News @ M-Media

Blog

  • အမေရိကန်တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးက မိဘများအား ပစ်ခတ်သတ်မှု ဖြစ်ပွား

    အမေရိကန်တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးက မိဘများအား ပစ်ခတ်သတ်မှု ဖြစ်ပွား

    မတ် ၃၊ ၂၀၁၈
    M-Media

    သေနတ်ကိုင်ဆောင်ခွင့်ထိန်းချုပ်ရေး အမေရိကန်ပြည်သူများ ဆန္ဒပြမှုတစ်ခု

    – အမေရိကန်နိုင်ငံ Central Michigan တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးက ကျောင်းဘော်ဒါဆောင်တွင် မိဘနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    သောကြာနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူမှာ အသက် ၁၉ နှစ်အရွယ် ဂျိမ်းစ် အဲရစ် ဒါဗစ် ဖြစ်သည်ဟု တက္ကသိုလ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၎င်း၏ မိဘများမှာ နွေဦးရာသီ ကျောင်းပိတ်ရက်အတွက် လာခေါ်ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့က ထိုအဖြစ်အပျက်မဖြစ်ပွားခင် ဒါဗစ်အား မူယစ်ဆေးနှင့်ပတ်သက်သည့် ပြဿနာကြောင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခုပစ်ခတ်မှုမှာ အိမ်တွင်းရေးကိစ္စကြောင့် ဖြစ်မည်ဟု ရဲတပ်ဖွဲ့က ယုံကြည်နေသည်။

    ဒါဗစ်မှာ မိဘများအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းအား ရထားပေါ်တွင် ဖမ်းဆီးရမိခဲ့သည်။

    ပစ်ခတ်မှုအတွင်း အခြား ထိခိုက်ဒဏ်ရာရသူများ မရှိချေ။

    ယခုဖြစ်ရပ်မှာ နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းများတွင် လတ်တလောဖြစ်ပွားသည့် ပစ်ခတ်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။

    ကြာသာပတေးနေ့က အိုဟိုင်းယိုးရှိ အလယ်တန်းကျောင်းတစ်ခုတွင် အသက် ၁၃ နှစ်အရွယ် ကိသ်ဆိုင်မွန်ဆိုသူမှာ သေနတ်တစ်လက်ကို ကိုင်ဆောင်ကာ ကျောင်းအတွင်း လျှောက်သွားနေခဲ့ပြီး လူအစုလိုက်အပြုံလိုက်ကို သေနတ်ဖြင့် ပစ်ခတ်မည့်ပုံ ရသော်လည်း နောက်ပိုင်း အိမ်သာထဲ၌ မိမိကိုယ်ကို သတ်သေသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း ဖလော်ရီဒါပြည်နယ်ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းတွင် သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျောင်းသားအများစုအပါအ၀င် လူ ၁၄ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • အိမ်ယာမဲ့များ ညဖက်ဝင်အိပ်နိုင်ရန် ယူကေဗလီများ စီစဉ်ပေးထား

    အိမ်ယာမဲ့များ ညဖက်ဝင်အိပ်နိုင်ရန် ယူကေဗလီများ စီစဉ်ပေးထား

    မတ် ၃၊ ၂၀၁၈
    M-Media

    – လန်ဒန်မြို့ ဂရိတ်တား မန်ချက်စတာဒေသက ဗလီဝတ်ကျောင်းတော်တွေဟာ အိမ်ယာမဲ့တွေကို ညဖက် ဗလီထဲမှာ ၀င်အိပ်နိုင်အောင် စီစဉ်ပေးနေပြီး အေးခဲနေတဲ့ ရာသီဥတုမှာ သူတို့ ကြုံတွေ့နေတဲ့ ဒုက္ခတစ်ခုကို ပြေလည်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်တွေအတွင်း ဥရောပတစ်ဝှမ်းမှာ အလွန်အေးလာတာကြောင့် လောင်းဆိုက်ရပ်ကွက်က Makki ဗလီဝတ်ကျောင်းတော်၊ အိုလ်ဟမ်ရပ်ကွက်က ‘ဥရောပအစ္စလာမ့်စင်တာ’ တို့ဟာ လမ်းပေါ်မှာအိပ်ရတဲ့ အိမ်ယာမဲ့တွေကို ဗလီဝတ်ကျောင်းတော်ထဲမှာ ၀င်အိပ်နိုင်အောင်၊ ပူပူနွေးနွေး အစားအသောက်တွေ စားသောက်နိုင်အောင်၊ ရေမိုးချိုးနိုင်အောင် စီစဉ်ပေးခဲ့ကြပါတယ်။

    ချီတ်ဟမ်ဟေးလ်က Khizra ဗလီဝတ်ကျောင်းတော်ဟာလည်း နေ့ခင်းဖက်မှာ အိမ်ယာမဲ့တွေကို ၀င်ရောက်နေထိုင်ခွင့် ပေးထားပြီး သူတို့ကိုကူညီပေးဖို့အတွက် Booth Center နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

