News @ M-Media
Blog
  • အာဖဂန်စစ်တက္ကသိုလ်ကို IS က တိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံး
    အာဖဂန်စစ်တက္ကသိုလ်ကို IS က တိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံး
    ဇန်န၀ါရီ ၂၉၊ ၂၀၁၈
    M-Media
    တိုက်ခိုက်မှုဖြစ်ပွားသည့် စစ်တက္ကသိုလ် အပြင်ဘက်မြင်ကွင်း
    – အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ရှိ စစ်တက္ကသိုလ်တစ်ခုကို IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး စစ်သား ၁၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    Marshal Fahim အမျိုးသား ကာကွယ်ရေးတက္ကသိုလ်တွင် ယနေ့မနက် အာရုဏ်တက်အချိန်၌ အာရ်ပီဂျီနှင့် ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသည့် သေနတ်သမားများက ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူမှာ ၁၀၀ ကျော် ရှိနေသည်။
    သေနတ်သမား ၂ ဦးမှာ အသေခံ ဗုံးခွဲခဲ့ပြီး၊ ၂ ဦးကို အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက အသေပစ်သတ်နိုင်ခဲ့ကာ အခြားတစ်ဦးကိုမူ လက်ရဖမ်းဆီးမိခဲ့သည်ဟု အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါင်လတ် ၀ါဇီရီက ပြောကြားခဲ့သည်။
    IS က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။
    စနေနေ့က ကဘူးလ်မြို့လယ်ခေါင်တွင် တာလီဘန်အဖွဲ့က လူနာတင်ယာဉ်ဖြင့် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၀၃ ဦး သေဆုံးခဲ့ပြီး ၁၉၁ ဦး ဒဏ်ရာရရှိခဲ့သည်။
    ပြီးခဲ့သည့်လ နှောင်းပိုင်းကတည်းက အာဖဂန်တွင် တာလီဘန်နှင့် IS အဖွဲ့တို့က ပြုလုပ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့သည်။
    Ref: Aljazeera
  • အကြမ်းဖက်တွေကြောင့် သေတမ်းစာနဲ့ အပြင်ထွက်ရတဲ့ဘ၀ ရောက်နေတဲ့ အာဖဂန်ပြည်သူများ
    အကြမ်းဖက်တွေကြောင့် သေတမ်းစာနဲ့ အပြင်ထွက်ရတဲ့ဘ၀ ရောက်နေတဲ့ အာဖဂန်ပြည်သူများ
    ဇန်န၀ါရီ ၂၉၊ ၂၀၁၈
    M-Media
    – မာဂျီဘူလာ ဒက်စ်ယာရဲ့ ပိုက်ဆံအိတ်က အိတ်ကပ်ငယ်လေးထဲမှာ အရေးပေါ်ရင် ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ၊ သူ့ရဲ့ သွေးအမျိုးအစား၊ အလုပ်လိပ်စာတွေကို လက်ရေးနဲ့ရေးထားတဲ့ စာရွက်ပိုင်းတစ်ခု ရှိနေပါတယ်။
    “တိုက်ခိုက်ခံရလို့ ဒဏ်ရာရတာမျိုး၊ သေဆုံးသွားတာမျိုးဖြစ်ခဲ့ရင် အနည်းဆုံး ဆရာဝန်တွေဟာ ကျွန်တော်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိရှိမှာပါ” လို့ သူက အလ်ဂျာဇီးရားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၂၃၅ ဦးလောက် ဒဏ်ရာရခဲ့တဲ့ တာလီဘန်အကြမ်းဖက်အဖွဲ့ရဲ့ စနေနေ့တိုက်ခိုက်မှုအပြီး ကဘူးလ်မှာနေထိုင်သူအများစုလိုပဲ အသက် ၂၈ နှစ်အရွယ် မာဂျီဘူလာတစ်ယောက် မျှော်လင့်ချက်မဲ့နေပါတယ်။
    “စနေနေ့တိုက်ခိုက်မှုအပြီးမှာ ပျောက်ဆုံးနေတဲ့သူတွေ တော်တော်များများရှိနေပြီး သူတို့ရဲ့ ဆွေမျိုးတွေက ရှာဖွေနေကြရတုန်းပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်း ပျောက်သွားခဲ့ပြီး ဆေးရုံမှာ ရှိနေလား၊ အသက်ရှင်သလား ဒါမှမဟုတ် သေပဲသွားပြီလားဆိုတာသိရဖို့ ဆိုရှယ်မီဒီယာမှာ သူ့အကြောင်းကို တင်ထားပါတယ်” လို့ မာဂျီဘူလာက ပြောပါတယ်။
    မြို့တွင်းမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်နေတဲ့အချိန်မှာ အစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ မာဂျီဘူလာဟာ သူ့ရဲ့အခြေအနေနဲ့ပတ်သက်လို့ မိဘတွေကို မကြာခဏ ဖုန်းခေါ်အသိပေးနေပါတယ်။ သူ့မိဘတွေဟာ နိုင်ငံရပ်ခြားမှာပါ။
    “ကျွန်တော့်အတွက် အဖေတို့အမေတို့က တော်တော်စိုးရိမ်နေတာဗျ။ ဒါပေမယ့် ကျွန်တော် မွေးလာကတည်းက စစ်ပွဲကို ကြုံခဲ့ရတာပါ။ ဒါ့ကြောင့် အားလုံးကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကို ခံစားရပါတယ်။ ဒီလိုပုံစံမျိုးတွေကို အခုအချိန်မှာ ကျွန်တော် အသားကျနေပါပြီ” လို့ မဂျီဘူလာကဆိုပြီး စနေနေ့ဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    တိုက်ခိုက်မှုဖြစ်ပွားကတည်းကစလို့ ကဘူးလ်တစ်မြို့လုံးမှာ လူနာတင်ဥသြသံတွေ ဆူညံသွားခဲ့ပါတယ်။
