မတ် ၄၊ ၂၀၁၈
M-Media
– ဆီးရီးယားနိုင်ငံ ဒမတ်စကတ် ဆင်ခြေဖုံးရှိ အရှေ့ဂူတာဒေသအား အာဆတ်အစိုးရတပ်နှင့် ရုရှားတို့၏ တိုက်ခိုက်မှုများမှာ စစ်ရာဇ၀တ်မှု မြောက်နိုင်သည်ဟု ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိုက် ရာအဒ် အလ်-ဟူစိန်က ပြောကြားလိုက်သည်။
“အရှေ့ဂူတာနဲ့ ဆီးရီးယားက တစ်ခြားနေရာတွေမှာ ဖြစ်ပွားနေတာဟာ စစ်ရာဇ၀တ်မှု ဖြစ်မယ့်အလားအလာ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအထိ ဖြစ်နိုင်ချေတွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ မြင်နေရကြောင်း အလေးအနက်ထား ပြောကြားလိုက်ပါတယ်” ဟု သောကြာနေ့က ပြုလုပ်ခဲ့သည့် ကုလ လူ့အခွင့်အရေးကောင်စီ၏ အရေးအပေါ်အစည်းအဝေးတွင် အလ်-ဟူစိန်က ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်ပတ်ကျော်အတွင်း အရှေ့ဂူတာဒေသတွင် ဆီးရီးယားအစိုးရတပ်များနှင့် ရုရှားတို့၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၆၇၄ ဦး သေဆုံးခဲ့ပြီး၊ ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်ဟု White Helmets အဖွဲ့က ဆိုသည်။
ထို့ပြင် သူပုန်များ ထိန်းချုပ်ထားရာ ထိုဒေသ၌ အရပ်သား ၄ သိန်းခန့် ပိတ်မိနေသည်။
“ဒီရာဇ၀တ်မှုကို ကျူးလွန်သူတွေအနေနဲ့ သူတို့ ဖော်ထုတ်ခံရမယ်ဆိုတာကို သိထားဖို့လိုပါတယ်။ သူတို့ကို တရားစွဲဆိုနိုင်ရေးအတွက် အချက်အလက်တွေကို စုဆောင်းနေပြီး လုပ်ခဲ့သမျှတွေအတွက် အရေးယူခံရမှာ ဖြစ်ပါတယ်”
ထို့ပြင် အလ်-ဟူစိန်က အရပ်သားများမှာ သေခြင်းတရားမှအပ အခြားရွေးစရာလမ်းမရှိတော့ဘဲ အရှေ့ဂူတာဒေသသို့ အကူအညီများ ၀င်ရောက်ခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
ဆားဘီးယားနှင့် အာဂျင်တီးနားမှ စစ်ရာဇ၀တ်ကောင်များအား အရေးယူမှုကို ထောက်ပြကာ လူသားထုအပေါ် ကျူးလွန်ခဲ့သူများမှာ ရာဇ၀တ်ဘေးပြေးမလွတ်ဟုလည်း သတိပေးခဲ့သည်။
“ရားမျှတမှုဆိုတာ နှေးကောင်းနှေးပေမယ့် မုချရောက်လာမယ့်အရာ ဖြစ်ပါတယ်”
အရှေ့ဂူတာဒေသအား ဆီးရီးယားအစိုးရတပ်နှင့် ရုရှားတို့ ပူပေါင်း တိုက်ခိုက်မှုများကို နိုင်ငံတကာက ရှုတ်ချမှုများလည်း ရှိနေသည်။
အာဆတ်အစိုးရတပ်မှာ အရပ်သားများအပေါ် တမင် ဗုံးကြဲချခြင်း၊ ဆေးဘက်ဆိုင်ရာ အဆောက်အဦးများနှင့် အရေးပေါ် ကယ်ဆယ်ရေးသမားများကို ပစ်မှတ်ထားခြင်း၊ ဓာတုလက်နက်များ အသုံးပြုခြင်းတို့ ရှိနေသည်ဟု စွပ်စွဲမှုလည်း ပေါ်ထွက်နေသည်။
Ref: Aljazeera