News @ M-Media

Blog

  • ပါလက်စတိုင်းသို့ ဗြိတိန်တော်ဝင်မင်းသား သွားရောက်မည်

    ပါလက်စတိုင်းသို့ ဗြိတိန်တော်ဝင်မင်းသား သွားရောက်မည်

    မတ် ၅၊ ၂၀၁၈
    M-Media

    – ဗြိတိသျှ တော်ဝင်မင်းသား ၀ီလျံဟာ ၂၀၁၈ ခုနှစ် နွေရာသီမှာ ပါလက်စတိုင်းပိုက်နက်တွေကို သွားရောက်ဖို့ရှိတယ်လို့ ကန်ဆင်တန်နန်းတော်က ကြာသာပတေးမှာ ထုတ်ပြန်ခဲ့ပြီး ၁၉၄၈ ခုနှစ်နောက်ပိုင်း ဒီဒေသကို သွားရောက်တဲ့ ပထမဆုံး ဗြိတိသျှ တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်လာမှာ ဖြစ်ပါတယ်။

    Twitter စာမျက်နှာကနေတစ်ဆင့် ထုတ်ပြန်တဲ့ ကန်ဆင်တန်နန်းတော်ရဲ့ ကြေငြာချက်မှာ နိုင်ငံခြားရေးရုံးရဲ့တောင်းဆိုမှုကြောင့် မင်းသားဟာ “အစ္စရေး၊ ဂျော်ဒန်နဲ့ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေဆီ သွားရောက်မှာဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။

    ဒါဟာ မင်းသားဝီလီယံရဲ့ အရှေ့အလယ်ပိုင်း ပထမဆုံးခရီးစဉ်လည်း ဖြစ်မှာပါ။

    ဗြိတိသျှတော်ဝင်အသိုင်းအ၀ိုင်းဟာ အစ္စရေးအစိုးရရဲ့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်မှုတွေကို အရင်က ရရှိခဲ့ပေမယ့် လက်မခံခဲ့ပါဘူး။

    အရင်က တော်ဝင်မိသားစုဝင်တွေဟာ ကိုယ်ရေးကိုယ်တာကိစ္စအတွက် အစ္စရေးကို လာရောက်ခဲ့ပေမယ့် နိုင်ငံ့ဦးသျှောင်တွေအဖြစ် တရားဝင်ခရီးစဉ်ကတော့ ဒီတစ်ကြိမ်ဟာ ပထမဆုံး ဖြစ်မှာပါ။

    ၁၉၃၀ ပြည့်နှစ်တွေကနေ ၁၉၄၀ ပြည့်နှစ်တွေအထိ ပါလက်စတိုင်းဒေသကို ဗြိတိသျှက အုပ်စိုးမှုအတွင်း နိုင်ငံရပ်ခြားဂျူးတွေကို အစုလိုက်အပြုံလိုက် ၀င်ရောက်ခွင့်ပေးခဲ့ပြီး ဌာနေပါလက်စတိုင်းတွေကို ဖယ်ရှားကာ အစ္စရေးနိုင်ငံထူထောင်ဖို့ အကူအညီပေးခဲ့ပါတယ်။

    ၁၉၄၇ ခုနှစ်မှာ ကုလဟာ ပါလက်စတိုင်းကို နှစ်ပိုင်းပိုင်းခဲ့ပြီး အစ္စရေးနိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံအဖြစ် ခွဲပေးခဲ့ပေမယ့် အစ္စရေးကတော့ ပါလက်စတိုင်းပိုင်နက်တွေကို ဆက်လက် ကျူးကျော် သိမ်းပိုက်ခဲ့ပါတယ်။

    အစ္စရေးသမ္မတက ကန်ဆင်တန်နန်းတော်ရဲ့ ဒီကြေငြာချက်ကို ကြိုဆိုခဲ့ပြီး မင်းသားဝီလီယံဟာ သူတို့ရဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အတွက် လက်ဆောက်ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ဒီလာရောက်မှုကို ကြိုဆိုပြီး နှစ်နိုင်ငံပြည်သူလူထုအကြား ရင်းနှီးမှုကို ပိုမိုအားကောင်းစေမယ်လို့ ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက မင်းသားအနေနဲ့ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကြောင့် ထိခိုက်ခံစားရသူတွေအကြောင်း ဖွင့်ဟပြောဆိုပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    Ref: StepFeed