    ကဘူးလ်မှာ တက္ကသိုလ်တက်နေတဲ့ အသက် ၂၀ အရွယ် နိုင်ငံရေးသိပ္ပံကျောင်းသူ ဖာဇီလာ ရှာဟီဒီက လူနာတင်ယာဉ်အသံကြားတိုင်း ဆိုးရွားတဲ့ ဒီပေါက်ကွဲမှုကြီးကို သတိရပြီး ကြောက်ရွံ့နေတုန်းပဲလို့ ဆိုပါတယ်။
    ရှာဟီဒီကလည်း သူ့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရေးသားထားတဲ့ စာရွက်ပိုင်းတစ်ခုကို ဆောင်ထားရပါတယ်။
    မာဂျီဘူလာ၏ အိတ်ကပ်ထဲမှ စာရွက်
    “စာရွက်တစ်ခုကို ပိုက်ဆံအိတ်ထဲမှာ ထည့်ထားပြီး နောက်တစ်ရွက်ကိုတော့ ဂျာကင်အိတ်ထဲမှာ ထည့်ထားပါတယ်။ အတန်းထဲကထွက်တဲ့အခါတိုင်း ဒီနေရာကို ပြန်လာနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကို အမြဲတမ်း မေးမိတယ်။ ကျွန်မ အရမ်းငယ်သေးတယ်။ မသေချင်သေးပါဘူး။ မနက်ဖြန်မှာ အသေခံဗုံးခွဲမှုကြောင့် ကျွန်မသေသွားမလားဆို ဘယ်သူမှ မပြောနိုင်ဘူးလေ။ အနည်းဆုံးတော့ ဒီစာရွက်လေးက ကျွန်မမိသားစု၊ သူငယ်ချင်းတွေကို ဆက်သွယ်ဖို့ အကူအညီဖြစ်စေမှာပါ” လို့ သူမက ပြောပါတယ်။
    တိုက်ခိုက်မှုအတွင်း စာတစ်စောင် ပျက်ဆီးသွားရင် နောက်တစ်စောင်ကို ဖတ်နိုင်ဖို့အတွက် နှစ်စောင် ဆောင်ထားရတာဖြစ်တယ်လို့လည်း ရှာဟီဒီက ဆိုပါတယ်။
    နာမည်မဖော်လိုတဲ့ အသက် ၂၅ နှစ်အရွယ် ကဘူးလ်မြို့သားတစ်ယောက်ကလည်း ဒီလိုစာရွက်မျိုး ဆောင်ထားပါတယ်။
    “စိတ်ဓာတ်ကျလာပြီဆိုရင် အဲဒီအကြောင်းနဲ့ပတ်သက်ပြီး နေ့စဉ်မှတ်တမ်းမှာ ကျွန်တော် ချရေးပါတယ်။ ကဘူးလ်က လက်ရှိအနေအထားကို ကြည့်ရင် ကျွန်တော် သက်တမ်းစေ့နေရပါ့မလားဆိုတာ မသိပါဘူး။ မနေ့ကဆို တစ်ညလုံးအိပ်မပျော်ဘူး။ ကျွန်တော် သေသွားရင် ကျွန်တော့်နေ့စဉ်မှတ်တမ်းကို ဖတ်မကြည်ဖို့ မေတ္တာရပ်ခံချက်တစ်ခုကို နေ့စဉ်မှတ်တမ်းရဲ့ ပထမဆုံးစာမျက်နှာမှာ ရေးမယ်လို့ ကျွန်တော် စိတ်ကူးရခဲ့ပါတယ်”
    တကယ်လို့ တိုက်ခိုက်မှုစ်ခုမှာ သူသေဆုံးသွားရင် သူ့ရဲ့ ရုပ်အလောင်းကို ဘယ်လို အကျိုးရှိအောင် သုံးရမလဲဆိုတာကိုလည်း သူက စဉ်စားထားပါတယ်။
    “ကျောင်းသားတွေ လက်တွေ့သင်ကြားမှုမှာ အသုံးပြုနိုင်ဖို့အတွက် ကျွန်တော့်ရုပ်အလောင်းကို ကဘူးလ်ဆေးတက္ကသိုလ်ကို လှူဖို့ မိဘတွေကို ပြောထားပါတယ်”
    ၂၀၁၇ မေလကို ပြန်ပြောင်းကြည့်ခြင်း
    လူပေါင်း ၅ သန်းလောက်နေထိုင်တဲ့ ကဘူးလ်မြို့မှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ အသေခံဗုံးခွဲသမားက ဗုံးတွေဆင်ထားတဲ့ လူနာတင်ယာဉ်ကို ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အဦး၊ ကျောင်း၊ ဆေးရုံ၊ အစိုးရရုံးတွေနဲ့နီးတဲ့နေရာမှာ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။
    ဒီပေါက်ကွဲမှုကြီးဟာ ပြီးခဲ့တဲ့နှစ် မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကို အမှတ်ရစေပါတယ်။ စနေနေ့ကဖြစ်ခဲ့တဲ့ နေရာနဲ့ ၁ ကီလိုမီတာကျော်ကျော်မှာ အဲဒီတုန်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကြီးမားတဲ့ ထရပ်ကားဗုံးဟာ ကဘူးလ်ရဲ့ သံတမန်ရပ်ကွက်မှာ ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၁၅၀ လောက် သေဆုံးခဲ့ပါတယ်။ ဒါဟာ မြို့တော်ကဘူးလ်မှာ အဆိုးဝါဆုံးပေါက်ကွဲမှုပါ။ အခုအချိန်အထိ ဘယ်အဖွဲ့ကမှ ဒီပေါက်ကွဲမှုအတွက် ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။
    “ပြဿနာတွေက ကျွန်တော်တို့ရဲ့ လုံခြုံရေးနစ်မှာကို ရှိနေတာဗျ။ အကြမ်းဖက်သမားတွေ ဒီလိုတိုက်ခိုက်မှုတွေလုပ်ဖို့ ကူညီပေးတဲ့ အတွင်းလူ အမြဲရှိနေတာ။ တိုက်ခိုက်မှုတွေ ပြုလုပ်တဲ့အခါတိုင်း သူတို့ဟာ မတူညီတဲ့နည်းလမ်းတွေကို အသုံးပြုတယ်။ ဒီတစ်ကြိမ်မှာ ဘယ်သူမှ သိပ်မထင်ထားတဲ့ လူနာတင်ယာဉ်ကို အသုံးပြုတယ်” လို့ အာဖဂန် ထောက်လှမ်းရေးနဲ့ စစ်တပ်အရာရှိဟောင်း ဂျာဝစ် ခိုစတာနီကပြောပါတယ်။
    နိုင်ငံတစ်ဝှမ်းက တိုက်ခိုက်မှုတိုင်းမှာ ရဲတပ်ဖွဲ့တွေအပါအ၀င် လုံခြုံရေးဆိုင်ရာ အစိတ်အပိုင်းတွေဟာ မကြာခဏ ပစ်မှတ်ထားခံရပါတယ်။
    ခိုစတာနီကတော့ လက်ရှိခြိမ်းခြောက်မှုဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်နိုင်မှုထက် ပိုနေတယ်လို့ ဆိုပါတယ်။
    “ရဲတွေဟာ နေ့တိုင်းလိုလို အသတ်ခံရတယ်။ လခမဖြစ်စလောက်နဲ့ သူတို့ရဲ့မိသားစုတွအတွက် ဘယ်လိုလုံခြုံရေးမျိုးမှ မပေးထားပါဘူး။ လက်ရှိ မြင့်တက်လာတဲ့ တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်ဝါဒတွေကို တန်ပြန်တွန်းလှန်နိုင်တဲ့ ဘယ်လိုလက်နက်မျိုးမှ သူတို့ကို တပ်ဆင်မပေးထားပါဘူး”