    Makki ဗလီဝတ်ကျောင်းရဲ့ တာဝန်ရှိသတစ်ဦးက ကြာသာပတေးနေ့မှာ အိမ်ယာမဲ့ ၅ ယောက်လောက်ကို ဗလီဝတ်ကျောင်းတော်အတွင်းမှာ သိပ်ခဲ့ပြီး သောကြာနေ့မှာလည်း ဒီလိုမျိုး ဆက်လက်စီစဉ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အိုလ်ဟမ်မြို့ကောင်စီဝင်တစ်ဦးဖြစ်သူ ဖီဒါဟူစိန်က ‘ဥရောပအစ္စလာမ့်စင်တာ’ ကို နောက်ထပ် ၇ ရက် ဒါမှမဟုတ် ရာသီဥတု ကောင်းလာတဲ့အထိ ဖွင့်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “လိုအပ်နေတဲ့သူတွေကို ပြည်သူတွေက လာရောက်ကူညီတာ အားရစရာကောင်းပါတယ်။ အိုလ်ဟမ်မှာ စေတနာ့ဝန်ထမ်းတွေဟာ အေးနေတဲ့ကြားထဲက ထွက်ပြီး မြို့အတွင်းမှာ အိမ်ယာမဲ့တွေကို ရှာဖွေကာ ဒီစင်တာကို ခေါ်လာကြပါတယ်”

    တက္ကဆီသမားတွေကလည်း အိမ်ယာမဲ့တွေကို အခမဲ့ ခေါ်လာပေးကြောင်း၊ ပတ်ဝန်းကျင်အိမ်တွေက ဟင်းအမျိုးမျိုးချက်ကာ စင်တာကိုပို့ပြီး အိမ်ယာမဲ့တွေကို ကျွေးမွေးကြကြောင်း ဟူစိန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တွေ့ရမြင်ရတာ အရမ်းကို ကြည်နူးစရာကောင်းပါတယ်”

    KHizra ဗလီဝတ်ကျောင်းတော်က သူတို့အနေနဲ့ ညဖက် အိပ်စရာမရှိသူတွေကို ဆက်လက်နေရာပေးသွားမှာဖြစ်ကြောင်း၊ ဗလီဝတ်ကျောင်းတော်ကို လာရောက်ဖို့ ကုန်ကျစားရိတ်ကိုလည်း ကျခံသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Oldham Food Aid Hub အဖွဲ့ကတော့ ညဖက် အိပ်စရာမရှိတဲ့ အိမ်ယာမဲ့တွေကိုတွေ့ရင် နီးစပ်ရာဗလီတွေကို ပို့ပေးဖို့ ပြည်သူတွေကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် တိုက်တွန်းထားကာ တက္ကဆီခ ပေးမယ်လို့လည်း ပြောကြားထားပါတယ်။

    Ref : Manchester Evening News

  • ကင်ညာဆေးရုံကြီးတွင် လူနာမှားယွင်းခွဲစိပ်မှု ဖြစ်ပွား

    ကင်ညာဆေးရုံကြီးတွင် လူနာမှားယွင်းခွဲစိပ်မှု ဖြစ်ပွား

    မတ် ၂၊ ၂၀၁၈
    M-Media

    – ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီက ကန်ယက်တာဆေးရုံကြီးမှာ လူနာမှားပြီး ဦးနှောက်ခွဲစိပ်မှုတစ်ခု ဖြစ်ပွားခဲ့ကာ တာဝန်ရှိတဲ့ ၀န်ထမ်း ၄ ဦးကို တာဝန်ကနေ ရပ်ဆိုင်းထားပါတယ်။

    ဦးနှောက်ထဲမှာ သွေးခဲနေတဲ့ လူနာတစ်ဦးကို ခွဲစိပ်ဖယ်ရှားပေးဖို့ ရှိရာမှာ ဆရာဝန်တွေက လူနာမှားခွဲခဲ့တာ ဖြစ်ပါတယ်။ မှားခွဲခံရတဲ့လူနာက ဦးနှောက်မှာ အကြိတ်ဖြစ်နေပေမယ့် ခွဲစိပ်စရာမလိုသူပါ။

    ဆရာဝန်တွေဟာ ဦးနှောက်ကို ဖောက်ပြီးတဲ့နောက် သွေးခဲမတွေ့တော့မှ သူတို့ လူနာမှားယွင်းနေတဲ့အကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။