  • ရိုဟင်ဂျာများခံစားရမှုမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများကဲ့သို့ဖြစ်နေဟု ဂျူးအဖွဲ့ပြော

    ရိုဟင်ဂျာများခံစားရမှုမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများကဲ့သို့ဖြစ်နေဟု ဂျူးအဖွဲ့ပြော

    မတ် ၅၊ ၂၀၁၈
    M-Media

    ဟိုလိုကက်စ်အဖြစ်အပျက်မှ ပုံရိပ်တစ်ခု

    – မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပကဂျူးတွေကို နာဇီတွေက ရှင်းလင်းသုတ်သင်မှုနဲ့ အလားသဏ္ဍာန်တူနေတယ်လို့ အမေရိကန်အခြေစိုက် Holocaust Memorial and Tolerance စင်တာ ဥက္ကဌက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    “လူအချင်းချင်း မတူညီမှုကို အခြေခံပြီး ဟိုလိုကက်စ်(လူမျိုးတုန်းသတ်ဖြတ်မှု) ဖြစ်ပွားတာပါ။ သမိုင်းကနေ သင်ယူခဲ့ကြတယ်လို့ ကျွန်တော်တို့ ထင်ကြပါတယ်။ ဒါပေမယ့် အခု ရိုဟင်ဂျာလူမျိုးတွေအပေါ် ဟိုလိုကက်စ် ဖြစ်နေပြီး ကျွန်တော်တို့ နိုးထဖို့ လိုပါပြီ” လို့ နယူးယောက်က Webb Institute မှာပြုလုပ်တဲ့ ရိုဟင်ဂျာအရေး အ ခမ်းအနား အဖွင့်မိန့်ခွန်းမှာ စတီဗင် မာကိုဝစ်ဇ်က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ရွာတွေကို ဖျက်ဆီးခဲ့တာ၊ မောင်းထုတ်ခဲ့တာတွေနဲ့ပတ်သက်လို့ အဲဒီအခမ်းအနားမှာ ပြသခဲ့ပြီး လူပေါင်း ၁၀၀ လောက် တက်ရောက်နားထောင်ခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် သြဂုတ်လနှောင်းပိုင်းမှာ ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ကပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာ သန်းဝက်ကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    စစ်ဆင်ရေးအတွင်းမှာ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒီပြောကြားချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: NewsDay

  • သမိုင်းဝင်ခရီးအဖြစ် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ပြုံးယမ်သို့ရောက်ရှိ

    သမိုင်းဝင်ခရီးအဖြစ် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ပြုံးယမ်သို့ရောက်ရှိ

    မတ် ၅၊ ၂၀၁၈
    M-Media

    – သမ္မတ မွန်ဂျယ်အင်၏ ကိုယ်စားလှယ်အဖြစ် တောင်ကိုရီးယား တာဝန်ရှိသူအဖွဲ့တစ်ခုမှာ ယနေ့တွင် ပြုံးယမ်သို့ ရောက်ရှိလာခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံမည်ဟု သိရသည်။

    ပြီးခဲ့သည့်လ တောင်ကိုရီးယား၌ ကျင်းပခဲ့သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ ကင်ဂျုံအင်၏ ညီမ ကင်ယိုဂျွန် တက်ရောက်ခဲ့ပြီးနောက် ယခုအဖွဲ့မှာ ဆယ်စုနှစ်များအတွင်း မြောက်ကိုရီးယားသို့ ရောက်ရှိလာသည့် တောင်ကိုရီယား၏ အဆင့်အမြင့်ဆုံး အဖွဲ့လည်းဖြစ်သည်။

    ထိုအဖွဲ့မှာ မြောက်ကိုရီးယားနှင့် အမေရိကန်အကြား ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေး တွန်းအားပေးသွားမည်ဖြစ်သည်။