    သမ္မတ အက်ရှ်ရက်ဖ်ဂါနီရဲ့ အစိုးရဟာ လုံခြုံရေးတိုးမြှင့်ဖို့ ကြိုးစားနေပေမယ့် တာလီဘန်နဲ့ IS အဖွဲ့တွေ အပါအ၀င် အကြမ်းဖက်အဖွဲ့တွေရဲ့ မြင့်တက်လာတဲ့ တိုက်ခိုက်မှုကို မလှန်နိုင်ပါဘူး။
    ပြီးခဲ့တဲ ၇ ရက်အတွင်း အာဖဂန်တစ်ဝှမ်းမှာ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူပေါင်း ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။
    ဇန်န၀ါရီ ၂၁ ရက်နေ့မှာ လူပေါင်း ၂၀ ကျော် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတစ်ခု ကဘူးလ်မြို့က InterContinental ဟိုတယ်မှာ ဖြစ်ပွားခဲ့ပြီး တာလီဘန်က သူတို့လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
    ဇန်န၀ါရီ ၂၄ ရက်နေ့မှာ IS ဟာ နိုင်ငံအရှေ့ပိုင်း ဂျလာလာဘတ်မြို့က Save The Children ရုံးကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပါတယ်။
    ၂၀၁၈ ဇန်န၀ါရီတစ်လတည်းမှာတင် အာဖဂန်ပြည်သူ အနည်းဆုံး ၁၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
    “InterContinental လိုနေရာတွေ၊ သံတမန်ရပ်ကွက်တွေ၊ ကျွန်တော်တို့ အိမ်တွေတောင်မှ တိုက်ခိုက်ခံရနိုင်တယ်ဆိုတာ ကျွန်တော်တို့ဟာ အရမ်းကို အကာကွယ်မဲ့နေတာမျိုး ဖြစ်နေတာပါ။ လုံလောက်တဲ့ လုံခြံရေး မရှိတာဟာ တာလီဘန်နဲ့ IS တို့က တိုက်ခိုက်မှုတွေလုပ်ဖို့ အရမ်းကို လွယ်ကူသွားစေပါတယ်” လို့ မာဂျီဘူလာက ပြောပါတယ်။
    အာဖဂန် ထောက်လှမ်းရေးတာဝန်ရှိသူတွေကတော့ တိုက်ခိုက်မှုတွေအတွက် တာလီဘန်မဟာမိတ် ဟက်ကာနီအဖွဲ့ကို အမြဲတမ်းလိုလို လက်ညှိုးထိုးပါတယ်။ ဟက်ကာနီဟာ ပါကစ္စတန်ထောက်လှမ်းရေး ISI ရဲ့ ထောက်ပံ့မှုနဲ့ ဖွဲ့ထားတယ်လို့လည်း ယုံကြည်နေပါတယ်။
    ဇန်န၀ါရီလအစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မဟာမိတ် ပါကစ္စတန်အနေနဲ့ အာဂဖန်က အကြမ်းဖက်သမားတွေကို ရှင်းလင်းရင်းမှာ အမေရိကန်ကို အကူအညီ သိပ်မပေးဘူးလို့ စွပ်စွဲကာ အကူအညီဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
    ပါကစ္စတန်အာဏာပိုင်တွေကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
    “အကြမ်းဖက်သမားတွေကို ပါကစ္စတန်က ထောက်ပံ့မှု မရပ်တန့်ဘူးဆိုရင် အာဖဂန်မှာ ဒီလိုတိုက်ခိုက်မှုတွေ ဘယ်တော့မှ ရပ်တန့်မှာမဟုတ်ပါဘူး။ သင်လျော်တဲ့မဟာဗျူဟာတစ်ခု ရှိလာဖို့အတွက် ပါကစ္စတန်နဲ့ ဆက်ဆံရေးကောင်းတစ်ခုရအောင်လုပ်ဖို့ ကျွန်တော်တို့ လိုအပ်ပြီး အကြမ်းဖက်ဝါဒ လုံးဝ အမြစ်ပြတ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးရမှာပါ”
    Ref: Aljazeera
    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် In case I die: Why Afghans keep notes in their pockets ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • ဖိလစ်ပိုင်လာသည့် ရင်းနှီးမြှုပ်နှံသူများကို အပျိုစင် ၄၂ ယောက်ပေးမည်ဟု ဒူတာတေးကမ်းလှမ်း
    ဖိလစ်ပိုင်လာသည့် ရင်းနှီးမြှုပ်နှံသူများကို အပျိုစင် ၄၂ ယောက်ပေးမည်ဟု ဒူတာတေးကမ်းလှမ်း
    ဇန်န၀ါရီ ၂၈၊ ၂၀၁၈
    M-Media
    – တိုင်းပြည်ကို ရောက်ရှိလာတဲ့ ရင်းနှီးမြှပ်နှံသူတွကို အပျိုစင် ၄၂ ယောက် ပေးသွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်ပြီး ပြည်တွင်း၊ ပြည်ပက တက်ကြွလှုပ်ရှားသူတွေကတော့ သူ့ရဲ့ဒီမှတ်ချက်ကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။
    အိန္ဒိယအမျိုးသားနေ့အခမ်းအနား တက်ရောက်ဖို့ ဒေလီကိုရောက်ရှိနေတဲ့ ဒူတာတေးဟာ သောကြာနေ့က အိန္ဒိယ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံရာမှာ ဒီလိုပြောကြားလိုက်တာပါ။
    မွတ်စလင်အစွန်းရောက်တွေရဲ့ အယူအဆတစ်ခုဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးရင် နတ်ပြည်မှာ နတ်သမီး ၄၂ ယောက်ရမယ်ဆိုတဲ့ ၀ါဒဖြန့်မှုကို လှောင်ပြောင်တဲ့အနေနဲ့ ဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။
    ဒူတာတေးက နိုင်ငံတောင်ပိုင်းမှာ မာရှယ်လောရှိနေတဲ့အတွက် အဲဒီနေရာကို ရှောင်ရှားဖို့ သတိပေးခဲ့ပြီး သူ့အနေနဲ့ ခြစားမှု၊ မူးယစ်ကိစ္စတွေကို တိုက်ဖျက်နေတယ်လို့လည်း ရင်းနှီးမြှုပ်နှံသူတွေကို ပြောကြားခဲ့ပါတယ်။