    ကန်ယက်တာဆေးရုံရဲ့ အကြီးအကဲက မှားယွင်း ခွဲစိပ်ခံခဲ့ရတဲ့ လူနာဟာ ပြန်လည်သက်သာလာပြီး အခြေအနေ တိုးတက်ကောင်းမွန်နေကာ ဒီဖြစ်ရပ်တွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကင်ညာဆေးဘက်ဆိုင်ရာ ဘုတ်အဖွဲ့က ဒီလိုမှားယွင်းမှုမျိုးဟာ နိုင်ငံအတွင်းမှာ ပထမဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဆေးရုံကနေ ထုချေလွှာတောင်းတာကာ ခေါ်ယူစစ်ဆေးဖို့လည်း ရှိနေပါတယ်။

    ကလေးမီးဖွားခါစ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကန်ယက်တာဆေးရုံမှာ ဖြစ်ပွားခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကျန်းမာရေးဝန်ကြီးက အမိန့်ပေးခဲ့ပြီး ၆ ပတ်အကြာမှာ ဒီဖြစ်စဉ် ပေါ်ပေါက်လာတာပါ။

    ဆေးရုံစီအီးအို လီလီ ကိုရို့စ်က အဖြစ်အပျက်အတွက် အလွန်အမင်းဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပြီး လူနာတွေ လုံခြုံစိတ်ချရစေဖို့ တတ်နိုင်သမျှ အားလုံး လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ ဦးနှောက်နဲ့အာရုံကြော ခွဲစိပ်ဆရာဝန်၊ လူနာဆောင် သူနာပြု၊ ခွဲစိပ်ခန်းသူနာပြုနဲ့ မေ့ဆေးဆရာဝန်တွေကို တာဝန်ကနေ ရပ်ဆိုင်းထားတယ်လို့လည်း သူမက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဆေးရုံက လုပ်ဖော်ကိုင်ဖက်တွေကတော့ ဒီလို အရေးယူတာကို ဆန့်ကျင်ခဲ့ပြီး လူနာမှတ်တမ်း ချိတ်သူကိုသာ အပြစ်ပေးရမယ်လို့ ဆိုပါတယ်။

    ဆရာဝန်များသမဂ္ဂကလည်း ကန်ယက်တာဆေးရုံမှာ ၀န်ထမ်းမလုံလောက်မှု၊ ခွဲစိပ်ခန်း နေရာကျဉ်းမှု စတဲ့ ပြဿနာတွေ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ဂျပန်ရဲတပ်ဖွဲ့က မှုခင်းတားဆီးရေးတွင် AI နည်းပညာကို အသုံးပြုမည်

    ဂျပန်ရဲတပ်ဖွဲ့က မှုခင်းတားဆီးရေးတွင် AI နည်းပညာကို အသုံးပြုမည်

    မတ် ၂၊ ၂၀၁၈
    M-Media

    – ၂၀၂၀ ခုနှစ် တိုကျိုအိုလံပစ်အတွက် ပြင်ဆင်တဲ့အနေနဲ့ ဂျပန်ရဲတပ်ဖွဲ့ ရဲလုပ်ငန်းစဉ်ရဲ့ ခန်းမှန်းတွက်ချက်မှု ကဏ္ဍမှာ ဉာဏ်ရည်တုနည်းပညာ (AI) ကို စတင်အသုံးပြုတော့မယ်လို့ သိရပါတယ်။

    ကာနာဂါဝါပြည်နယ် ရဲတပ်ဖွဲ့ဟာ ရာဇ၀တ်မှုတွေ မဖြစ်ခင်မှာ ထောက်လှမ်းဖော်ထုတ်ဖို့အတွက် ဒီနည်းပညာကို ပထမဆုံး အသုံးပြုသွားမှာပါ။

    AI နည်းပညာဟာ မှုခင်း တစ်ခုချင်းစီမှာ ရရှိတဲ့ အထောက်အထားတွေကို နှိုင်းယှဉ်ကာ လူတစ်ယောက်ဟာ ပြစ်မှုတစ်ခု၊ ဒါမှမဟုတ် ပြစ်မှုအများအပြား ကျူးလွန်ထားခြင်း ရှိ၊ မရှိကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ရာဇ၀တ်ကောင်ရဲ့ နောက်ထပ်ကျူးလွန်မယ့် ပြစ်မှု၊ ကျူးလွန်မယ့်နေရာတွေကိုလည်း  AI  က ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

    ဒီလိုအသုံးပြုနိုင်ခြင်းအားဖြင့် ရာဇ၀တ်မှုတွေကို တားဆီးဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေပြီး ရဲတပ်ဖွဲ့အတွက်လည်း ၀န်ထုတ်ဝန်ပိုးတစ်ခု လျော့ကျသွားမယ်လို့ ပြည်နယ်အစိုးရက ပြောကြားခဲ့ပါတယ်။

