News @ M-Media

သမိုင်းဝင်ခရီးအဖြစ် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ပြုံးယမ်သို့ရောက်ရှိ

မတ် ၅၊ ၂၀၁၈
M-Media

– သမ္မတ မွန်ဂျယ်အင်၏ ကိုယ်စားလှယ်အဖြစ် တောင်ကိုရီးယား တာဝန်ရှိသူအဖွဲ့တစ်ခုမှာ ယနေ့တွင် ပြုံးယမ်သို့ ရောက်ရှိလာခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံမည်ဟု သိရသည်။

ပြီးခဲ့သည့်လ တောင်ကိုရီးယား၌ ကျင်းပခဲ့သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ ကင်ဂျုံအင်၏ ညီမ ကင်ယိုဂျွန် တက်ရောက်ခဲ့ပြီးနောက် ယခုအဖွဲ့မှာ ဆယ်စုနှစ်များအတွင်း မြောက်ကိုရီးယားသို့ ရောက်ရှိလာသည့် တောင်ကိုရီယား၏ အဆင့်အမြင့်ဆုံး အဖွဲ့လည်းဖြစ်သည်။

ထိုအဖွဲ့မှာ မြောက်ကိုရီးယားနှင့် အမေရိကန်အကြား ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေး တွန်းအားပေးသွားမည်ဖြစ်သည်။

“ကင်ဂျံအန်ရဲ့ ညစာစားပွဲမှာတွေ့ဖို့ သူတို့ သဘောတူထားပါတယ်” ဟု တောင်ကိုရီးယားသမ္မတ၏ ပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသို့ ကင်ယိုဂျွန်လာရောက်မှုမှာ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲပြီးနောက် မြောက်ကိုရီးယား အာဏာရှင်မိသားစုဝင်တစ်ဦး ပထမဆုံး လာရောက်မှု ဖြစ်သည်။

တောင်ကိုရီးယား၌ ကျင်းပခဲ့သည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အခြေပြု၍ ကိုရီးယားနှစ်နိုင်ငံမှာ ဆက်ဆံရေးတိုးတက်လာခဲ့သည်။

ကင်ယိုဂျွန်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်အား မြောက်ကိုရီးယားသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး မွန်က အချိန်အခါသင့်မှ လာရောက်မည်ဟု ပြောကြားခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည့် တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး ချွန်အီယွန်က မိမိတို့မှာ ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးမှုသာမဟုတ်ဘဲ၊ မြောက်ကိုရီးယားနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအကြား ဆက်ဆံရေးအတွက်လည်း နက်ရှိုင်းစွာ ဆွေးနွေးသွားမည်ဟု မြောက်ကိုရီးယားသို့ မသွားခင် ပြောကြားခဲ့သည်။

Ref : CNA