    အမျိုးသမီး အခွင့်အရေးအဖွဲ့ Akbayan က ဒူတာတေးရဲ့ ဒီမှတ်ချက်ဟာ ‘နိုင်ငံတကာနဲ့ချီတဲ့ အရှက်ရမှု’ ဖြစ်တယ်လို့ မနေ့က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
    “ကျွန်မတို့ထိုက်တန်တဲ့ သမ္မတမျိုးဟာ အခြားနိုင်ငံတွေလို အမျိုးသား၊ အမျိုးသမီး၊ လိင်တူချစ်သူ ဖိလစ်ပိုင်ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ သမ္မတမျိုးပါ။ ကျွန်မတို့ထိုက်တန်တာဟာ အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့ သမ္မတမျိုးပါ။ သူဟာ ဖိလစ်ပိုင်အမျိုးသမီးတွေအပေါ်မှာ လေးစားမှု မရှိပါဘူး” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ဒူတာတေးဟာ အမျိုးသမီးတွေကို အရင်လည်း စော်ကားပြောဆိုခဲ့ဖူးပါတယ်။
    နိုင်ငံတကာမယ်ပြိုင်ပွဲမှာ အနိုင်ရသူကို အဓမ္မကျင့်နိုင်ရင် ဂုဏ်ပြုမယ်လို့ ၂၀၁၇ ခုနှစ် ဇူလိုင်လက ပြောကြားခဲ့ဖူးပြီး မေလတုန်းကလည်း မင်ဒါနာအိုမှာ စစ်ဆင်ရေးလုပ်နေတဲ့ စစ်သားတွေအနေနဲ့ အမျိုးသမီး ၃ ဦးအထိ အဓမ္မကျင့်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    သမ္မတရွေးကောက်ပွဲ ၀င်စဉ်အချိန်က ဒူတာတေးဟာ ၁၉၈၉ ခုနှစ် ဒါဗာအိုမြို့ ထောင်ဆူမှုအတွင်း သြစတေးလျ ခရစ်ယာန် သာသနာပြုအမျိုးသမီးတစ်ဦးကို အကျဉ်းသားတွေက တစ်ယောက်ချင်းစီ တန်းစီ အဓမ္မကျင့်သတ်ဖြတ်မှုကို ပြန်ပြောင်းပြောတဲ့အတွက် တော်တော်လေး ဝေဖန်မှုကို ခံခဲ့ရပါတယ်။
    အဲဒီအမျိုးသမီးဟာ အရမ်းလှတဲ့အတွက် အဲဒီအချိန်က ဒါဗာအိုမြို့တော်ဝန်ဖြစ်ခဲ့ သူတောင် လိုင်းရဲ့ ရှေ့ဆုံးမှာ ပါဝင်ချင်တယ်လို့ ပြောခဲ့တာပါ။ နောက်ပိုင်းမှာ ဒူတာတေးက ဒီမှတ်ချက်အတွက် ပြန်လည်တောင်းပန်ခဲ့ပြီး သေဆုံးသူအမျိုးသမီးကို စော်ကားလိုတဲ့ဆန္ဒမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • The Lady မင်းသမီး တန် ဆရီ မီရှဲယို ရိုဟင်ဂျာဒုက္ခသည်များအား သွားရာက်အားပေး
    The Lady မင်းသမီး တန် ဆရီ မီရှဲယို ရိုဟင်ဂျာဒုက္ခသည်များအား သွားရာက်အားပေး
    ဇန်န၀ါရီ ၂၈၊ ၂၀၁၈
    M-Media
    – မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းအကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်မှာ ဒေါ်အောင်ဆန်းစုကြည်နေရာက သရုပ်ဆောင်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသမီး တန် ဆရီ မီရှဲယိုဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး အားပေးနှစ်သိမ့်ခဲ့တယ်လို့ သိရပါတယ်။
    ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းတွေကို မလေးရှားအစိုးရရဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့နဲ့အတူ မနေ့က သွားရောက်ခဲ့တာဖြစ်ပါတယ်။
    “ဒုက္ခသည်စခန်းက ဆေးခန်းတွေကို သွားရောက်ကြည့်ရှုပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီတွေ ပေးအပ်ချင်တဲ့ ကျွန်မရဲ့ဆန္ဒကို ၀န်ကြီးချုပ်ကို အသိပေးခဲ့ပါတယ်။ သူက လိုလိုလားလားနဲ့ ကျွန်မရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့ ဆောင်ရွက်ခဲ့ပါတယ်” လို့ မီရှဲယိုက ဘင်္ဂလားဒေ့ရှ်ကိုမသွားခင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    အဖွဲ့ကို မလေးရှား ကာကွယ်ရေးဦးစီးချုပ် တန် ဆရီ ရာဂျာ မိုဟာမက် အာဖန်ဒီ မိုဟာမက် နူးရ်က ဦးဆောင်တာဖြစ်ပြီး ၀န်ကြီးချုပ်က လိုက်လံပို့ဆာင်ခဲ့ပါတယ်။
    မလေးရှားနိုင်ငံသားတစ်ဦးဖြစ်တဲ့ မီရှဲယိုဟာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ သံတမန်လည်းဖြစ်ကာ မြန်မာနိုင်ငံမှာ ညှင်းပမ်းနှိပ်စက်ခံရမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့အတူ ရပ်တည်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။
    “အခုအချိန်ဟာ ထိုင်နေလို့မရတဲ့အချိန်ပါ။ ထိခိုက်ခံစားရပြီး ရှင်တို့ရဲ့ ရက်ရောမှုအပေါ်မှာ မှီခိုအသက်ရှင်နေရတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် နိုင်ငံအားလုံးကို ကျွန်မ မေတ္တာရပ်ခံပါတယ်”
    “ဒီပြဿနာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆုံးသတ်သွားဖို့ ကျွန်တော်တို့ ဆက်လက်ပြီး ကြိုးပမ်းအားထုတ်သွားမှာပါ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့အတူ ကျွန်တော်တို့ဟာ ဒုက္ခသည်တွေကို ဆက်လက် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” လို့ နာဂျစ်က ပြောကြားခဲ့ပါတယ်။