    ကျိုတိုတက္ကသိုလ်က သတင်းအချက်အလက်သိပ္ပံဆိုင်ရာ ပါမောက္ခဖြစ်သူ တိုယိုအာကီ နီရှီဒါက AI နည်းပညာကို အသုံးပြုပြီး ခက်မှန်းတာမျိုးဟာ သတ်မှတ်ထားတဲ့ အချက်အလက်တွေ တူညီမှသာ အလုပ်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် သာမန် ခန့်မှန်းမှုထက်စာရင်တော့ ပိုပြီး ပြဿနာတွေ ရှိလာနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    Ref: Interesting Engineering

  • ပြီးခဲ့သည့်နှစ်အတွင်း စင်ကာပူ ကာကွယ်ရေးအသုံးစားရိတ်မှ သန်း ၂၀၀ ပိုလျှံ

    ပြီးခဲ့သည့်နှစ်အတွင်း စင်ကာပူ ကာကွယ်ရေးအသုံးစားရိတ်မှ သန်း ၂၀၀ ပိုလျှံ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၈
    M-Media

    – ခြိမ်းခြောက်မှုများ မြင့်တက်လာပြီး အိမ်နီးချင်းနိုင်ငံများက ကာကွယ်ရေးစားရိတ်များကို တိုးမြှင့်အသုံးပြုမှုများ ရှိနေသော်လည်း မိမိတို့အနေဖြင့် ကာကွယ်ရေးအသုံးစားရိတ်ကို ပုံမှန်အတိုင်းသာ အသုံးပြုသွားမည်ဟု စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen က ပြောကြားလိုက်သည်။

    “နောက်ထပ် ၁၀ စုနှစ်တစ်ခုအတွင်း MINDEF (စင်ကာပူကာကွယ်ရေးဝန်ကြီးဌာန) ဟာ ကာကွယ်ရေးအသုံးစားရိတ် သိသိသာသာ တိုးမြှင့်မယ့်အနေအထား မရှိပါဘူး။ အခြေအနေဆိုးတွေ၊ မမျှော်လင့်နိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်လာမယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ တကယ်လို့ အကြမ်းဖက်တိုက်ခိုက်မှုမျိုး၊ လုံခြုံရေးအခြေအနေ ဆိုးရွားတာမျိုး ဖြစ်လာမယ်ဆိုရင်တော့ စင်ကာပူပြည်သူတွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေက ငွေကြေး ပိုမို သုံးစွဲသွားမှာပါ” ဟု ယနေ့ လွှတ်တော်၌ ပြောကြားခဲ့သည်။

    စင်ကာပူ၏ ကာကွယ်ရေးအသုံးစားရိတ်မှာ ၁၉၈၈ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၅ ဘီလီယံအောက် ရှိရာမှ ပြီးခဲ့သည့်နှစ်တွင် ၁၄ ဘီလီယံအထိ ရှိလာခဲ့ပြီး အစိုးရဘက်ဂျက်၏ ၁၉ ရာခိုင်နှုန်း ရှိနေသည်။

    သို့သော်လည်း ဒေါက်တာ Ng က နိုင်ငံတော်ဘက်ဂျက်မှ ၃ ပုံ ၁ ပုံ အထိ ကာကွယ်ရေးအသုံးစားရိတ် ယူခဲ့သည့် ၂၀၀၅ ခုနှစ်ကထက် သိသိသာသာ ကျဆင်းခဲ့သည်ဟု ပြောကြားခဲ့သည်။

    “စင်ကာပူစစ်တပ်ကို ခေတ်မီအောင် ဆောင်ရွက်နိုင်တာ၊ ပြည်သူတွေနဲ့ နည်းပညာတိုးတက်အောင် ဆောင်ရွက်နိုင်တာကြောင့် ပြီးခဲ့တဲ့ ၁၀ နှစ်မှာ ကာကွယ်ရေးအသုံးစားရိတ်ဟာ သိသိသာသာကို ကျဆင်းသွားခဲ့ပါတယ်”

    နည်းပညာ တိုးတက်လာမှုနှင့် ပိုမိုထိရောက်သော လုပ်ငန်းစဉ်များကြောင့် ပြီးခဲ့သည့်နှစ်တွင် စင်ကာပူစစ်တပ်၏ အသုံးစားရိတ်မှ ကန်ဒေါ်လာ သန်း ၂၀၀ ခန့် ပိုလျှံခဲ့ပြီး ၄ နှစ်အတွင်း အမြင့်ဆုံးပိုလျှံမှုဖြစ်သည်ဟုလည်း ၀န်ကြီးက ဆိုသည်။

    အဆိုပါ နည်းပညာ အဆင့်မြှင့်မှုအတွင်း လူမဲ့စောင့်ကြည့်တာဝါများ၊ စမတ်လေတပ်စခန်းများ၊ လူမဲ့ရေယာဉ်ချထားမှုများလည်း ပါဝင်သည်။

    Ref: CNA