုက်ရတာပါ။

တကယ်တော့ မသီတာဦးက ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်တဲ့အပြင် အစ္စလာမ်လာသာဝင်တစ်ဦးဖြစ်နေတာကလည်း ဒီဖြစ်ရပ်ရဲ့ ပုံရိပ်ကို ပိုကြီးထွားစေခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်ကလေးငယ်တစ်ဦးကို ကယ်တင်ရင်းလူ့လောကထဲမရောက်သေးတဲ့ သားငယ်လေးကို စွန့်လွှတ်ခဲ့ရတဲ့ မသီတာဦးရဲ့ လုပ်ရပ်ဟာ ဘာသာပေါင်းစုံငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးရဲ့ နမူနာကောင်းလည်း ဖြစ်ခဲ့ပါပြီ။

ဒါကြောင့် ဒီလိုရဲဝံ့တဲ့နှလုံးသား သတ္တိပိုင်ရှင် မသီတာဦးကို ၂၀၁၇ ခုနှစ်အတွက် 7Day Hero အဖြစ် ရွေးချယ်လိုက်ပါတယ်။

7Day TV မှာ ကူးယူဖော်ပြပါသည်။