    မလေးရှားရဲ့ ဒီလိုအကူအညီပေးမှုအတွက် ကျေးဇူးအထူးတင်တယ်လို့ မလေးရှားဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် မိုဟာမက် ရှာဟီဒူလ် အစ္စလာမ်က ပြောကြားခဲ့ပါတယ်။
    မလေးရှားကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့ဟာ ဆေးဝါး၊ အစားအသောက်နဲ့ အခြား ထောက်ပံ့ရေးပစ္စည်းတွေ ၁၀ တန်လောက် သယ်ဆောင်သွားတာ ဖြစ်ပါတယ်။
    Ref: Yahoo
  • အဖိနှိပ်ခံ ဟိန္ဒူအမျိုးသမီးတွေကိုကျော်ပြီး မွတ်စလင်အမျိုးသမီးအရေး မိုဒီ ဘာ့ကြောင့်လုပ်သလဲ
    အဖိနှိပ်ခံ ဟိန္ဒူအမျိုးသမီးတွေကိုကျော်ပြီး မွတ်စလင်အမျိုးသမီးအရေး မိုဒီ ဘာ့ကြောင့်လုပ်သလဲ
    ဇန်န၀ါရီ ၂၈၊ ၂၀၁၈
    M-Media
    – အိန္ဒိယ အာဏာရပါတီ BJP ဟာ မွတ်စလင်အမျိုးသမီးတွေကို လွတ်မြောက်စေချင်ပေမယ့် သူတို့ရဲ့ ဟိန္ဒူအမျိုးသမီးတွေကိုတော့ ဒီလို မဖြစ်စေချင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
    ဒီရက်ပိုင်း အိန္ဒိယတစ်ဝှမ်းမှာ ရေပန်းစားနေတဲ့ ပျက်လုံးကတော့ BJP ပါတီဟာ မွတ်စလင်အမျိုးသားတွေထက် မွတ်စလင်အမျိုးသမီးတွေကို ပိုပြီး ချစ်ခင်နေတယ်ဆိုတာပါ။
    လက်ယာယိမ်း ၀န်ကြီးချုပ်မိုဒီဟာ ဘာသာရေးသမားတွေလက်ကနေ  မွတ်စလင်အမျိုးသမီးတွေ လွတ်မြောက်ဖို့အတွက် ရှေးရိုးစွဲဘာသာရေးအယူသီးမှုကို တိုက်ဖျက်နေတဲ့ ခရူဆိတ်ဒါတစ်ယောက်ဖြစ်တယ်လို့ အမွှမ်းတင်ဖို့ BJP ရဲ့ ကြိုးစားမှုကို လှောင်ပြောင်သရော်တာလည်း ဖြစ်ပါတယ်။
    မွတ်စလင်လူ့အဖွဲ့အစည်းက တစ်ချို့တွေ ကျင့်သုံးတဲ့ ချက်ခြင်းကွာရှင်းမှု ‘သုံးသွလားက်’ ကို အိန္ဒိယ တရားရုံးချုပ်က ပိတ်ပင်ခဲ့ပြီးတဲ့နောက် BJP ဟာ ဒီလို ၀ါဒဖြန့်မှုကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက စတင်ခဲ့တာဖြစ်ပါတယ်။ တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်အပြီး ၄ လကြာတဲ့အခါမှာ BJP ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က သုံးသွလားက်ကျင့်သုံးမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်နိုင်တဲ့ ဥပဒေမူကြမ်းတစ်ခုကို အတည်ပြုခဲ့ပါတယ်။ ဒီမူကြမ်းသာ ဥပဒေအဖြစ် ထွက်ပေါ်လာပြီဆိုရင်တော့ သုံးသွလားက်ကို အသုံးပြုပြီး ဇနီးဖြစ်သူကို ကွာရှင်းတဲ့ အမျိုးသားတွေဟာ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။
    ဒီလိုဆောင်ရွက်မှုဟာ မွတ်စလင်အမျိုးသားတွေ သုံးသွလားက်ကျင့်သုံးမှုကို တားမြစ်နိုင်မယ်လို့ BJP ပါတီက ယုံကြည်နေပြီး ၀န်ကြီးချုပ်မိုဒီဟာ မွတ်စလင်အိမ်ထောင်ရေးဥပဒေကို ပြုပြင်ပြောင်းလဲသူ၊ မွတ်စလင် ဘာသာရေးအာဏာပိုင်တွေကို စိန်ခေါ်သူဖြစ်တယ်ဆိုပြီး အမွှမ်းတင်ခဲ့ကြပါတယ်။
    ဒါပေမယ့် ဒီလို လက်ခမောင်းခတ်မှုဟာ ကြောင်သူတော်လုပ်ရပ်သာဖြစ်တယ်လို့ အိန္ဒိယမွတ်စလင်တော်တော်များများက ရှုမြင်နေပါတယ်။
    ပထမဆုံးအနေနဲ့ ဒီဥပဒေမူကြမ်းဟာ သုံးသွလားက်ကျင့်သုံးမှုကို ဆယ်စုနှစ်နဲ့ချီ ဆန့်ကျင်ကန့်ကွက်လာခဲ့တဲ့ မွတ်စလင်အမျိုးသမီးတွေရဲ့္ဘကိုးပမ်းမှုရလဒ် တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ မူကြမ်းမှာ ပါဝင်တဲ့ အကြောင်းအရာတွေဟာ မွတ်စလင်အမျိုးသမီးတွေကို အကူအညီမဖြစ်စေဘဲ အမျိုးသားတွေကိုသာ ရာဇ၀တ်ကောင်တွေ  ဖြစ်စေတယ်လို့ တော်တော်များများက ယုံကြည်နေပါတယ်။ မူကြမ်းအရ ဒီကိစ္စနဲ့ပတ်သက်လို့ ကာယကံရှင် ဇနီးမှမဟုတ်ဘဲ မည်သူမဆို ရဲတပ်ဖွဲ့ကို တိုင်ကြားနိုင်မှာဖြစ်ပြီး ခင်ပွန်းသည်က ထောင်ကျနေရင်တောင် ဇနီးသည်ကို စားစရိတ်၊ နေစားရိတ် ပေးရမှာ ဖြစ်ပါတယ်။
    ဒုတိယတစ်ချက်က ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ မိုဒီဟာ ဟိန္ဒူနဲ့ အခြားအမျိုးသမီးတွေ ခံစားနေရတဲ့ ဘာသာရေးခေါင်းစဉ်တပ် ဓလေ့ထုံးစံတွေနဲ့ပတ်သက်ပြီး ဘာမှ မလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဥပမာပြရရင် ဇနီးသည်က သဘောမတူဘဲ အတင်း သံဝါသပြုမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ရေး BJP က ဆန့်ကျင်တာမျိုးပါ။ BJP တာဝန်ရှိသူတွေက ဒါဟာ ‘အိန္ဒိယလူ့အဖွဲ့အစည်းမှာ ကျင့်သုံးဖို့ မသင့်တော်ဘူး’ လို့ ဆိုပါတယ်။
