News @ M-Media

Blog

  • မွတ်စလင်များအပေါ် အကြမ်းဖက်မှု မြင့်တက်လာခြင်းကြောင့် သီရိလင်္ကာတွင် အရေးပေါ်အခြေအနေ ကြေငြာ

    မွတ်စလင်များအပေါ် အကြမ်းဖက်မှု မြင့်တက်လာခြင်းကြောင့် သီရိလင်္ကာတွင် အရေးပေါ်အခြေအနေ ကြေငြာ

    မတ် ၆၊ ၂၀၁၈
    M-Media

    တိုက်ခိုက်ဖျက်ဆီးပြီးနောက် တွေ့ရသည့် မြင်ကွင်း

    – နိုင်ငံတစ်ဝှမ်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာတာကြောင့် သီရိလင်္ကာနိုင်ငံမှာ အစိုးရက အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့က နိုင်ငံအရှေ့ပိုင်းမှာ ဗုဒ္ဓဘာသာလူအုပ်က မွတ်စလင်တွေရဲ့ ဗလီဝတ်ကျောင်းတော်တွေ၊ နေအိမ်တွေ၊ ဆိုင်တွေကို ဖျက်ဆီးမှုကနေ အစပြုခဲ့တဲ့ မငြိမ်သက်မှုဟာ နိုင်ငံတစ်ဝှမ်း အလျင်အမြန် ပြန့်နှံ့ခဲ့ပြီး မနေ့က နိုင်ငံအလယ်ပိုင်း ကန်ဒီမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဒီကနေ့မှာ သီရိလင်္ကာအစိုးရဟာ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၁၀ ရက်တာ အရေးပေါ်အခြေအနေ ကြေငြာခဲ့ပါတယ်။ သမ္မတ မိုင်သရီပါလာ ဆရီဆီနာက ဒီလို ကြေငြာလိုက်ခြင်းကြောင့် တိုက်ခိုက်မှုတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပိုမိုအားထည့် ကိုင်တွယ်နိုင်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီလို လူမျိုးရေးတိုက်ခိုက်မှုတွေ ပြန့်နှံ့မှုကို တားဆီးဖို့အတွက် အထူးဆောင်ရွက်ချက်တွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

    သီရိလင်္ကာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှီသူ ဒါယာဆရီ ဂျာယာဆီကာရာက လူတစ်ချို့ဟာ Facebook စာမျက်နှာကနေ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်နေတဲ့အတွက် အရေးပေါ်ဆောင်ရွက်မှုတွေထဲမှာ ဆိုရှယ်မီဒီယာအသုံးပြုမှု ရပ်ဆိုင်းတာလည်း ပါဝင်မှာဖြစ်ကြောင်း၊ လှုံ့ဆော်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမြှာ
    ဖစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    သီရိလင်္ကာ သမ္မတရုံးရဲ့ Twitter စာမျက်နှာမှာ “ဒီလို အရေးပေါ်အခြေအနေ ကြေငြာမှုက နိုင်ငံရဲ့ တစ်ချို့နေရာတွေမှာ လုံခြုံရေးဆိုင်ရာ အခြေအနေဆိုးတွေကို ဖြေရှင်းပေးမှာဖြစ်ပြီး၊ လူ့အဖွဲ့အစည်းအတွင်းက ရာဇ၀တ်မှုတွေကို ဖြေရှင်းဖို့၊ နဂိုအခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သင့်တော်တဲ့ စွမ်းအားမြှင့်တင်မှုတွေ ပြုလုပ်ပေးထားကြောင်း” ရေးသားဖော်ပြခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်ကတည်းကစလို့ သီရိလင်္ကာနိုင်ငံမှာ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်ခဲ့ပြီး ဘုန်းကြီးတွေဦးဆောင်တဲ့ ဗုဒ္ဓဘာသာအစွန်းရောက်အဖွဲ့ BBS က ဖန်တီးနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