    “ကင်ဂျံအန်ရဲ့ ညစာစားပွဲမှာတွေ့ဖို့ သူတို့ သဘောတူထားပါတယ်” ဟု တောင်ကိုရီးယားသမ္မတ၏ ပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့သည်။

    တောင်ကိုရီးယားသို့ ကင်ယိုဂျွန်လာရောက်မှုမှာ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲပြီးနောက် မြောက်ကိုရီးယား အာဏာရှင်မိသားစုဝင်တစ်ဦး ပထမဆုံး လာရောက်မှု ဖြစ်သည်။

    တောင်ကိုရီးယား၌ ကျင်းပခဲ့သည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အခြေပြု၍ ကိုရီးယားနှစ်နိုင်ငံမှာ ဆက်ဆံရေးတိုးတက်လာခဲ့သည်။

    ကင်ယိုဂျွန်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်အား မြောက်ကိုရီးယားသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး မွန်က အချိန်အခါသင့်မှ လာရောက်မည်ဟု ပြောကြားခဲ့သည်။

    ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည့် တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး ချွန်အီယွန်က မိမိတို့မှာ ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးမှုသာမဟုတ်ဘဲ၊ မြောက်ကိုရီးယားနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအကြား ဆက်ဆံရေးအတွက်လည်း နက်ရှိုင်းစွာ ဆွေးနွေးသွားမည်ဟု မြောက်ကိုရီးယားသို့ မသွားခင် ပြောကြားခဲ့သည်။

    Ref : CNA

  • လုံခြုံရေးကြောင့် တူရကီရှိ သံရုံးကို အမေရိကန်က ပိတ်ထား

    လုံခြုံရေးကြောင့် တူရကီရှိ သံရုံးကို အမေရိကန်က ပိတ်ထား

    မတ် ၅၊ ၂၀၁၈
    M-Media

    – လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် အမေရိကန်က တူရကီရှိ ၎င်းတို့၏သံရုံးကို ယနေ့မှစတင်ကာ ပိတ်ပစ်ခဲ့ပြီး အရေးပေါ်လုပ်ငန်းများကိုသာ ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။

    တူရကီနိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် လူစုလူဝေးနှင့် သံရုံများအား ရှောင်ရှားရန်၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်သည့် နေရာများ၊ လူများသည့် နေရာများသို့ သတိထားသွားရောက်ကြရန်လည်း သံရုံး၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    သို့သော်လည်း မည်သည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုဆိုသည်ကို ဖော်ပြခဲ့ခြင်းမရှိချေ။

    မြို့တော်အန်ကာရာ အုပ်ချုပ်ရေးမှူးရုံးမှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ အမေရိကန်သံရုံနှင့် အမေရိကန်နိုင်ငံသားများ နေထိုင်သည့် နေရာများကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု အမေရိကန် ထောက်လှမ်းရေးသတင်းများကြောင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများကို တိုးမြှင့်ပြုလုပ်ထားသည်ဟု ဖော်ပြခဲ့သည်။

    ဗီဇာအင်တာဗျူးများနှင့် နေ့စဉ် ဆောင်ရွက်နေသည့် ကိစ္စများကို တနင်္လာနေ့မှ စတင်၍ ပိတ်ပင်သွားမည်ဖြစ်ပြီး၊ ပြန်ဖွင့်မည့်ရက်ကို ထပ်မံထုတ်ပြန်မည်ဟု သံရုံးကြေငြာချက်တွင် ဖော်ပြထားသည်။

    ၂၀၁၃ ခုနှစ်တွင် အန်ကာရာရှိ အမေရိကန်သံရုံးမှာ လက်ဝဲစွန်းရောက်အုပ်စု၏ အသေခံဗုံးခွဲတိုက်ခိုက်မှုကို ခံခဲ့ရပြီး တူရကီ လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့သည်။

    ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များကို အမေရိကန်က လက်နက်တပ်ဆင်ပေးခြင်း အပါအ၀င် ကိစ္စအများအပြားကြောင့် တူရကီနှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ ယခုနှစ်ပိုင်းတွင် တင်းမာလာခဲ့သည်။