    အချို့ ဟိန္ဒူလူ့အဖွဲ့အစည်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြောဆိုနေကြတဲ့ ‘အချစ်ဂျီဟတ်’ ဆိုတဲ့ ကိစ္စအတွက်လည်း မိုဒီဟာ ဟိန္ဒူအမျိုးသမီးတွေဖက်က ရပ်တည်ပြောဆိုခြင်း မရှိသေးပါဘူး။
    အချစ်ဂျီဟတ်
    အစ္စလာမ်ထဲကို သွတ်သွင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဟိန္ဒူအမျိုးသမီးတွေကို သွေးဆောင်ရယူတဲ့ အချစ်ဂျီဟတ်ကို မွတ်စလင်တွေက ကြံစည်လုပ်ဆောင်နေတယ်လို့ ဟိန္ဒူအုပ်စုတွေက စွပ်စွဲပြောဆိုထားပါတယ်။ ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ခါတစ်ရံ မွတ်စလင် အစွန်းရောက်အုပ်စုတွေ ရှိနေတယ်လို့လည်း သူတို့က ဆိုပါတယ်။
    ပြီးတဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ နယူးဒေလီမြို့အနီး ဂါဇီယာဘဒ်မြို့မှာ မွတ်စလင်အမျိုးသားတစ်ယောက်နဲ့ ဟိန္ဒူအမျိုးသမီးတစ်ယောက်တို့ လက်ထပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုအတွင်း ဟိန္ဒူမျိုးချစ်တွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီလို မင်္ဂလာဆောင်တာဟာ အချစ်ဂျီဟတ်ရဲ့လုပ်ရပ် ဖြစ်တယ်လို့ သူတို့တွေက ဆိုပါတယ်။
    သတို့သမီးမိဘတွေက နှစ်ဦးသဘောတူ မင်္ဂလာဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပမယ့် BJP တာဝန်ရှိသူတွေကတော့ နှစ်ဖက်မိသားစုတွေဟာ ဘာသာမတူသူတွေ လက်ထပ်ပွဲကျင်းပဖို့အတွက် ခွင့်ပြုချက် မရခဲ့ဘဲ ဖိအားပေး ဘာသာပြောင်းတာဖြစ်တယ်လို့ အခိုင်အမာ ဆိုကြပါတယ်။ သတို့သမီးဟာ အစ္စလာမ်ဘာသာကို ပြောင်းခဲ့တာမဟုတ်ပေမယ့် သူတို့တွေက ဒါကိုလည်း ဂရုမစိုက်ခဲ့ပါဘူး။
    သတို့သမီးဟာ ဒီလို ဘာသာပြောင်းခဲ့ရင်တောင်မှ သူတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းခံဖို့ မလိုအပ်ဘဲ အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပအေရ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ဘာသာကူးပြောင်းခွင့် ရှိတာကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ အထူး ထိမ်းမြားမှုဆိုင်ရာ အက်ဥပဒေအရ လက်ထပ်ခဲ့တာဖြစ်ပြီး ဒီဥပဒေမှာ ဘာသာမတူသူတွေဟာ ဘာသာပြောင်းစရာမလိုဘဲ လက်ထပ်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟိန္ဒူအခြေခံဝါဒီတွေက ဘာသာမတူတဲ့စုံတွဲတွေအပေါ် ပစ်မှတ်ထားမှု၊ အရှက်ရအောင်လုပ်မှု၊ ဟိန္ဒူအမျိုးသမီးတွေနဲ့ မေတ္တာမျှတဲ့ မွတ်စလင်အမျိုးသားတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဒီအက်ဥပဒေက ဟန့်တားနိုင်ခြင်း မရှိပါဘူး။
    ဒီဇင်ဘာလအတွင်းမှာပဲ ရာဂျက်စသန်ပြည်နယ် ရာဂျာဆာမန်းမြို့မှာ အသက် ၃၆ နှစ်အရွယ် ရှမ်ဘ်ဟူလာ ရီဂါဟာ အသက် ၅၀ အရွယ် မွတ်စလင်အမျိုးသား အက်ဖ်ရာဇူလ်ကို အချစ်ဂျီဟတ်လုပ်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲကာ ခေါင်းဖြတ်သတ်ခဲ့ပြီး အလောင်းကို မီးရှို့ခဲ့ပါတယ်။ ရီဂါက သူဟာ အက်ဖ်ရာဇူလ်ကို သတ်ဖြတ်ပြီး အချစ်ဂျီဟတ်ရဲ့ သားကောင်ဖြစ်လာမယ့် ဟိန္ဒူအမျိုးသမီးကို ကယ်တင်လိုက်တာလို့ ဆိုပါတယ်။ ဒါပေမယ့် သူဟာ ဟိန္ဒူအမျိုးသမီးတစ်ဦးနဲ့ ကြိုက်နေတယ်လို့ဆိုတဲ့ အခြားမွတ်စလင်အမျိုးသားနဲ့ လူမှားပြီး အက်ဖ်ရာဇူလ်ကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က သိရှိခဲ့ပါတယ်။
    ဒီကိစ္စဖြစ်ပြီး သိပ်မကြာခင် ဇန်န၀ါရီလမှာ ပိုပြီး ကြမ်းကြုတ်တဲ့ အချစ်ဂျီဟတ်ဆန့်ကျင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါကတော့ အူတာပရာဒက်ရှ်ပြည်နယ် ဘာဂ်ပါ့တ်မြို့က တရားရုံးမှာ မွတ်စလင်ညီအစ်ကို ၃ ယောက်ဟာ အုပ်စုဖွဲ့ ရိုက်နှက်ခံရပြီး သူတို့ထဲကတစ်ယောက်က ဟိန္ဒူအမျိုးသမီးတစ်ဦးကို လက်ထပ်ချင်လို့ဖြစ်တယ်ဆိုတဲ့ အကြောင်းအရင်းကြောင့် ဖြစ်ပါတယ်။ အဲဒီလို ရိုက်နှက်ခဲ့သူတွေဟာ BJP ပါတီရဲ့ မိခင်အဖွဲ့အစည်း RSS နဲ့နွယ်တဲ့ Vishva Hindu Parishad အုပ်စုဝင်တွေ ဖြစ်ပါတယ်။
    RSS ထောက်ခံတဲ့ ဟိန္ဒူ အခြေခံဝါဒီတွေက ဟိန္ဒူအမျိုသမီးကို မွတ်စလ်အမျိုးသားက ချစ်တယ်ဆိုတာ အချစ်စစ်အချစ်မှန် မဟုတ်ဘူးလို့ ဆိုပါတယ်။ ဟန်ဆောင်တာသာဖြစ်ပြီး အပြစ်ကင်းတဲ့ မိန်းကလေးကို အစ္စလာမ်ဘာသာထဲ သွတ်သွင်းဖို့၊ အကြမ်းဖက်အုပ်စုအတွက် လူသစ်စုဆောင်းဖို့၊ အိန္ဒိယကို မွတ်စလင်နိုင်ငံအဖြစ်ပြောင်းလဲဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ စွပ်စွဲပါတယ်။