    BBS ရဲ့ လှုံ့ဆော်မှုတွေကြောင့် သီရိလင်္ကာနိုင်ငံအတွင်းက လူနည်းစုခရစ်ယာန်တွေလည်း ပြီးခဲ့တဲ့နှစ်တွေမှာ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။

    တိုင်းပြည်လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာရှိတဲ့ မွတ်စလင်တွေဟာ အစ္စလာမ်ဘာသာထဲ အဓမ္မသိမ်းသွင်းနေတယ်၊ ဗုဒ္ဓဘာသာရဲ့ သမိုင်းဝင်နေရာတွေကို ဖျက်ဆီးနေတယ်လို့ ဆင်ဟာလီ အစွန်းရောက်တွေက စွပ်စွဲ ၀ါဒဖြန့်နေကြတာ ဖြစ်ပါတယ်။

    Ref: Independent

  • အစ္စလာမ်၏ အလယ်အလတ်လမ်းစဉ်ကို ဗြိတိန်နှင့် ပူးပေါင်းမြှင့်တင်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    အစ္စလာမ်၏ အလယ်အလတ်လမ်းစဉ်ကို ဗြိတိန်နှင့် ပူးပေါင်းမြှင့်တင်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၆၊ ၂၀၁၈
    M-Media

    – ဆော်ဒီနဲ့ ဗြိတိန်တို့ရဲ့ ဆက်ဆံရေးဟာ ပိုမိုခိုင်မာလာပြီး အစ္စလာမ်သာသနာရဲ့ အလယ်အလတ်လမ်းစဉ်ကို မြှင့်တင်ဖို့ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုရင် နှစ်နိုင်ငံ ပိုမို လုံခြုံမယ်လို့ ယုံကြည်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပါတယ်။

    Telegraph သတင်းစာနဲ့ အင်တာဗျူးမှာ မင်းသားက အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး သူတို့နှစ်နိုင်ငံဟာ ကာကွယ်ရေးနဲ့ စီးပွားရေးမှာ သမိုင်းနဲ့ချီတဲ့ ဆက်ဆံရေးမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။

    “ဆော်ဒီနဲ့ ဗြိတိန်တို့ရဲ့ ဆက်ဆံရေးဟာ ဆော်ဒီနိုင်ငံ တည်ထောင်ကတည်းက သမိုင်းနဲ့ချီ ရှိခဲ့တာပါ။ အဲဒီလို စတင်ကတည်းက ဘုံအကျိုးစီးပွားကို ကျွန်တော်တို့ ရှေ့ရှုခဲ့ပြီး ဒီကနေ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ပိုပြီးတော့ ကောင်းလာပါတယ်”

    နောက်ပြီး ဆော်ဒီနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာမယ်ဆိုရင် ဗြိတိန်နဲ့ ဆော်ဒီပြည်သူတွေသာမက တစ်ကမ္ဘာလုံး ပိုပြီး အန္တရာယ်ကင်းလိမ့်မယ်လို့လည်း မင်းသားက ပြောကြားခဲ့ပါတယ်။

    “အစွန်းရောက်တွေနဲ့ အကြမ်းဖက်သမားတွေ ချိတ်ဆက်ပြီး သူတို့ရဲ့ အယူအဆတွေကို ဖြန့်ဖြူးနေကြပါတယ်။ အစ္စလာမ်ရဲ့ အလယ်အလတ်လမ်းစဉ်ကို မြှင့်တင်ဖို့အတွက် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်”

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ အခုတစ်ပတ်အတွင်း ဗြိတိန်ကို ၃ ရက်ကြာ သွားရောက်ဖို့ရှိနေပြီး ၀န်ကြီးချုပ် ထရီဇာမေ၊ အခြား အကြီးတန်းဝန်ကြီးတွေနဲ့ ဆွေးနွေးမှာဖြစ်သလို၊ ဗြိတိန်တော်ဝင်မိသားစုနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

    “ဆော်ဒီဟာ ကမ္ဘာစီးပွားရေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ လူတွေဟာ လွတ်လပ်စွာ သွားလာနိုင်ဖို့လိုတယ်။ ကျွန်တော်တို့ကလည်း ကျန်ကမ္ဘာကြီးနဲ့ တူညီတဲ့ စံနှုန်းမျိုး သတ်မှတ်ပေးဖို့ လိုပါတယ်”