    Ref: Aljazeera

  • တရုတ်၏ ရာသက်ပန်သမ္မတအစီအစဉ်မျိုး အမေရိကန်တွင်လုပ်မည်ဟု ထရမ့်ပြော

    တရုတ်၏ ရာသက်ပန်သမ္မတအစီအစဉ်မျိုး အမေရိကန်တွင်လုပ်မည်ဟု ထရမ့်ပြော

    မတ် ၄၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံရဲ့ သမ္မတသက်တမ်း ကန့်သတ်မှု ပယ်ဖျက်မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံလိုက်ပြီး အမေရိကန်မှာလည်း တစ်နေ့နေ့ ဒီလိုဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖလော်ရီဒါပြည်နယ်က သူ့ရဲ့ အပန်းဖြေစခန်း Mar-a-Lago မှာ စနေနေ့က ပြုလုပ်တဲ့ ရန်ပုံငွေရှာဖွေပွဲတစ်ခုမှာ ထရမ့်က ဒီလို ပြောဆိုခဲ့တဲ့ အသံမှတ်တမ်းကို ကိုးကားပြီး CNN သတင်းဌာနက ဒီကနေ့မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

    “သူ(ရှီကျင့်ဖျင်)ဟာ ရာသက်ပန်သမ္မတ ဖြစ်သွားမှာပါ။ ကောင်းပါတယ်။ ဒီလိုဖြစ်အောင် သူလုပ်နိုင်ခဲ့တယ်။ ကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့လည်း တစ်နေ့နေ့ ဒီလိုဖြစ်အောင် ကြိုးစားကောင်းကြိုးစားမှာပါ” လို့ ထရမ့်က ပြောကြားခဲ့တာပါ။

    အခြေခံဥပဒေက သမ္မတနဲ့ ဒုတိယသမ္မတသက်တမ်းတွေ ကန့်သတ်ထားမှုကို ပယ်ဖျက်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဟာ ဖေဖော်ဝါရီနှောင်းပိုင်းမှာ အဆိုပြုခဲ့ပြီး၊ သမ္မတ ရှီကျင့်ဖျင်ရဲ့ ပေါ်လစီကိုလည်း အခြေခံဥပဒေမှာ ထည့်သွင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဒါဟာ ရှီကျင့်ဖျင် သမ္မတအဖြစ် အမြဲရှိနေဖို့အတွက် လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာက ဒီပြောကြားမှုကို ငြင်းဆိုခဲ့ပြီး ‘သမ္မသက်တမ်း ကန့်သတ်ထားမှုကို ပယ်ဖျက်ပေမယ့် ပါတီနဲ့ နိုင်ငံခေါင်းဆောင်အဖြစ်ကနေ အနားယူရတဲ့စနစ်ကို ပြောင်းလဲတာမျိုး မဟုတ်သလို၊ နိုင်ငံ့ခေါင်းဆောင်တွေ ရာသက်ပန်ရာထူးယူဖို့ ရည်ရွယ်တာမဟုတ်ဘူး’ လို့ ပြောကြားခဲ့ပါတယ်။

    တရားဝင် ရေးသားအတည်ပြုထားမျိုးမဟုတ်ပေမယ့် တရုတ်နိုင်ငံရေးစနစ်မှာ အကြီးတန်းခေါင်းဆောင်တွေဟာ အသက် ၆၈ နှစ်အရွယ်ကိုရောက်ရင် အနားယူရလေ့ရှိပါတယ်။ သမ္မတရှီကျင့်ဖျင်ဟာ လက်ရှိမှာ အသက် ၆၄ နှစ် ရှိနေပါပြီ။

    နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ရဲ့ အီးမေးလ်ပြဿနာအတွက် စုံစမ်းစစ်ဆေးဖို့ သူ့ရဲ့တိုက်တွန်းမှုကို မလုပ်ဆောင်တဲ့အတွက်လည်း Mar-a-Lago က ရန်ပုံငွေရှာဖွေပွဲမှာ ထရမ့်ဟာ ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်ကို ဝေဖန်ခဲ့ပါတယ်။

    Ref: CNN