    ဒီလိုပြောဆိုမှုတွေနဲ့ အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဒီကိစ္စအပေါ် နှုတ်ဆိတ်နေမှုဟာ အိန္ဒိယနိုင်ငံအတွင်း မွတ်စလင်တွေအပေါ် မယုံသင်္ကာမှုတွေ ကြီးထွားလာဖို့ မီးထိုးပေးနေသလို ဖြစ်နေပါတယ်။ ဒီကနေတစ်ဆင့် မယုံသင်္ကာမှုတွေကနေ တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေအထိ ဖြစ်လာခဲ့ပြီး အချစ်ဂျီဟတ် သတို့သမီးလောင်းတွေဖြစ်တဲ့ ဟိန္ဒူအမျိုးသမီးတွေကို ကာကွယ်ဖို့ ကြိုးပမ်းမှုဆိုတာတွေလည်း ပေါ်လာပါတယ်။
    ဟိန္ဒိအမျိုးသမီများ ပစ်မှတ်ထား ခံလာရမှု
    အခုလအစောပိုင်းမှာ နိုင်ငံအနောက်တောင်ပိုင်း ကာရ်နာတာကာပြည်နယ်မှာ ဒါညာရှရီဆိုတဲ့ အသက် ၂၀ အရွယ် ဟိန္ဒူအမျိုးသမီးတစ်ဦးဟာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပြီး ဓာတ်ပုံတစ်ပုံအတွက် ဟိန္ဒူအခြေခံဝါဒီတွေက ဖိအားပေးမှုကြောင့် ဖြစ်ပါတယ်။
    သူမရဲ့ WhatApp အကောင့်ဓာတ်ပုံမှာ အနက်ရောင်ကို နောက်ခံထားတဲ့ မျက်လုံးပုံကို တင်ထားတာဖြစ်ပြီး ဒါက သူမဟာ ပုဝါခြုံထားတယ်ဆိုတဲ့ အမြင်မျိုးကို ဖြစ်စေခဲ့ပါတယ်။ BJP ပါတီရဲ့ လူငယ်အဖွဲ့ဖြစ်တဲ့ Bharatiya Janata Yuva Morcha က အဖွဲ့ဝင်တွေဟာ ဒီပုံကို ဖယ်ရှားပေးဖို့ သူမကို တောင်းဆိုခဲ့ပါတယ်။
    သူမဟာ မွတ်စလင်ကောင်လေးတစ်ယောက်နဲ့ ကြိုက်နေတယ်ဆိုတဲ့ ကောလဟာတွေနဲ့ အရှက်ရခဲ့ပြီး မခံနိုင်တဲ့အဆုံးမှာတော့ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။
    မွတ်စလင်အမျိုးသမီးတွေကို သုံးသွလားက်ရန်ကနေ ကာကွယ်ဖို့ လုပ်နေတယ်လို့စွပ်စွဲခံထားရတဲ့ BJP တာဝန်ရှိသူတွေဟာ ဒါညာရှရီကိစ္စမှာ တရားမျှတအောင် ဆောင်ရွက်ပေးဖို့ထက် သူမ ကိုယ့်ကိုယ်ကို သတ်သေအောင် တွန်းပို့ခဲ့သူတွေကို ကာကွယ်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။
    ချစ်က်မာဂါလူရ်က BJP ပါတီခေါင်းဆောင်က ‘ဒါညာရှရီရဲ့ကိစ္စမှာ ဖြစ်သွားတာက ကံမကောင်းခဲ့တာပါ။ BJP ပါတီက အလုပ်သမား အနီးလ်ကို ဒီအတွက် ကျွန်တော်တို့ ဖမ်းထားပါတယ်။ ဒါပေမယ့် သူဟာ ရာဇ၀တ်မှု ကျူးလွန်ခြင်း မရှိပါဘူး။ ဟိန္ဒူအမျိုးသမီး တော်တော်များများက ပြောနေကြတဲ့ အချစ်ဂျီဟတ်ရဲ့ အန္တရာယ်အကြောင်းကို သူက ကောင်မလေးရဲ့ မိဘတွေကို အသိပေးဖို့ ကြိုးစားခဲ့တာသာ ဖြစ်ပါတယ်။ ကောင်မလေး သူ့ကိုယ်သူသတ်သေဖို့ တွန်းအားပေးလိုတဲ့ရည်ရွယ်ချက် သူ့မှာ မရှိပါဘူး’ လို့ မီဒီယာကို ပြောကြားခဲ့ပါတယ်။
    အချစ်ဂျီဟတ်ဆိုပြီး ၀ါဒဖြန့်မှုကြောင့် ဒုက္ခရောက်ခဲ့တဲ့ ဟိန္ဒူအမျိုးသမီးတွေထဲမှာ ဒါညာရှရီက ပထမဆုံး မဟုတ်ပါဘူး။ နိုင်ငံတစ်ဝှမ်း မွတ်စလင်အမျိုးသားတွေနဲ့ မေတ္တာမျှလို့ ဒုက္ခရောက်ခဲ့ကြတဲ့ ဟိန္ဒူအမျိုးသမီးတွေဟာ ဒုနဲ့ဒေး ရှိနေပါတယ်။
    IS အကြောင်း ၀ါဒဖြန့်မှု
    မွတ်စလင်ညီအစ်မနှစ်ဦးနဲ့အတူ အခန်းငှားနေတဲ့ ဟိန္ဒူအမျိုးသမီး အခီလာဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်ခဲ့ပြီး ဟာဒီယာလို့ အမည်ပြောင်းကာ နောက်ပိုင်းမှာ မွတ်စလင်အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။
    မိန်းကလေးရဲ့ဖခင်က သူ့သမီးဟာ ဆီးရီးယားက IS အကြမ်းဖက်အဖွဲ့ဆီ စေလွှတ်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စလာမ်ကို ပြောင်းခဲ့တာဆိုပြီး စွပ်စွဲတိုင်ကြားခဲ့တာကြောင့် ကီရာလာ တရားရုံးချုပ်က ဒီလက်ထပ်ထိမ်းမြားမှုကို တရားမ၀င်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
    ဒီမိန်းကလေးဟာ အမြတ်ထုတ်ခံရနိုင်တဲ့ အခြေအနေမျိုးရှိပြီး လက်ထပ်တဲ့ကိစ္စဟာ သူမရဲ့ဘ၀မှာ အရေးပါဆုံး ဆုံးဖြတ်ချက်ဖြစ်တာကြောင့် မိဘတွေ ထဲထဲဝင်ဝင်ပါဝင်မှု မရှိဘဲနဲ့ ဆုံးဖြတ်လို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မိဘတွေနဲ့ ပြန်ပြီးနေထိုင်ဖို့ အမိန့်ပေးခဲ့ပါတယ်။
    ဟာဒီယာရဲ့ခင်ပွန်းဟာ တရားရုံးချုပ်မှာ အယူခံဝင်ခဲ့တာကြာင့် ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ NIA ကို တရားရုံးချုပ်က တာဝန်ပေးခဲ့ပါတယ်။ NIA ဟာ ဟာဒီယာအပါအ၀င် ဘာသာမတူသူတွေ လက်ထပ်ထိန်းမြားမှုကို စစ်ဆေးတဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တရားရုံးချုပ် အဖွဲ့ဝင် ၃ ဦးပါတဲ့ အဖွဲ့ဟာ ဟာဒီယာကို ဆင့်ခေါ်ခဲ့ပြီး သူမ ဘာလိုချင်လဲဆိုတာ မေးမြန်းခဲ့ပါတယ်။