    မိုဟာမက် ဘင် ဆလ်မန်ဟာ ဆော်ဒီနိုင်ငံအတွင်းက စီးပွားရေး၊ ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို ဦးဆောင်နေသူ ဖြစ်ပါတယ်။

    ဗြိတိန်ကိုလည်ပတ်မှုအတွင်း မင်းသားဟာ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို ဗြိတိန် အမျိုးသားလုံခြုံရေးကောင်စီရဲ့ အစည်းအဝေးကို တက်ရောက်ဖို့လည်း ဖိတ်ကြားခံထားရပါတယ်။

    တိုင်းတစ်ပါးက ဦးသျှောင်တစ်ဦးကို ဒီအစည်းအဝေး တက်ရောက်ခွင့်ပြုတာဟာ ဗြိတိန်ရဲ့ ရှားပါးတဲ့ ခွင့်ပြုမှုလည်း ဖြစ်ပါတယ်။

    “အရှေ့အလယ်ပိုင်း တည်ငြိမ်မှုကို ကျွန်တော်တို့ လိုအပ်တာကြောင့် အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်ချင်ပါတယ်” လို့ မင်းသားက အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေးချင်သည်ဟု ကင်ဂျုံအန်ပြော

    ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေးချင်သည်ဟု ကင်ဂျုံအန်ပြော

    မတ် ၆၊ ၂၀၁၈
    M-Media

    – မိမိအနေဖြင့် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးကို အလွန်အမင်း တိုးတက်စေချင်ပြီး၊ ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ချင်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။

    အမျိုးသားလုံခြုံရေးအကြံပေး ချွန်အီယွန် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးပါသည့် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်သို့ ရောက်ရှိနေကာ ယမန်နေ့ညပိုင်းတွင် ကင်ဂျုံအန်နှင့် တွေ့ဆုံ ညစာစားခဲ့သည်။

    “ထိပ်သီးအစည်းအဝေးပြုလုပ်ဖို့ သမ္မတမွန်ဂျယ်အင်ရဲ့ သဘောထားကို တောင်ကိုရီးယား အထူးကိုယ်စားလှယ်အဖွဲ့ကနေတစ်ဆင့် (ကင်ဂျုံအန်က) နားထောင်ခဲ့ပြီး အမြင်တွေဖလှယ်ကာ ကျေနပ်စရောကောင်းတဲ့ သဘောတူညီချက်ကိုလည်း ရရှိခဲ့ပါတယ်” ဟု မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက (KCNA) က ဖော်ပြ
    ခဲ့သည်။

    သို့သော်လည်း မည်သည့် သဘောတူညီချက်များ ရရှိခဲ့သည်ကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

    တောင်ကိုရီးယားသမ္မတရုံးက မြောက်ကိုရီးယားဖက်မှ တောင်းဆိုသည့် ထိပ်သီးအစည်းအဝေး ကျင်းပရန်ကိစ္စတစ်စိတ်တစ်ပိုင်းကို ပြေလည်အောင် ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ပြီးခဲ့သည့်လက တောင်ကိုရီးယား၌ ကျင်းပပြုလုပ်ခဲ့သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ ကင်ဂျုံအန်၏ညီမ ကင်ယိုဂျွန် တက်ရောက်ခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာ တိုးတက်လာခဲ့သည်။

    တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်မှာ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ စာတစ်စောင် ထည့်ပေးခဲ့ပြီး ကင်ဂျုံအန်ကမူ ထိုစာနှင့်ပတ်သက်၍ လက်တွေ့ကျသည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။

    “ကိုရီးယားကျွန်းဆွယ်မှာ ရှိနေတဲ့ စစ်ရေးတင်းမာမှုတွေကို လျော့ချရေး၊ ပြောင်းလွယ်ပြင်လွယ်တဲ့ ဆွေးနွေးမှု၊ ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ဖလှယ်မှုတွေ လုပ်ဆောင်ရေး စတဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ အမြင်တွေကို နက်နက်ရှိုင်းရှိုင်း ဖလှယ်ခဲ့ကြပါတယ်” ဟု KCNA က ထည့်သွင်းဖော်ပြခဲ့သည်။

    မြောက်ကိုရီးယားသို့ ၂ ရက်ကြာ ရောက်ရှိနေသည့် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့တွင် မြောက်ကိုရီးယား တာဝန်ရှိသူများနှင့် ထပ်မံတွေ့ဆုံရန် ရှိနေသည်။

    Ref: Aljazeera

  • သီရိလင်္ကာတွင် မွတ်စလင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား

    သီရိလင်္ကာတွင် မွတ်စလင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား

    မတ် ၆၊ ၂၀၁၈
    M-Media

    – သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းမှာ ဆင်ဟာလီအစွန်းရောက်တွေက မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ဆိုင်တွေ၊ အိမ်တွေ၊ ဗလီတွေ ပျက်ဆီးပြီး ညမထွက်ရအမိန့် ထုတ်ပြန်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    ကန်ဒီခရိုင်မှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့ကစလို့ တိုက်ခိုက်မှုတွေ၊ မီးရှို့မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သီရိလင်္ကာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူဝမ် ဂူနာဆီကီရာက အခြေအနေကို ထိန်းသိမ်းဖို့အတွက် ကာဖျူးထုတ်ထား တယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံအရှေ့ပိုင်း အမ်ပါရာမြို့မှာ ပြီးခံတဲ့တစ်ပတ် တနင်္လာနေ့က ဗုဒ္ဓဘာသာလူအုပ်ဟာ ဗလီဝတ်ကျောင်းတော်တစ်လုံး၊ ဆိုင် ၄ ဆိုင်နဲ့ ကားတွေကို တိုက်ခိုက်ဖျက်ဆီးရာကနေ ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ နိုင်ငံအလယ်ပိုင်းအထိ ကူးစက်လာတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

    ကန်ဒီမှာ ဗုဒ္ဓဘာသာလူအုပ်ဟာ ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မွတ်စလင်တွေရဲ တုန့်ပြန်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ ဆင်ဟာလီအမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း အခြေအနေက ပိုဆိုးလာခဲ့တာ ဖြစ်ပါတယ်။

    ဒေသတွင်း တာဝန်ရှိသူတွေက တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး လူ ၂ ဒါဇင်ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ စုံစမ်းစစ်ဆးမှုတွေကိုလည်း ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

    National Front for Good Governance ပါတီက အတွင်းရေးမှူး နာဂျာ မိုဟာမက်က တိုက်ခိုက်မှုတွေဟာ ကန်ဒီမှာတင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာ ပြန့်နှံနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သီရိလင်္ကာမှာ အစ္စလာမ်ဘာသာဝင်ဟာ နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာရှိပြီး ဆင်ဟာလီတွေကတော့ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။

    ၂၀၁၄ ခုနှစ်ကစလို့ ခပ်စိပ်စိပ်ဖြစ်လာတဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဘုန်းကြီးတွေဦးဆောင်တဲ့ ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ BBS က သွေးထိုးလှုံ့ဆော်ပေးနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    ၂၀၁၅ ခုနှစ်မှာ အာဏာရခဲ့တဲ့ သမ္မတ မိုင်သရီပါလာ ဆရီဆီနာက မွတ်စလင်ဆန့်ကျင်ရေး ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်လို့ ကတိပြုခဲ့ပေမယ့် အခုအချိန်အထိ တိုးတက်မှုတွေကို မမြင်ရသေးပါဘူး။