    “ကျွန်မယောက်ျားနဲ့ ပြန်နေချင်ပါတယ်။ ဘာသာပြောင်းဖို့ ဘယ်သူကမှ ကျွန်မကို ဖိအားမပေးပါဘူး” လို့ ဟာဒီယာက ဖြေကြားခဲ့ပါတယ်။
    မိဘတွေက သူမကို ကျောင်းဆက်နေဖို့ ခွင့်မပြုတော့ဘူးလို့ ပြောကြားခဲ့တာကြောင့် တရားရုံးချုပ်က ဟာဒီယာကို ကောလိပ်ပြန်တက်ဖို့ ခွင့်ပြုခဲ့ပါတယ်။
    ဇန်န၀ါရီ ၂၃ ရက်နေ့မှာ ဒီ ၃ ဦးအဖွဲ့က ဟာဒီယာအနေနဲ့ ဦးနှောက်ကျင်းခံလိုက်ရရင် သူတို့ ဘာမှ မတတ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    “သူ့ဟာသူ လွတ်လွတ်လပ်လပ် ဘာသာပြောင်းဖို့ ရွေးချယ်ခဲ့တာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို သူပဲသိမှာပါ။ သူ့စိတ်ထဲ ကျွန်တော်တို့ ၀င်ကြည့်လို့မရပါဘူး။ တရားရုံးကိုရောက်တဲ့အချိန်မှာ သူ့ဖာသူ ရွေးချယ်ခဲ့တယ်လို့ပြောရင် ဒါ ပြီးသွားပါပြီ”
    ဒါပေမယ့်  NIA ဟာ အခြား အချစ်ဂျီဟတ်ဆိုတဲ့ကိစ္စတွေကို ဆက်လက်စုံစမ်းနေပြီး ကီရာလာက မွတ်စလင်တွေပါဝင်တဲ့ ဘာသာမတူ လက်ထပ်မှု ၉၀ လောက်ကို လိုက်နေတယ်လို့ ပြောကြားထားပါတယ်။
    မကြာသေးခင်ကမှာ ဘာသာပြောင်းခဲ့သူတွေ အပါအ၀င် လူ ၂၁ ယောက်အုပ်စုဟာ သူတို့ရဲ့ ဇာတိတွေကနေ IS နဲ့ပေါင်းဖို့ ထွက်ခွာခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစလို့ ကီရာလာပြည်နယ်မှာ အငြင်းပွားဖွယ်စောင့်ကြည့်မှုတွေ ရှိလာပါတယ်။ ဟိန္ဒူလက်ယာစွန်းရောက်တွေက ဒီအဖြစ်အပျက်ကို အသုံးချပြီး ဘာသာမတူသူတွေ လက်ထပ်မှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ဖို့၊ မွတ်စလင်အမျိုးသားတွေနဲ့ မေတ္တာမျှတဲ့ ဟိန္ဒူအမျိုးသမီးတွေဟာ ‘လှည့်ဖျားခံရတယ်’ ‘ဦးနှောက်ကျင်းခံရတယ်’ ဆိုပြီး ၀ါဒဖြန့်ဖို့ ဆောင်ရွက်နေကြပါတယ်။
    အမျိုးသမီး အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှု
    မွတ်စလင်အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး  BJP နဲ့ မိုဒီတို့ လစ်ဘရယ်ကျနေတာဟာ ဆယ်စုနှစ်နဲ့ချီ ဝေဖန်ခံခဲ့ရတဲ့ လစ်ဟာမှုတစ်ခုကို ဖြည့်ဆည်းပေးပြီး ကိုယ်ကျိုးအတွက် သိုက်တူးဖို့ကလွဲလို့ တစ်ခြားမဟုတ်ပါဘူး။
    ၁၉၅၀ ပြည့်နှစ်တွေမှာ ဟိန္ဒူမိသားစုဥပဒေကို ဗဟိုအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေမယ့် မွတ်စလင်မိသားစုဥပဒေကိုတော့ ထိတောင် မထိခဲ့ပါဘူး။ အဲဒီတုန်းက အစိုးရကို ဦးဆောင်တဲ့ ကွန်ဂရက်ပါတီက ဒီဆုံးဖြတ်ချက်ကို ချမှတ်တဲ့အချိန်မှာ ၁၉၄၇ ခုနှစ် အိန္ဒိယ၊ ပါကစ္စတန် နှစ်ခြမ်းကွဲစဉ် ဆိုးဆိုးဝါးဝါး ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် နိုင်ငံအတွင်းက လူနည်းစုတွေရဲ့ ဘာသာရေးကျင့်သုံးမှုကို ၀င်စွက်လိုတဲ့ ဆန္ဒမျိုး ရှိပုံမရပါဘူး။
    ဒါပေမယ့် ဟိန္ဒူအုပ်စုတွေက ကွန်ဂရက်ပါတီဟာ မွတ်စလင်တွေရဲ့မဲကို ရယူလိုမှုအတွက် မွတ်စလင်မိသားစုဥပဒေကို ပြုပြင်ပြောင်းလဲမှု မလုပ်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဒီလိုရပ်က သူတို့လူများစုဖြစ်နေတဲ့ တိုင်းပြည်မှာ ဒီလုပ်ရပ်က ခွဲခြားမှုမျိုးဖြစ်တယ်လို့ ဟိန္ဒူတွေက ခံစားခဲ့ရပါတယ်။ ဒီနေ့မှာတော့ သုံးသွလားက်ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ရေးဟာ သမိုင်းက အမှားတစ်ခုကို ပြင်ဆင်ဖို့ ရှေ့တစ်လှမ်းတိုးတာဖြစ်တယ်လို့ ဟိန္ဒူတော်တောများများက မှတ်ယူနေကြပါတယ်။ ပြီးတော့ မိုဒီကလည်း သမိုင်းက ဒီလစ်ဟာမှုတစ်ခုကို အသုံးချပြီး ဟိန္ဒူတွေရဲ့ထောက်ခံမှု မြင့်တက်လာဖို့ ဆောင်ရွက်နေပါတယ်။
    အိန္ဒိယမွတ်စလင်တွေဟာ အရင်ကလည်း သူ့ကို မဲမပေးခဲ့ဘူး၊ အနာဂတ်မှာလည်း မဲပေးဖို့မရှိဘူးဆိုတာ ၀န်ကြီးချုပ်မိုဒီက သိပါတယ်။ သူလုပ်ဖို့ ကြိုးစားနေတာတွေအားလုံးက သူ့ရဲ့အမာခံ ဟိန္ဒူအမျိုးသားရေးဝါဒီတွေ ပျော်ရွှင်အောင် ဆောင်ရွက်တာမျိုးသာ ဖြစ်ပါတယ်။ သူဟာ မွတ်စလင်အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ တစ်ခြားအမျိုးသမီးအခွင့်အရေးတွေကို လေးစားလို့ လုပ်နေတာမျိုး မဟုတ်ကြောင်းပါ။
    Ref : Aljazeera
    (အလ်ဂျာဇီးရားသတင်းဌာနတွင် ဖော်ပြထားသည့် Narendra Modi : A false crusader for Women’s rights ကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)