    Ref: Aljazeera

  • Vero (သို့) တစ်မူထူးတဲ့ တည်ထောင်သူနဲ့ တစ်မူထူးမယ့် ဆိုရှယ်မီဒီယာသစ်

    Vero (သို့) တစ်မူထူးတဲ့ တည်ထောင်သူနဲ့ တစ်မူထူးမယ့် ဆိုရှယ်မီဒီယာသစ်

    မတ် ၅၊ ၂၀၁၈
    M-Media

    – အေမန် ဟာရီရီဆိုသူဟာ သာမန် နည်းပညာလုပ်ငန်း တည်ထောင်သူမျိုး မဟုတ်ပါဘူး။ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်းရဲ့သား၊ လက်ရှိဝန်ကြီးချုပ်ရဲ့ အဖေတူမအေကွဲညီအစ်ကို ဘီလီယံနာ ဖြစ်ပါတယ်။

    အခုအချိန်မှာတော့ ဟာရီရီဟာ လတ်တလော အပေါက်ဆုံး ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်း Vero ရဲ့ ပဲ့ကိုင်ရှင် ဖြစ်နေပါတယ်။

    Vero ကို မဖန်တီးခင်အရင်က ဟာရီရီဟာ မိသားစု ဆောက်လုပ်ရေးလုပ်ငန်းကို ဦးစီးခဲ့ဖူးပါတယ်။ သူရဲ့အဖေ လက်ဘနွန်ဝန်ကြီးချုပ် ရာဖစ် ဟာရီရီ လုပ်ကြံခံရတဲ့ ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ဒီဆောက်လုပ်ရေးလုပ်ငန်း ပြိုလဲမှုဟာ ဟာရီရီကို Vero နဲ့ နီးကပ်စေခဲ့တာပါ။ Vero ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဟော့အဖြစ်ဆုံး အက်ပလီကေးရှင်းတစ်ခု ဖြစ်လာပါတယ်။

    Facebook နဲ့ Instagram တို့ရဲ့ ကိုယ်ပွားအဖြစ် Vero ကို ၂၀၁၅ ခုနှစ်မှာ ဖြန့်ချီခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ လူကြိုက်များမှုဟာ သိသိသာသာ တက်လာပါတယ်။ အင်္ဂါနေ့ကဆိုရင် Apple ရဲ့ App Store မှာ ပေါ်ပျူလာအဖြစ်ဆုံး ဖြစ်ခဲ့ပါတယ်။

    Facebook၊ Instagram တို့နဲ့ မတူတာက ပို့စ်တွေကို သောင်းပြောင်းမြင်ရမှာမျိုးမဟုတ်ဘဲ အစဉ်လိုက်ပုံစံနဲ့ ပြသပေးတာ ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းမှာ ကြော်ငြာတွေလည်း မပါဝင်ပါဘူး။

    အေမန် ဟာရီရီဆိုသူဟာ သာမန် နည်းပညာလုပ်ငန်း တည်ထောင်သူမျိုး မဟုတ်ပါဘူး။

    အသက် ၃၉ နှစ်အရွယ် ဟာရီရီက Facebook မှာ သူငယ်ချင်းတွေဟာ “တကယ့်အပြင်မှာ သိတဲ့အနေအထားမျိုးနဲ့ မတူတဲ့ပုံစံ ဖြစ်နေတယ်” ဆိုတာကို သတိပြုမိလာခဲ့ပြီးတဲ့နောက် Vero ကို ဖန်တီးဖို့ အကြံရခဲ့တာဖြစ်တယ်လို့ CNN ကို ပြောကြားခဲ့ပါတယ်။

    “တကယ့်လက်တွေ့ဘ၀မှာ ကျွန်တော်ဟာ ပရိတ်သတ်တွေ မရှိပါဘူး။ ခင်မင်ရင်းနှီးမှု အတိုင်းအတာကိုလိုက်ပြီး လူတွေကို တစ်ယောက်တစ်မျိုးစီ ဆက်ဆံကြတာပါ။ အပြင်လောကမှာ ရှိနေတဲ့ ပုံစံမျိုးအတိုင်း လုပ်ထားမှသာ စစ်မှန်တဲ့ ဆိုရှယ်မီဒီယာမျိုး ဖြစ်မှာပါ”

    Vero က ဒီသဘောတရားကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။

    ဟာရီရီဟာ သူ့အဖေဆီက အမွေကောင်းကောင်းရခဲ့ပြီး လက်ရှိ သူ့ရဲ့ အသားတင်ချမ်းသာမှုဟာ ကန်ဒေါ်လာ ၁.၃၃ ဘီလီယံရှိတယ်လို့ Forbes က ဆိုပါတယ်။

    Vero ကို အသုံးပြုဖို့ sign up လုပ်ရာမှာ ဒီအက်ပလီကေးရှင်းထဲ ရှိနေတဲ့ သူတွေရဲ့ ဖုန်းနံပါတ်တွေကို ထည့်ရပြီး ‘friend’ ‘acquaintance’ ‘close friend’ ‘follower’ စသဖြင့် အဆင့်သတ်မှတ်ပေးရပါတယ်။

    သီချင်း၊ ၀ဘ်လိပ်စာ၊ ရုပ်ရှင်၊ ဗီဒီယို၊ စာအုပ်၊ တည်နေရာနဲ့ ဓာတ်ပုံတွေကို တစ်ဦးချင်း ဒါမှမဟုတ် အုပ်စုလိုက် မျှဝေလို့ ရပါတယ်။

    ဟာရီရီက နောက်ပိုင်းမှာ အသုံးပြုသူတွေကို ပိုက်ဆံကောက်ခံသွားဖို့ရှိနေပမယ့် ပထမဆုံးအသုံးပြုတဲ့ လူ ၁ သန်းက အခမဲ့ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ ဘယ်လောက်ကောက်ခံမလဲဆိုတာကိုတော့ သူက ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ‘ဒီမိုကရေစီနည်းကျတဲ့ ၀န်ဆောင်မှုမျိုး’ ပေးသွားမယ်လို့ ဆိုပါတယ်။

    လက်ရှိ Vero ဟာ သုံးစွဲသူ တစ်သန်းနား ကပ်နေပြီလို့လည်း ဟာရီရီက ပြောပါတယ်။

    ဒီအက်ပလီကေးရှင်းကို လူကြိုက်များမှု မြင့်တက်လာပေမယ့် rating ကတော့ ၂.၁ ပဲ ရှိပါသေတယ်။ သုံစွဲရအဆင်မပြေတာ၊ နှေးတာတွေလို စောဒကတက်တာတွေလည်း ရှိပါတယ်။

    ဒီ အက်ပလီကေးရှင်းဟာ ဘာ့ကြောင့် လူကြိုက်များသွားလဲဆိုတာ တိတိကျကျ မသိရသေးဘဲ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပြန့်နှံ့သွားတာဖြစ်မယ်လို့ ဟာရီရီက ယုံကြည်နေပါတယ်။

    Vero ဟာ လက်ရှိ Instagram မှာ ကြေငြာတာတွေ လုပ်နေပါတယ်။

    ဟာရီရီရဲ့ မိသားစုဟာ ဆော်ဒီအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ Saudi Oger တည်ထောင်ထားပေမယ့် ၂၀၁၇ ခုနှစ်မှာ ပိတ်ပစ်ခဲ့ရပါတယ်။

    ဂျော့ဂ်ျတောင်း တက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံနဲ့ ဘွဲ့ရခဲ့တဲ့ ဟာရီရီဟာ ပြဿနာတွေကို နည်းပညာနဲ့ဖြေရှင်းရတာ ၀ါသနာပါသူပါ။ ၂၀၀၁ ခုနှစ်မှာ Epok လို့ခေါ်တဲ့ ဆော့ဖ်ဝဲ စီမံမှု ကုမ္ပဏီအသေးလေးတစ်ခုကို စကော့ ဘီရ်ဘန်ဆိုသူ ဓနရှင်တစ်ဦးနဲ့ ပူးပေါင်း တည်ထောင်ခဲ့ပါတယ်။ စကော့ဟာ Vero ကို ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်နိုင်တာဟာ ဟာရီရီတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေမှာ Peach၊ Ello တို့လို ကြေငြာကင်းတဲ့ အက်ပလီကေးရှင်းတွေ ပေါ်လာသေးပေမယ့် နောက်ပိုင်းမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။

    Ref : CNN